။
*****
စာစဉ် (၆)
အခန်း (၇၈)
လူသတ်စိတ်
မနက်ခင်း အရုဏ်တက်ချိန်တွင် အရှေ့အရပ်မှနေ၍ နေခြည်နုနုက ထွက်ပေါ်လာသည်။ နေရောင်ခြည် ထွက်ပေါ်လာသည်နှင့် တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှသော သေမင်းသင်္ချိုင်း စတင် ငြိမ်သက်လာလေသည်။ အလွန် များပြားလှသည့် သရဲများသည် နေတွေ့သည့်နှင်းနှယ် ပျောက်ကွယ် သွားကြသည်။
“နောက်ဆုံးတော့ မိုးလင်းလာပြီ”
တစ်ညလုံး သတ်ဖြတ် တိုက်ခိုက်နေရ၍ ရဲချန်ဖန် ဝိညာဉ်စွမ်းအင် အများအပြား ကုန်ဆုံး သွားသည်။ မိုးလင်းလာမှ သူသက်ပြင်း ချလိုက်နိုင်သည်။ ရှေးဟောင်း သစ်ပင်အိုကြီး အောက်တွင် ထိုင်ချလိုက်ပြီး ကုန်ဆုံးသွားသော ဝိညာဉ် စွမ်းအင်များကို ပြန်ဖြည့်ရန် ဝိညာဉ်စုပ်သိုင်းကို လေ့ကျင့်နေသည်။
တစ်နာရီခန့် ကြာသောအခါ ရဲချန်ဖန်နှင့် လင်းခီဆုတို့သည် ကုန်ခန်းသွားသော ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ် စွမ်းအားများ ပြန်ပြည့်လာပြီး လေ့ကျင့်ရာမှ နိုးထလာကြသည်။
“ရဲချန်ဖန် သေမင်းသင်္ချိုင်းရဲ့ ယင်ဓာတ်တွေက မင်းအပေါ် သက်ရောက်မှု မရှိဘူးလား”
လင်းခီဆုသည် မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးလိုက်ချိန်တွင် ရဲချန်ဖန်မှာ အချိန် ကြာလာသည်နှင့်အမျှ ပိုပို၍ ရဲရင့်စွာ သရဲများကို တိုက်ခိုက်နိုင်ပြီး ဝိညာဉ်စွမ်းအင်လည်း ဖိနှိပ်ခံထားရပုံ မပေါ်သည်ကို စဉ်းစားမိလိုက်သည်။ ထို့ကြောင့် လင်းခီဆု သိချင်နေသည့် ပုံစံလေးနှင့် မေးလိုက်ခြင်းဖြစ်သည်။
“ကျွန်တော့် ဝိညာဉ် စွမ်းအင်ကိုလည်း သေမင်းသင်္ချိုင်းရဲ့ ယင်ဓာတ်တွေက ဖိနှိပ်ထားတယ်။ ဒါပေမဲ့ ကျွန်တော့် ခန္ဓာကိုယ်စွမ်းအား အပေါ်ကိုတော့ သေမင်းသင်္ချိုင်းရဲ့ ယင်ဓာတ်တွေက အတိုင်းအတာ တစ်ခုထိပဲ ဖိနှိပ်ထားနိုင်တယ်”
ရဲချန်ဖန်က ယောင်ဝါးဝါးသာ ဖြေလိုက်သည်။ အမှန်အားဖြင့် သူကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်က လူသိခံရသော ကိစ္စမဟုတ်ပေ။
“မင်းက နတ်သားရဲ သွေးမျိုးဆက်လား”
လင်းခီဆု မျက်ခုံးများ ပင့်သွားပြီး အံ့အားတသင့် သိချင်နေလေသည်။
အမြွှာညီနောင် တိုက်ကြီးမှာ အလွန် ထူးခြားဆန်းကြယ်သော ပါရမီရှင်များ ထွက်ပေါ်လေ့ ရှိသည်။ ထိုပါရမီရှင်များသည် နတ်သားရဲကြီးများ၏ သွေးမျိုးဆက်များ ဖြစ်ပြီး သွေးမျိုးဆက် နိုးထလာပါက နတ်သားရဲကြီးများ၏ မွေးရာပါ ပညာများကို ဆက်ခံပြီး ရရှိကြသည်။ သူတို့သည် သာမန်လူသားများ မှန်းဆ၍ မရလောက်အောင် အစွမ်းထက်လှပြီး အမြွှာညီနောင် တိုက်ကြီးကို စုစည်း အုပ်ချုပ်နိုင်သော မဟာတန်ခိုးရှင်များ ဖြစ်လာကြသည်။
“မဟုတ်ဘူး။ ကျွန်တော်သာ နတ်သားရဲ သွေးမျိုးဆက်ဟုတ်ခဲ့ရင် သိပ်ကောင်းမှာပဲ”
“ထားလိုက်တော့။ ငါ နင့်ကို မမေးတော့ဘူး”
လင်းခီဆုက လူတိုင်းတွင် လူမသိစေချင်သော လျှို့ဝှက်ချက်များ ရှိသည်ဟု နားလည်ထားသည်။ ထို့ကြောင့် သူမ ထပ်မမေးတော့ပေ။ ရဲချန်ဖန်သည် သစ်ပင်အိုကြီးပေါ်မှ ရပ်ကြည့်၍ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သေမင်းသင်္ချိုင်းထဲတွင် ဘယ်နေရာကို ကြည့်ကြည့် အလောင်းများကိုသာ မြင်နေရသည်။
“မိုးလင်းလာပြီဆိုတော့ ကျွန်တော်တို့ တိမ်တိုက်ပန်းကို သွားရှာရအောင်။ ပြီးတော့ ဒီနေရာကနေ အမြန်ဆုံး ပြန်ကြမယ်”
“ကောင်းတယ်”
ရဲချန်ဖန်သည် လင်းခီဆု၏ နောက်မှ လိုက်သွားလိုက်သည်။ သူတို့ အလျင်အမြန် သေမင်းသင်္ချိုင်း အတွင်းပိုင်းသို့ ဝင်ရောက်လိုက်ကြသည်။
တိမ်တိုက်ပန်းသည် ဝိညာဉ်ပစ္စည်းဖြစ်ရာ သေခြင်းနှင့် ယင်ဓာတ်များသော နေရာတွင် မွေးဖွားလာကြသည်။ ထိုပန်းမျိုးသည် ယင်ဓာတ် ပေါကြွယ်ဝသော နေရာများတွင်သာ ရှင်သန် ကြီးထွားနိုင်သည်။ ထို့ကြောင့် သူတို့ ယင်ဓာတ်များသော နေရာများကိုသာ လိုက်ရှာနေကြသည်။
သူတို့ နှစ်နာရီကျော် ရှာဖွေပြီးနောက် သေမင်းသင်္ချိုင်း၏ အတွင်းပိုင်း တစ်နေရာတွင် ယင်ဓာတ် အလွန်များပြားနေသော အုတ်ဂူများကို တွေ့ရှိလိုက်ကြသည်။ အုတ်ဂူများ၏ အလယ် ဗဟိုတွင် သုံးမီတာကျော် မြင့်၍ ကြီးမားလှသော ကျောက်ခေါင်းတလား တစ်ခု ရှိနေသည်။ ထိုကျောက်ခေါင်းတလားကြီး၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင် မျဉ်းကြောင်းများကို ထွင်းထားသည်။
ကျောက်ခေါင်းတလားကြီး၏ အလယ်တွင် မှိုပေါက်ထားသလို မှိုနှစ်ပွင့်ရှိနေသည်။ သူတို့ တိမ်တိုက်ပန်း နှစ်ပွင့်ကို ရှာတွေ့လိုက်ပြီ ဖြစ်သည်။ သို့သော် ရဲချန်ဖန်က ချက်ချင်း သွားခူးဆွတ် ယူခြင်းမရှိပေ။ သူတို့က ကျောက်ခေါင်း တလားကြီးထံမှ အန္တရာယ် အငွေ့အသက်များ ရနေသောကြောင့် ဖြစ်သည်။
“တကယ်ကို ကြောက်စရာကောင်းတဲ့ အော်ရာတွေပဲ။ ဒီကျောက်ခေါင်း တလားထဲက အလောင်းဟာ အနည်းဆုံး မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့်နဲ့ အထက်ပဲ ဖြစ်ရမယ်”
လင်းခီဆု၏ မျက်နှာသည်ကား အလွန် လေးနက်နေသည်။
“အစ်မ ကျွန်တော့်ကို ဒီမှာစောင့်နေပါ။ ကျွန်တော် အဲဒီတိမ်တိုက်ပန်း နှစ်ပွင့်ကို သွားခူးလိုက်မယ်”
ရဲချန်ဖန်က စဉ်းစားပြီးနောက် ပြောလိုက်သည်။
“မဟုတ်ဘူး။ အန္တရာယ် အရမ်းများတယ်။ ငါ အဲဒီပန်းတွေကို ခူးလိုက်မယ်”
လင်းခီဆုက ရဲချန်ဖန်ကို သဘောမတူပေ။
“ကျွန်တော့်ကို ယုံပါ။ ကျွန်တော့်အသက်ကို အပျော်အပျက် မလုပ်ပါဘူး”
ရဲချန်ဖန်က ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်။
“ဒါဆိုလည်း သတိထားပြီးလုပ်”
လင်းခီဆုသည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ကို ကိုင်ဆောင်ထားပြီး နူးညံ့စွာ ပြောလိုက်သည်။
ရဲချန်ဖန်သည် အသက်ဝအောင် ရှူလိုက်ပြီး ခရမ်းရောင်ဓားကို ဆွဲကိုင်ကာ ကျောက်ခေါင်း တလားကြီး အနားသို့ ချဉ်းကပ်သွားသည်။ သူသည် ကျောက်ခေါင်း တလားကြီးနှင့် သုံးမီတာလောက် အကွာအဝေးသို့ ရောက်ချိန်တွင် ကျောက်ခေါင်း တလားကြီးထဲမှ နိုးထလာနေသော အလွန်ကြောက်စရာ ကောင်းသည့် အစွမ်းကို ခံစားလိုက်ရသည်။ အိပ်ပျော်နေသော သရဲဘုရင်က ရဲချန်ဖန်၏ အစွမ်းထက်သော သွေးကြောင့် နိုးထလာချေပြီ။
“အခြေအနေ မကောင်းဘူး။ သရဲဘုရင် နိုးလာပြီ”
ရဲချန်ဖန် မျက်နှာအမူအရာ ပြောင်းသွားပြီး အရိပ်မဲ့သိုင်းကို အစွမ်းကုန် ထုတ်သုံးလိုက်ရာ သူသည် တိမ်တိုက်ပန်း နှစ်ပွင့်ဘေးတွင် ပေါ်လာပြီး ပန်းနှစ်ပွင့်ကို သရဲဘုရင် မတိုက်ခိုက်လာမီ ခူးယူ လိုက်သည်။
“ဘုန်း…”
ရဲချန်ဖန် ခူးယူပြီးသည်နှင့် ကျောက်ခေါင်းတလားမှ ထွက်ပေါ်လာသော ယင်ဓာတ်ကြောင့် ရဲချန်ဖန် အသက်ရှူလို့ မဝသလို ဖြစ်လာသည်။ ကျောက်ခေါင်း တလားကြီးက ပွင့်လာပြီး ရဲချန်ဖန် ခန္ဓာကိုယ်ကို လာရောက် ထိမှန်သွားသည်။ ရဲချန်ဖန် လွင့်စဉ်သွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။
ရဲချန်ဖန်သာ ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ်၏ ကိုယ်တွင်းအင်္ဂါများ သန်မာစေခြင်း အသေးစား အောင်မြင်မှု အဆင့်သာ ရောက်မနေပါက ပြင်းထန်လှသော ယင်ဓာတ်က သူ့ကိုယ်ကို ထိမှန်သည်နှင့် တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားမည် ဖြစ်သည်။
“မိုက်ရိုင်းတဲ့ ကောင်တွေ။ ငါ့တိမ်တိုက်ပန်းကို ပြန်ပေးစမ်း”
သုံးမီတာခန့် မြင့်ပြီး ကြေးရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော သရဲဘုရင်သည် ကျောက်ခေါင်း တလားကြီးထဲမှ ထွက်ပေါ်လာသည်နှင့် အသည်းများ အေးခဲသွားနိုင်သော အသံနက်ကြီးပါ တစ်ပြိုင်နက် ထွက်ပေါ်လာလေသည်။
“မီးအရိပ်ဓား”
ဒေါသထွက်နေသည့် သရဲဘုရင်က ရဲချန်ဖန်ကို လိုက်ဖမ်းနေစဉ် အသင့်ပြင်ထားသော လင်းခီဆုက ဓားဖြင့် ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။
သရဲဘုရင်၏ ချပ်ဝတ်တန်ဆာပေါ်တွင် ဓားရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့ပြင် ဓား၏အစွမ်းမှာ အလွန် ပြင်းထန်သဖြင့် သရဲဘုရင်သည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ နောက်သို့ ခြေလှမ်းသုံးလှမ်းမျှ ဆုတ်လိုက်ရလေသည်။
“သွားကြမယ်”
ရဲချန်ဖန်သည် အသက်ဝအောင် ရှူလိုက်ပြီး သူ့သွေးများကို နှိုးဆွလိုက်ပြီး လင်းခီဆု နှင့်အတူ အုတ်ဂူကြီး အပြင်ဘက်ကို ပြေးထွက်လိုက်သည်။
“မုန်းစရာ ကောင်းလိုက်တဲ့ လူတွေ။ မင်းတို့ကို ငါသတ်စားပြမယ်”
ဒေါသထွက်နေသော သရဲဘုရင်က အလျင်အမြန် လိုက်လာရာ ရဲချန်ဖန်ကို လိုက်မီလာ လေသည်။
“ဓားတစ်ဝက် အင်အား”
သရဲဘုရင်၏ ကြီးမားသော အစွမ်းက အသာစီးရနေရာ သူတို့ကို တစ်ခဏအတွင်း လိုက်မီလာသည်။ ရဲချန်ဖန်သည် ခရမ်းရောင်ဓားအား သုံး၍ ဓားတစ်ဝက် အင်အားကို ထုတ်သုံးလိုက်ရာ သရဲဘုရင်မှာ နောက်သို့ ဆုတ်လိုက်ရပြီး အရှိန်လျော့ကျသွားသည်။
“ဘာသံလဲ…”
ထိုအချိန်တွင် သေမင်းသင်္ချိုင်း၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်လာကာ တိမ်တိုက်ပန်းကို ရှာဖွေနေသော ဆောင်မှာ သရဲဘုရင်၏ အော်သံကို ကြားလိုက်ပြီး သူ့အာရုံကို ဆွဲဆောင်သွားသည်။
“အဲဒါ သူတို့ပဲ ဖြစ်မယ်”
ဆောင်နှင့် ရိန်းတို့သည် အဝေးမှနေ၍ သရဲဘုရင်မှာ လူနှစ်ယောက်ကို လိုက်၍ ဖမ်းဆီး သတ်ဖြတ်နေသည်ကို မြင်နေရသည်။ သူတို့မျက်လုံးများမှာ ဒေါသကြောင့် အရောင်များ ထွက်နေသည်။
“ကြည့်ရတာ သူတို့ တိမ်တိုက်ပန်းကို ရသွားပြီနဲ့ တူတယ်”
ဖြစ်နိုင်ချေများကို တွေးကြည့်ပြီး ဘာဖြစ်ခဲ့သလဲဆိုတာ သူတို့ အကြမ်းဖျင်း နားလည် သွားကြသည်။ နှစ်နာရီကျော် ကြာအောင် ရဲချန်ဖန်တို့ နှစ်ယောက်သည် အစွမ်းကုန် ကြိုးစား၍ ပြေးလွှားနေကြသည်။ သူတို့ ဝိညာဉ်စွမ်းအားများက အတော်လေး ကုန်ဆုံးနေပြီ ဖြစ်သည်။
“ဟူး… နောက်ဆုံးတော့ အန္တရာယ်ကင်းပြီ”
ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေသော လင်းခီဆုက အပျော်တစ်ဝက်နှင့် ပြောလိုက်သည်။
“ဒီသရဲဘုရင်က တကယ်ကြောက်ဖို့ ကောင်းတယ်။ သူ့ရဲ့အစွမ်းက မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့် အထက်မှာ ရှိတယ်”
“သတိထား။ ကျွန်တော်တို့နောက် လိုက်လာတဲ့လူတွေ ရှိနေတယ်”
ရဲချန်ဖန်တို့ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များ ပြန်ဖြည့်နေချိန်တွင် သူ၏ ထက်မြိသော စိတ်အာရုံက သူတို့ဆီ အလျင်အမြန် ချဉ်းကပ်လာနေသော ပုံရိပ်နှစ်ခုကို အာရုံခံ လိုက်မိရာ သတိဖြင့် အသင့်ပြင်ထားသည်။
“အဲဒါ သူတို့ပဲ”
အလျင်အမြန် ချဉ်းကပ် လာနေသော ရိန်းနှင့် ဆောင်ကိုကြည့်ပြီး လင်းခီဆု အလွန် ရုပ်ပျက် သွားသည်။ သူမတို့သည် ကြောက်မက်ဖွယ် အစွမ်းထက်သည့် သရဲဘုရင်၏လက်မှ အသက်လု ထွက်ပြေး လာကြရသည်။ သို့သော်လည်း ကံဆိုးစွာဖြင့်ပင် သရဲဘုရင်ထက် ပို၍အန္တရာယ်များပြီး သူတို့ကို အလွတ်မပေးဘဲ ဒုက္ခပေးမည့် ရိန်းနှင့် ဆောင်တို့မှာ သူမတို့အား ထပ်မံ ရှာဖွေတွေ့ရှိ လိမ့်မည်ဟု မထင်ထားခဲ့ချေ။
လင်းခီဆု၏ လက်ရှိ အခြေအနေဖြင့်ဆိုလျှင် သူမသည် ရိန်းနှင့် ဆောင်တို့ နှစ်ယောက်၏ ပြိုင်ဘက် မဟုတ်ပေ။ ထို့ပြင် သူမစိတ်ထဲ၌ ဝေခွဲမရသော ကိစ္စတစ်ခုလည်း ရှိနေသည်။
“လင်းခီဆု ငါတို့ ထပ်တွေ့ပြန်ပြီ။ ကြည့်ရတာ ငါတို့က ရေစက်ရှိတယ်နဲ့ တူတယ်”
ရိန်းက ဖြူဖျော့နေသော လင်းခီဆု မျက်နှာလေးကို ကြည့်ပြီးခနဲ့တဲ့တဲ့ ပြောလိုက်သည်။ သူ့မျက်နှာတွင် အေးစက်သော အပြုံးနှင့် မရိုးသားပုံမှာ သိသာထင်ရှားစွာ ပေါ်လွင်နေသည်။
“ရှင်တို့က ဘာလုပ်ချင်လို့လဲ”
လင်းခီဆုက တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
“ငါက ဘာလုပ်ချင်တာလဲ ဆိုတော့ … ”
ရိန်းက ချက်ချင်းမဖြေဘဲ လင်းခီဆု၏ အလွန် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကိုအား သိမ်းကျုံးပြီး ယုတ်မာသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဘာလိုချင်လဲဆိုတာ ဖော်ပြနေလေသည်။
“လင်းခီဆု အဲဒီနေ့က ငါ့ကို အရှက်ခွဲခဲ့တာတွေ ဒီနေ့ မင်း ပြန်ပေးဆပ်ရမယ်။ အဲကလေး အတွက်ကတော့ အသေဆိုးနဲ့ သေအောင် ငါအကောင်းဆုံး ကြိုးစားပေးမယ်။ သူသေချင်ပါပြီလို့ တောင်းပန်တဲ့အထိ ဖြည်းဖြည်းချင်း နှိပ်စက်ပြမယ်”
ရိန်းက သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး ရက်စက်ကြမ်းတမ်းစွာ ပြောလိုက်သည်။
“ဝမ်းနည်းပါတယ်။ မင်းမှာ အဲဒီလိုအစွမ်း မရှိဘူး”
ရဲချန်ဖန်က ရှင်သန်ခြင်းဆေးကို သောက်လိုက်ပြီး သူ့ခန္ဓာကိုယ် စွမ်းအားမှာ ပေါက်ကွဲ၍ ထွက်လာလေသည်။ ထိုအချိန်တွင် ရဲချန်ဖန်ဆီမှ လူသတ်စိတ် ဖြစ်ပေါ်လာလေသည်။