Switch Mode

Chapter – 77

ထူးဆန်းသောအရိပ်

*****

စာစဉ် (၆)
အခန်း (၇၇)
ထူးဆန်းသော အရိပ်

“တကယ်တော့ ကျွန်တော်တို့ ပြေးဖို့မလိုဘူး။ သူတို့က ကျွန်တော်တို့ကို ဘာမှ မလုပ်နိုင်ဘူး”

ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းသော သေမင်းသင်္ချိုင်းထဲ ဝင်လာပြီးနောက် ရဲချန်ဖန်က သူတို့ရှေ့တွင် အလွန် များပြားလှသော အုတ်ဂူများ၊ နေရာအနှံ့တွင် ပြန့်ကျဲနေသော အဖြူရောင် အရိုးများကို ကြည့်ပြီး ရဲချန်ဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။

“ရဲချန်ဖန် မင်းက တိုက်ခိုက်ရေးအစွမ်း အလွန်ထက်နေရင် တောင်မှပဲ သားရဲသခင်နဲ့ မြေကမ္ဘာ သားရဲစစ်သူကြီးက ကွာခြားချက် အရမ်းကြီးတယ်။ မြေကမ္ဘာ သားရဲစစ်သူကြီးကို အစွမ်းထက်တာ တစ်ခုနဲ့ ယှဉ်ပြိုင်လို့ မရဘူး”

လင်းခီဆုက ယခုထိပင် ရဲချန်ဖန် အစွမ်းကို မယုံကြည်နိုင်သေးပေ။

“ဖြစ်နိုင်ပါတယ်”

ရဲချန်ဖန်က သူ့မေးစေ့သာ ပွတ်နေပြီး ဘာမှ ငြင်းချက် ပြန်မထုတ်ပဲ လင်းခီဆု နောက်သို့လိုက်ပြီး စခန်းချရန် နေရာရှာလိုက်သည်။

“ဒီည ဒီနေရာမှာပဲ နားရအောင်”

လင်းခီဆုက အနည်းငယ် ကျောချလို့ ရနိုင်သော ပြန့်ပြူးသည့် အုတ်ဂူတစ်လုံးကို တွေ့လိုက်သည်။ ရဲချန်ဖန်လည်း အုတ်ဂူပေါ် ခုန်တက်လိုက်ပြီး မိုးလင်းသည်ကို စောင့်နေလိုက်သည်။

“အစ်မလင်း ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ လည်ပတ်မှု နှေးကွေးလာတာ ခံစားမိလား”

ရဲချန်ဖန်က အုတ်ဂူပေါ်ထိုင်ပြီး အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်နေခိုက် ရုတ်တရက် သူ့ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကို ထူးဆန်းသော အားတစ်ခုက ဖိနှိပ်ထားသည်ကို ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအင် လည်ပတ်မှုနှုန်းမှာ နှေးကွေး လာနေသောကြောင့် ရဲချန်ဖန်က လင်းခီဆုကို မေးလိုက်သည်။

“ဟုတ်တယ် ငါ့ဝိညာဉ်စွမ်းအင်လည်း ဖိနှိပ်ခံထားရတယ်”

“ကြည့်ရတာ ကောလာဟလတွေက မှန်နေပြီ။ သေမင်းသင်္ချိုင်းမှာ ကြောက်စရာ အကောင်းဆုံးက သရဲတွေမဟုတ်ဘူး။ သေမင်းသင်္ချိုင်းထဲက ယင်ချီ(ဓာတ်)ပဲ။ အဲဒီယင်ချီက ငါတို့ကိုယ်ထဲက ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ထားတဲ့ အတွက် ငါတို့ ဝိညာဉ်စွမ်းအားတွေ အပြည့် ထုတ်မသုံး နိုင်တော့ဘူး။ အဲဒီတော့ ငါတို့တိုက်ခိုက်တဲ့ အချိန် ငါတို့အစွမ်းတွေက အများကြီး ကျဆင်း သွားလိမ့်မယ်”

လင်းခီဆု မျက်နှာက အလွန်လေးနက် နေလေသည်။ လင်းခီဆုက သူသံသယ ရှိနေသည့် အရာကို အတည်ပြုပေးလိုက်ရာ ရဲချန်ဖန် မျက်လုံးက လင်းလက်သွားသည်။

ဝိညာဉ်စွမ်းအင်က ဖိနှိပ်ခံထား ရသော်လည်း ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားအပေါ် သက်ရောက်ခြင်း မရှိပေ။ အကယ်၍ သေမင်းသင်္ချိုင်းထဲ ဝင်လာသမျှ လူတိုင်း၏ ဝိညာဉ်စွမ်းအင်မှာ ယင်ဓာတ်ကြောင့် ဖိနှိပ်ခံထားရလျှင် ရဲချန်ဖန်က ခန္ဓာကိုယ် စွမ်းအားကြောင့် အသာစီးရမှုကို အမြင့်ဆုံး အသုံးချလို့ ရလာပေလိမ့်မည်။

နောက်တစ်ကြိမ် ရိန်းနှင့် ဆောင်တို့ကို ထပ်တွေ့ပါက ရဲချန်ဖန်က ဒီအသာစီးရမှုကို အသုံးချ၍ လက်စားချေလို့ ရနိုင်သည်။

ညသည် နက်သထက် နက်လာပြီး သရဲများ၏ အော်ဟစ် ငိုယိုသံက ချောက်ချားစရာ ကောင်းအောင် ကြားနေရသည်။ သေမင်းသင်္ချိုင်း အတွင်း အနက်ပိုင်းမှ နာကျင်စွာ အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်နေသည်။

“တစ်ယောက်ယောက် ရှိနေတာလား”

ရဲချန်ဖန် ငြိမ်သက်စွာ ထိုင်နေစဉ် သူ၏ အစွမ်းထက်သော စိတ်အာရုံက လျှို့ဝှက်သော ဝိညာဉ်စွမ်းအား တစ်ခု သူ့ကို လာရိုက်ခတ်လိုက်သည်ကို သူချက်ချင်း သတိထားလိုက်မိသည်။

“ဘာဖြစ်တာလဲ တစ်ခုခုဖြစ်လို့လား”

ရဲချန်ဖန် ဝိညာဉ်စွမ်းအင် လှုပ်ရှား သွားသည်ကို သတိပြုမိပြီး လင်းခီဆု၏ ပိတ်နေသော မျက်လုံးများက ပွင့်လာပြီး သတိနဲ့ မေးလိုက်သည်။

“ကျွန်တော်တို့ကို တစ်ယောက်ယောက်က တိတ်တိတ်လေး စောင့်ကြည့်နေတယ်လို့ ခံစားမိလို့”

ရဲချန်ဖန်၏ စူးရှသော မျက်လုံးများက ယင်ဓာတ် အလွန်များသော ညအမှောင် ကောင်းကင် တစ်နေရာကို ကြည့်နေပြီး သူ့အသံက အလွန် လေးနက်နေသည်။

“နင့်ဟာက သေချာလို့လား ဘာလို့ ငါက မခံစားမိတာလဲ”

လင်းခီဆုက မျက်မှောင်ကြုတ်သွားပြီး သံသယနှင့် မေးလိုက်သည်။ သူမ ဝိညာဉ်စွမ်းအင်က ရဲချန်ဖန်လောက် မကောင်းဘူးဟု ပြောလာလျှင် သူမက ယုံကြည်မည် မဟုတ်ပါ။

“တစ်ယောက်ယောက် လာနေတယ်”

ရဲချန်ဖန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခရမ်းရောင်ဓားကို ထုတ်ယူလိုက်သည်။

“ယား…”

ရဲချန်ဖန် စကားဆုံးသည်နှင့် ကြောက်မက်ဖွယ် ငိုသံကြီးနှင့်အတူ ခြေထောက်များ မပါဘဲ ဝိုးတဝါးသာ မြင်နိုင်သည့် လေထဲတွင် လွင့်မြောလာသော သရဲများ ထွက်​ပေါ်လာလေသည်။ ဝီခနဲ အသံနှင့်အတူ သူတို့နှစ်ယောက်ကို စတင် တိုက်ခိုက်တော့သည်။

“များလိုက်တဲ့ သရဲတွေ”

လင်းခီဆုက ဒီလောက်များတဲ့ သရဲတွေ ဘာအကြောင်းကြောင့် ထွက်ပေါ်လာသလဲ စဉ်းစားချိန်ပင် မရဘဲ သူမ၏ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက်ကို ထုတ်ယူပြီး ခုခံကာ အော်ဟစ် လိုက်သည်။

“ရဲချန်ဖန် ငါတို့ ဖောက်ထွက်ရအောင်”

“အဲဒါ ကောင်းတယ်”

ရဲချန်ဖန် ခေါင်းညိတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာရာ သူ့ခြေထောက်များသည် လျှပ်ပြက်သလို လှုပ်ရှားလိုက်သည်မှာ အလင်းရောင်ကဲ့သို့ပင်တည်း။ ထိုအချိန်တွင် သူ့ဆီ ဝင်တိုက်ခိုက် လာသည့် သရဲနှစ်ကောင်ကို ခရမ်းရောင်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

“ဟမ်… မသေဘူးလား”

ရဲချန်ဖန်က ခရမ်းရောင်ဓားဖြင့် သရဲနှစ်ကောင်ကို ပိုင်းဖြတ် လိုက်သော်လည်း သရဲနှစ်ကောင်က သေဆုံးခြင်း မရှိဘဲ ဝိညာဉ်များ ပြန်စုကာ အသက် ပြန်ရှင်လာသည်။ ရဲချန်ဖန် အလွန် အံ့သြနေလေသည်။

“ရဲချန်ဖန် ဒီသရဲတွေရဲ့ ခန္ဓာကိုယ်က သေမင်းသင်္ချိုင်းရဲ့ ယင်ဓာတ်တွေနဲ့ ဖွဲ့စည်းထားတာ။ သာမန် တိုက်ခိုက်မှုတွေနဲ့ သူတို့ကို သတ်လို့မရဘူး”

လင်းခီဆုက ရဲချန်ဖန်ကို သတိပေးလိုက်သည်။

“ရပြီ… မင်းတို့ တွေ့ကြပြီပေါ့”

ရဲချန်ဖန်က ခရမ်းရောင် ဓားကို သိုလှောင်အိတ်ထဲ ပြန်သိမ်းလိုက်ပြီး ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရဲချန်ဖန် ခွန်အားက ပေါင်နှစ်သောင်း ငါးထောင်ကျော် ဖြစ်လာပြီး သွေးဝံပုလွေက သူ့ကိုယ်ထဲ လျင်မြန်စွာ လှည့်ပတ်နေလေသည်။

“ယား…”

ရဲချန်ဖန်က ခန္ဓာကိုယ်စွမ်းအားကို လက်သီးထဲ အားဖြည့်ပြီး ထိုးချလိုက်သည်။ သရဲတစ်ကောင်ကိုယ်က ကွဲထွက်သွားပြီး ယင်ဓာတ်က လေထဲလွင့်ပျံ ပျောက်ကွယ်သွားသည်။

“ဟုတ်တယ်။ ငါ့ခန္ဓာကိုယ် စွမ်းအားက ဒီသရဲတွေရဲ့ ရန်သူပဲ”

ရဲချန်ဖန်က သရဲများကို အလွန်လျင်မြန်စွာ သတ်ဖြတ်နေသည်ကို ကြည့်ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားသည်။ လင်းခီဆုသည် ရဲချန်ဖန်နှင့် မနီးမဝေးတွင် ရှိနေရာ ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားကို သိမြင်လိုက်ရသည်။

သူမသည် ရဲချန်ဖန်၏ စွမ်းအားကို အံ့သြနေရပြီး ရဲချန်ဖန်သည် ကောင်းကင်မီးဂိုဏ်းတွင် စံချိန်သစ်များ အကြိမ်ကြိမ် တင်နေခြင်းမှာ ကံကောင်းမှုသက်သက် မဖြစ်နိုင်ပေ။

“ယား…”

ရဲချန်ဖန်တို့ နှစ်ယောက် ဖောက်ထွက်ရန် လမ်းပွင့်သွားချိန်တွင် ငှက်ဆိုး ထိုးသံကဲ့သို့ မိစ္ဆာငိုသံကို ကြားလိုက်ရသည်။ သုံးမီတာခန့် မြင့်ပြီး အလွန် သိပ်သည်းသော ယင်ဓာတ်များ ဝန်းရံနေသည့် သရဲက သူတို့နှစ်ယောက်ရှေ့တွင် ထွက်ပေါ်လာသည်။

“သရဲဘုရင်လား”

သရဲဘုရင်က လူတို့၏ မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်နှင့် တူသော စွမ်းအားရှိသည်။

“ဘယ်လိုလုပ် သရဲဘုရင်က သေမင်းသင်္ချိုင်းရဲ့ အစွန်အဖျားနားမှာ ပေါ်လာရတာလဲ”

လင်းခီဆုက ထူးခြားမှုကို ခံစားနေရသည်။ သရဲဘုရင်လို အစွမ်းထက်တဲ့ သရဲမျိုးက သေမင်းသင်္ချိုင်းရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွင်သာ နေထိုင်လေ့ရှိသည်။ သူတို့သည် သေမင်းသင်္ချိုင်း၏ အစွန်အဖျားတွင် ပေါ်ထွက်လာသော ကိစ္စမှာ အလွန် ဖြစ်ခဲလှသည်။

“ဒီသရဲဘုရင်နဲ့ သရဲတွေကို တစ်ယောက်ယောက်က ခေါ်ဆောင်လာခဲ့တာ ဖြစ်ရမယ်”

လင်းခီဆု စိတ်ထဲတွင် မဖြစ်နိုင်သော အတွေးက ဖြစ်ပေါ်လာသည်။

“ဓားတစ်ဝက် အင်အား”

လင်းခီဆုက တွေဝေ ငေးမောနေစဉ် ခရမ်းရောင်ဓားက ရဲချန်ဖန်လက်ထဲ ပေါ်လာသည်။ ထို့ပြင် အလွန် အစွမ်းထက်လှသော ဓားတစ်ဝက် အင်အားက ခရမ်းရောင် ဓားဖြင့် ပေါင်းစည်းလိုက်ရာ ကောင်းကင်ပင် တုန်လှုပ် သွားစေနိုင်သော အလွန် ထက်မြက်လှသည့် ခရမ်းရောင် အလင်းတန်း ဖြစ်ပေါ်လာကာ သရဲဘုရင်ကို ထိမှန်သွားလေသည်။ သရဲဘုရင်၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်ပင် ကွဲထွက်သွားတော့သည်။

သရဲဘုရင်က ရဲချန်ဖန်ထက် အများကြီး ပို၍အစွမ်းထက် သော်လည်း သူ့တွင် ဝိညာဉ်သာ ရှိသောကြောင့် ခုခံမှုမှာ အားနည်းချက် ဖြစ်နေသည်။ ထို့ကြောင့် ရဲချန်ဖန်၏ ဓားတစ်ဝက်အားက သရဲဘုရင်၏ ခန္ဓာကိုယ်အား ကွဲထွက်သွား စေနိုင်ခြင်းဖြစ်၏။

ဓားတစ်ဝက် အင်အားသည် သရဲဘုရင်၏ ဝိညာဉ်ကိုပါ ကွဲထွက်သွားစေပြီး သရဲဘုရင်ကို ယင်ဓာတ် ပြန်လည် စုပ်ယူခွင့် မပေးပေ။ အကယ်၍ ယင်ဓာတ်သာ စုပ်ယူနိုင်ပါက သရဲဘုရင်သည် ဝိညာဉ်ကို ပြန်၍ ပြုပြင်နိုင်စွမ်း ရှိလေသည်။

ရဲချန်ဖန်သည် သရဲဘုရင်ကို ဓားတစ်ဝက် အင်အားဖြင့် တိုက်ခိုက်နေပုံများကို ကြည့်ပြီးနောက် လင်းခီဆုသည် ရဲချန်ဖန်မှာ မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို ယုံကြည်လာသည်။

“ဒီနေရာက ထွက်ခွာရအောင်”

ရဲချန်ဖန်က အော်ဟစ်လိုက်သည်။ ရဲချန်ဖန်နှင့် လင်းခီဆုတို့သည် အနောက်မြောက်ဘက်သို့ ပြေးလိုက်သည်။

သူတို့ သရဲများ ဝိုင်းဝန်း တိုက်ခိုက်မှုမှ ဖောက်ထွက် လိုက်နိုင်ချိန်တွင် အရိပ်သဏ္ဌာန် ဝိုးတဝါး လူတစ်ယောက်သည် ဆန်းကြယ်စွာ ပေါ်လာသည်။ ၎င်းသည် ရဲချန်ဖန်တို့ ပြေးသွားသည့် နေရာကို ကြည့်လိုက်ပြီး ထူးဆန်းစွာနှင့် ညအမှောင်ထဲသို့ ပြန်လည် ပျောက်ကွယ်သွားသည်

Comment

Leave a Reply

Options

not work with dark mode
Reset