Switch Mode

Chapter – 76

မိုးကြိုးဂိုဏ်း

အခန်း (၇၆)
မိုးကြိုးဂိုဏ်း

“ရှေ့က သေမင်းသင်္ချိုင်းပဲ”

အပြာရောင် နဂါးလိပ်ပြာသည် ငါးနာရီကျော် ပျံသန်းပြီးနောက် ညနေစောင်းတွင် သေမင်းသင်္ချိုင်း၏ နယ်နိမိတ်နား ရောက်ရှိလာသည်။

“ပြင်းထန်တဲ့ သေခြင်းအော်ရာတွေ”

ရဲချန်ဖန် အပြာရောင် နဂါးလိပ်ပြာပေါ်မှနေ၍ သေမင်းသင်္ချိုင်းကို မြင်နေရရာ ပြင်းထန်လှသော သေခြင်းအော်ရာများက သူတို့ကို လာရိုက်ခတ်နေသည်။ ကြောက်စရာ အလွန်ကောင်းသော အငွေ့အသက်က သေမင်းသင်္ချိုင်းက ထွက်ပေါ်နေပြီး ထိုအငွေ့အသက်ကို ထိတွေ့ သူတိုင်းသည် အသည်းများ အေးအောင် ထိတ်လန့်မှုကို ခံစားရနိုင်သည်။

“အခုချိန် သေမင်းသင်္ချိုင်းထဲ ဝင်ရင် အဆင်မပြေဘူး။ နောက်ကျနေပြီ။ ငါတို့ ဒီသေမင်းသင်္ချိုင်း အစပ်နားမှာ ဒီည စခန်းချတာပေါ့။ မနက်ဖြန် မနက်ကျမှ သေမင်းသင်္ချိုင်းထဲ ဝင်ပြီး တိမ်တိုက်ပန်းကို ရှာကြတာပေါ့”

လင်းခီဆုက ပြောလိုက်သည်။

“ကောင်းတာပဲ” ရဲချန်ဖန်လည်း သဘောတူလိုက်သည်။

သူတို့ သေမင်းသင်္ချိုင်း အစပ်နားတွင် အနားယူရန် နေရာကိုရှာပြီး မီးပုံလေးကို သူတို့အလယ်တွင် မွှေးလိုက်ကာ အနားယူနေစဉ် ကျယ်လောင်သော ငှက်အော်သံက သူတို့နားထဲ ဝင်ရောက်လာသည်။

မှောင်ရီဝိုးတဝါး ညနေစောင်း အလင်းရောင်အောက်တွင် အပြာရောင် နဂါး လိပ်ပြာထက်ပင် ကြီးသော ရွှေရောင် သိမ်းငှက်ကြီးတစ်ကောင် အတောင်ပံ တဖျပ်ဖျပ်ခတ်၍ ပျံသန်းနေသည်။ ၎င်းသည် အလင်းမြန်နှုန်းကဲ့သို့ မြန်ဆန်လှကြောင်း ရဲချန်ဖန် တွေ့လိုက်ရသည်။

“အဲဒီငှက်က မိုးကြိုးဂိုဏ်းကပဲ။ သူတို့လည်း တာဝန်ထမ်းဆောင်ဖို့ ဒီကိုလာမယ် မထင်မိဘူး”

အလင်းကဲ့သို့ ပျံသန်းလာနေသော ရွှေရောင် သိမ်းငှက်ကိုကြည့်ပြီး လင်းခီဆု မျက်မှောင်များ ကြုတ်သွားပြီး မကျေမနပ် ပြောလိုက်သည်။ သူမလေသံကို ကြည့်ပြီး သူမက မိုးကြိုးဂိုဏ်းကို အမြင် မကြည်ကြောင်း သိလိုက်သည်။

“အစ်မလင်း မိုးကြိုးဂိုဏ်းက အစွမ်းထက်တဲ့ ဂိုဏ်းလား။ သူတို့က အင်အားကြီးလား”

ရဲချန်ဖန်က ကောင်းကင်မီးဂိုဏ်း ဝင်သည်မှာ သိပ်မကြာသေး၍ တခြားဂိုဏ်းကြီးများ အကြောင်း သိပ်မသိသေးပေ။

“ငါတို့နေထိုင်တဲ့ ဒေသကြီးကို မြောက်နှင်း နိုင်ငံတော်လို့ ခေါ်တယ်။ ပိုင်တာလမ်းမကြီးရဲ့ အနောက်မြောက်ဘက်မှာ ရှိတယ်။ ဒီမြောက်နှင်း နိုင်ငံတော်ထဲမှာ အဆင့်သုံး မဟာဂိုဏ်းကြီး သုံးခုရှိတယ်။ အဲဒါတွေက မဟာ ကောင်းကင်မီးဂိုဏ်း၊ မိုးကြိုးငှက်ဂိုဏ်းနဲ့ လေမုန်တိုင်း ကျေးရွာတို့ပဲ”

“ဒီဂိုဏ်းကြီး သုံးဂိုဏ်းထဲမှာ လေမုန်တိုင်း ကျေးရွာက အင်အား အကြီးဆုံးပဲ။ ဒီဒေသရဲ့ ခေါင်းဆောင်လို့ ပြောလို့ရတယ်။ သူဖွဲ့ထားတဲ့ ဂိုဏ်းခွဲတွေက ဂိုဏ်းကြီး သုံးဂိုဏ်းတွေရဲ့ ဂိုဏ်းခွဲတွေထဲမှာ အင်အား အကြီးဆုံးပဲ”

“မိုးကြိုးငှက်ဂိုဏ်းက မဟာ ကောင်းကင်မီးဂိုဏ်းနဲ့ အင်အားချင်း မတိမ်းမယိမ်းပဲ။ ဒါကြောင့် ငါတို့ ကောင်းကင်မီး ဂိုဏ်းနဲ့ မိုးကြိုးဂိုဏ်းက သူမသာ ကိုယ်မသာပဲ”

“ဒါပေမဲ့ အပြိုင်အဆိုင်တွေကြောင့် ငါတို့ဆက်ဆံရေးက သိပ်မကောင်းဘူး။ ဒါကြောင့် သူတို့ကို အမြဲ သတိထား နေရမယ်။ ငါတို့နှစ်ယောက် အင်အားပဲဆို သူတို့က ငါတို့ကို သေချာပေါက် တိုက်ခိုက်မှာပဲ”

“မစိုးရိမ်ပါနဲ့ အစ်မလင်း။ ကျွန်တော် ဂရုစိုက်ပါ့မယ်”

ရဲချန်ဖန်က ပြောလိုက်သည်။

သူတို့ စကားပြောနေစဉ် အလွန်လျင်မြန်စွာ ပျံသန်းလာတဲ့ ရွှေရောင် သိမ်းငှက်ကြီးက သေမင်းသင်္ချိုင်း အစပ်နား ဆင်းသက်လာသည်။ ထို့နောက် ရွှေရောင် သိမ်းငှက်ကြီးပေါ်မှ အပြာရောင် ဝတ်စုံနှင့် မာနအလွန်ကြီးပုံ ပေါ်သော လူငယ်လေး နှစ်ယောက် ဆင်းလာသည်ကို တွေ့လိုက်ရသည်။

“အဲဒီလူတွေက… ရိန်းနဲ့ဆောင် နှစ်ယောက်ပဲ”

မိုးကြိုးဂိုဏ်းမှ လူငယ်လေး နှစ်ယောက်ကိုကြည့်ပြီး လင်းခီဆု မျက်ဝန်းများက ကျဉ်းမြောင်းပြီး လေးနက်သွားသည်။

“အစ်မလင်းက သူတို့ကို သိတာလား”

ရဲချန်ဖန်က လင်းခီဆု မျက်နှာအမူအရာ ပြောင်းသွားသည်ကို မြင်လိုက်ပြီး မေးမြန်း လိုက်သည်။

“ငါတို့ဂိုဏ်း နှစ်ဂိုဏ်း သိုင်းပြိုင်ပွဲ ကျင်းပတုန်းက ငါ ရိန်းနဲ့ ပြိုင်ဖူးတယ်။ ငါ သူ့ကို နိုင်လိုက်ပေမဲ့ သူ့အစွမ်းက အံ့သြစရာပဲ။ ငါထင်တယ် သူက ရှန်းတုဟန်ထက် အစွမ်း ပိုထက်လိမ့်မယ်”

“ဆောင်က ရိန်းထက် အနည်းငယ် အားနည်းပေမဲ့ ဆောင်ကလည်း မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်ပဲ။ သူတို့သာ ပူးပေါင်း တိုက်ခိုက်ပါရင် ငါတို့က သူတို့ပြိုင်ဘက် မဟုတ်ဘူး”

လင်းခီဆု အသံက အလွန်လေးနက်နေပြီး ရဲချန်ဖန်နှင့်အတူ လာခဲ့ရသည့်အတွက် နောင်တ အနည်းငယ် ရနေပုံပေါ်သည်။

“လင်းခီဆုလား”

မိုးကြိုးဂိုဏ်းသား နှစ်ယောက်လည်း ရဲချန်ဖန်တို့ကို တွေ့သွားလေသည်။ လင်းခီဆု၏ တပ်မက်ဖွယ် ခန္ဓာကိုယ်၊ မျက်နှာတို့ကိုကြည့်ပြီး သူတို့ကို အရှက်ခွဲခဲ့သည်ကို အမှတ်ရသွားကာ ချက်ချင်းပင် ရိန်းမျက်နှာ၌ ကောက်ကျစ်သည့် အလင်းရောင် ထွက်လာသည်။

သူတို့အစွမ်းသည် လင်းခီဆုနှင့် အတူတူလောက် ရှိသည်။ သို့သော် ရဲချန်ဖန်က သားရဲသခင် တတိယအဆင့်သာ ရှိသည်ကို သတိပြုမိ သွားသောအခါ သူတို့ အလွန် အံ့သြသွားသည်။ ထို့နောက် သူတို့မျက်နှာတွင် ကောက်ကျစ်စဉ်းလဲသည့် အရိပ်များ ထွက်လာပြီး သူတို့ဆီ ဖြည်းဖြည်းလေး လျှောက်လာသည်။

“လင်းခီဆု မင်းကို ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး။ ဘာလို့ အဲဒီလိုကောင်နား အချိန်ဖြုန်း နေတာလဲ။ သူက မင်းကို အကူအညီ ပေးနိုင်တဲ့လူ မဟုတ်ဘူး”

ရိန်းက လင်းခီဆု၏ လှပသော ကောက်ကြောင်းများကို ကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြောပြီး ရန်စလိုက်သည်။

“ရှင့်ပါးစပ်က အဲဒီလို ယုတ်ညံ့တဲ့စကားတွေ ထပ်ထွက်လာရင် ကျွန်မ တိုက်ခိုက်မှ ရိုင်းတယ်လို့ မပြောနဲ့”

လင်းခီဆုက ဒေါသထွက်သွားသည်။ ရိန်းနှင့် ဆောင်တို့က ရဲချန်ဖန် အစွမ်းကို သိသွားပြီး လာရန်စသည်ကို သူမ စိုးရိမ်လာသည်။

“ဟား… မင်းက ငါတို့ကို မကြိုဆိုဘူးလား။ မင်းက ငါတို့ကို ရိုင်းစိုင်းရဲတယ် ဟုတ်လား။ မင်းကိုယ်မင်း ငါတို့ညီအစ်ကိုရဲ့ ပြိုင်ဘက်လို့ ထင်နေတာလား”

ဆောင်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ သူက ရဲချန်ဖန်ကို လုံးဝ ဂရုမစိုက်ပေ။

“ရှင် စမ်းကြည့်လို့ရတယ်”

လင်းခီဆု မျက်နှာ အနည်းငယ် ပျက်သွားပြီး သူမဆီမှ အလွန် အားကောင်းသော ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာသည်။ သူမ ခန္ဓာကိုယ်မှာ ဆယ်မီတာကျော် ရှည်လျားသွားပြီး အလွန် နီရဲတောက်ပြောင် နေသော မီးများက ဖုံးလွှမ်းထားသည်ဟု ထင်နေရသည်။

သူမက ပြင်းပြင်းထန်ထန် တုံ့ပြန်ရခြင်းမှာ ရိန်းနှင့်ဆောင်တို့သည် နည်းနည်း အလျှော့ ပေးသည်နှင့် ပို၍အတင့်ရဲ မောက်မာ ရိုင်းစိုင်းလာမည်ကို သိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တုန်လှုပ်ပြီး နောက်ဆုတ်သွားစေရန် ရည်ရွယ်၍ သူမအစွမ်းကို ထုတ်ပြလိုက်ခြင်း ဖြစ်သည်။

“ဒီကိစ္စ ကျွန်တော့်ကို လွှဲထားလိုက်”

လင်းခီဆုက မတိုက်ခင်မှာပင် ရဲချန်ဖန်ဆီမှ အလွန် စွမ်းအား ပြင်းထန်လှသော ဓားသံကြီးက ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်ဓားက ရဲချန်ဖန် လက်ထဲတွင် ထွက်ပေါ်လာပြီး ဓားတစ်ဝက် အင်အားကို ထုတ်သုံး လိုက်လေသည်။ ဓားတစ်ဝက် အင်အားက လျှပ်စီးကဲ့သို့ပင် အလွန်လျင်မြန်စွာ လေထဲကို ဖြတ်သန်းသွားပြီး အံ့အားသင့်စရာ ထိမှန်သွားလေသည်။

“ဘာလဲ”

ရိန်းနှင့်ဆောင်က ဓားတစ်ဝက် အင်အား၏ ကြောက်မက်ဖွယ် အစွမ်းကို သိလိုက်သည်နှင့် ရှောင်တိမ်းလိုက်သည်။

သို့သော် ရဲချန်ဖန် ဓားက ရုတ်တရက်ပင် အလွန် လျင်မြန်လွန်းသဖြင့် သူတို့ခန္ဓာကိုယ်ကို ထိမှန်သွားလေသည်။ ဓားတစ်ဝက် အင်အားက သူတို့ အကာအကွယ်များကို ပျက်စီး သွားစေပြီး သူတို့ရင်ဘတ်တွင် အလွန်နက်သော ဓားဒဏ်ရာတစ်ခု ဖြစ်ပေါ်လာလေသည်။ ထို့နောက် သွေးများက စီးထွက်လာလေသည်။

သူတို့ရင်ဘတ်တွင် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ရိန်းနှင့် ဆောင်တို့သည် မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ သားရဲသခင် တတိယအဆင့်က သူတို့ကို ဒဏ်ရာရအောင် လုပ်နိုင်မည်ဟု ဘယ်တော့မှ မထင်ထားမိပေ။

ရိန်းနှင့်ဆောင်က ရဲချန်ဖန်၏ အစွမ်းကို အလွန်အံ့သြနေပြီး လင်းခီဆုသည်လည်း အလွန် တုန်လှုပ်သွားပုံ ပေါ်ကာ သူမ ရဲချန်ဖန်ကို ကြည့်သည့် အကြည့်ပါ လုံးဝ ပြောင်းလဲသွားသည်။

“သေချင်နေတဲ့ ခွေးကောင်”

ရိန်းနှင့်ဆောင်က သူတို့ နာကျင်ရသဖြင့် အလွန် ဒေါသထွက်သွား လေသည်။ သူတို့ဆီမှ အလွန် ကြောက်စရာကောင်းသည့် ဝိညာဉ်သားရဲ နှစ်ကောင် ထွက်ပေါ်လာပြီး ပြင်းထန်လှသည့် အော်ရာက ရဲချန်ဖန်ကို ဖိနှိပ်ထားသည်။

“သွားကြရအောင်”

ရဲချန်ဖန်၏ တိုက်ခိုက်မှုအစွမ်းမှာ သူမ ထင်ထားသည်ထက် များစွာ အစွမ်းထက် နေသော်လည်း သူမက ရဲချန်ဖန် မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည်ကို မယုံနိုင်ပါ။

ရိန်းနှင့် ဆောင်ဆီမှ ဝိညာဉ်သားရဲများ ထွက်လာသည်ကို တွေ့လိုက်သည်နှင့် သူမသည် ပြတ်သားစွာ ရဲချန်ဖန် လက်ကိုဆွဲပြီး သေမင်းသင်္ချိုင်းထဲ ပြေးဝင်လိုက်သည်။

“ဘယ်ကို ပြေးမလို့လဲ”

ရိန်းနှင့်ဆောင်တို့က ဝိညာဉ်သားရဲများနှင့် ပေါင်းစည်းလိုက်သဖြင့် အစွမ်းများ အထွတ်အထိပ်သို့ ရောက်သွားပြီး အရှိန်မြင့် ဝိညာဉ်သိုင်းကို အသုံးပြုကာ သူတို့ပြေးလမ်းကို ပိတ်လိုက်လေသည်။

“မီးအရိပ်ဓား”

ရိန်းတို့နှစ်ယောက်က သူတို့နား နီးကပ်လာစဉ် လင်းခီဆု၏ အပူဝိညာဉ် စွမ်းအားက ပေါက်ကွဲ ထွက်လာပြီး ကြီးမားလှသော ဓားအဖြစ် ပြောင်းလဲသွားကာ ရိန်းနှင့် ဆောင်တို့ကို နောက်ဆုတ် သွားစေရန် ဟန့်တားလိုက်သည်။

“ဓားတောင်.. ဒီလင်းခီဆုက တကယ်ပဲ အဆင့်မြင့် ဝိညာဉ်သိုင်းကို အမြင့်ဆုံး အဆင့်ထိ အောင်မြင် ထားတာပဲ”

လင်းခီဆု၏ ဓားချက်ကြောင့် ရိန်းနှင့်ဆောင်တို့သည် နောက်ဆုတ်လိုက်ရပြီး မျက်နှာ အမူအရာများ ပြောင်းလဲသွားပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထိုကြောင့် ရဲချန်ဖန်နှင့် လင်းခီဆုတို့ အဝေးကို ရောက်ရှိသွားသည်။

“သွားရအောင်”

လင်းခီဆုက ရဲချန်ဖန်ကို ခေါ်ဆောင်ကာ ညအမှောင်ထဲတွင် သေမင်းသင်္ချိုင်းထဲသို့ ပြေးဝင် လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset