Chapter – 38 အမွှာမြွေ လက်စွပ်
အန္တရာယ်မှင်စာ၏ အရှက်မဲ့လှသော ဒုံးပျံဖိနပ်များက အားလုံးကို အံ့ဩသွားစေသည်။
ဤကဲ့သို့ ထွက်ပြေးရာ၌ ကျွမ်းကျင်လွန်းလှသော မွန်းစတားကို သူတို့ မမြင်ဖူးပေ။ ၎င်း၏ လူတစ်ဦးကဲ့သို့ ပြုမူသော အမူအရာများက NPC များနှင့်မတူပေ။ အန္တရာယ်မှင်စာသည် NPC ဖြစ်ရန် ဟန်ဆောင်နေသော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေလေသည်။
မီးတောက်စီးကြောင်း ၂ခုနှင့် ထွက်ပေါ်လာသည်နှင့် မှင်စာ၏ ခန္ဓာကိုယ်က လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားလေသည်။
အားလုံးက စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်နေကြသော်လည်း အန္တရာယ်မှင်စာကို မတားနိုင်ကြဘဲ ထွက်ပြေး လွတ်မြောက်သွားသည်ကိုသာ ကြည့်နေရသည်။ အဖွဲ့မှ မှော်ဆရာများသည် အန္တရာယ်မှင်စာနှင့် ကိုက်၄၀ကျော် ဝေးနေ၏။ အဖော်မဲ့နှင်းသည်လည်း ကိုက်၃၀ကျော် ဝေးနေသဖြင့် ၎င်းက ချာ့စကေး၏ အသုံးပြုနိုင်သည့် အကွာအဝေးအတွင်း မရှိပေ။ ထို့အပြင် ပစ်မှတ်က လေထဲသို့ ရောက်နေပြီဖြစ်သည့်အတွက် ချာ့စကေးက အကျိုးသက်ရောက်မှု ရှိ၊မရှိ မသိနိုင်ချေ။
လက်ရှိတွင် ရှီဖုန်းတစ်ယောက်သာ အန္တရာယ်မှင်စာနှင့် အနီးကပ်ဆုံး ဖြစ်ပြီး ၁၅ကိုက်မျှသာ ဝေး၏။ သို့သော်လည်း သူ့ထံတွင် အဝေးမှ တိုက်ခိုက်သည့် တိုက်ကွက်များ မရှိပေ။ သူက အနားသို့ ကပ်ပြီး တိုက်ခိုက်မှုတောင်မှ အန္တရာမှင်စာဆီသို့ သူ ရောက်သွားချိန်တွင် ၎င်းက မြေပြင်မှ ကိုက်၂၀ကျော် အကွာသို့ ရောက်နေပေလိမ့်မည်။ အဆုံးမှာတော့ ရှီဖုန်းက အန္တရာယ်မှင်စာ လွတ်မြောက်သွားသည်ကိုသာ ကြည့်နေလိုက်ရတော့သည်။
“နဂါးကိုးကောင် ခုတ်ချက်… “
ရှီဖုန်းက လိုက်မမီနိုင်မှန်း သိသော်လည်း လက်ထဲမှ အသူရာဓားဖြင့် ဝေ့ယမ်းလိုက်သည်။ အသူရာဓားမှ အနက်ရောင်မြူတန်း ၉ခုက အန္တရာယ်မှင်စာဆီသို့ ပြေးဝင်သွား၏။ ရှီဖုန်းက ဉာဏ်ရည်ထက်လွန်းလှသည့် အန္တရာယ်မှင်စာကို လွှတ်မပေးချင်ပေ။
အစက ထိုမှင်စာအား သာမန်အထူးလက်ရွေးစင်ဟုသာ ထင်ထားခဲ့သည်။ သို့သော်လည်း ထိုမှင်စာက ကစားသမားတစ်ယောက်ကဲ့သို့ ဉာဏ်ရည် ရှိနေလိမ့်မည်ဟု မထင်မိခဲ့ချေ။
နတ်ဘုရားနယ်မြေတွင် ဆယ်နှစ်ကျော် ကစားခဲ့သော်လည်း အသိဉာဏ် ထက်လှသော မှင်စာကို ရှီဖုန်း တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ အဓိကနတ်ဘုရားစနစ်က မွန်းစတားတစ်ကောင်အား မြင့်မားလှသော ဉာဏ်ရည်ကို ပေးအပ်ထားခြင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက် တစ်ခုခု ရှိရပေမည်။ ဥပမာ = လူသားသူရဲကောင်းများ သို့မဟုတ် ဒဏ္ဍာရီလာ သတ္တဝါများက အလွန်ကြီးကျယ်ခမ်းနားသော ဇာတ်ကောင်များ ဖြစ်သည်။ သူတို့၏ တည်ရှိမှုက လူသားတို့ကို တုန်လှုပ်စေသည်။
အန္တရာယ်မှင်စာ၏ ဉာဏ်ရည်က ထိုသူတို့နှင့် မယှဉ်နိုင်သော်လည်း ဘော့စ်မွန်းစတားများထက် သာလွန်ပေသည်။ ထိုအန္တရာယ်မှင်စာကိုသာ သတ်နိုင်ခဲ့လျှင် သူ့အတွက် အကျိုးအမြတ်များများ ရနိုင်သည်။
ထိုအချိန်တွင် အန္တရာယ်မှင်စာ၏ အချက်အလက်များက ရုတ်တရက် ပြောင်းလဲသွား၏။ အန္တရာယ်မှင်စာက ‘အားကပ်စ် မက်ဒေါ့စ်’ ဖြစ်သွားလေသည်။
အားကပ်စ် မတ်ဒေါ့စ် (သခင်ကြီး အဆင့်)
အဆင့် ၅
HP 600/600
ထိုနာမည်ကို မြင်လိုက်ရသောအခါ ရှီဖုန်း ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူက တစ်နေရာရာတွင် ကြားဖူးသလို ဖြစ်နေသော်လည်း စဉ်းစား၍ မရပေ။
သို့သော်လည်း အန္တရာယ်မှင်စာ၏ HP က ၆၀၀သာ ရှိသဖြင့် မှင်စာကို နဂါးကိုးကောင် ခုတ်ချက်ဖြင့် သတ်နိုင်မည်ဟု ယုံကြည်နေ၏။
ဓားအရိပ် ၉ခုက အားကပ်စ်မက်ဒေါ့စ်အား ထိုးဖောက်တော့မည့်အချိန်တွင် မှင်စာက ၎င်း၏အိတ်ထဲမှ စတီးဘောလုံးအနည်းငယ်ကို ထုတ်လိုက်ပြီး အသူရာဓားကိုယ်ပွားများထံသို့ ပစ်လိုက်သည်။
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့သွားပြီး တောက်ပသော မီးပွားများ ဖြာထွက်သွား၏။
“ဝုန်း… ဝုန်း… ဝုန်း… “
ပေါက်ကွဲမှုများက ဆက်တိုက် ဖြစ်ပေါ်လာပြီး အသူရာဓားကိုယ်ပွားများကို နောက်သို့ လွှင့်စင်သွားစေသည်။ ဓားကိုယ်ပွားများက အားကပ်စ်မက်ဒေါ့စ်အား နောက်တစ်ကြိမ် ထိုးဖောက်ရန် ပြင်လိုက်သည့်အချိန်တွင် အားကပ်စ်မက်ဒေါ့စ်က ကိုက်၃၀ကျော်ကို ရောက်သွား၏။ အသူရာဓား၏ နဂါးကိုးကောင်ခုတ်ချက်က ကိုက်၃၀အတွင်းရှိ ပစ်မှတ်များကိုသာ တိုက်ခိုက်နိုင်သည်။
ထို့ကြောင့် အားကပ်စ်မတ်ဒေါ့စ် လွတ်မြောက်သွားသည်ကို ရှီဖုန်းက ကြည့်နေလိုက်ရတော့သည်။
“သေစမ်းပါလားကွာ… ဘယ်လိုလုပ် ဒီလိုမွန်းစတားမျိုး ရှိနေရတာလဲ … အဲ့ဒီကောင်ရဲ့ ထွက်ပြေးနိုင်စွမ်းက Error တက်နေတာပဲ ဖြစ်ရမယ်… “ ဘလက်ကီက ထွက်ပြေးသွားသည့် အားကပ်စ်မက်ဒေါ့စ်အား ကျိန်ဆဲလိုက်သည်။
ကိုလာကလည်း အနီးရှိ သစ်ပင်ကို လက်သီးဖြင့် ထိုး၍ မခံမရပ်နိုင် ဖြစ်နေလေသည်။
အခြားအဖွဲ့ဝင်များသည်လည်း မကျေနပ်ကြပေ။
ထိုလက်ရွေးစင် မွန်းစတားကို အားလုံးက ခက်ခက်ခဲခဲဖြင့် တိုက်ခဲ့ကြရသည်။ သို့သော်လည်း အောင်နိုင်ခါနီးမှ သူတို့၏ ဆုကြေးက အတောင်ပေါက်၍ ထွက်ပြေးသွားလေသည်။ ထိုအရာထက် ပို၍ စိတ်ဓာတ်ကျချင်စရာ မရှိတော့ပေ။
“အကိုဖုန်း… အဲ့ဒီကောင်ကို ဆက်လိုက်ကြရအောင်… ”
မှင်စာ၏ ရွေ့လျားမှုနှုန်းက အရမ်း မမြန်သည်ကို ဘလက်ကီ သိထား၏။ ဒုံးပျံဖိနပ်ကလည်း စွမ်းအင်ကန့်သတ်ချက်ရှိပေလိမ့်မည်။ ထို့ကြောင့် မှင်စာက အချိန်အနည်းငယ် ကြာပြီးသည်နှင့် မြေပေါ် ကျလာလိမ့်မည် ဖြစ်သည်။
“အဲ့တာကို မေ့လိုက်တော့… မှင်စာတွေဘဲ ဆက်သတ်ရအောင်… ”
ရှီဖုန်း ခေါင်းရမ်းလိုက်သည်။ အန္တရာယ်မှင်စာကို လိုက်ဖမ်းနိုင်မည်ဆိုလျှင် အစကတည်းက လိုက်ဖမ်းပြီးဖြစ်သည်။ သို့သော် ၎င်း၏ ဒုံးပျံဖိနပ်များက အလွန်အစွမ်းထက်ပြီး နတ်ဘုရားနယ်မြေ၏ ထွက်ပြေးသည့် အကောင်းဆုံးပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ လက်ရှိတွင် ဒုံးပျံဖိနပ်က စသုံးခါစ ဖြစ်ပြီး အရှိန်ကလည်း အလွန်မြန်သဖြင့် အန္တရာယ်မှင်စာက မျက်တောင်တစ်ခတ်အတွင်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် အန္တရာယ်မှင်စာကို ရှာတွေ့ရန် မဖြစ်နိုင်ချေ။
ထင်ထားသည့်အတိုင်းပင် အချိန်ခေတ္တမျှ ကြာပြီးသည်နှင့် ဒုံးပျံဖိနပ်မှ မီးတောက်များက ပို၍တောက်လောင်လာပြီး အားကပ်စ်မတ်ဒေါ့စ်သည်လည်း လေထဲမှ ပျောက်ကွယ်သွားကာ မည်သူမှ မမြင်ရတော့ပေ။
“နောက်တစ်ခါ ထပ်မတွေ့စေနဲ့ပေါ့ကွာ… တွေ့လို့ကတော့ လွတ်ဖို့ မစဉ်းစားနဲ့… ”
ဘလက်ကီက အားကပ်စ်မက်ဒေါ့စ် ပျောက်ကွယ်သွားသည့် အရပ်ကိုကြည့်ရင်း မကျေမနပ် ဖြစ်နေသည့် အသံဖြင့် ပြောလိုက်သည်။
အားကပ်စ်မက်ဒေါ့စ်ကို လွှတ်ပေးလိုက်ရသည့်အတွက် ရှီဖုန်းလည်း မကျေနပ်ပေ။ သို့သော်လည်း နောက်တစ်ကြိမ် မှင်စာများကို သတ်ဖြတ်လျှင် ၎င်းက ထပ်မံ ပေါ်လာတော့မည် မဟုတ်ချေ။
“သွားရအောင် ၊ လေလွင့်မှင်စာတွေကို ဆက်ပြီး သတ်ကြမယ်… “ ရှီဖုန်းက လှည့်၍ အဖွဲ့ကို ပြောလိုက်သည်။
“အကိုဖုန်းက တစ်ကယ် ဉာဏ်ကောင်းတာပဲ… ဟိုကောင်ရဲ့ မျိုးနွယ်တွေ အကုန်လုံးကို သတ်လိုက်ရင် ဟိုကောင် ပြန်ပေါ်မလာ စောင့်ကြည့်ကြတာပေါ့… ငါ ဘာလို့များ ဒီအချက်ကို မတွေးမိရတာလဲ… “ ဘလက်ကီက ရယ်မောကာ ပြောလိုက်သည်။
ထိုစကားကို ကြားပြီး ရှီဖုန်းက ဆွံ့အသွားပြီး စိတ်ကူးများဖြင့် အတွေးနယ်ချဲ့နေသော ဘလက်ကီအား အဖက်မလုပ်တော့ဘဲ လှည့်ထွက်လာခဲ့သည်။
ရုတ်တရက် ရှီဖုန်းက အံ့အားသင့်သည့် အမူအရာဖြင့် ခြေလှမ်းကို ရပ်လိုက်သည်။
“သေစမ်းပါလားကွာ… ငါတို့ကံက တစ်ကယ်ကို ဆိုးတာပဲ… အားကပ်စ်မက်ဒေါ့စ်က ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး… ပြီးတော့ သူက အဆင့် ၅ မှင်စာအဖြစ်ပဲ ရှိသေးတယ်… “
ရှီဖုန်းက မျက်မှောင်ကျုံ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူက ပထမဦးဆုံးအကြိမ်အဖြစ် အလွန်ဒေါသ ထွက်သွား၏။
အားလုံးက ရှီဖုန်းဒေါသထွက်နေသည်ကိုမြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လေထုက အေးစက်လာသည်ကို ခံစားလိုက်ရသည်။ သူတို့၏ နဖူးတွင် ချွေးများ စို့လာကာ နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်မိလိုက်ကြ၏။ ယခင်က ရှီဖုန်းသည် တည်ငြိမ်ပြီး ပေါင်းသင်းရ လွယ်ကူသူဟု ထင်ခဲ့မိကြသော်လည်း ရှီဖုန်းက ဒေါသထွက်သည့်အခါ အလွန်ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ခဲ့ချေ။
သူတို့၏ ဘေးပတ်လည်ရှိ တောအုပ်ကြီးက မသာယာတော့ဘဲ တိတ်ဆိတ် မှောင်မည်းပြီး အေးခဲနေသော ငရဲသဖွယ် ဖြစ်လာသည်။
“အကိုဖုန်း …. အဆင်ပြေရဲ့လား… ”
ဘလက်ကီက သတိကြီးစွာ မေးလိုက်သည်။ သူလည်း လန့်သွားရသည်။ အခြားသူငယ်ချင်းများနှင့် ငြင်းခုံကာ ဒေါသထွက်သည့်အချိန်တုန်းက ရှီဖုန်းနှင့် ယခု ရှီဖုန်း လုံးဝမတူပေ။ ရှီဖုန်း ဤမျှထိ ဒေါသထွက်သည်ကို ဘလက်ကီ ပထမဆုံး မြင်ဖူခြင်း ဖြစ်သည်။
“ငါလား… ဘာမှ မဖြစ်ပါဘူး… “ ရှီဖုန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။ သူက သတ်ဖြတ်ချင်စိတ်များအား စိတ်ထဲတွင် သိမ်းထားလိုက်လေသည်။ ဤကဲ့သို့ သွေးဆာမှုမျိုးကို ထိန်းသိမ်းရန် နှစ်ပေါင်းများစွာ လေ့ကျင်ခဲ့ပြီး ဖြစ်၏။ နောင် ဆယ်နှစ်ကြာလျှင် ဖြစ်လာမည့် ကြမ်းကြုတ်ဝက်ဝံနှင့် ယှဉ်လိုက်လျှင် ရှီဖုန်း၏ သတ်ဖြတ်ချင်စိတ်က ဘာမှ မဟုတ်ပေ။ သို့သော်လည်း လက်ရှိတွင် သူ၏ သတ်ဖြတ်ချင်စိတ်ကို မည်သူမှ မခံနိုင်ကြချေ။
နောက်ဆုံးတော့ ရှီဖုန်းက အားကပ်စ်မက်ဒေါ့စ်ကို မှတ်မိသွားလေပြီ။
အားကပ်စ်မက်ဒေါ့စ်က နတ်ဘုရားနယ်မြေတွင် ဂရမ်းမာစတာ အင်ဂျင်နီယာတစ်ယောက် ဖြစ်သည်။ အားစ်ကပ်မက်ဒေါ့စ်က တစ်နိုင်ငံလုံးကို အံ့အားသင့်စေသော ကောင်းကင်ခံတပ် အမွှာမြွေလက်စွပ်ကို တည်ထောင်ပြီး သုံးနှစ်အကြာတွင် မှင်စာအင်ပါယာကို ထပ်မံ တည်ထောင်ခဲ့သည်။ ဤသို့ဖြင့် Update အသစ်တွင် ‘ကမ္ဘာသစ်ပေါ်ထွက်လာခြင်း’ကလည်း အသက်ဝင်လာခဲ့သည်။ ထိုအချိန်က အစည်းအရုံးများစွာသည် အမွှာမြွေလက်စွပ် ခံတပ်သို့ တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း သူတို့သာ ရှုံးနိမ့်ခဲ့ရသည်။ ထိုအဖြစ်အပျက်တွင် အားကပ်စ်မက်ဒေါ့စ်က အဓိကဇာတ်ကောင်ဖြစ်သည်။
တခြားတစ်ဖက်တွင် ရှီဖုန်းသည် ထိုသို့ အင်အားကြီးမားလှသော ဇာတ်ကောင်တစ်ကောင်က သူ့မျက်စိရှေ့တွင် ပေါ်လာသည်ကို လုံးဝ သတိမထားမိခဲ့ချေ။ အားကပ်စ်မက်ဒေါ့စ်အား သတ်နိုင်မည့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရသည့်အတွက် ရှီဖုန်းက ဒေါသမထွက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။
“အဖွဲ့ခေါင်းဆောင်… ဒီမှာ သေတ္တာတစ်လုံး တွေ့တယ်… ပေါက်ကွဲတဲ့အချိန်တုန်းက အားကပ်စ်မက်ဒေါ့ ကျန်ခဲ့တာလာ မသိဘူး… “
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ဇူဇကာကြွက်က မြက်ပင်ပေါ်မှ သံသေတ္တာအသေးတစ်လုံးကို ကောက်ယူပြီး မေးလိုက်သည်။
ရှီဖုန်းက သေတ္တာကို ယူပြီး သေချာကြည့်လိုက်ရာ သေတ္တာပေါ်တွင် အားကပ်စ်မက်ဒေါ့စ်ဟု ရေးထွင်းထားသော စာကို မြင်လိုက်ရသည်။ သေတ္တာကို ဖွင့်ကြည့်ပြီး ခဏအကြာတွင် ရှီဖုန်းက အားရပါးရ ရယ်မောလိုက်သည်။
“ကောင်းတယ်… ကောင်းတယ်… ကြွက်ကလေး ဒါနဲ့ဆိုရင် ငါတို့ တိုက်ခိုက်ခဲ့ရတာ အလကား မဖြစ်တော့ဘူး… “
ရှီဖုန်း ပျော်နေသည်ကို ကြည့်ပြီး တစ်ဖွဲ့လုံးက ထိုအိုင်တမ်သည် အဖိုးတန်သည့် ပစ္စည်းတစ်ခု ဖြစ်သည်ကို သိလိုက်ကြသည်။ သာမန်အိုင်တမ်များကို ရှီဖုန်းက မျက်လုံးထဲပင် မထည့်တတ်သောကြောင့် ဖြစ်၏။
သူတို့က ထိုအိုင်တမ်ကို လိုချင်သည့် အတွေးမျိုး မည်သူမှ မတွေးကြပေ။ သူတို့က ရှီဖုန်အား သူတို့၏အိုင်ဒေါအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ယခု သူတို့၏ အိုင်ဒေါကို ကူညီနိုင်ခဲ့သည်ဖြစ်၍ သူတို့လည်း စိတ်ထဲတွင် ပျော်ရွှင်ရသည်။
“ဒီလိုလုပ်ရအောင်… မင်းတို့တွေက ဒီမှာပဲ အဆင့်တက်ဖို့ နေရစ်ခဲ့ကြ… ငါ့မှာ လုပ်စရာအလုပ် ရှိသေးတယ်… မင်းတို့ အဆင့် ၄ကို ရောက်တာနဲ့ ငါတို့ အကြောင်းကြားလိုက်… “
ရှီဖုန်းက သံသေတ္တာကို သိမ်းပြီး စီစဉ်ရှိစရာများကို စီစဉ်လိုက်သည်။ နောက်ဆက်လုပ်ရမည့် အလုပ်က သူတစ်ယောက်တည်းသာ လုပ်နိုင်သည့်အလုပ်ဖြစ်၍ သူ့အား မည်သူမှ မကူညီနိုင်ပေ။
ရှီဖုန်း၏ အမိန့်ကို ကြားသောအခါ သူတို့က အင်တင်တင် ဖြစ်သွား၏။ သို့သော်လည်း သူတို့က အဆင့် ၄ သို့ ရောက်သည်နှင့် သူတို့အတွက် အစီအစဉ်များ ရှိသည်ကို ကြားလိုက်ရသောအခါ စိတ်ဓာတ်တက်ကြွလာပြီး ရှီဖုန်း၏ စီစဉ်မှုကို လက်ခံလိုက်ကြသည်။
ထို့နောက် ရှီဖုန်းက အမှောင်လတောင်ကြား၏ ဗဟိုချက်မှ ထွက်လာခဲ့လိုက်သည်။
အဖွဲ့ထဲတွင် ဘလက်ကီ၏ AOE စကေး ရှိသဖြင့် တစ်ကြိမ်တွင် မှင်စာ ၇ကောင် သို့မဟုတ် ၈ကောင်ခန့်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ ထို့ကြောင့် သူတို့၏ အဆင့်တက်နှုန်းက တခြားအဖွဲ့များထက် ၂ဆ သို့မဟုတ် ၃ဆခန့် မြန်နေပေလိမ့်မည်။
တခြားတစ်ဖက်တွင်တော့ ရှီဖုန်းက အနာဂါတ်အစီအစဉ်များ၏ ပထမဆုံးခြေလှမ်းအဖြစ် သံသေတ္တာကို အသုံးချပေတော့မည်။