စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂။ စွမ်းအားထဲရှိ မိစ္ဆာ၀ိညာဥ်
Zero to Hero in the Martial Arts Library
Author: Flammable Wood
ညကောင်းကင်ယံ၌ ကျင်း စီရင်စုက ကျိုး စီရင်စုဆီသို့ လေယာဥ်တစ်စင်း ပျံသန်းနေသည်။ လေယာဥ်၏ ပထမတန်း၌ လူနှစ်ယောက် ရှိနေပြီး တစ်ယောက်က ငယ်ရွယ်ကာ တစ်ယောက်က အသက်ကြီးပေ၏။
လူရွယ်၏ မျက်လုံးထဲတွင် မောက်မာထောင်လွှားမှု တစ်စုံတစ်ရာ ပေါ်ထွက်နေပြီး ဟန် နိုင်ငံမှ နာမည်ကြီး သီချင်းတစ်ပုဒ်ကို ညီးနေ၏။ လူငယ်က ပြတင်းပေါက် အပြင်ဘက်ရှိ ကြယ်စုံသော ကောင်းကင်ကို ကြည့်လိုက်သည်။
” ကျန့်ရှန်။ ဒီတစ်ခေါက် မင်း လုပ်ခဲ့တာကောင်းတယ်။ စီရင်စု ကိုးခုထဲမှာ အတော်ဆုံးက ကျင်း စီရင်စုပဲ။ မင်းက အဲဒီက ဓားသိုင်း ပါရမီရှင်တွေအားလုံးကို အနိုင်ယူခဲ့ပြီးပြီ။ ဒါက ကောင်းမွန်တဲ့ စတင်မှုလို့ သတ်မှတ်လို့ ရတယ်”
” မင်း ကျန်တဲ့ ကျင်း စီရင်စုကိုသာ သိမ်းကျုံးနိုင်ခဲ့မယ်ဆိုရင် မင်းရဲ့ နာမည်က သေချာပေါက် ကမ္ဘာကို တုန်လှုပ်စေမှာပဲ”
” အဲဒီအချိန်ကျရင် ဟန် နိုင်ငံရဲ့ ဂုဏ်သတင်းက မိုးထိရောက်အောင် တက်သွားလိမ့်မယ်”
လူငယ်၏ မျက်နှာက ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ အမူအရာထဲမှ အနည်းငယ် ပြောင်းလဲသွားမှုကို မည်သူမှ မြင်နိုင်မှာ မဟုတ်ချေ။
” အတွေးလွန်နေပြီ။ စီရင်စု ကိုးခုမှာ အရည်အချင်းရှိတဲ့လူတွေ ပြည့်နေတာ။ အနှစ် ငါးထောင် ယဥ်ကျေးမှုနဲ့ ရှေးဟောင်း အမွေအနှစ်ကို ဘယ်လိုလုပ် လျှော့တွက်နိုင်တာလဲ”
” ကျင်း စီရင်စုထဲက လူတွေကို ဥပမာ ယူလိုက်။ သူတို့တွေက စာအုပ်ထဲက ဗဟုသုတယူပြီး သူတို့ရဲ့ နားလည်မှုနဲ့ သင်ကြားပေးမဲ့ သူမရှိပဲ တိုးတက်လာခဲ့ကြတာ။ ဒါတောင် သူတို့ရဲ့ ဓားသိုင်းတွေက ကျွန်တော့်ကို ခြိမ်းခြောက်နိုင်နေပြီ။ သူတို့က ကျွန်တော့်လိုမျိုး ဆရာတစ်ယောက် တွေ့ခဲ့ရမယ်ဆိုရင် ရှုံးနေပြီ ဖြစ်မှာကို စိုးရိမ်ရတယ်”
အဖွဲ့ခွဲမှူး ကျင်း၏ မျက်နှာထက်၌ မကျေနပ်သည့် အရိပ့်အယောင်များ ပေါ်လာ၏။
” ကျန့်ရှန်။ မင်းက စီရင်စု ကိုးခုကို ပိုတွက်လွန်းနေတယ်။ စီရင်စု ကိုးခုက အနှစ်ငါးထောင် ယဥ်ကျေးမှု သမိုင်းကြောင်း ရှိနေပြီး အရည်အချင်းရှိတဲ့ သူတွေ များတယ်ဆိုတာ ၀န်ခံတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် နှစ်ရာတုန်းက စီရင်စု ကိုးခုက ကမ္ဘာကြီးရဲ့ အမျိုးမျိုးသော နိုင်ငံတွေရဲ့ အကောက်ကြံမှုကို ခံခဲ့ရပြီး ကြယ်တာရာ သားရဲတွေဆီက တိုက်ခိုက်မှု ခံခဲ့ရတာကို မမေ့လိုက်နဲ့။ လက်ရှိမှာ သိုင်းကျမ်းအများစုက သူတို့ရဲ့ အမွေဆက်ခံသူတွေ ပျောက်ဆုံးပြီး အနာဂတ်တွေ ပျောက်နေခဲ့ပြီးပြီ။ စီရင်စု ကိုးစုက ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်း သူတို့ရဲ့ ခွန်အားကို ပြန်ရလာတယ်ဆိုပေမဲ့ အနှစ် နှစ်ရာ ထိခိုက်မှုကို တစ်ရက်အတွင်း ဘယ်လိုလုပ် ကုသနိုင်မှာလဲ။ ဓားသိုင်း ယှဥ်ပြိုင်တာက အရည်အချင်းနဲ့ ဓားဆန္ဒပဲ။ ကျင့်ကြံမှု မဟုတ်ဘူး”
” မင်းက ဟန်နိုင်ငံက ငါတို့ရဲ့ ဓား ပညာရှင် လျိုချန်စွင်းရဲ့ လက်အောင်မှာ ပညာသင်ယူနေရတာ။ မင်းရဲ့ ဓားစွမ်းရည်ကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံပြီးပြီ”
” မင်းက ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ပေးနိုင်မှာ သေချာတယ်”
” နောက်တစ်ခါ သွားရမဲ့နေရာက ကျုံးစုရင်စုထဲက ကျန်းဟိုင်မြို့ပဲ။ အါ့ဒါက အဲဒီဒေသရဲ့ ပထမဆုံး ရပ်နားရာပဲ။ ကောင်းကောင်း နားပြီး မင်းရဲ့ စိတ်ကို စူးစိုက်ထား။ သုံးရက်ကြာပြီးရင် ကျုံး ခရိုင်တစ်ခုလုံးကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေရမယ်”
ဖျောင်ကျန့်ရှန်က မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်လေ၏။
ဟန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ဖို့လား။ ဟန်နိုင်ငံ၏ ယဥ်ကျေးမှုနှင့် အမွေအနှစ်တို့က စီရင်စု ကိုးခုမှ အရာများကို ဆက်ခံထားခြင်းသာ ဖြစ်သည်။
အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေပြီဖြစ်ရာ မည်သည့် ဂုဏ်သိက္ခာရှိတော့မည်နည်း။ သူက အဖွဲ့ခွဲမှူး ကျင်း ပြောနေသည့် မျိုးချစ်စိတ်ယူသည့်အရာကို စိတ်၀င်စားခြင်း မရှိချေ။ သူက ဖြုန်လောက်သည့် သိုင်းပညာရှင်တစ်ဦး ဖြစ်ချင်တာပဲ ဖြစ်သည်။
စစ်မှန်သော ဓားသိုင်းပညာရှင်က သူ၏ ဓားသိုင်းကို တိုးတက်လိုစိတ် ရှိ၏။
°°°°°
မျက်တောင်တစ်ခတ်အတွင်း တစ်ညတာ ကုန်ဆုံးသွားလေသည်။ မကြာခင်၌ အလုပ်သွားရမည့်အချိန် ရောက်လာ၏။
” ပဲပေါက်စီ နှစ်လုံး။ ပဲ ပေါင်မုန့် နှစ်လုံး။ အမဲသား ပေါက်စီ တစ်လုံးနဲ့ ပဲနို့တစ်ခွက်။ စုစုပေါင်း ပစ္စည်း ရှစ်မျိုး။ မနေ့က ကျွန်တော် ယူသွားတဲ့ အမဲသားပေါက်စီကို ထည့်မတွက်ထားဘူးလေ”
” လူငယ်လေး မင်းက တကယ် ရိုးသားတာပဲ။ မင်း မပြောရင် ငါက ဒါကို သိမှာ မဟုတ်ဘူး”
ယဲ့ရှောင်က ပြုံးရုံးသာ ပြုံးပြီး ပြန်ပြောရန် ရှက်နေလေ၏။ အကြောင်းမှာ အမဲသား ပေါက်စီကို ဟွမ်လျိုလီ ခိုးခဲ့သောကြောင့် ဖြစ်သည်။ သူ ထွက်သွားတော့မည့်အချိန်တွင် အော်သံတစ်သံ ကြားလိုက်ရပြီး ပေါက်ကွဲသံ ပေါ်လာတော့သည်။
” ယာဥ် မတော်တဆမှု ဖြစ်တယ်။ တစ်ယောက်ယောက် ဒဏ်ရာ ရသွားတာ”
မနက်စာ ရောင်းချသည့် အဒေါ်ကြီးမှ စိတ်မချမ်းမြေ့ဟန် ပေါ်သွားပြီး ပေါက်စီများ ထုတ်ပိုးကာ ပြောလိုက်၏။
” ထပ်ဖြစ်ပြန်ပြီ။ နေ့တိုင်းတစ်ခုခု ဖြစ်နေတာပဲ။ တကယ် ထူးဆန်းတယ်”
ယဲ့ရှောင်က အံ့သြသွား၏။
” ဒီနေရာမှာ ယာဥ် မတော်တဆမှုတွေ မကြာခဏ ဖြစ်တတ်တာလား”
” အဲလိုတော့ မဟုတ်ဘူး။ သူတို့ပြောသလို တပတ်မှာ နှစ်ကြိမ်လောက် ဖြစ်နေတာ။ တစ်ခုခုတော့ ထူးဆန်းတယ်။ ပယောဂဆရာကို ခေါ်တဲ့အချိန် မတူညီတဲ့ ကိစ္စက အမြဲတမ်းကို ရှိနေတာ။ ဒီနေ့ ခြင်္သေ့ ကျောက်တုံးကို ယူတယ်။ မနက်ဖြန်ကျရင် မက်မွန် သစ်သားကို ယူခိုင်းပြန်ရော။ လူတွေပဲ ဘယ်လောက်ပဲ သွားသွား လာလာ လုပ်လုပ်။ အာနိသင် ပြပုံ မပေါ်ဘူး။ အဲဒီအစား လူတွေ ပိုပြီး သေနေတာ”
” အရင်က သာမန်လူတွေပဲ သေကြတာ။ ဒီနှစ်နှစ်အတွင်းမှာတော့ ၀ိညာဥ်စွမ်းအား ရှိပြီး အံ့ဖွယ် ၀ိညာဥ်ရှိတဲ့ သိုင်းပညာတွေလည်း သေလာကြပြီ”
ယဲ့ရှောင်က မလှမ်းမကမ်းရှိ ပတ်၀န်းကျင်ကို တစ်ချက်ကြည့်ပြီး မျက်မှောင် အနည်းငယ်ကြုတ်သွား၏။
ချီရှန်း သိုင်းပညာများက ၀ိညာဥ် ခန္ဓာများကို မမြင်နိုင်ပေ။ သို့သော် သူက ၀ိညာဥ်စွမ်းအား ကျင့်ကြံသောကြောင့် ၀ိညာဥ်ခန္ဓာများကို မြင်နိုင်ပေ၏။ ပန်းခင်းအလယ်ရှိ ရွှေရောင် နွားသိုး ရုပ်တုပေါ်တွင် မိစ္ဆာ ၀ိညာဥ်တစ်ကောင် ထိုင်နေတာပဲ ဖြစ်သည်။ သူက ရာစုနှစ် တစ်စုစာ ဟောင်းနွမ်းနေသော အ၀တ်အစားများကို ၀တ်ဆင်ထားပြီး ယာဥ်မတော်တဆမှုတွင် သေဆုံးသွားခဲ့သူ၏ ၀ိညာဥ်ကို ဝါးစားနေလေ၏။
ထိုမိစ္ဆာ ၀ိညာဥ်က ကျင့်ကြံခဲ့သည်မှာ အတော်ကြာနေခဲ့ပြီး ဖြစ်ဟန်တူသည်။ သူ၏ ၀ိညာဥ်စွမ်းအားတို့က အစွမ်းထက်ရုံသာမက အနီးအနားရှိ အရှိန်အဝါတို့ကလည်း အစွမ်းထက်လှပေသည်။ သူ၏ ၀ိညာဥ်စွမ်းအားက ဟို့ထျန်း န၀မအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှသည်။ သို့သော် ယင်းက ၀ိညာဥ်ခန္ဓာတစ်ခုဖြစ်နေသောကြောင့် ချီရှန်းအဆင့် သိုင်းပညာရှင်များတောင် ၀ိညာဥ်ကျင့်စဥ် မကျင့်ကြံထားပဲ သူ့ကို ယှဥ်နိုင်မည် မဟုတ်ပေ။
ယဲ့ရှောင်က ပေါက်စီနှင့် ပဲနို့ကို သယ်လာပြီး ဖြည်းဖြည်းချင်း လျှောက်လာလေ၏။ သူ့ဘေးရှိ ဟွမ်လျိုလီက ယဲ့ရှောင် ၀ယ်လာသည့် အမဲသား ပေါက်စီကို ကိုက်ထားပြီး မမေးဘဲ မနေနိုင်တော့ချေ။
” သခင်။ သူ့ကို ဘာဖြစ်လို့ ပိုက်ဆံပေးနေသေးတာလဲ။ မနေ့တုန်းက ငါ့ သူ့ဆီကနေ ခိုးနေတုန်း သူ ငါ့ကို မတွေ့ခဲ့ဘူးလေ။ ဒီတော့ သခင့်ကို သူ ပြဿနာ မရှာလောက်ဘူးမလား”
” ဘာဖြစ်လို့လဲဆိုတော့ ငါက လူတစ်ယောက်လေ။ လူတစ်ယောက် လုပ်သင့်တာကို လုပ်နေတာပါပဲ”
” ဘာကွာလို့လဲ။ လူတွေကလည်း သူတို့ရဲ့ လူသားမိခင်ကနေ မွေးဖွားလာတာပဲ။ ကြယ်တာရာ သားရဲတွေကလည်း သူတို့ရဲ့ ကြယ်တာရာ သားရဲမိခင်ကနေ မွေးလာတာပဲလေ။ နှစ်မျိုးလုံးက အမည်ခံ အမေကနေ မွေးဖွားလာတာပဲ”
ဟွမ်လျိုလီက မျက်စောင်းထိုးကြည့်လိုက်၏။ ယဲ့ရှောင်ကို နားလည်နိုင်ရန် သူမအတွက် အလွန် ခက်ခဲနေပုံ ရသည်။
ကြယ်တာရာ သားရဲများ၏ ကမ္ဘာတွင် သန်မာသူက အမြဲလေးစားခံရပြီး သန်မာသူများက အားနည်းသူများကို အမဲလိုက်၏။ အားနည်းသူများက သန်မာခြင်း၏ ခြေထောက်အောက်တွင် ပြားပြား၀ပ်ရ၏။ ယဲ့ရှောင်က သူမကို များများစားစား မရှင်းပြခဲ့ပေ။
လူသားများ၌ လူသား ဆန်မှု ရှိရမည်။ ယင်းက လူသားများနှင့် ကြယ်တာရာ သားရဲများကြားရှိ အကြီးမားဆုံး ကွာခြားချက်ဖြစ်သည်။ သူ လျှောက်လာစဥ်တွင် မိစ္ဆာ ၀ိညာဥ်ကို စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်က တည်ငြိမ်နေရာ သူ ဘာတွေးနေမှန်း မည်သူမှ မသိနိုင်ပေ။
ရွှေရောင် နွားသိုး ရုပ်တုပေါ်ရှိ မိစ္ဆာ၀ိညာဥ်က ၀ိညာဥ်ကို ဖြည်းဖြည်းချင်း ဝါးစားနေ၏။ ၀ိညာဥ်၏ အမူအရာက နာကျင်လွန်းနေဟန်ရပြီး ဆက်ပြီးတောင့်ခံထားနိုင်စွမ်း မရှိတော့ပုံပင်။ သို့သော် ထိုအကြောင်းအရင်းကြောင့် မိစ္ဆာ ၀ိညာဥ်က ၀ိညာဥ်အား မလွတ်ပေးခဲ့ချေ။ ထိုအစား ၀ိညာဥ်က ရုန်းကန်လေ မိစ္ဆာ၀ိညာဥ်က ပိုစိတ်လှုပ်ရှားလာလေပင်။
မိစ္ဆာ၀ိညာဥ်နှင့် ၀ိညာဥ် နှစ်မျိုးလုံးသည် သာမန်လူများ မမြင်နိုင်ပေ။ မိစ္ဆာ၀ိညာဥ် ၀ိညာဥ်ကို ဝါးစားနေချိန်တွင် သူက အရသာကို နှစ်ခြိုက်စွာ ခံစားနေလေ၏။ ယာဥ်မတော်တဆမှုကြောင့် အောက်တွင် လူအုပ်ကြီး ပို၍ စုဝေးလာသည်ကို ကြည့်ပြီး သူ၏ မျက်လုံးထဲ လောဘအရိပ်အယောင်များ ပေါ်လာလေသည်။ သူက အစားကျူးတာ သိသာသည်။ ၀ိညာဥ်တစ်ခုတည်းက မလုံလောက်ပေ။ သူက စုဝေးလာသူအားလုံး၏ ၀ိညာဥ်ကိုလည်း စားချင်နေသည်။
‘၀ိညာဥ် တစ်ထောင်ကို ၀ါးမျိုပြီးရင် ငါ့ရဲ့ ၀ိညာဥ်ခန္ဓာကို ဖွဲ့တည်နိုင်ပြီ’
‘အဲဒီအချိန်ကျရင် ၀ိညာဥ်စွမ်းအားနဲ့ နှစ်ယောက်က တစ်သားတည်း ဖြစ်လာမယ်။ ငါက မဟာဂိုဏ်းကိုတောင် ၀င်နိုင်ပြီး မဟာချီရှန်းတစ်ယောက် ဖြစ်လာနိုင်တယ်’
‘ဒီလိုဆိုရင် ငါ ပြန်လည်မွေးဖွားလာတာနဲ့ တူနေမှာပဲ။ ဒီအလောင်းကြီးကို ဖယ်ရှားပြီး ဒီနေရာကနေ ထွက်သွားလို့ရပြီ။ ဒါဆို လွတ်လပ်တဲ့ သူ ဖြစ်ပြီပဲ’
ထိုစဥ် သူ၏ အကြည့်က ယဲ့ရှောင်ဆီသို့ ကျရောက်သွားလေ၏။ သူတို့ အကြည့်ချင်း ဆုံသွားသည့်အချိန်တွင် သူ့ အမူအရာက အံ့သြသွားလေသည်။
‘သူ ရှာတွေ့သွားတာလား။ ဒီကောင်က လူငယ်လေးတစ်ယောက်ပါပဲ။ သူ့မှာ အလားအလာတချို့ ရှိတယ်လို့ ဘယ်သူက တွေးမိမှာလဲ’
‘မဟုတ်ဘူး။ သူ ငါ့ကို မြင်တယ်ဆိုမှတော့ ငါ သူ့ကို အလွတ်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါ ဖော်ထုတ်ခံရတာနဲ့ ချီရှန်း အဆင့် သိုင်းပညာရှင် ဒါမှမဟုတ် ချီရှန်း အဆင့် ပယောဂဆရာတစ်ယောက်ကို ခေါ်လိုက်တာနဲ့ ငါ အဆုံးသတ်သွားမှာ’
အတွေးတစ်ချက်နှင့်အတူ သူ ဝါးနေသည့် ၀ိညာဥ်ကို ပစ်ချလိုက်ပြီး ယဲ့ရှောင်၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်၏။ ချက်ချင်းပင် တစ်လမ်းလုံး၏ လျပ်စီးသံလိုက် စက်ကွင်းက နှောင့်ယှက်ခံလိုက်ရသည်။ မီးပွိုင့်နှင့် လမ်းမီးများ တဖျပ်ဖျပ် ဖြစ်သွားပြီး ကားဟွန်းတီးသံများလည်း အဆက်မပြတ် ပေါ်လာတော့သည်။ ကောင်းကင်ရှိ တိမ်တို့က နေ၏ တောက်ပမှုကို ပိတ်ကာလိုက်တော့၏။ အေးစက်စက် လေပြင်းများ ဝှေ့တိုက်လာရာ လူတိုင်း မတုန်ယင်ဘဲ မနေနိုင်တော့ချေ။
မိစ္ဆာ၀ိညာဥ်က အလွန်မြန်ဆန်လွန်းရာ လျပ်စီးလုံးတစ်လုံးပမာ ဖြစ်နေပေသည်။ ချက်ချင်းပင် ယဲ့ရှောင်ရှေ့သို့ ရောက်လာလေ၏။ ရုပ်ဆိုးသည့်မျက်နှာတွင် သွေးဆာလောင်သည့် အကြည့်ရှိနေသောကြောင့် ပိုတောင် ကြောက်မက်ဖွယ်ကောင်းနေလေ၏။
ယဲ့ရှောင်ကို သတ်ခြင်းဖြင့် သူ၏ လျို့၀ှက်ချက်ကို ကာကွယ်နိုင်ရုံသာမက အစွမ်းထက်သော ၀ိညာဥ်ကိုလည်း စားသုံးနိုင်မှာပဲ ဖြစ်သည်။ ယဲ့ရှောင်ကို ထိုမျှ သန်မာမည်ဟု သူ မထငပေ။ အသက်နှစ်ဆယ်အရွယ် ကလေးက မည်ကဲ့သို့ အန္တရာယ်ရှိနိုင်မည်နည်း။
” သေပေတော့ “
အပိုင်း ၂၂ ပြီး၏။