Chapter – 37 ဒုံးပျံ ဖိနပ်များ
မှင်စာလေး မောင်းနှင်လာသည့် ဧရာမစက်ရုပ်ကြီးကို မြင်လိုက်သောအခါ လူတိုင်းက အန္တရာယ်ကို ခံစားမိလိုက်ကြသည်။ ရှီဖုန်း၏ သတိပေးချက်ကို ကြားလိုက်ရသည့် အချိန်မှာတော့ သူတို့က မြေပြင်ပေါ်မှ အိုင်တမ်များကို ကောက်မနေတော့ဘဲ တောအုပ်ထဲသို့ ချက်ချင်း ထွက်ပြေးကြသည်။
ရှီဖုန်းကလည်း သူတို့နောက်တွင် ကျန်မနေခဲ့ချေ။
အန္တရာယ်မှင်စာက အလွန် အန္တရာယ် ရှိသည့် မွန်းစတားဖြစ်သည်။ ၎င်းက မရဏဒေါသကို အသက်သွင်းထားသည့် သမန်းဝံပုလွေဖက်ထက်တောင်မှ သန်မာနေသေး၏။
အန္တရာယ်မှင်စာ (အထူးလက်ရွေးစင်)
အဆင့် ၅
HP 1600/1600
လေလွင့်မှင်စာများနှင့် ကြီးကြပ်သူမှင်စာများကို ရှင်းထုတ်ပြီးနောက်တွင် အန္တရာယ်မှင်စာ ပေါ်လာရန် ရာခိုင်နှုန်း အနည်းငယ်သာ ရှိ၏။ သို့သော်လည်း အန္တရာယ်မှင်စာ၏ ပေါ်ထွက်လာမှုသည် ကစားသမား၏ အိမ်မက်ဆိုးတစ်ခုက စတင်လာပြီဟု ဆိုနိုင်သည်။
နတ်ဘုရားနယ်မြေတွင် မှင်စာများကို အရွယ်အစား သေးသည်ဆိုပြီး အထင် မသေးသင့်ပေ။ သူတို့ကို ဒေါသထွက်အောင် လုပ်မိလျှင် သူတို့က သင့်ဘဝကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်ပေသည်။
ယခင်ဘဝတွင် ရှီဖုန်းက အန္တရာယ်မှင်စာကို တစ်ကြိမ် တွေ့ခဲ့ဖူး၏။ ထိုအချိန်က သူသည် သတ္တုရိုင်းများအတွက် မှင်စာများကို သတ်ဖြတ်နေသည့် လက်ရွေးစင်အဖွဲ့တစ်ခုတွင် ရှိနေခဲ့သည်။ သူတို့က မှင်စာများကို သတ်ပြီးသည့်အချိန်တွင် အန္တရာယ်မှင်စာက ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့က အထူးလက်ရွေးစင်ကို ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မထင်မိခဲ့သဖြင့် ၎င်းထံသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း အဆုံးသတ် ရလဒ်ကတော့ အယောက် ၂၀အဖွဲ့အတွက် ကပ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့လေသည်။
အန္တရာယ်မှင်စာ၏ 1600 HPက အလွယ်တကူ မကုန်နိုင်ပေ။ ၎င်း၏ ခုခံမှုက အလွန်မြင့်ပြီး ရောက်ရှိလာသည့် တိုက်ခိုက်မှုများ၏ 80% ကို လျော့ချပေးနိုင်စွမ်း ရှိ၏။ ပုဆိန်ကိုင်သည့် အဆင့် ၄ စစ်သည်တော်တစ်ယောက်တောင်မှ ပုဆိန်ခုတ်ချက် တစ်ချက်လျှင် 2 HP ကိုသာ နုတ်ယူနိုင်စွမ်း ရှိခဲ့သည်။ တခြားတစ်ဖက်တွင်တော့ အန္တရာယ်မှင်စာ၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်လေသည်။ ၎င်းက ကျည်ဆန်များစွာ ဆက်တိုက်ပစ်ခတ်ပြီးနောက်တွင် လူတိုင်းက မြို့သို့ အချိန်မကုန်ဘဲ ပြန်ခွင့်ရခဲ့လေသည်။ (သေပြီး မြို့မှာ ပြန်ပေါ်လာတာကို ပြောတာ)
ရှီဖုန်းတို့အဖွဲ့က ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အန္တရာယ်မှင်စာ၏ မုန်းတီးမှုက အဆုံးစွန်ထိ ရောက်နေလေသည်။ စက်ရုပ်၏ နောက်တွင် ရှိသည့် ဒုံးပျံက ရုတ်တရက် မီးများတောက်လောင်လာပြီး ၃မီတာမြင့်သည့် သံမဏိစက်ရုပ်ကြီးက ရှီဖုန်းတို့အဖွဲ့ ရှိရာသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးဝင်လာလေသည်။
ဘလက်ကီက ပြေးနေရင်း နောက်သို့ မြှားနက်တစ်ချောင်း ပစ်လွှတ်လိုက်သည်။
မြှားက စက်ရုပ်ကို ထိသွားသော်လည်း ထိခိုက်မှု -4 ကိုသာ ဖြစ်စေခဲ့သည်။
ထိုအချင်းအရာကို မြင်သောအခါ ဘလက်ကီ၏ မျက်လုံးများက ပြူးကျယ်သွားကာ စိတ်ပျက်လက်ပျက်ဖြင့် အမူအရာဖြင့် ပြောလိုက်သည်… “ဘယ်လောက်တောင် ရွံစရာ ကောင်းလိုက်သလဲ… စက်ရုပ်ကသာ မှင်စာကို မကာကွယ်ထားဘူးဆိုရင် တစ်ချက်တည်းနဲ့ သတ်လို့ရတယ်… “
“အခု အဲ့တာကို စိတ်ထဲ မထားနဲ့… ပြေးတာကိုပဲ အာရုံစိုက်… ကျည်ဆံတွေကိုလည်း သတိထားကြဦး… ငါတို့က တောင်ကနေ ကိုက် ၁၂၀၀ အကွာအဝေးထဲမှာ ရှိနေသမျှ ဒီအန္တရာယ်မှင်စာက လိုက်နေဦးမှာပဲ… “
ဘလက်ကီကို တစ်ခု သင်ပေးပြီးသည့်နောက်တွင် ဘလက်ကီက ပြေးရင်းဖြင့် ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်လောက်သည်အထိ တိုးတက်လာလိမ့်မည်ဟု ရှီဖုန်း မထင်မိခဲ့ချေ။ သို့သော်လည်း အန္တရာယ်မှင်စာနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းက ရူးလွန်းရာ ကျသည်။
ဘလက်ကီက ရှီဖုန်း၏ စိတ်ကို နားလည်လိုက်ကာ နောက်သို့ လှည့်ပြီး မကောင်းဆိုးဝါးကြာပွတ်ကို အသုံးပြုလိုက်ရာ ဆူးနွယ် ၅ခု ထွက်ပေါ်လာပြီး အန္တရာယ်မှင်စာကို ချုပ်နှောင်လိုက်သဖြင့် အန္တရာယ်မှင်စာ၏ အမြန်နှုန်းက လွန်စွာ လျော့ကျသွား၏။ ထိုအရာကို အခွင့်ကောင်းယူပြီး အားလုံးက အန္တရာယ်မှင်စာနှင့် ဝေးဝေးသို့ ရောက်အောင် အတတ်နိုင်ဆုံး ပြေးလိုက်ကြသည်။
အန္တရာယ်မှင်စာက ဆူးနွယ်၅ခုကို ချိုးဖြတ်ပြီး ထွက်လာသည့်အချိန်တွင် ပြင်းထန်သော ထိခိုက်မှု -23, -24, -23, -23, -24 က ရုတ်တရက် ဆိုသလိုပင် ပေါ်လာသည်။ အန္တရာယ်မှင်စာ၏ HP ကလည်း 1479 သို့ ချက်ချင်း ကျသွား၏။
မကောင်းဆိုးဝါးကြာပွတ်မှ ထိခိုက်မှုများက တစ်ကယ်ကို အံ့အားသင့်စရာ ကောင်းလှသည်။
ဘလက်ကီက အံ့ဩသွား၏။ အရင်ဆုံး ပစ်လိုက်သည့် အဆင့် ၃ မြှားနက်က ထိခိုက်မှု -4 ကိုသာ ဖြစ်စေခဲ့သော်လည်း မကောင်းဆိုးဝါးကြာပွတ်ကတော့ စုစုပေါင်း ထိခိုက်မှု -၁၀၀ကျော်ကို ဖြစ်စေခဲ့သည်။ ထိုတိုက်ခိုက်မှု နှစ်ခုကြားရှိ ကွာခြားမှုက အလွန်ကို ကြီးမားလှသည်။
အန္တရာယ်မှင်စာ၏ HP လျော့ကျမှုကို မြင်သောအခါ ရှီဖုန်း၏ စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာတော့သည်။ အန္တရာယ်မှင်စာက ဆူးနွယ်၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခြင်း မရှိပေ။ ရှီဖုန်းက ချက်ချင်း အမိန့်ပေးလိုက်သည်… “အားလုံးပဲ ရပ်လိုက်ကြတော့… ကိုလာက အန္တရာယ်မှင်စာရဲ့ မုန်းတီးမှုကို ထိန်းထားလိုက်ပြီးတော့ အဖွဲ့ဘက်ကို ကျောပေးအောင် လုပ်လိုက်… တခြားသူတွေက ရောက်တဲ့နေရာကနေပဲ တိုက်ဖို့အတွက် အာရုံစိုက်… အန္တရာယ်မှင်စာက သေနတ်ကို မြှောက်လိုက်တာနဲ့ ပြောင်းဝရှိတဲ့ဘက်ကို ရအောင် ရှောင်တော့… ဘလက်ကီ မကောင်းဆိုးဝါးကြာပွတ်ကို ပြန်သုံးလို့ ရတာနဲ့ ချက်ချင်း သုံး… ငါတို့က သူ့ကို သတ်နိုင်ဖို့ အခွင့်အရေး ရှိတယ်… “
ကိုက် ၁၂၀၀ မှ မထွက်နိုင်ခင် သူတို့က သေမလား၊ရှင်မလား မသေချာပေ။ ဒါ့ကြောင့် ဘာလို့ မတိုက်ဘဲ နေရမှာလဲ။ သူတို့က အန္တရာယ်မှင်စာကို သတ်နိုင်လျှင်လည်း သတ်နိုင်ပေလိမ့်မည်။
ယခင်ဘဝက အန္တရာယ်မှင်စာကို သတ်နိုင်သည့်သူ မရှိခဲ့ပေ။ သူတို့သာ ၎င်းကို သတ်နိုင်ခဲ့လျှင် ပစ္စည်းကောင်းတစ်ခုခုတော့ ရနိုင်ပေသည်။
လက်ရှိတွင် အန္တရာယ်မှင်စာ၏ မုန်းတီးမှုက ဘလက်ကီထံသို့ ရောက်နေသည်။ သို့သော်လည်း အဖော်မဲ့နှင်းက ၎င်းထက် ခြေတစ်လှမ်း စောပြီး ချာ့စကေးကို အသုံးပြုလိုက်သည်။ ထို့နောက် သူက လေပွေခုတ်ချက်ကို အသုံးပြုလိုက်ရာ ၎င်း၏ ခေါင်းပေါ်တွင် ထိခိုက်မှု -၃ ပေါ်လာသည်။
ထိခိုက်မှုက နည်းသော်လည်း ခဏတာ မူးဝေသွားခြင်းက ကိုလာအား နတ်ဘုရားရိုက်ချက်နှင့် အပြစ်ပေးတိုက်ကွက်ကို အသုံးပြုခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ တိုက်ခိုက်မှု နှစ်ခုက ထိခိုက်မှု -၃နှင့် -၂ကိုသာ ဖြစ်ပေါ်စေသော်လည်း သူက အန္တရာယ်မှင်စာ၏ မုန်းတီးမှုကို ရယူနိုင်ခဲ့သည်။
အန္တရာယ်မှင်စာက စက်ရုပ်၏ ညာလက်မောင်းမှ လျှပ်စစ်လွကို ထုတ်ယူလိုက်ပြီး ကိုလာအား ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။ ကိုလာက တိုက်ခိုက်မှုကို ဒိုင်းဖြင့် ကာလိုက်ရာ သူ့ခန္ဓာကိုယ်က နောက်သို့ ခြေ သုံးလှမ်းခန့် ဆုတ်လိုက်ရပြီး ထိခိုက်မှု -၁၄၇က သူ့ခေါင်းပေါ်တွင် ပေါ်လာလေသည်။ ကိုလာလည်း အလွန်ထိတ်လန့်သွားပြီး နောက်ထပ်တိုက်ခိုက်မှုကို ဘေးဘက်သို့ တိမ်းရှောင်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ဒရော့စီစလော့က ကိုလာကို နှစ်ကြိမ် ကုသပေးလိုက်ရာ ကိုလာ၏ HP က တစ်ရာနီးပါးသို့ ပြန်ရောက်သွား၏။
“ကြောက်စရာကောင်းလိုက်တဲ့ တိုက်ခိုက်မှု… “
အဖော်မဲ့နှင်းသည်လည်း ကိုလာကဲ့သို့ ထိတ်လန့်အံ့ဩသွား၏။ သူက မှင်စာနားတွင် ကြာကြာမနေရဲတော့ဘဲ မှင်စာနှင့် ၁၀ကိုက်ကျော် ကွာသည်အထိ နောက်သို့ ဆုတ်လိုက်သည်။ သူသာ လျှပ်စစ်လွှဖြင့် ခုတ်ခံရလျှင် တစ်ချက်တည်းဖြင့် သေသွားပေလိမ့်မည်။
တခြားတစ်ဖက်တွင်တော့ ရှီဖုန်းက ၎င်းကို မကြောက်ပေ။ သူက ၎င်း၏ နောက်ကျောဘက်သို့ ချက်ချင်း သွားပြီး မိုးကြိုးလျှပ်စီး၊ နှစ်ဆခုတ်ချက်နှင့် ခုတ်ချက်စကေးတို့ကို ဆက်တိုက် အသုံးပြုလိုက်သည်။ သူ၏ တိုက်ခိုက်မှုတစ်ခုက -၁၆ကို ဖြစ်စေခဲ့၏။ တခြားသူများနှင့် ယှဉ်လျှင် ရှီဖုန်း၏ တိုက်ခိုက်မှုက အလွန်မြင့်သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း မှင်စာကတော့ ရှီဖုန်း၏ တိုက်ခိုက်မှုကို မမှုသည်အလား အထင်သေးသည့် အကြည့်တစ်ချက်သာ ပစ်လိုက်သည်။ ထို့နောက် ၎င်းက လျှပ်စစ်လွှကို သုံး၍ ကိုလာအား ဆက်လက်တိုက်ခိုက်လေသည်။
ကြောက်စရာကောင်းလှသည့် အကြမ်းပတမ်း တိုက်ခိုက်မှုများကြောင့် ကိုလာက နောက်သို့သာ ဆုတ်နေရပြီး သူ၏ HP က ဆက်တိုက်ကျဆင်းနေလေသည်။ နောက်မှ ဒရော့စီစလော့ကတော့ ကိုလာ၏ လျော့နေသော HP ကို ဆက်လက် ထိန်းပေးနိုင်စွမ်း မရှိတော့ဘဲ သေဆုံးရန် နီးကပ်လာသော ကိုလာကို ကြည်ပဲ ကြည့်နေနိုင်တော့၏။
ထိုအချိန်တွင် ရှီဖုန်းက အသူရာနှောင်ကြိုးကို အသုံးပြုလိုက်သည်။ အနက်ရောင်ချိန်းကြိုး ၉ခုက မှင်စာကို ချည်နှောင်လိုက်သဖြင့် ကိုလာက အသက်ရှူခွင့် ရသွားလေသည်။
၃စက္ကန့်အတွင်း၌ အန္တရာယ်မှင်စာက လူတိုင်းဆီမှ တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း ၎င်း၏ HP က ၇ ရာခိုင်နှုန်းသာ လျော့သေး၏။ အဖွဲ့ဝင်အားလုံး၏ တိုက်ခိုက်မှုစုစုပေါင်းက ဘလက်ကီ၏ မကောင်းဆိုးဝါးကြာပွတ် တစ်ခါသုံးစာပင် မရှိပေ။
သုံးစက္ကန့် ကြာပြီးနောက်တွင် မှင်စာက ပြန်လွတ်သွား၏။ အစိမ်းရောင်မှင်စာက လှောင်ပြုံး ပြုံးပြီး ခလုတ်တချို့ကို ကစားလိုက်သည်။ ထို့အခါ လွှကိုင်ထားသော စက်ရုပ်လက်က ဝှိုက်လွှဓားတစ်ချက် ထုတ်သုံးလိုက်ရာ လှပသော စက်ဝန်းပြတ်တစ်ခု ဖြစ်ပေါ်လာသည်။ ရှီုဖန်း၏ ခန္ဓာကိုယ်က နောက်သို့ လွှင်ပျံသွားကာ သစ်ပင်တစ်ပင်နှင့် တိုက်မိပြီး 286 HP လျော့သွား၏။
ကိုလာက ချက်ချင်း ပြေးထွက်သွား၏။ သူ၏ HP က တစ်ဝက်ကျော် ပြန်ပြည့်နေပြီဖြစ်သည်။ သူက နတ်ဘုရားရိုက်ချက်နှင့် အပြစ်ပေးတိုက်ကွက်ကို အသုံးပြုပြီး မှင်စာ၏ မုန်းတီးမှုကို လက်လွှဲယူရန် ကြိုးစားလိုက်သည်။
သို့သော်လည်း မှင်စာက ကိုလာအား လုံးဝ လျစ်လျူရှုထား၏။ ထိုအစား ဘယ်လက်မှ သေနတ်ကို မြှောက်ပြီး ရှီဖုန်းကို ချိန်ရွယ်က ဆက်တိုက်ပစ်ခတ်လိုက်သည်။
ကျယ်ဆန်များစွာက ရှီဖုန်းထံသို့ တစ်ပြိုင်နက်တည်း ပျံသန်းလာသည်။ သို့သော်လည်း ထိုအချိန်တွင် ရှီဖုန်းက မြေပြင်ပေါ်သို့ ပြန်မကျသေးသဖြင့် ကျည်ဆန်များကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
“ပုံရိပ်ယောင်ကိုယ်ပွား… “
ရှီဖုန်း၏ ကိုယ်ပွားက သူ့ရှေ့တွင် ချက်ချင်း ပေါ်လာပြီး ကိုယ်ပွားက ကျည်ဆံများကို ဓားဖြင့် အဆက်မပြတ် ရိုက်ထုတ် ကာကွယ်လိုက်သည်။ ထိုစဉ်တွင် ရှီဖုန်းက မြေဆွဲအားလွတ်မြောက်ခြင်းကို အသက်သွင်းလိုက်ပြီး မှင်စာ၏ တိုက်ခိုက်မှု စက်ကွင်းထဲမှ ရှောင်တိမ်းရန် သစ်ပစ်ထိပ်ဆီသို့ ခုန်တက်လိုက်သည်။ သို့သော်လည်း ကိုယ်ပွားကတော့ အသတ်ခံလိုက်ရ၏။ ကျည်ဆန်များ ကုန်သွားသည်နှင့် ၎င်းက ကျည်ကပ်ကို ပြောင်းပြီး ရှီဖုန်းထံသို့ ပြေးဝင်သွား၏။ အားလုံးကလည်း အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် ၎င်း၏ HP က တဖြည်းဖြည်း လျော့ကျလာသည်။
မြေဆွဲအားလွတ်မြောက်ခြင်းကို အသုံးပြုပြီးနောက်တွင် ရှီဖုန်းကို ထိရန် မလွယ်တော့ချေ။ ရှီဖုန်းက အကာအကွယ်အဖြစ် သစ်ပင်များကို အသုံးပြုနေသည်။ သူက ပျံသန်းနေသည့် ကျည်ဆန်များကို ရှောင်ရုံမျှသာ ရှောင်ပြီး မှင်စာကို မျှားခေါ်နေလေသည်။
ဘလက်ကီကတော့ မကောင်းဆိုးဝါးကြာပွတ်ကို သုံး၍ ရသည်နှင့် ချက်ချင်း သုံး၏။
ထိုသို့ဖြင့် အန္တရာယ်မှင်စာ၏ HP က တဖြည်းဖြည်း ဆက်တိုက် ကျဆင်းလာသည်။
“64%… 50%… 30%… 20%… 10% “
အန္တရာယ်မှင်စာ၏ HP က ၁၀ ရာခိုင်နှုန်းသာ ကျန်တော့သည့်အချိန်တွင် ၎င်းက စက်ရုပ်အတွင်းမှ ခုန်ထွက်လာပြီး ဒုံးပျံဖိနပ်ကို ဝတ်ဆင်ကာ ထွက်ပြေးသွား၏။
“ဒါ မဖြစ်နိုင်ဘူး… မွန်းစတားတွေက ထွက်ပြေးနိုင်လို့လား… “
လူတစ်ဦးမှ မရှိသည့် ဘက်သို့ အလွန်မြန်သည့်နှုန်းဖြင့် ပြေးသွားသော အန္တရာယ်မှင်စာကို ကြည့်ပြီး ဘလက်ကီက တအံ့တဩ ရေရွတ်လိုက်သည်။
တခြားသူများသည်လည်း အံ့အားသင့်သွား၏။ မှင်စာ၏ ဉာဏ်ရည်က ဤမျှအထိ ထက်မြက်လိမ့်မည်ဟု မတွေးမိခဲ့ကြပေ။ ၎င်းက မနိုင်မှန်း သိလိုက်သည်နှင့် ထွက်ပြေးရမည်ကို နားလည်နေသည်။
“သူ့ကို မလွတ်စေနဲ့… မဟုတ်ရင် ငါတို့ တိုက်ထားရတာ အလကားပဲ… “ ကိုလာက မှင်စာနောက်သို့ ချက်ချင်း လိုက်၏။ အစောတုန်းက သူသည် မှင်စာ၏ တိုက်ခိုက်မှုကို အသေအလဲ ခံထားရသဖြင့် သူ၏ နှလုံးသားထဲတွင် ဒေါသများဖြင့် ပြည့်နေသည်။ ထို့ကြောင့် သူက အန္တရာယ်မှင်စာကို လွယ်လွယ်နှင့် လွတ်မပေးနိုင်ချေ။
“မင်းက လွတ်ချင်တယ်ပေါ့… အခွင့်အရေး မရှိဘူး… “ ရှီဖုန်းက လေဓားသွားကိုသုံး၍ အန္တရာယ်မှင်စာ၏ နောက်ကို လိုက်သွား၏။
သို့သော်လည်း ၎င်းက အေးအေးဆေးဆေး ဖြစ်နေဟန်ဖြင့် ရှီဖုန်းကို လှောင်ပြုံးတစ်ချက် ပြုံးပြကာ ခါးရှိ ခလုတ်ကို နှိပ်လိုက်သည်။ ဒုံးပျံဖိနပ်များမှ မီးတောက်များ ပန်းထွက်လာပြီး အဝေးသို့ ပျံသန်းထွက်ခွာရန် အသင့်ဖြစ်သွားလေသည်။