Chapter – 36 အန္တရာယ် မှင်စာ
သေဆုံးခြင်းသစ်တောမှ ထွက်လာပြီးနောက် ရှီဖုန်းတို့အဖွဲ့က အမှောင်လတောင်ကြားသို့ ပြေးလာကြသည်။
လက်ရှိအချိန်တွင် ကစားသမားအများစုသည် အဆင့် ၂သို့ ရောက်နေကြပြီ ဖြစ်သည်။ သူတို့က သေဆုံးခြင်းသစ်တောရှိ မြေအောက်ဘုံကို လာရောက် ရှင်းလင်းကြသည့်အပြင် ဘရော့တောင်တန်းတွင် နေ၍ အဆင့် ၂ ကျားသစ်ပေါက်များကိုလည်း သတ်ဖြတ်ကြသည်။ အနည်းငယ်သော ကျွမ်းကျင်သူများသာ အဆင့် ၄ နယ်မြေဖြစ်သည့် အမှောင်လတောင်ကြားသို့ သွားပြီး အဆင့်တက်ရန် ကြိုးစားကြသည်။ ကစားသမားများက အဆင့်တက်လာသည့်နှင့်အမျှ အမှောင်လတောင်ကြားတွင် လူများလာမည် ဖြစ်သည်။
ရှီဖုန်းတို့အဖွဲ့က အမှောင်လတောင်ကြားသို့ ရောက်ရန် နာရီဝက်ကျော် ကုန်သွားခဲ့သည်။ အမှောင်လတောင်ကြားသို့ ရောက်လာပြီးနောက် မြင်ရလိုက်သည့် မြင်ကွင်းသည် ရှီဖုန်း ထင်ထားသည့်အတိုင်း ဖြစ်နေခဲ့သည်။
မြေအောက်ဘုံကို စိတ်မဝင်စားသော လက်ရွေးစင်အဖွဲ့အနည်းငယ်သည် အမှောင်လတောင်ကြား၏ ဘေးပတ်လည်တွင် လျှောက်သွားနေကြသော ကိုဘိုးမွန်းစတားများအား သတ်ဖြတ်နေကြသည်။ ထိုလက်ရွေးစင်အဖွဲ့များသည် တော်တော်လေး ကျွမ်းကျင်ကြသည်ဟု ဆိုရပေမည်။ တစ်ကြိမ်တွင် သူတို့က မွန်းစတားတစ်ကောင်၊နှစ်ကောင်ခန့်ကိုသာ မျှားခေါ်လာပြီး ဒိုင်းစစ်သည်ကို ရှေ့တွင် ထားကာ တိုက်ခိုက်ကြသည်။ ကုသသူက နောက်တွင်နေကာ ဒိုင်းစစ်သည်ကို အဆက်မပြတ် သွေးဖြည့်ပေးနေလေသည်။ သို့သော်လည်း သူ၏ကုသမှုက ဒိုင်းစစ်သည်၏ HP ကို ထိန်းနိုင်ရုံမျှသာ ရှိ၏။
ထိုနည်းလမ်းဖြင့် တိုက်ခိုက်ခြင်းက ခက်ခဲပင်ပန်းသော်လည်း တိုက်ပွဲမှရသည့် အကျိုးအမြတ်က ပင်ပန်းရကျိုး နပ်၏။ ကိုဘိုး သုံးကောင်မှ ကြေးပြား ၂ပြားနှင့် သတ္တုတစ်ချို့ ကျလေသည်။
နတ်ဘုရားနယ်မြေတွင် အဆင့် ၃ နှင့် အထက် မွန်းစတားများသာ စကေးစာအုပ်နှင့် ကြေးအဆင့် အိုင်တမ်များ ကျ၏။ ထိုအိုင်တမ်များကျရန် တစ်သောင်းတွင် တစ်ခါမျှသာ ဖြစ်နိုင်ချေ ရှိသော်လည်း ကစားသမားများကို အရူးအမူး ဖြစ်စေရန် လုံလောက်ပေသည်။ လက်ရှိတွင် ကြေးအဆင့် အိုင်တမ်က စကေးစာအုပ်များထက်ပင် အဖိုးတန်နေသည်။ အန္တရာယ်ရှိလျှင်တောင်မှ ကြေးအဆင့် အိုင်တမ်၏ ဆွဲဆောင်မှုကြောင့် ကျွမ်းကျင်သူများက အရောက်လာကြခြင်း ဖြစ်သည်။
ခဏလောက် ကြည့်ပြီးနောက် ရှီဖုန်းက အမှောင်လတောင်ကြား၏ အတွင်းသို့ ဆက်ဝင်သွား၏။
အမှောင်လတောင်ကြားသို့ ယခုမှ ရောက်ဖူးသော အဖွဲ့ဝင်များသည် လွန်စွာ ထိတ်လန့် ကြောက်ရွံ့နေကြသည်။ နေရာတစ်ခုလုံးတွင် အဆင့် ၄ မွန်းစတားများဖြင့် ပြည့်နေသည်ကို မြင်သောအခါ ပို၍ပင် ထိတ်လန့်လာပြီး ရင်ခုန်သံများက မြန်လာသည်။ ဘလက်ကီကတော့ အဆင့် ၄ မွန်းစတားများကို အကောင်ရေ ရာနှင့်ချီ၍ သတ်ဖြတ်ဖူးသဖြင့် တခြားသူများကဲ့သို့ ထိတ်လန့်နေခြင်းမျိုး မရှိချေ။ သူက ရှီဖုန်း၏ နောက်သို့ တည်ငြိမ်စွာဖြင့် လိုက်ပါသွား၏။
လက်ရွေးစင်အဖွဲ့များက ရှီဖုန်းတို့အဖွဲ့သည် အမှောင်လတောင်ကြားအတွင်းပိုင်းသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ အံ့ဩသွားကြလေသည်။ အခုမှ အသစ်ရောက်လာသည့် အဖွဲ့လေးက ဤမျှအထိ သတ္တိရှိလိမ့်မည်ဟု မထင်မိခဲ့ကြပေ။
လက်ရှိအချိန်၌ အမှောင်လတောင်ကြားတွင် ရှိနေသာ ကစားသမားများကား လွန်စွာ နည်းပါးလှသည်။ ကစားသမားများက အတွင်းပိုင်းထိ ဝင်ရောက်ခြင်း မရှိကြသေးသဖြင့် အတွင်းပိုင်းတွင် ကိုဘိုးအမြောက်အမြား ရှိနေ၏။ အတွင်းသို့ ဝင်သွားလေ ကိုဘိုးများကို ပိုပြီး တွေ့ရလေ ဖြစ်သည်။ ဆယ်ကောင်ကျော်သော ကိုဘိုးအုပ်စုများကိုပင် တွေ့နိုင်သည်။ ထိုကိုဘိုးမွန်းစတားများကို တိုက်ခိုက်ခြင်းက အလွန် အန္တရာယ်များလှသည်။ သူတို့ရင်ဆိုင်နိုင်သည့် အများဆုံး ကိုဘိုးအရေအတွက်ကား ၄ကောင်၊၅ကောင်သာ ဖြစ်သည်။ထို့ကြောင့် မသေချာဘဲ အသက်နှင့် ရင်း၍ မစွန့်စားကြပေ။
သို့သော်လည်း ရှီဖုန်းက သူတို့ထင်ထားသည်ထက် ပို၍ပင် မိုက်မဲသည်ကို သူတို့ မသိကြချေ။
ရှီဖုန်းက အမှောင်လတောင်ကြား၏ အတွင်းကျကျ နေရာများသို့ မဝင်ဘဲ ဗဟိုချက်ကိုသာ တန်းသွားလေသည်။ ထိုနေရာက မွန်းစတားများကို သတ်ဖြတ်ရန် နေရာကောင်းတစ်ခု ဖြစ်သည်။ ထိုနေရာတွင် မွန်းစတားများစွာ ရှိသည့်အပြင် ပြန်လည်ရှင်သန်နှုန်းကလည်း အလွန်မြန်၏။ ပို၍ အရေးကြီးသည့်အချက်ကား သတ္တုရိုင်းကျနှုန်းက အလွန်မြင့်မားခြင်း ဖြစ်သည်။
အမှောင်လတောင်ကြားအပေါ် နားလည်သိရှိထားမှုများအရ အမှောင်လတောင်ကြားနှင့် ပက်သတ်လာလျှင် ရှီဖုန်း၏ နယ်ခံနတ်ဘုရားတစ်ပါး ဖြစ်လေသည်။ မွန်းစတားများ၏ တည်နေရာ၊ အရေအတွက် နှင့် ပြန်လည်မွေးဖွားနှုန်း စသည်တို့ကို ရှီဖုန်းက ယခင်ဘဝ၌ အချိန်ပေး၍ လေ့လာခဲ့သည်။ ထိုအချိန်က သူ၏ ရည်ရွယ်ချက်မှာ ရှဲဒိုးအဖွဲ့၏ စွမ်းအားကို တိုးမြှင့်ရန်နှင့် ရှဲဒိုးအဖွဲ့အတွင်း သူ့နေရာ၊အဆင့်အတန်း မြင့်မားလာစေရန် ဖြစ်သည်။
ဘဝက အမှန်တစ်ကယ် ကျေနပ်စရာ ကောင်းလှသည်။ ယခင်ဘဝမှ ရှဲဒိုးအဖွဲ့အတွက် အပင်ပန်းခံခဲ့မှုများက ယခုဘဝတွင် သူ့အတွက် အကျိုး ဖြစ်ထွန်းနေလေသည်။ အမှောင်လတောင်ကြား၏ ဗဟိုချက်က သူ့အဖွဲ့၏ ခွန်အားကို လျင်မြန်စွာ တိုးလာစေနိုင်သည့်အပြင် သူ့အား သတ္တုရိုင်းများ အမြောက်အမြား ထောက်ပံ့ပေးနိုင်သည်။
ကျောက်တုံးကျောက်ခဲများ ရှိသော လမ်းကြောင်းမှ ဖြတ်သန်းလာရင်း တစ်ခါတစ်ရံတွင် အဆင့် ၄ ကိုဘိုး ၅ကောင်ပါ အုပ်စုများနှင့် ရင်ဆိုင်တွေရသည်။ သို့သော်လည်း ရှီဖုန်းတို့အဖွဲ့၏ အင်အားဖြင့် ဆိုလျှင် ထိုအုပ်စုများက အသေးအဖွဲ့မျှသာ ဖြစ်၏။
ကာကွယ်သူ ကိုလာဆိုလျှင် သူ တစ်ယောက်တည်းဖြင့် ကိုဘိုး ၄ကောင်ခန့်ကို တစ်ချိန်တည်း ခုခံပေးနိုင်သည်။ ကုသသူ ဒရော့စီစလော့ကလည်း သက်တောင့်သက်သာဖြင့် ကိုလာ၏ HP ကို 80% အထက်တွင် ထိန်းပေးထားနိုင်သည်။ ကိုလာ၏ လက်မှ မွန်းစတားတစ်ကောင် လွတ်သွားလျှင် အဖော်မဲ့နှင်းက ကိုလာ၏ လက်အတွင်းသို့ ပြန်ထည့်ပေး၏။ တခြားသူများကတော့ ပြင်းထန်စွာ တိုက်ခိုက်ပြီး မွန်းစတားများ၏ HP ကို အတတ်နိုင်ဆုံး လျှော့ကြသည်။ ရှီဖုန်း၏ ဓားချက် တစ်ချက်က ထိိခုက်မှု ၁၀၀ကျော်ကို ဖြစ်စေသကဲ့သို့ ဘလက်ကီ၏ မြှားနက်တစ်ချောင်းကလည်း ထိခိုက်မှု ၈၈ကို ဖြစ်စေသည်။
အချိန်ခဏလေးအတွင်းမှာပင် ကိုဘိုး ၅ကောင်စလုံးအား အပြတ်ရှင်းနိုင်လိုက်လေပြီ။ အပြင်ဘက်ရှိ လက်ရွေးစင်အဖွဲ့များနှင့် ယှဉ်လျှင် ရှီဖုန်းတို့အဖွဲ့က အဆပေါင်းများစွာ ပို၍ သန်မာသည်။
ရှီဖုန်းက ကျလာသော ကျောက်များနှင့် သတ္တုရိုင်းများကို ကောက်သိမ်းပြီး အမှောင်လတောင်ကြားထဲသို့ ဆက်ဝင်သွား၏။
နောက်ထပ် တစ်နာရီကျော် သွားပြီးနောက်တွင် ရှီဖုန်းတို့အဖွဲ့က တောင်တစ်တောင်၏ အရှေ့သို့ ရောက်လာသည်။ ထိုတောင်က မီတာရာပေါင်းများစွာ မြင့်လှသည်။ တောင်ပတ်လည်တွင် ကိုဘိုးများ မရှိဘဲ လေလွင့်မှင်စာများဖြင့် ပြည့်နေလေသည်။ လေလွင့်မှင်စာများက ဂေါ်ပြားများကို ကိုင်ဆောင်ထားပြီး တောင်နံရံကို တူးနေကြသည်။ ကြာပွတ်များကို ကိုင်ဆောင်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနေသည့် ကြီးကြပ်သူမှင်စာများလည်း ရှိ၏။
“အစ်ကိုဖုန်း… မွန်းစတားတွေက အရမ်းများလွန်းတယ်… ဒီနေရာမှာ မွန်းစတားတွေကို တိုက်မှာလား… “
ဘလက်ကီက ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ရာချီသော လေလွင့်မှင်စာများကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။ ထိုထဲတွင် အဆင့် ၅ မှင်စာများလည်း ရှိနေသည်။ အပြင်ရှိ ကိုဘိုးအုပ်စုနှင့်ယှဉ်လျှင် ဤနေရာက တစ်ကယ့် တိုက်ပွဲမြေပြင် ဖြစ်သည်။
ကိုလာက တံတွေး မျိုချပြီး စိတ်ပူပန်နေဟန်ဖြင့် ပြောလိုက်သည်… “ခေါင်းဆောင်… ကျွန်တော် အထွန့်တက်တာတော့ မဟုတ်ဘူးနော်… ၆ကောင်၊ ၇ကောင်က ကျွန်တော့်အတွက် အများဆုံး ထိန်းနိုင်တဲ့ အရေအတွက်ပဲ… ဒီလောက် အများကြီး ကျွန်တော် မထိန်းနိုင်ဘူး… “
ဘလက်ကီနှင့် ကိုလာသာ မဟုတ်၊ တခြားသူများသည်လည်း ထိတ်လန့်နေကြသည်။ လေလွင့်မှင်စာများက တောင်တစ်ခုလုံးတွင် ရှိနေပြီး တစ်ကောင်နှင့်တစ်ကောင် နီးကပ်နေကြသည်။ သူတို့က အမှားတစ်ခု လုပ်လိုက်မိသည်နှင့် ရာနှင့်ချီသော အဆင့် ၄ မွန်းစတားများကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ထိုအရေအတွက်ကား သမန်းဝံပုလွေ ဖက်ကို ရင်ဆိုင်ရစဉ်ထက် များစွာ ကြောက်စရာ ကောင်း၏။
“မင်းတို့တွေ မတိုက်နိုင်မှန်း ငါ သိပါတယ်… ဒါပေမဲ့ မှင်စာအကောင်ရေ ရာနဲ့ချီတာကို ရင်ဆိုင်တိုက်ရမယ်လို့ မပြောပါဘူး… “
ရှီဖုန်းက သူ့အဖွဲ့ဝင်များ၏ အခြေအနေကို ကောင်းကောင်းနားလည်ပါသည်။ မှင်စာ၁၀ကောင် ရင်ဆိုင်ခြင်းက သူတို့အတွက် အစွမ်းကုန် ဖြစ်သည်။ ဘယ်လိုလုပ် အကောင်ရေအများကြီးကို ရင်ဆိုင်နိုင်ပါ့မလဲ။
အဆင့် ၁၀ ကစားသမားတစ်ယောက်တောင်မှ ရာနှင့်ချီသော အဆင့် ၄မွန်းစတားများနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် ကျိန်းသေ သေဆုံးသွားပေလိမ့်မည်။
ရှီဖုန်း၏ သွက်လက်မှုက အမှတ် ၃၀ ရှိနေပြီ ဖြစ်သည်။ သူက ကြေးအဆင့် ဖိနပ်ကိုပါ ပိုင်ဆိုင်ထားသဖြင့် မှင်စာများနှင့်စာလျှင် သူ၏ အမြန်နှုန်းက အနည်းဆုံး ၄မှတ် အသာတွင် ရှိ၏။ သူက မှင်စာများကို မျှားခေါ်ကာ ဘလက်ကီ၏ AOE စကေး ဖြစ်သည့် ငရဲမီးတောက်ကို အသုံးပြုလိုက်ခြင်းက တစ်ကောင်ချင်း သတ်ဖြတ်ရသည်ထက် များစွာ အကျိုးရှိမည် ဖြစ်သည်။
ထို့နောက် ရှီဖုန်းက သူ့အကြံကို ပြောပြလိုက်သည်။ ဘလက်ကီက ငရဲမီးတောက်၏ စွမ်းအား အမြင့်ဆုံးအခြေအနေကို အချိန်ကိုက် အသုံးပြုရမည် ဖြစ်ပြီး တခြားသူများက သွေးနည်းသွားသော မှင်စာများကို လိုက်လံသတ်ဖြတ်ရမည် ဖြစ်သည်။
ရှီဖုန်းက လုပ်ရမည့်အလုပ်များကို ခွဲဝေပြီးသည်နှင့် ကျောက်တုံးလေးများကို လက်တစ်ဆုပ်စာခန့် ကောက်ယူပြီး အနီးဆုံး မှင်စာများရှိရာသို့ ပြေးဝင်သွားသည်။
ရှီဖုန်းက ကိုက်နှစ်ဆယ်အတွင်းသို့ ဝင်လာသည်နှင့် ကြီးကြပ်သူမှင်စာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အော်သံက ဘေးနားရှိ မှင်စာများကို အသိပေးလိုက်သကဲ့သို့ပင်။ ရှီဖုန်းက ကြီးကြပ်သူမှင်စာ၏ ကြာပွတ်ကို ရှောင်ပြီး လေလွင့်မှင်စာများ စုစည်းလာစေရန် အချိန်ခေတ္တမျှ စောင့်ဆိုင်းလိုက်သည်။
မှင်စာ ၃၀ခန့် စုမိသောအခါ ရှီဖုန်းက ဆန့်ကျင်ဘက်အရပ်သို့ လှည့်ပြေးလေသည်။ ထို့နောက် နောက်ထပ် ကြီးကြပ်သူမှင်စာတစ်ကောင်ကို ကျောက်တုံးဖြင့် ပစ်လိုက်သည်။ ထိုမှင်စာက ကျယ်လောင်စွာ အော်ဟစ်ပြီး မှင်စာအကောင် ၂၀ကျော်ကို ခေါ်ဆောင်၍ ရှီဖုန်းထံသို့ ပြေးဝင်လာလေသည်။
အချိန်ခဏလေး အတွင်းမှာပင် ရှီဖုန်းက မွန်းစတားအကောင် ၆၀ကျော်ကို ဆွဲဆောင်လိုက်နိုင်သည်။ သို့သော်လည်း ရှီဖုန်းက မကျေနပ်သေးပေ။ သူက တောင်ကိုပတ်ပြီး မွန်းစတားများကို ဆက်၍ ဆွဲဆောင်လိုက်သည်။ ၅မိနစ်အတွင်းမှာပင် ကြီးကြပ်သူမှင်စာ၁၀ကောင်ကျော်နှင့် နောက်လိုက်မှင်စာများစွာကို သူ့နောက်တွင် လိုက်ဖမ်းစေနိုင်ခဲ့သည်။
မှင်စာများအတွက် ကံဆိုးသွားသည့်အချက်ကား ရှီဖုန်း၏ တန်ဆာက အလွန်ကောင်းနေသဖြင့် မှင်စာများထက် ရှီဖုန်း၏ အလျင်က ၃၀ရာခိုင်နှုန်းခန့် သာနေသည်။ ရှီဖုန်း၏ အထူးနည်းစနစ်များနှင့် ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှုကိုပါ ထည့်တွက်လျှင် သူက မှင်စာများကို စိတ်တိုင်းကျ ဆော့ကစားနိုင်လေသည်။
“ဘလက်ကီ… မန္တန် ရွတ်ဖို့ ပြင်ထား… “ ရှီဖုန်းက သတိပေးလိုက်သည်။
“ကောင်းပြီ… “ ဘလက်ကီက လွန်စွာ စိတ်လှုပ်ရှားနေသည်။ သူက ပထမဦးဆုံးအကြိမ် AOE စကေးကို သုံးခြင်း ဖြစ်သည်။ ထို့ကြောင့် AOE စကေး၏ စွမ်းအားက ဘယ်လိုဆိုတာကို သူ မသိပေ။
ဘလက်ကီက လေထဲတွင် လက်ချောင်းများကို ကစားလိုက်သည်။ ထိုအခါ တောက်ပသော မှော်အစီအရင်များ ထွက်ပေါ်လာပြီး စူးရှတောက်ပသော မှော်စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာကာ ပြိုင်ဘက်ကင်း အရှိန်အဝါကို ထုတ်လွှတ်လေသည်။
ဘလက်ကီက နောက်ဆုံး မန္တန်စာလုံးကို ရွတ်ဆိုပြီးသည်နှင့် မြေပြင်က တုန်ခါလာပြီး ကျောက်စိမ်းရောင်မီးတောက်များက ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ မှင်စာအုပ်စုတစ်ခုလုံးကို ဝါးမြိုသွား၏။ ထိခိုက်မှု -၁၀၀ ကျော်က မှင်စာတိုင်း၏ ခေါင်းပေါ်တွင် ပေါ်လာသည်။ ၅ စက္ကန့်အတွင်းမှာပင် ရှီဖုန်း၏ နောက်သို့ လိုက်နေသော မှင်စာများက သူ့အား ထိခိုက်မှု ၂၀၀ကျော် ဖြစ်စေခဲ့သော်လည်း သူတို့၏ HP ကတော့ တစ်ဝက်ပင် မပြည့်တော့ချေ။
သို့သော်လည်း မှင်စာများ၏ ပစ်မှတ်က ပြောင်းလဲသွား၏။ သူတို့က ရှီဖုန်း၏ နောက်သို့ မလိုက်တော့ဘဲ ဘလက်ကီထံသို့ ပြေးဝင်သွားကြသည်။
ထိုအခါ ရှီဖုန်းက ရုတ်ချည်း ရပ်တန့်လိုက်ပြီး အသူရာဓားကို ထုတ်ကာ ရှေ့သို့ ပြေးထွက်သွား၏။ (အသူရာဓားသွားကို အသူရာဓားလို့ပဲ သုံးတော့မယ်နော်)
“မိုးကြိုးလျှပ်စီး… “
အဆင့် ၄ မိုးကြိုးလျှပ်စီးက အသုံးပြုရန် ကြာချိန် နည်းရုံသာမက တိုက်ခိုက်နိုင်သည့် အကွာအဝေးကလည်း ၃ကိုက် တိုးလာသည့်အတွက် ၁၅ကိုက်ထိ ဖြစ်သွားခဲ့သည်။ ၎င်းအကွာအဝေးက မှင်စာအုပ်စုတစ်ခုလုံးကို လွှမ်းခြုံလုနီးပါး ဖြစ်သည်။
မှင်စာတပ်ကြီးအား မိုးကြိုးစီးကြောင်း ၃ကြောင်းက ဖြတ်စီးသွားပြီး မှင်စာတိုင်း၏ ခေါင်းထက်တွင် ထိခိုက်မှု ၁၂၀ကျော် ပေါ်လာလေသည်။ ထိုတိုက်ခိုက်မှုက မှင်စာများ၏ ကျန်ရှိနေသော HP အားလုံးကို ဝါးမြိုသွားလေသည်။ HP အနည်းငယ်ဖြင့် ကျန်ရစ်နေခဲ့သော မှင်စာတချို့ကိုတော့ ကိုလာနှင့် အထီးကျန်နှင်းက လက်စသတ်လိုက်လေသည်။
ရာနှင့်ချီသော မှင်စာများကို သတ်ဖြတ်ပြီးနောက်တွင် အိုင်တမ်များက မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
တစ်ချိန်တည်းမှာပင် လူတိုင်း၏ EXP ကလည်း ကြမ်းတမ်းစွာ မြင့်တက်လာည်။ လူတိုင်း၏ ခေါင်းပေါ်တွင် EXP 10 မှတ်ကျော်က တစ်ခါပြီး တစ်ခါ ထွက်ပေါ်နေပြီး အားလုံး၏ မျက်လုံးများကို ပြာသွားစေသည်။
“ဝုန်း… “ ဘလက်ကီက အဆင့် ၃ သို့ ရောက်သွား၏။
“ဒါ အရမ်းမိုက်တယ်… “ ဘလက်ကီက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
“ဒါ အစပဲ ရှိသေးတယ်… သူတို့က ခဏလေးနဲ့ ပြန်ရှင်လာလိမ့်မယ်… “ ရှီဖုန်းက ရယ်ပြီး ပြောလိုက်သည်။
“ဒါ့ကြောင့် အိုင်တမ်တွေကို မြန်မြန် ကောက်ရအောင်… “
လူတိုင်းက ချက်ချင်း အလုပ်များသွား၏။ လူ ခြောက်ယောက်က ကျသည့်အိုင်တမ်များကို ဝိုင်းဝန်းကောက်နေသော်လည်း အိုင်တမ်များက အလွန်များသဖြင့် အကုန်ကောက်နိုင်ရန်အတွက် အချိန်များစွာ လိုအပ်ပေလိမ့်မည်။
သို့သော်လည် သူတို့က အိုင်တမ်များကို စတင်ကောက်ယူပြီး မကြာမီတွင် ဧရာမစက်ရုပ်ကြီးတစ်ခုကို မောင်းနှင်လာသော မှင်စာတစ်ကောင်က ရုတ်တရက် ပေါ်လာသည်။ မှင်စာ၏ မျက်နှာက ဒေါသကြောင့် ကြက်သွေးရောင်ကဲ့သို့ ရဲရဲနီနေလေသည်။ ၎င်းက ပေါ်လာသည်နှင့် ရှီဖုန်းတို့ အဖွဲ့ရှိရာသို့ ချက်ချင်း ပြေးဝင်လာသည်။
“မကောင်းတော့ဘူး… ဒါ အန္တရာယ်မှင်စာပဲ… အားလုံး လူခွဲပြီး ပြေးကြ… “ ရှီဖုန်းက ဧရာမစက်ရုပ်ကြီးကို မြင်သည်နှင့် ချက်ချင်း အော်ပြောလိုက်သည်။