Chapter – 35 မာနကြီးခြင်းမှ နှိမ့်ချခြင်းသို့ ( ၃ )
ဂျမ်းတဲလ်စနိုး၏ ယုံကြည်မှုရှိသော အပြုံးကို မြင်လိုက်သောအခါ ရှီဖုန်းက စိတ်ထဲတွင် ကျိတ်ရယ်လိုက်သည်။
သိုးမွေးကို သိုးကရသည်။ အကယ်၍ သင်က ပိုက်ဆံလိုချင်လျှင် ချမ်းသာသည့် လူဆီက ယူရလိမ့်မည်။ အိုရိုဘိုရို့စ်ကဲ့သို့ ပထမတန်းစား အဖွဲ့အစည်းက ရှီဖုန်းအတွက် သင့်တော်သည့် ပစ်မှတ်တစ်ခု ဖြစ်သည်။ ရှီဖုန်း သိရသလောက် ဆိုလျှင် အိုရိုဘိုရို့စ် အဖွဲ့အစည်းသည် ပုံရိပ်ယောင်ဂိမ်း ဆယ်ခုကျော်တွင် အောင်မြင်ပြီးသား ဖြစ်၏။ သို့သော်လည်း နတ်ဘုရားနယ်မြေဂိမ်း၏ ထွက်ပေါ်လာမှုက ပုံရိပ်ယောင်ဂိမ်းလောကကို လှုပ်ခါသွားစေခဲ့သည်။
နတ်ဘုရားနယ်မြေဂိမ်းက လူသားမျိုးနွယ်၏ ဒုတိယကမ္ဘာဟုပင် တင်စားခံရလေသည်။ နတ်ဘုရားနယ်မြေဂိမ်းကြောင့် ပုံရိပ်ယောင်ဂိမ်းများစွာ ပြိုလဲခဲ့ရသည်။ ထို့နောက်တွင် မရေမတွက်နိုင်သည့် ကုမ္ပဏီများစွာက နတ်ဘုရားနယ်မြေဂိမ်းတွင် အရူးအမူး ရင်းနှီးမြုပ်နှံလာကြပြီး သူတို့၏ အစည်းအရုံးများကို ပြုစုပျိုးထောင်ကာ ဩဇာအာဏာကို ပိုပြီး ကြီးမားလာအောင် လုပ်ကြသည်။ ထိုထဲတွင် အိုရိုဘိုရို့စ်သည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ များပြားလှသော ငွေကြေးများထဲမှ တစ်ကိုက်စာလောက်ကိုတော့ သူတို့လည်း လိုချင်ကြသည်။
ထို့အပြင် အိုရိုဘိုရို့စ်က ချမ်းသာရုံသာမက ကြီးမားသော နောက်ခံအင်အားကိုလည်း ပိုင်ဆိုင်ထား၏။ အိုရိုဘိုရို့စ်တွင် ကျွမ်းကျင်သူ အယောက် တစ်ထောင်ကျော် အလုပ်လုပ်နေသည်။ ထိုအယောက်တစ်ထောင်ကျော်က နတ်ဘုရားနယ်မြေတွင် နတ်ဘုရားသတ်ဖြတ်ရေးစစ်သည်ဟု နာမည်ကျော်ကြား၏။
ထိုကျွမ်းကျင်သူ အယောက်တစ်ထောင်ကျော်ကြောင့် အိုရိုဘိုရို့စ်က ကြီးမားသည့် အင်ပါယာတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ နတ်ဘုရားနယ်မြေတွင် သူတို့က တစ်မြို့တွင် ကစားသမားပေါင်း တစ်မီလီယံကျော် ရှိသည့် မြို့ကြီး၈၀ကျော်ကို စုစည်းနိုင်ခဲ့၏။ ထို့နောက်တွင် အိုရိုဘိုရို့စ်က နတ်ဘုရားနယ်မြေတွင် အာဏာရှင်တစ်ပါး ဖြစ်လာခဲ့သည်။
အိုရိုဘိုရို့စ် ထိပ်ဆုံးသို့ ရောက်နေချိန်အတောအတွင်း၌ ၎င်းက စတားမွန်းနိုင်ငံတစ်ခုလုံးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထိုအချိန်တွင် ရှဲဒိုးကတော့ ကစားသမား တစ်မီလီယံပင် မပြည့်သည့် မြို့ကြီး ဆယ်မြို့ကိုသာ တည်ထောင်ထားနိုင်သေး၏။ ထိုသို့ဖြင့် အိုရိုဘိုရို့စ်က တစ်ကယ့်ကမ္ဘာတွင်လည်း ပြိုင်ဘက်ကင်းအာဏာရှင်တစ်ပါး ဖြစ်လာခဲ့သည်။ နတ်ဘုရားနယ်မြေတွင် နိုင်ငံပေါင်းများစွာ ရှိသည့်အထဲမှ စတားမွန်းနိုင်ငံသည် တော်တော်လေးကို ကြီးမားသည့် နိုင်ငံတစ်ခုဟု ဆိုနိုင်သကဲ့သို့ အလယ်အလတ်တန်းစားနိုင်ငံများထက် သာလွန်သော နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် စတားမွန်းနိုင်ငံကို နှိုင်းယှဉ်နိုင်သော အိုရိုဘိုရို့စ်က မည်မျှအင်အားကြီးသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။
ထိုကဲ့သို့ အင်အားကြီး အစည်းအရုံးတစ်ခုနှင့် အလုပ် တွဲလုပ်ရန် ရှီဖုန်းက ဘာကြောင့်များ ဆန္ဒမရှိရမှာလဲ။ သို့သော်လည်း ဂျမ်းတဲလ်စနိုးနှင့် အလုပ် အတူလုပ်ခြင်းက အရမ်းကို စွန့်စားရပေလိမ့်မည်။ သူမ၏ အဆင့်အတန်းကြောင့် သိထားသော သတင်းအချက်အလက်များက အလွန်များသောကြောင့် သူ့အနေဖြင့် မဖြစ်မနေ သတိထားရလိမ့်မည် ဖြစ်သည်။
သူမ၏ တုန့်ပြန်မှုကို မြင်ချင်သောကြောင့် အခြေခံခွန်အားဆေးရည်အညွှန်းကို သူက ရည်ရယ်ချက်ရှိရှိ ထုတ်ဖော်ခဲ့သည်။ သူမက မကောင်းသော နည်းလမ်းများဖြင့် တုန့်ပြန်လာခဲ့လျှင် ရှီဖုန်းက သူမကို လျစ်လျူရှူရပေလိမ့်မည်။
သို့သော်လည်း ယခုအခြေအနေက ရှီဖုန်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည်။
“မင်းက မေးမှတော့ ပြောရတော့မှာပေါ့… ငါ တောင်းမဲ့ဈေးက သိပ်မများပါဘူး… ငွေပြား ၂၀ တည်းပါ… “ ရှီဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
လက်ရှိတွင် အစည်းအရုံးအသေးများအတွက် ငွေပြား ၂၀သည် သူတို့၏ ရှိသမျှပိုက်ဆံအကုန် ဖြစ်ပေလိမ့်မည်။ ကစားသမားအယောက်တစ်ရာခန့် စုပြီး ပိုက်ဆံရှာလျှင်တောင်မှ ငွေပြား ၂၀ရရန် နှစ်ရက်၊သုံးရက်ခန့် လိုအပ်ပေလိမ့်မည်။
ကျောက်ယွဲ့ရူက လေအေးများကို ရှူသွင်းလိုက်သည်။ ရှီဖုန်း၏ တောင်းဆိုမှုက သူမကို ထခုန်မိမတတ် လန့်သွားစေသည်။ သူမက ရှီဖုန်းကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောဆိုလေသည်… “ရှင် ဘာလို့ တစ်ယောက်ယောက်ကို ဓားပြမတိုက်တာလဲ… အဲ့တာကမှ မြန်ဦးမယ်… “
“အဲ့လောက်ပိုက်ဆံသာ ရရင် ငါ လုပ်မှာပဲ… “ ရှီဖုန်းက ပြုံးပြီး ပြန်ဖြေပေးလိုက်သည်။
“သေဆုံးခြင်းသစ်တောထဲမှာ စကေးစာအုပ်တွေ၊ လက်နက်တွေနဲ့ တန်ဆာတွေ အများကြီး ရှိတာ မင်း သိပါတယ်… အဲ့ပစ္စည်းတွေက ကစားသမားတွေရဲ့ အင်အားကို မြန်မြန်တိုးစေလိမ့်မယ်… မင်းသာ သေဆုံးခြင်းသစ်တောကို စောစော ရှင်းနိုင်မယ်ဆိုရင် ရလာမယ့် အကျိုးအမြတ်တွေက အနာဂါတ်တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်စေလိမ့်မယ်… “
“ရှင် နည်းနည်းလောက် လျော့ပေးလို့ မရဘူးလား… ငါတို့ အိုရိုဘိုရို့စ်တောင် ငွေ နှစ်ဆယ်ကို လွယ်လွယ် မထုတ်နိုင်ဘူး… “
ယခု ကျောက်ယွဲ့ရူက ရှီဖုန်းအပေါ် အမြင်မကြည်တော့ပေ။ သို့သော်လည်း သေဆုံးခြင်းသစ်တော၏ အရေးပါပုံကို တွေးမိသောအခါ သူမက လေသံပျော့ပျော့ဖြင့် ပြောဆိုဆက်ဆံရလေသည်။
“တောင်းပန်ပါတယ်… လျော့မပေးနိုင်ပါဘူး… မင်းတို့က ဒါကို မပေးနိုင်ရင် တခြားအစည်းအရုံးတစ်ခုနဲ့ လုပ်ရုံပေါ့… “ ရှီဖုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူက ဂျမ်းတဲလ်စနိုးနှင့် ပက်သတ်၍ သဘောကောင်းခဲ့ပြီးပြီ။ ဒါတောင်မှ မဖြစ်နိုင်လျှင် သတ်ဖြတ်သူမဟာမိတ်နှင့် တွဲလုပ်ရန် စဉ်းစားရလိမ့်မည်။ လုပ်ကြံသတ်ဖြတ်သူမဟာမိတ်အစည်းအရုံးက ချမ်းသာပြီး ပေးနိုင်စွမ်း ရှိ၏။ ယခင်က ရှီဖုန်း၏ အဆင့်၅ ဒိုင်းကို ဝယ်ရန် ငွေပြား နှစ်ဆယ်ကျော် အသုံးပြုခဲ့ဖူးသည်။
“ငါ သဘောတူတယ်… ငွေနှစ်ဆယ်မလား… ဒါပေမဲ့ ပိုက်ဆံစုဖို့ အချိန်နည်းနည်းလောက်တော့ ယူရမယ်… ငါတို့ အိုရိုဘိုရို့စ်ရဲ့ လွှမ်းမိုးမှုက အဖြူရောင်မြစ်မြို့မှာ မဟုတ်ဘူး… စတားမွန်းမြို့တော်မှာပဲ… အဖြူရောင်မြစ်မြို့နဲ့ အနီးမှာ အိုရိုဘိုရို့စ် အဖွဲ့ဝင်က နည်းနည်းပဲ ရှိတယ်… မင်း ငါ့ကို အချိန်တစ်ရက်ပေးပါ… လောလောဆယ် စရံအဖြစ် ဒီငွေပြား ၇ပြားကို ယူသွား… နောက်တစ်ရက်နေရင် မင်းကို ငွေပြား ၁၅ပြား ပေးမယ်… ဘယ်လိုလဲ… “
ရှီဖုန်းတောင်းဆိုမှုက ဤမျှထိ များပြားလိမ့်မည်ဟု ဂျမ်းတဲလ်စနိုးက မထင်မိခဲ့ချေ။ ငွေပြား နှစ်ဆယ်ဆိုသည့် ပမာဏက သူမအတွက် အလွန်များလွန်းလှသည်။ သို့သော်လည်း သေဆုံးခြင်းသစ်တောကို အရင် ရှင်းနိုင်ခြင်းက သူမတို့အတွက် အရေးကြီးသဖြင့် ရလာသည့်အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်နိုင်ရန် လိုအပ်ပေသည်။ ဂိမ်း၏ အစောပိုင်းကာလများတွင် ငွေပြားများက အဖိုးတန်သည်ကို သူမ သိ၏။ ထို့ကြောင့်လည်း သူမက ရှီဖုန်းအပေါ်တွင် အနည်းငယ် စိတ်ဝင်စားသွား၏။
“ကောင်းပြီ… ဒီမှာ သေဆုံးခြင်းသစ်တောအတွက် မြေပုံနဲ့ ဘော့စ်ကို တိုက်တဲ့အခါ သတိထားရမဲ့ အချက်တွေ… “
ဂျမ်းတဲလ်စနိုး ပြောသကဲ့သို့ ငွေပြား နှစ်ဆယ်ကို စုဆောင်းရန် တစ်ကယ် မလွယ်လှပေ။ အိုရိုဘိုရို့စ်က အဖြူရောင်မြစ်မြို့တွင် လုပ်ကြံသတ်ဖြတ်သူမဟာမိတ်အဖွဲ့ကဲ့သို့ လွှမ်းမိုးမှု ကောင်းကောင်း မရှိပေ။ ရှီဖုန်းက သေဆုံးခြင်းသစ်တော၏ အသေးစိတ်အချက်အလက်ကို ဂျမ်းတဲလ်စနိုးထံသို့ ပို့လိုက်သည်။ ဂျမ်းတဲလ်စနိုး၏ စွမ်းရည်နှင့်ဆိုလျှင် သူတို့က သာမန်အဆင့်ကို အလွယ်တကူ ရှင်းနိုင်ပေလိမ့်မည်။
ဂျမ်းတဲလ်စနိုးက သူမ လက်ခံရရှိသည့် သေဆုံးခြင်းသစ်တော၏ အချက်အလက်များကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ နှလုံးသားက အနည်းငယ် ခုန်ပေါက်သွား၏။
သေဆုံးခြင်းသစ်တောက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်မိခဲ့ချေ။ လမ်းကြောင်း ၃၆ခု ရှိပြီး ၃၃ခုက မရဏလမ်းသွယ်များ ဖြစ်သည်။ ထို့အပြင် အခွင့်အရေးရရင် ရသလို အလစ်တိုက်ခိုက်သည့် ညရိန်းဂျားတစ်ကောင်လည်း ရှိသေး၏။ ဘော့စ်၏ အသေးစိတ်အချက်အလက်များအပြင် မည်သည့်အချိန်တွင် မည်သည့်စကေးကို သုံးရမည်ကအစ ထည့်ရေးပေးထား၏။ ဤအချက်အလက်များက ငွေပြား ၂၀ထက် ပို၍ တန်ကြေး ရှိပေသည်။ အကယ်၍ သူမကသာ လမ်းကြောင်းစုံစမ်းရန်အတွက် တခြားသူများကို ငှားရမ်း ခိုင်းစေခဲ့လျှင် ငွေပြား ၂၀ ထက်ပင် ပို၍ ကုန်ပေလိမ့်မည်။
ရှီဖုန်းအပေါ်ရှိ ဂျမ်းတဲလ်စနိုး၏ အမြင်က ချက်ချင်း ပြောင်းလဲသွား၏။ ရှီဖုန်းက သူမ ထင်ထားသလောက် မရိုးရှင်းသည်ကိုလည်း ခံစားရသည်။ ရှီဖုန်းက ကျွမ်းကျင်သူ အစစ်အမှန်တစ်ယောက် ဖြစ်ရပေမည်။ တစ်ကယ့် ကျွမ်းကျင်သူကသာ မြေအောက်ဘုံနှင့် ပက်သတ်ပြီး နက်နက်ရှိုင်းရှိုင်း နားလည်မှုမျိုး ရှိနိုင်ပေသည်။ သို့သော်လည်း သူမက ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူ ဓားသမားတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“နောက် သုံးရက်နေရင် အိုရိုဘိုရိုက အမှောင်လတောင်ကြားရဲ့ အဆင့် ၅ အယောက်နှစ်ဆယ် မြေအောက်ဘုံကို ဝင်ဖို့ စီစဉ်ထားတယ်… အဲ့တာ နင်ရော ပါချင်လား… “
မြေအောက်ဘုံကို ဝင်ရန်အတွက် ဖိတ်ခေါ်ရင်း ဂျမ်းတဲလ်စနိုးက သူမ၏လှပသော မျက်ဝန်းတစ်စုံဖြင့် ရှီဖုန်းကို စူးစိုက်ကြည့်နေလေသည်။ ရှီဖုန်းသာ သူမတို့အဖွဲ့နှင့် ပါလာလျှင် မြေအောက်ဘုံကို ဝင်သည့်အခါ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ဘေးတွင် ရှိသည့် ဘလက်ကီကတော့ ရှီဖုန်းကို ဆွံ့အစွာ ကြည့်နေမိသည်။ စိတ်ထဲတွင်တော့ ရှီဖုန်းကို ထိုင်ကန်တော့ချင်စိတ်ပင် ပေါက်နေလေပြီ။ ရှီဖုန်းက အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ဂျမ်းတဲလ်စနိုးကို အနိုင်ရလိမ့်မည်ဟု မထင်မိခဲ့ချေ။ နှင်းနတ်ဘုရားမက သူ့ကို မြေအောက်ဘုံသို့ အတူဝင်ရန် ဖိတ်ခေါ်နေလေပြီ။ ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်သလဲ။ နတ်ဘုရားမနှင့် မြေအောက်ဘုံကို အတူသွားရန် စိတ်ကူးယဉ်နေသည့် ယောက်ျားသားများကား မရေမတွက်နိုင်အောင်ပင် ရှိသော်လည်း ရှီဖုန်းတစ်ယောက်သာ မဲပေါက်သွား၏။
သို့သော်လည်း ကျောက်ယွဲ့ရူကတော့ ဂျမ်းတဲလ်စနိုး၏ ဖိတ်ခေါ်မှုကို ကြားသောအခါ စိတ်တိုသွား၏။ ရှီဖုန်းက ဘီတာစမ်းသပ်သူတစ်ယောက် ဖြစ်သောအကြောင့် သူတို့ထက် အနည်းငယ် စောပြီး သေဆုံးခြင်းသစ်တောအကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သော်လည်း အယောက် နှစ်ဆယ် မြေအောက်ဘုံကား ဂိမ်းကို တရားဝင် ထုတ်ပြီးမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်သည့်အချိန်ကပင် မရှိသည့် အရာကို ရှီဖုန်းက ဘယ်လိုလုပ် သိနိုင်မည်နည်း။ ထို့အပြင် ရှီဖုန်းက အစွမ်းထက်သည့် ကျွမ်းကျင်သူလည်း မဟုတ်သည့်အတွက် အဘယ်ကြောင့် ဖိတ်ခေါ်ရမည်နည်း။ သူ့ကို ဖိတ်ခေါ်လျှင် မြေအောက်ဘုံအတွက် နေရာတစ်နေရာစာ ဖြုန်းတီးရုံသာ ရှိပေလိမ့်မည်။
ရှီဖုန်းက စဉ်းစားလိုက်သည်။ အယောက် နှစ်ဆယ် မြေအောက်ဘုံမှ အိုင်တမ်ကောင်းများ အများအပြား ချပေး၏။ ဓားသမားအတွက် အိုင်တမ်ကောင်းများလည်း ထိုမြေအောက်ဘုံတွင် ရှိနေသည်။ ထိုနေရာမှ ရသည့် လက်နက်များ၏ စွမ်းရည်က အပြင်မှ တောကောင် ဘော့စ်မွန်းစတားများထံမှ ရရှိသည့် အိုင်တမ်များထက် အပြတ်အသတ် သာလွန်ပေသည်။ သို့သော်လည်း ရှီဖုန်းက အယောက် နှစ်ဆယ် အဖွဲ့ကို စုစည်းရန် မဖြစ်နိုင်သဖြင့် ဂျမ်းတဲလ်စနိုးတို့နှင့် ပူးပေါင်းလျှင်လည်း သူ့အတွက် အကျိုးမယုတ်နိုင်ပေ။
“ကောင်းပြီလေ… ဒါပေမဲ့ ငါ့အတွက် နေရာနည်းနည်းလောက် ချန်ထားပေး… ဓားသမားအတွက် အိုင်တမ်တွေနဲ့ ပန်းပဲဒီဇိုင်းတွေကို ငါယူမယ်… “ ရှီဖုန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ရှင် နည်းနည်းလောက် နှိမ့်ချပြီး ပြောလို့ မရဘူးလား… “
ကျောက်ယွဲ့ရူက ရှီဖုန်းကို နှုတ်ခမ်းဆူ၍ ပြောလိုက်သည်။ ရှီဖုန်းက အရမ်းတရားလွန်းသည်ဟု သူမ ထင်သည်။ ဂျမ်းတဲလ်စနိုးကသာ တခြားတစ်ယောက်ကို တောင်းဆိုလိုက်လျှင် အိုင်တမ်တောင်းဖို့ နေနေသာသာ ချက်ချင်း လက်ခံလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ရှီဖုန်းကတော့ အိုင်တမ်ကိုသာ ဦးစားပေး၍ တောင်းနေလေသည်။
ရှီဖုန်းက တခြားသူများနှင့် ဤမျှအထိ ကွဲပြားနေလိမ့်မည်ဟု ဂျမ်းတဲလ်စနိုး မထင်မိခဲ့ချေ။ သူ၏ စကားများက အပျော်အပြက် ပြောနေခြင်းမျိုး မဟုတ်ပေ။ သို့သော်လည်း သူက လိုချင်သည့်အရာကို ပြောရဲခြင်းက စိတ်ဝင်စားစရာ ကောင်းလှသည်။ သူမက ရှီဖုန်း၏ နောက်မှ အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်သည့်အခါ သူတို့က လူသစ်များ ဖြစ်ကြသော်လည်း လက်နက်များ၏ အရည်အသွေးက ကောင်းမွန်လှသည်။ ထို့ကြောင့် သူတို့က အယောက်နှစ်ဆယ် မြေအောက်ဘုံတွင် အသင့်အတင့်တော့ စွမ်းဆောင်နိုင်ပေလိမ့်မည်။
“ကောင်းပြီ… ဒါဆို တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေအဖြစ် Add လိုက်ရအောင်… အချိန်ကျရင် ဆက်သွယ်လိုက်မယ်… “
“ကောင်းပြီ… မြေအောက်ဘုံကို မဝင်ခင် နာရီအနည်းငယ်လောက် အလိုမှာ ငါ့ကို ကြိုပြီး ဆက်သွယ်လိုက်… ငါ အချိန်မီ ရောက်အောင် လာခဲ့မယ်… “ ရှီဖုန်းက ဂျမ်းတဲလ်စနိုး၏ Friend request ကို လက်ခံလိုက်ပြီး သူ၏အဖွဲ့ဝင်များနှင့်အတူ အမှောင်လတောင်ကြားသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။
အဖွဲ့က သေဆုံးခြင်းသစ်တော၏ မြေအောက်ဘုံအရှေ့မှ ဖြတ်သွားသည့်အခါ လုပ်ကြံသတ်ဖြတ်သူမဟာမိတ်၏ ဝေဒနာနှလုံးက ရှီဖုန်းကို ခေါ်လိုက်သည်… “အစ်ကိုရီဖုန်း… အစ်ကို့ကို တစ်ကယ် မယုံနိုင်ဘူးဗျာ… အစ်ကိုက နှင်းနတ်ဘုရားမလို မိန်းကလေးမျိုးကိုတောင် ပစ်ချနိုင်တာပဲ… အနာဂါတ်ကျရင် ကျွန်တော့်ကို မမေ့နဲ့နော်… “
ဝေဒနာနှလုံးသားက ရှီဖုန်းဆီသို့ လျှောက်သွားပြီး စနောက်လိုက်သည်။
“မဟုတ်ပါဘူးကွာ… ငါက မိန်းကလေးစနိုးနဲ့ တွေ့တယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုပါပဲ… “ ရှီဖုန်းက ပြုံးပြီး ပြန်ပြောလိုက်သည်။
“အစ်ကိုဖုန်းက အရမ်းနှိမ့်ချတာပဲ… အစ်ကို့အစွမ်းနဲ့ဆို နှင်းနတ်ဘုရားမရဲ့ သူငယ်ချင်း ဖြစ်လာဖို့ ထိုက်တန်ပါတယ်… ပြီးတော့ အစ်ကိုတို့ နှစ်ယောက်စလုံးက ကျွမ်းကျင်သူတွေပဲလေ… “
ရှီဖုန်းက ကိုယ့်ကိုယ်ကို အလွန်နှိမ့်ချတတ်သည်ဟု တွေးပြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရန် ထိုက်တန်ကြောင်း စိတ်ထဲ၌ တိတ်တဆိတ် ဝန်ခံလိုက်သည်။ ထို့အတူ သူက ရှီဖုန်းနှင့်လည်း ယခုထက်ပိုပြီး ခင်မင်သွားလိုတော့သည်။
“ကျွန်တော်တို့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့က မြေအောက်ဘုံကို ဝင်ဖို့ ပြင်နေတယ်… အစ်ကိုရီဖုန်း စိတ်ဝင်စားလား… မြေအောက်ဘုံက ရတဲ့ အိုင်တမ်တွေထဲက ကြိုက်တဲ့အိုင်တမ်ကို အစ်ကိုရီဖုန်း ယူနိုင်တယ်… “
“ညီလေးဝေဒနာနှလုံးသား…မင်းက တော်တော် ယဉ်ကျေးတာပဲ… ဒါပေမဲ့ ငါ လုပ်စရာတွေ ရှိသေးလို့ အနာဂါတ်မှာ နောက်ထပ် အခွင့်အရေးတွေ ရှိသေးရင် ငါ ကျိန်းသေ ပူးပေါင်းပေးပါ့မယ်… “ ရှီဖုန်းက ဝေဒနာနှလုံးသား၏ ကမ်းလှမ်းချက်ကို ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။
ဝေဒနာနှလုံးသား၏ အသံက အလွန်ကျယ်သဖြင့် သူတို့ပြောသည့်စကားများကို ကစားသမားများက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အစတွင် လူတိုင်းက ရှီဖုန်းသည် ငညံ့တစ်ယောက် ဖြစ်ပြီး ဂျမ်းတဲလ်စနိုး၏ ဖိတ်ခေါ်ခြင်းကို ခံရခြင်းက ကံကောင်းမှုတစ်ခုဟု ထင်ထားကြသည်။ သို့သော်လည်း ယခုတော့ လုပ်ကြံသတ်ဖြတ်သူမဟာမိတ်၏ ဝေဒနာနှလုံးသားကပင် ရှီဖုန်းနှင့် ခင်မင်ချင်နေသည်။ ဒါက မည်သို့ အခြေအနေ ဖြစ်သနည်း။
လုပ်ကြံသတ်ဖြတ်သူ မဟာမိတ်သည် အဖြူရောင်မြစ်မြို့တစ်လျှောက်တွင် အလွန်ကျော်ကြားသည့် အစည်းအရုံးကြီးတစ်ခု ဖြစ်သည်။ လက်ရွေးစင်အဖွဲ့ခွဲခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝေဒနာနှလုံးသားက သာမန်လူများနှင့် ဆက်ဆံလေ့ မရှိပေ။ သို့သော်လည်း သူက ရှီဖုန်းနှင့် ခင်မင်ခွင့် ရရန် ကြိုးစားနေခဲ့သည်။ ရှီဖုန်းကတော့ သူ၏တောင်းဆိုမှုကိုပင် ငြင်းပယ်ခဲ့လေသည်။
ယခုတော့ တစ်စုံတစ်ယောက်က ရှီဖုန်းကို ငညံ့တစ်ယောက်ဟု ပြောလျှင် မည်သူကမှ ယုံမှာ မဟုတ်တော့ပေ။
အားလုံးက ရှီဖုန်းသည် သာမန်ကစားသမားများ မသိသေးသည့် လျှို့ဝှက်ကျွမ်းကျင်သူတစ်ယောက်ဟု ထင်ကြေးပေးနေကြသည်။ မဟုတ်လျှင် နာမည်ကျော်ကြားသည့် ကစားသမားများက အဘယ်ကြောင့် ရှီဖုန်းနှင့်တွေ့ရန် တစ်ယောက်ပြီးတစ်ယောက် ကြိုးစားနေကြမည်နည်း။
“ခေါင်းဆောင်… ဝေဒနာနှလုံးသားက အဲ့လူသစ်နဲ့ ခင်ဖို့ တစ်ကယ်ကြီး ကြိုးစားနေတာပဲ… ကျွန်တော်တို့ အိမ်မက် မက်နေတာ မဟုတ်ပါဘူးနော်… “ စကားလုံးမဲ့နွေညက အလွန် အံ့ဩနေလေသည်။
ယခုအချိန်တွင် ညင်သာလှုပ်ရှားရဲ့ နှလုံးသားထဲတွင် ဝမ်းနည်းနေသည်။ ယခင်တုန်းက ရှီဖုန်းသည် လူသစ်တစ်ယောက် ဖြစ်သည်ဆိုသော ယုံကြည်ချက်ကို ဆုပ်ကိုင်ထားခဲ့သော်လည်း ဝေဒနာနှလုံးသားက သူ့ယုံကြည်ချက်ကို ရိုက်ချိုးပစ်လိုက်လေပြီ။ ရှီဖုန်းက လူသစ်တစ်ယောက် မဟုတ်ဘဲ အဖော်မဲ့နှင်းပြောခဲ့သလို ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလေသည်။ အဖော်မဲ့နှင်းက ရှီဖုန်း၏ အနောက်ကို လိုက်ခဲ့သည့်အတွက် သူ့အနာဂါတ်က အဆုံးမဲ့သည့် အခွင့်အလမ်းများနှင့် ပြည့်နေပေလိမ့်မည်။ တခြားတစ်ဖက်တွင် သူတို့ကတော့ ရှီဖုန်းကို တွန်းထုတ်ခဲ့သောကြောင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်းနှီးရမည့် အခွင့်အရေးကို ဆုံးရှုံးသွားရလေသည်။
“ခေါင်းဆောင်… ကျွန်တော်တို့ သွားပြီး မတောင်းပန်သင့်ဘူးလား… ကျွမ်းကျင်သူဆိုတာ သဘောထားကြီးတဲ့ ပုဂ္ဂိုလ်တွေပါ… သူက ကျွန်တော်တို့ကို ခွင့်လွှတ်ရင် ခွင့်လွှတ်နိုင်တယ်… “ အဆုံးသတ်တိုက်ပွဲက အကြံပေးလိုက်သည်။
စကားလုံးမဲ့နွေညက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရှီဖုန်းတို့အဖွဲ့က သေဆုံးခြင်းသစ်တောမှ ထွက်သွားတော့မည့်အချိန်တွင် ညင်သာလှုပ်ရှားနှင့် တခြားသူများက အပြေး ရောက်ရှိလာသည်။
“ကျွမ်းကျင်သူ အစ်ကိုကြီး… အရင်က ကျွန်တော်တို့ကြားမှာ အထင်လွဲစရာလေးတွေ ဖြစ်ခဲ့တာကြောင့် တောင်းပန်ချင်လို့ပါ… အစ်ကိုကြီးက ကျွန်တော်တို့ရဲ့ လျစ်လျူရှုမှုကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်… ကျွန်တော်တို့ရဲ့ စိတ်ရင်းအမှန်ကို ပြဖို့အတွက် ဒီမှာ ငွေပြားတစ်ပြားပါ… ကျွန်တော်တို့ကို အစ်ကိုကြီးက စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်… “
ညင်သာလှုပ်ရှားက တောင်းပန်နေသည့် တစ်ချိန်လုံးတွင် ပြုံးနေခဲ့သောကြောင့် ယခင်က ရှိခဲ့သည့် မာနတရားများက ယခုအချိန်တွင် လုံးဝ ပျောက်ကွယ်နေလေသည်။
စကားလုံးမဲ့နွေညနှင့် အဆုံးသတ်တိုက်ပွဲကလည်း ထပ်ကာထပ်ကာ တောင်းပန်ကြသည်။ သူတို့က ရှီဖုန်းနှင့်အတူ မွန်းစတားများအား အတူ သတ်ဖြတ်လိုကြသည်။
“မင်းတို့မှာ တခြားပြောစရာ မရှိရင် သွားကြတော့… ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်… အဲ့တာကြောင့် မင်းတို့နဲ့ အချိန်ဖြုန်း မနေနိုင်ဘူး… “
ရှီဖုန်းက ပြောပြီးသည်နှင့် လှည့်၍ ထွက်လာခဲ့သည်။ သူက ညင်သာလှုပ်ရှားနှင့် တခြားသူများ၏ အပြုအမူကို စိတ်ထဲ မထားသော်လည်း သူတို့ကိုတော့ ခေါ်သွားပြီး ကူညီပေးဖို့ကတော့ မလုပ်ပေးနိုင်ပေ။
အဖော်မဲ့နှင်းကတော့ ညင်သာလှုပ်ရှားနှင့် တခြားသူများကို ကြည့်ပြီး ခေါင်းကိုသာ ခါယမ်းလိုက်သည်။ သူတို့သာ ဤကဲ့သို့ အဆုံးသတ်မည်မှန်း ကြိုသိခဲ့လျှင် ရှီဖုန်းကို လျစ်လျူရှုခဲ့လိမ့်မည် မဟုတ်ပေ။
အဖော်မဲ့နှင်းက ရှီဖုန်းနှင့်အတူ ထွက်သွားသည်ကို ကြည့်ပြီး စကားလုံးမဲ့နွေညက နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်သည်… “ဟမ့်… ဘာများ အထင်ကြီးစရာ ရှိလို့လဲ… အနာဂါတ်မှာ ငါလည်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်တာပဲ… “
သို့သော်လည်း ညင်သာလှုပ်ရှားတစ်ယောက်သာ အဖော်မဲ့နှင်းက အနာဂါတ်တွင် အောင်မြင်မည့်လူတစ်ယောက် ဖြစ်သွားလိမ့်မည်ဆိုတာကို သိလေသည်။ သူက သူတို့နှင့် ကမ္ဘာခြားသွားလေပြီ။