အပိုင်း ၁၇၀
မြို့အရှင် ဒေါသူပုန်ထခြင်း (၁)
ဈေးတင်လွန်းလှသည်… ဤအရာသည် သေချာပေါက် အဆိုးဝါးဆုံး ဈေးတင်ခြင်းပင်ဖြစ်၏… ချက်ချင်းပင် လူငယ်လေးဖုန်း ပေါက်ကွဲ သွားတော့သည်။ ဝိညာဉ်အဆင့် အတွင်း၌ပင် မရှိသည့် လူရိုင်းတစ်ယောက်က သူ့ရှေ့၌ ဤကဲ့သို့ ပြောဆိုရဲသည်တဲ့လား… သူသည် သူ့သေတွင်းကိုသူ တူးနေခြင်းပင်။
သို့သော် လူငယ်လေးဖုန်းမှ မလှုပ်ရှားရဲပေ။ သူ ဝမ်ရှန်းအား တိုက်ခိုက်ရန် စလှုပ်ရှား လိုက်သည့် အချိန်မှာပင် ဧည့်ခန်း ဘေးပတ်ပတ်လည်ရှိ ဒါဇင်နှင့်ချီသည့် ဝိညာဉ်သခင်များ၏ အော်ရာများ သူ့ပေါ်သို့ ကျရောက် လာခဲ့တော့၏။ ထို့ကြောင့် သူသည် ရုတ်ခြည်းပင် ရပ်တန့်လိုက်ရသည်။
ထိုအချိန်မှသာ လူငယ်လေးဖုန်းသည် ယခု သူက ဝူရုံမြို့ရှိ မြို့အရှင် စံအိမ်၏ ဧည့်ခန်းအတွင်း၌ ရှိနေကြောင်း အမှတ်ရ သွားခဲ့သည်။ ဤနေရာသည် ဝူရုံမြို့၏ မြို့အတွင်းပိုင်းဖြစ်ပြီး သူသာ ဤနေရာ၌ ဝမ်ရှန်းအား သတ်ရဲသည်ဆိုလျှင် သူသည်လည်း ဤဧည့်ခန်း အတွင်းမှ ဘယ်တော့မှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်ပေ။
ဒေါသကို အပြင်းအထန် မျိုသိပ်ဖိနှိပ်ကာ လူငယ်လေး ဖုန်းသည် အိမ်တော်ထိန်းဘက် လှည့်ကာ အံကြိတ်၍ မေးလိုက်၏။
“မြို့အရှင်က ဘာမှ ဝင်မပြောတော့ဘူးလား”
အိမ်တော်ထိန်းမှ ဘာမှ မပြောနိုင်ခင်မှာပင် ဝမ်ရှန်းသည် ရုတ်တရက် အိမ်တော်ထိန်း ရှေ့သို့ အပြေးအလွှား သွားကာ ပြောလိုက်၏။
“အိမ်တော်ထိန်းအရှင်၊ ခင်ဗျား ခုနတုန်းကလည်း ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ဘူးနော်”
ဝမ်ရှန်း ထိုကဲ့သို့ ပြောလိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် အိမ်တော်ထိန်းမှ ဝင်ပြောရန် မဖြစ်နိုင်တော့ပေ။ အစောပိုင်းတွင် လူငယ်လေးဖုန်းသည် ရောက်လာသည်နှင့် ဝမ်ရှန်းအား ဖိနှိပ်ချင်ခဲ့သည်၊ ဒါ့ပြင် သူသည် ဝမ်ရှန်း သူ့အား မြေပုံကို လက်လွဲပေးရန် အရင်ရန်စကား စပြောခဲ့၏။ ထိုအရာသည် သက်သက်မဲ့ ဈေးနှိမ်ခြင်းပင် ဖြစ်သည်။ ထိုအခိုက်အတန့်မှာပင် အိမ်တော်ထိန်း ဘာမှ မပြောခဲ့သည့်အတွက် ယခုအချိန်တွင်လည်း သူ ဝမ်ရှန်းအား ဘာမှပြော၍ မရချေ။
“ငါ့ကိုလာကြည့်မနေနဲ့”
အိမ်တော်ထိန်းအား စကားပေါက် ပိတ်လိုက်သည်ကို လူငယ်လေးဖုန်းမှ သူ့အား မကျေမနပ် လာကြည့်သည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်းမှ တဲ့တိုးပင် ပြောလိုက်သည်။
“ဈေးက အရင်ကတည်းက နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ ဈေးပဲ။ မင်းက အခုမှ ချက်ချင်းကြီး စိတ်ထပြောင်း လိုက်တာပဲ၊ အဲ့ဒါကြောင့် ငါလည်း ဈေးထပ် တက်ရမှာပဲ။ ငါ့ကို လာပြီး အပြစ်မတင်နဲ့”
ထို့နောက် အဘိုးဝမ်ဘက်သို့ လှည့်ကာ ဝမ်ရှန်းသည် ရည်မွန်သည့် အပြုံးဖြင့် “အဘိုးဝမ်၊ ဒီပစ္စည်း လဲလှယ်တာကို ကျွန်တော်တို့ ဒီနေ့ ဆက်လုပ်သင့်တယ်လို့ အဘိုးထင်လား။ ဒါမှမဟုတ် ကျွန်တော်တို့ ပြန်သွားပြီး ပြန်စဉ်းစားကြမလား”
အဘိုးဝမ်သည်လည်း ခါးသီးစွာ ပြုံးကာ လူငယ်လေးဖုန်းဘက် လှည့်ကြည့် လိုက်သည်။ ယခုအချိန်တွင် သူ သူ၏အဆင့်အတန်းကို အသုံးချ၍ မရကြောင်း လူငယ်လေးဖုန်း သိပေသည်။ ထို့ကြောင့် သူသည် ဝမ်ရှန်းအား ဒေါသတကြီးသာ စိုက်ကြည့်ကာသာ အံကြိတ်၍ ခေါင်းညိတ် ပြလိုက်သည်။
လူငယ်လေးဖုန်း ခေါင်းညိတ် လိုက်သည်ကို မြင်လိုက်ရသောအခါ အဘိုးဝမ်သည် ဘာမှမတတ်နိုင်ဟန်ဖြင့် ခေါင်းသာ ခါယမ်းလိုက်ကာ နောက်ထပ် ကျောက်စိမ်း သေတ္တာတစ်ခုကို ထုတ်ယူ လာလိုက်၏။ ထို့နောက် သေတ္တာနှစ်ခုကို ဝမ်ရှန်းဘက်သို့ ကမ်းပေးလိုက်သည်။
“ကံကောင်းခြင်း ဆေးပြားနှစ်ပြားကို ကြိုပြင်ထားတာလား”
ဝမ်ရှန်းမှ နောက်တစ်ကြိမ ရယ်မောကာ ပြောလိုက်သည်။
“ခင်ဗျားတို့က သခင်လေးလျှို မိသားစုကများလား။ အဲ့ဒါကြောင့် ကျွန်တော် ပြောခဲ့တာကို သိနေပြီး နှစ်ခုကြိုပြင် ထားတာလား”
ဝမ်ရှန်းမှ အိမ်တော်ထိန်းအား နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ယခုအချိန်တွင် အိမ်တော်ထိန်းသည် သူ၏စိတ်ထဲ၌ ခါးသီးစွာ ပြုံးနေပြီဖြစ်၏။ ဝမ်ရှန်းဘက်မှ အဆင်ပြေသော်လည်း လျှို့ဝှက်မိသားစုဟုခေါ်သည့် ဤလူများသည် အဘယ်ကြောင့် အမြဲတမ်း ဤကဲ့သို့ လူတတ်ကြီး လုပ်ကြသနည်း… နောက်ဆုံးတွင် သူသည်သာ ဝမ်ရှန်းရှေ့၌ လူဆိုးကြီးများ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား…
“မဟုတ်ဘူး။ သူတို့က လျှိုမိသားစုက မဟုတ်ဘူး…”
ဝမ်ရှန်း ဆိုလိုချင်သည်မှာ ရှင်းပေသည်။ သူတို့နှစ်ယောက်က လျှိုမိသားစုမှ ဟုတ်မဟုတ်ကို အိမ်တော်ထိန်းအား ဖြေရှင်းချက် တောင်းခြင်းပင်ဖြစ်၏။ ကံကောင်းသည်က ဤလူနှစ်ယောက်သည် ဂိုဏ်းတစ်ခုမှဖြစ်ကာ လျှိုမိသားစုမှ မဟုတ်နေပေ။
ဝမ်ရှန်း၏ စကားကို ကြားလိုက်ရသောအခါ ထိုနှစ်ယောက်လည်း တကယ်ကို ပြောစရာစကားများ ဆွံ့အသွားခဲ့၏။ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားအကြောင်း သတင်းအတွက် ရွှေဒင်္ဂါး သိန်းနှင့်ချီ ဆုကြေး ကမ်းလှမ်းထားသည်။ သို့သော် ယခုအချိန်တွင် သူတို့နှစ်ယောက် ကိုယ်တိုင် ဝမ်ရှန်းအား ဆေးပြား ယူလာပေးခဲ့ပြီဖြစ်၏။
အိမ်တော်ထိန်း၏ ဖြေကြားချက်ကို ကြားပြီးနောက် ဝမ်ရှန်းသည် အဘိုးဝမ် အနားသို့သွားကာ အဘိုးအိုဝမ်အား တိရစ္ဆာန် သားရေလိပ်တစ်ခု ကမ်းပေးလိုက်သည်။ ထိုသားရေလိပ်သည် သူ အထီးကျန် ဝံပုလွေ၏ အသိုက်မှ ရရှိခဲ့သည့် မြေပုံပင်ဖြစ်သည်။
အဘိုးဝမ်ဘက်သို့ လှည့်နေသည့် သားရေလိပ်ဘက်တွင် ထင်ရှားသည့် အမှတ်အသား တံဆိပ်တစ်ခုရှိနေကာ ထိုတံဆိပ်သည် ကျောက်စိမ်းဆွဲပြားပေါ်မှ တံဆိပ်နှင့် တစ်ထပ်တည်း အတူတူပင်ဖြစ်၏။ ဘေးဘက်တွင်လည်း နောက်ထပ် သေးငယ်သည့် တံဆိပ်တစ်ခု ရှိနေသေးပေသည်။ ထိုတံဆိပ်နှစ်ခုအား မြင်လိုက်ရသောအခါ အဘိုးဝမ်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့ကာ သူ၏ အသက်ရှူနှုန်းသည်လည်း မြန်ဆန်လာခဲ့တော့၏။
ဝမ်ရှန်းမှ ကျောက်စိမ်းသေတ္တာ နှစ်ခုအား ယူလိုက်သည့် အချိန်တွင် အဘိုးဝမ်သည်လည်း ဝမ်ရှန်း၏ လက်တွင်းမှ သားရေလိပ်ကို ယူလိုက်သည်။
သားရေလိပ် လက်တွင်းသို့ ရောက်လာသည်နှင့် အဘိုးဝမ်မှ စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ဖြေကြည့် လိုက်တော့၏။ အထဲ၌ ရေးဆွဲထားသည့် မှင်စုတ်ချက်များအား မြင်လိုက် ရပြီးသောအခါ သူသည် ထိုမှင်စုတ်ချက်များကို လက်ဖြင့် အသေအချာ ပွတ်သပ် ကြည့်လိုက်သည်။ ယခုအချိန်တွင် သူသည် စိတ်လှုပ်ရှားလွန်း၏ သူ၏နှလုံးက ဗိုက်ထဲသို့ပင် ဝင်လုနီးပါး ဖြစ်နေပြီဖြစ်၏။ ဟုတ်ပါသည်၊ ဤစုတ်ချက်များသည် သူတို့၏စီနီယာမှ သူ၏ကိုယ်ပိုင် နည်းဟန်ကို အသုံးပြုကာ ရေးဆွဲထားသည့် စုတ်ချက်များပင်။
အဘိုးဝမ်မှ စိတ်လှုပ်ရှား နေသော်လည်း အမှန်တကယ်မှာမူ ဝမ်ရှန်းသည် အဘိုးဝမ်ထက်ပင် များစွာ ပို၍စိတ်လှုပ်ရှား နေလေသည်။ ဆေးပြား သူ၏ လက်တွင်းသို့ ရောက်ရှိ လာသည်နှင့် သူ၏ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ်သည် ရှစ်ခုအဖြစ်မှ တစ်ခုတည်း အဖြစ်သို့ ချက်ချင်း ပေါင်းစည်း သွားခဲ့သည်။ သူသည် ဝမ်ရှန်းအား သူ ယခင်က တစ်ခေါက်မှ မခံစားဖူးခဲ့သည့် အလွန်ပြင်းပြသော စိတ်ခံစားချက်များကို ခံစားလိုက်ရစေ၏။
တိုက်ပွဲဝိညာဉ် သာမက ချီဝမ်နဂါးများသည်ပင် တစ်ကောင်ပြီးတစ်ကောင် ဆန္ဒ အလွန် ပြင်းပြလာခဲ့ကြသည်။ သူတို့သည် သူတို့ စားသောက်ခဲ့ရသည့် အရသာရှိသော အစားအစာများ အားလုံးထက် ဤဆေးပြားများကသာ အမှန်တကယ် အရသာရှိသည့် အစားအစာ ဖြစ်ကြောင်း သိနေသကဲ့သို့ပင်။
ဤအခြင်းအရာများသည် ဆေးပြားများက အစစ်ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။ အမှန်အားဖြင့် သူတို့က မြို့အရှင်စံအိမ် အတွင်း၌ ပစ္စည်းလဲလှယ်ခြင်း ဖြစ်သည့် အတွက်ကြောင့် ဝူရုံမြို့တစ်မြို့လုံးက မျက်မြင်သက်သေ ဖြစ်သည်ဟု သတ်မှတ်၍ ရပေသည်။ ထို့ကြောင့် ပစ္စည်းက အစစ်လား၊ အတုလား ဆိုတာကို နှစ်ဖက်လုံးမှ စိတ်ရှုပ်ထွေး တွေဝေနေစရာ မလိုပေ။ တစ်ဖက်ဖက်မှ လှည့်စားရန် ကြံစည်ပါက ထိုလှည့်စားသည့်ဘက်သည် ကံကြမ္မာဆိုးနှင့် တွေ့ကြုံရမည်ပင်။
ဝမ်ရှန်းသည် ပြင်းပြသည့် စိတ်ခွန်အားဖြင့် တိုက်ပွဲဝိညာဉ်၏ စိတ်ဆန္ဒနှင့် ချီဝမ်နဂါးများ၏ တက်ကြွနေမှုကို ဖိနှိပ်ကာ အတတ်နိုင်ဆုံး တည်ငြိမ်သည့်ပုံစံ ဖမ်းလိုက်သည်။ ထို့နောက် မြို့အရှင်စံအိမ်မှ ထွက်ကာ သူ့အိမ်သို့ ပြန်သွားလိုက်တော့သည်။
ကိစ္စရပ်များကို ပြန်တွေးတော ကြည့်လိုက်သည့် အချိန်တွင် ဝမ်ရှန်းသည် သူ့ကိုယ်သူပင် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့၏။ ရွှေဒင်္ဂါး သိန်းနှင့်ချီ ဆုကြေး ထုတ်ထားတာတောင် မည်သည့်သတင်းမှ မကြားခဲ့ရသည့် ကံကောင်းခြင်း ဆေးပြားသည် ပြဇာတ်ဆန်သည့် နည်းလမ်းဖြင့် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
ထို့ပြင် တစ်ကြိမ်တည်းဖြင့် နှစ်ပြားပင် ရရှိခဲ့ခြင်းဖြစ်၏။ တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလွန်း လှပေသည်။
ကံကောင်းခြင်းဆေးပြား ထွက်ပေါ်လာသည့် အချိန်မှာပင် တိုက်ဆိုင်စွာဖြင့် သူသည် ချီဝမ်နဂါးများ အားလုံးနီးပါးကို အဆင့်မြင့်တင်ခဲ့ပြီး ဖြစ်သည်။ မကြာမီတွင် သူသည် အကြီးဆုံး တောင်အား အပြည့်အဝ ဝါးမျိုနိုင်ကာ အစားအသောက် ပြောင်းလဲခြင်းကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်တော့မည်ဖြစ်၏။ ဤကဲ့သို့ တိုက်ဆိုင်မှုများကြောင့် ဝမ်ရှန်းသည် သူ့ကိုယ်သူ ကံမည်မျှပင် ကောင်းသည်ကို မှန်းဆ၍ မသိနိုင်တော့ပေ။
အိမ်ပြန်ရောက်သည့် အချိန်တွင် ဝမ်ရှန်းသည် စားဖိုမှူးများနှင့် အစေခံများကို ဒီနေ့နှင့် မနက်ဖြန်၌ သူ့အား မနှောင့်ယှက်ရန် ပြောကာ ခြံဝန်းအတွင်းပိုင်း၏ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ကျန်သည့် ချီဝမ်နဂါးများကို ဆက်လက် အဆင့်မြှင့်တင် လိုက်၏။
ထို့နေ့ညမှာပင် နောက်ဆုံးကျန်သည့် ချီဝမ်နဂါးတို့သည် ဝမ်ရှန်း ပုံဖော်ထားသော အရသာရှိသည့် ဟင်းလျာအား စားသောက်လျက် အဆင့်မြင့်တက် သွားခဲ့လေသည်။ ယခုတွင် ချီဝမ်နဂါး ၁၀၂၄ ကောင်အား အဆင့်မြှင့်တင်ခြင်း ပြီးစီးအောင်မြင် သွားခဲ့လေပြီ။
ဒုန်း….
ထိုအခိုက်အတန့်တွင် နောက်ဆုံး ချီဝမ်နဂါး အဆင့်မြှင့်တက် သွားခဲ့သည်နှင့် ဝမ်ရှန်း၏ မူလဝိညာဉ်နယ်မြေ တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ချီဝမ်နဂါးများ အားလုံးသည် ယခင်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုအားကောင်း သွားခဲ့ကြသည်။
သူ၏ဝိညာဉ်နယ်မြေ တုန်ခါမှုသည် ဝိညာဉ်နယ်ပယ် အတွင်း၌သာမက ပြင်ပကမ္ဘာထိပါ သက်ရောက်မှု ရှိခဲ့လေ၏။ အတွင်းခြံဝန်း အတွင်းတွင် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ကာ ဝမ်ရှန်းခြံဝန်း၏ ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်သခင်များအား ဆွဲဆောင် သွားခဲ့သည်။ ကံကောင်းသည်က ထိုအသံတစ်သံသာ ထွက်ပေါ်လာခဲ့ကာ ပေါက်ကွဲမှုများ မဖြစ်ပေါ်ခဲ့ခြင်းပင်။ မဟုတ်ပါက ထိုနေရာသို့ လူများ ချက်ချင်း ရောက်ရှိလာမည် ဖြစ်၏။
ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည် ကံကောင်းခြင်း ဆေးပြားအကြောင်း သိကြပေသည်။ ထို့ပြင် ဝမ်ရှန်းက ကံကောင်းခြင်း ဆေးပြားကို သောက်သုံးတော့မည် ဆိုတာကိုလည်း သူတို့သိ၏။
ထို့ကြောင့် ထိုပေါက်ကွဲသံ ထွက်ပေါ်လာသည့် အချိန်တွင် သူတို့နှစ်ယောက်လုံး ရုတ်တရက် ထိတ်လန့် သွားကြပြီးနောက် အံ့အားသင့် သွားခဲ့ကြသည်။ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားအား သောက်သုံးရန် မစောင့်နိုင်တော့ဘဲ ချက်ချင်း သောက်လိုက်ခြင်းများလား…
ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည် ကံကောင်းခြင်း ဆေးပြားကို မမြင်ဖူးကြ သော်လည်း ထိုဆေးပြား၏ အာနိသင်ကို ဝမ်ရှန်းထက် အဆပေါင်းတစ်ရာ ပိုသိပေသည်။ ထိုဆေးပြားသည် သာမန်လူ တစ်ယောက် သို့မဟုတ် ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက်မှ သောက်သုံးနိုင်သည့် ဆေးပြားမျိုး မဟုတ်ပေ။ ဆေးပြားသောက်သုံးရာ၌ ၁၀၀ ရာခိုင်နှုန်း အပြည့် ဘေးကင်းချင်လျှင် ကံကောင်းခြင်း ဆေးပြား၏ ပြင်းထန်သော ဆေးရှိန်ကို တောင့်ခံနိုင်ရန် အတွက် အနည်းဆုံး ဝိညာဉ်အဆင့် ပဥ္စမအဆင့်၌ ရှိရပေမည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် ပထမအဆင့်၌သာ ရှိသေးကာ ဆေးအားသောက်ပြီလား… သူ သေသွားပြီများလား…
ကံကောင်းသည်က ထိုကျယ်လောင်သည့် အသံတစ်သံသာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဝမ်ရှန်း၏ခြံဝန်း အတွင်း၌ ပြန်လည် တိတ်ဆိတ် သွားခဲ့သည်။ ထို့ကြောင့် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည် သူတို့၏ခြံဝန်း အတွင်းမှနေ၍ ဝမ်ရှန်း၏ ခြံဘက်သို့ စိုက်ကြည့်နေပြီး တစ်စုံတစ်ရာ လှုပ်ရှားမှု မပြုကြသေးပေ။
ထိုအချိန်တွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားနှစ်ပြားအား ကိုင်ထားကာ သူ၏အသက်ရှူသံက တည်ငြိမ်နေခဲ့၏။ ဝမ်ရှန်းသည် သူ၏စိတ်လှုပ်ရှားမှုကြောင့် ယခုလေးတင် ဖြစ်ပေါ်ခဲ့သည့် ကျယ်လောင်သည့် ပေါက်ကွဲသံက သူ့အတွက် အံ့သြစရာ မဟုတ်သကဲ့ပင်ဖြစ်၏။ ဝမ်ရှန်းသည် ယခုအချိန်တွင် သူ ကံကောင်းခြင်း ဆေးပြားကို မသောက်သေးသ၍ အရာအားလုံး အဆင်ပြေနေမည် ဖြစ်ကြောင်းကို သူသိပေသည်။
***