အပိုင်း ၁၆၉
ဒီမှာကံကောင်းခြင်း ဆေးပြားရှိတယ် (၂)
စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် လူတစ်ယောက်အနေဖြင့် သန့်စင်ပြီးဆား၏ ရောင်းအားကောင်းပုံကို မြင်လိုက်ရသည်နှင့် အချိန်တိုအတွင်း ရတနာစံအိမ်က ဆားစီးပွားရေး ဈေးကွက်အား လွှမ်းမိုးသွားလိမ့်မည်ကို တွက်ဆ ကြည့်နိုင်ပေသည်။
ဤသန့်စင်သောဆား၏ နောက်ကွယ်မှ မူလဇာစ်မြစ်သည် ဝမ်ရှန်းဖြစ်ကြောင်း လူအချို့မှ လွဲ၍ အခြားမည်သူမှ မသိပေ။
လူများသည် သန့်စင်သောဆား ဘက်ကိုသာ အာရုံရောက် နေကြသောကြောင့် ဝမ်ရှန်းသည် နောက်ထပ် အချိန်တစ်ခု ကြာသည့်တိုင် အလွန်အေးချမ်းကာ အနှောင့်အယှက်ကင်းကင်း နေနိုင်ခဲ့တော့သည်။
ဤကဲ့သို့ အေးချမ်းသာယာနေသည့် အချိန်၊ ရက်ပေါင်း ၂၀ မြောက်တွင် ဝမ်ရှန်းသည် နောက်ဆုံး၌ သူ၏ အကောင်တစ်ထောင်မြောက် ချီဝမ်နဂါးကို အောင်မြင်စွာ အဆင့်မြင့်တင် နိုင်ခဲ့၏။ ထို့ကြောင့် ၂၄ ကောင်သာ ကျန်ပြီး မကြာမီ ဒုတိယအဆင့်ကို အောင်မြင်စွာ တက်လှမ်း နိုင်တော့မည် ဖြစ်သည်။
ယခုအချိန်တွင် အဆင့်မြင့်တင်ပြီးသား ချီဝမ်နဂါး တစ်ထောင်ဖြင့် ကြီးမားသည့် တောင်ကို ဝါးမျိုပါက မည်သည့် ပြဿနာမှ မရှိတော့ပေ။ သို့သော် ဝမ်ရှန်းသည် ဤကဲ့သို့သော အပြုအမူမျိုး လုပ်မည် မဟုတ်ပေ။ သူ၏ကျင့်စဉ် တိုးတက်မှုနှုန်းက နှောင့်နှေးလျှင်ပင် ဝမ်ရှန်းသည် ချီဝမ်နဂါး ၁၀၂၄ ကောင်လုံး အဆင့်မြှင့်တင်ပြီးမှ တောင်အား ဝါးမျိုမည်ဖြစ်၏။
မည်သို့ပင်ဆိုစေ နောက်ဆုံးတွင် ချီဝမ်နဂါးများ အားလုံးကို ပြန်လည် ပေါင်းစည်းရမည် ဖြစ်သည်။ ထိုအချိန်တွင် အဆင့်မတူသည့် အကောင်များ ဒါဇင်နှင့်ချီ ရှိနေပါက ပြဿနာ အကြီးကြီး တက်သွားနိုင်ပေသည်။ ထို့ကြောင့် တစ်ကြိမ်တည်းဖြင့် အားလုံးကို ပြီးမြောက်အောင် အဆင့်မြင့်တင်ခြင်းက ပိုကောင်းပေသည်။
ဝမ်ရှန်းမှ ဆက်ပြီး အဆင့်မြင့်တင်ရာ ၁၅ ကောင်မြောက်ကို အဆင့်မြင့်တင်ပြီး ၉ ကောင်သာ ကျန်တော့သည့် အချိန်တွင် သူ၏ခြံဝန်းရှေ့သို့ အိမ်တော်ထိန်း ရုတ်တရက် ရောက်ချလာခဲ့သည်။
“ကံကောင်းခြင်း ဆေးပြား ပေါ်လာပြီဟေ့…”
ဝမ်ရှန်းသည် သူ၏အိမ်တံခါးကို မပိတ်ထားပေ။ ထို့ကြောင့် အိမ်တော်ထိန်းသည် ခြံဝန်းအတွင်းသို့ ဝင်သည်နှင့် ပုခက်ကုလားထိုင်ပေါ်၌ ထိုင်နေသည့် ဝမ်ရှန်းအား မြင်ကာ သတင်းကောင်းကို ဦးဆုံး ပြောပြလိုက်သည်။
ထိုသတင်း ကြားလိုက် ရသောအခါ ဝမ်ရှန်းသည်လည်း ပြုံးလိုက်သည်။ ဤသတင်းသည် အမှန်တကယ်ကို သတင်းကောင်း တစ်ခုပင်ဖြစ်၏။
ပြောရမည်ဆိုလျှင် ယခု ရက်ပိုင်းအတွင် အိမ်တော်ထိန်းသည် သူ့စိတ်ထဲ၌ မတရားဘူးဟု ခံစားနေရခြင်း ဖြစ်သည်။ သူသည် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းဖြစ်ကာ ဝူရုံမြို့ အတွင်းတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် လူတစ်ယောက်လည်း ဖြစ်သည်။ သို့သော် ဝမ်ရှန်းအား မြင်လိုက်ရသည့် အချိန်တွင် သူ တကယ်ကို မနာလို အားကျသွား၏။
ယခုရက်ပိုင်းတွင် ဝမ်ရှန်းသည် အတော်ကို သက်သောင့်သက်သာ နေနေရခြင်းဖြစ်၏… သူသည် သူ့ခြံဘေး ပတ်ပတ်လည်မှ ဝိညာဉ်သခင်များက သူ့အား အချိန်ပြည့် စောင့်ကြပ် ပေးနေသောကြောင့် အိမ်တံခါးပင် ပိတ်စရာ မလိုပေ။
ဒါ့ပြင် ဝမ်ရှန်းမှ ကံကောင်းခြင်းဆေးပြား လိုအပ်နေသည့် အချိန်တွင် လူတစ်ယောက် ရောက်လာကာ ထိုဆေးပြားက မည်သည့်နေရာ၌ ရှိကြောင်း သူ့ဘာသာသူ အစပျိုး ပြောပြသွားခဲ့သည်။ ဤအရာများသည် မနာလို အားကျစရာပင်။
ကံကောင်းခြင်းဆေးပြား…
ထိုဆေးပြားသည် မည်သူမဆို မြင်ခွင့်ရှိသည့် ဆေးပြားလား… သေချာပေါက် မဟုတ်ပါ။ ဆေးပြားသောက်ခွင့်ရရန် မဆိုထားနှင့် လျှို့ဝှက် မိသားစုများ၏ သားသမီးများ အားလုံးသည်ပင် ထိုဆေးပြားကို မမြင်ဖူးကြချေ။ သို့သော် ယခုအချိန်တွင် ထိုလူများသည် ဆေးပြားကို ဝမ်ရှန်းအား စတင် ကမ်းလှမ်းလာခဲ့၏။
ထိုကိစ္စတွင် ဝမ်ရှန်း ဘာလုပ်ခဲ့ရသနည်း…
အမှန်အားဖြင့် သူသည် အခြားသူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရသည့် အချိန်တွင် ပစ္စည်းတချို့ကို ကောက်ယူခဲ့ရုံပင်။ ဤသည်မှာ အဓိပ္ပာယ်ရှိပါသလား… အချို့လူများသည် အမှန်တကယ်ကို ယှဉ်၍မရသည့် လူများဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သူတို့နှင့် သွားနှိုင်းယှဉ်မည် ဆိုလျှင် ကိုယ့်ဘဝကိုသာ စိတ်ရှုပ်ထွေး သွားရမည်ဖြစ်၏။
ထိုအချက်များထဲတွင် ကြေးစားခန်းမ အတွင်း၌လည်း ဝမ်ရှန်း ရွှေဒင်္ဂါး သိန်းနှင့်ချီ ရှိနေသေးကြောင်းကို ထည့်ပြောစရာပင် မလိုတော့ပေ။ အစပိုင်းတွင် ထိုရွှေဒင်္ဂါးများသည် ကံကောင်းခြင်းဆေးပြား သတင်းများ ဝယ်ယူရန်အတွက် သုံးမည့် ရွှေဒင်္ဂါးများဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကံကောင်းခြင်း ဆေးပြားက ဝမ်ရှန်းထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီ ဖြစ်၏။ ကြေးစားခန်းမတွင် ထိုအလုပ်ကို ကြော်ငြာထားစရာ မလိုတော့ပေ။ ထို့ကြောင့် ရွှေဒင်္ဂါးများကို ဝမ်ရှန်း၏အိမ်သို့ ပြန်ပို့သည့် အချိန်တွင် ၎င်းတို့ဒင်္ဂါးများဖြင့် အခန်းတစ်ခုလုံး ပြည့်လုနီးနီး ဖြစ်သွားရသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
ဝမ်ရှန်းသည် အခါတိုင်းကဲ့သို့ပင် ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
ထို့နောက် အိမ်တော်ထိန်းမှ အခြေအနေအား ရှင်းပြပြီး နောက်တွင် ဝမ်ရှန်းသည် မြို့အရှင်စံအိမ်ထံသို့ အိမ်တော်ထိန်းနောက်မှ လိုက်သွားလိုက်၏။
ပစ္စည်းလဲလှယ်မည့် နေရာသည် မြို့အရှင်စံအိမ်၌ ဖြစ်သည်။ ဤအရာမှာ နှစ်ဖက်လုံးသည် မြို့အရှင်အား ဦးစီးဦးဆောင်အဖြစ် အသိအမှတ် ပြုသည်ဟု သတ်မှတ်၍ ရပေသည်။ ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်းအား ပြန်ပေးဆွဲခြင်း ကဲ့သို့သော ကိစ္စမျိုးလည်း ရှိလာမည် မဟုတ်ပေ။
ကံကောင်းခြင်း ဆေးပြားအား လာရောက် လဲလှယ်သည့် လူမှာ နှစ်ယောက်ဖြစ်၏။ တစ်ယောက်သည် အဘိုးအိုအရွယ် လူကြီးတစ်ယောက်ဖြစ်ကာ အခြားတစ်ယောက်သည် လူငယ်အရွယ် ကောင်လေး တစ်ယောက်ဖြစ်သည်။
အဘိုးအိုသည် ရုပ်ရည်ပြေပစ်ကာ ရင့်ကျက် တည်ငြိမ်သည့်ဟန်ရှိ၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူက အဆင့်မြင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ကြောင်း သိသာပေသည်။ လူငယ် ကောင်လေးကမူ ထိုအဘိုးအိုနှင့် လုံးဝ ပြောင်းပြန်ဖြစ်သည်။ သူ၏မျက်နှာထက်တွင် မောက်မာမှုများ အထင်းသား ထွက်ပေါ်နေကာ သိပ်ပြီး အစီးတည့်ဟန် မပေါ်ချေ။ သူသည် အတွေ့အကြုံရရန် အတွက် ထိုအဘိုးအိုနှင့် လိုက်လာခဲ့ခြင်းလား သို့မဟုတ် အခြားရည်ရွယ်ချက် တစ်ခုအတွက် လိုက်လာခြင်းလား ဆိုတာကိုတော့ ဝမ်ရှန်းမသိပေ။
သူတို့သည် မြို့အရှင်စံအိမ် အတွင်းရှိ ကြီးမားသည့် ဧည့်ခန်းတစ်ခု၌ ပစ္စည်းလဲကြမည် ဖြစ်သည်။ သို့သော် မျက်မြင် သက်သေကို သူတို့နှစ်ဖက်လုံးမှ အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည့် အတွက်ကြောင့် မြို့အရှင်သည် ထိုနေရာသို့ မထွက်လာခဲ့ပေ။ ခြံဝန်း နောက်ဖေး၌သာ အနားယူနေခဲ့၏။ မြို့အရှင်စံအိမ် အတွင်းတွင် လှည့်ကွက်များ ပြုလုပ်ရဲသည့် လူသည် ဝူရုံမြို့တစ်ခုလုံး အတွင်းရှိ ကြေးစား ငါးသိန်းကျော်ကို ဆန့်ကျင်လိုက်ခြင်းပင်။ ထို့ကြောင့် မည်သူများ ဘာများ ပြုဝံ့ပါမည်နည်း။
အမှန်အားဖြင့် ဝမ်ရှန်းသည် ဝူရုံမြို့သို့ သူ စတင် ဝင်ရောက်လာသည့် အချိန်မှစ၍ ယခုထိတိုင် မြို့အရှင်၏ မျက်နှာကို သူ တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။ ဝူရုံမြို့ တစ်ခုလုံးတွင်လည်း မြို့အရှင်နှင့် ဆုံတွေ့နိုင်ခွင့်ရှိသည့် လူအရေအတွက်သည် အလွန်ကို နည်းပါးလှပေသည်။ အားလုံးသည် မြို့အရှင်အား ရိုသေလေးစားသည်ဟု ပြောကြ၏။ သို့သော် မြို့အရှင်က ဘယ်လိုပုံစံ ရှိကြောင်းနှင့် အသက်မည်မျှ ဖြစ်ကြောင်းကို တိတိကျကျ ပြောနိုင်သည့် လူအရေအတွက်သည် တကယ်ကို နည်းပါးလှပေသည်။ သူ၏ဝိညာဉ်အဆင့်ကိုလည်း မည်သူမှ မသိကြပေ။
ယခုအချိန် ဧည့်ခန်းအတွင်းတွင် လူလေးယောက်သာ ရှိပြီး အိမ်တော်ထိန်း၊ ဝမ်ရှန်း၊ ထိုအဘိုးအိုနှင့် လူငယ်တို့ဖြစ်သည်။ အိမ်တော်ထိန်းသည် သူတို့နှစ်ဖက်ကို အပေါ်ယံမျှသာ မိတ်ဆက် ပေးလိုက်၏။ သူသည် အခြားတစ်ဖက်၏ ဂိုဏ်းနာမည်နှင့် နာမည်အရင်းများကို မမိတ်ဆက် ပေးခဲ့ပေ။ ဝမ်ရှန်းအား သူတို့ကို အဘိုးဝမ်နှင့် လူငယ်ဖုန်း ဟုသာ မိတ်ဆက်ပေးခဲ့၏။
“ကောင်လေး၊ ငါတို့ဂိုဏ်းက စီနီယာရဲ့ အရိုးတွေကို မြေမြှုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
အိမ်တော်ထိန်းမှ မိတ်ဆက်ပြီးသည့် အချိန်တွင် ထိုအဘိုးအိုမှ လက်ယှက်ကာ ဝမ်ရှန်းအား ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဒီအဘိုးကြီးက တကယ်ပဲ ကျေးဇူးတင်မိပါတယ်…”
“အဘိုးဝမ်က ယဉ်ကျေးလွန်း နေပါပြီ”
ဝမ်ရှန်းသည် အလွန်ကို စကားပြောတတ်သည့် လူတစ်ယောက် ဖြစ်သည်။ အခြားတစ်ဖက်မှ သူ့အား ချိုချိုသာသာ ပြောလျှင် သူသည် ချိုချိုသာသာ ပြန်ပြောမည်ဖြစ်၏။ ထို့နောက် သူသည်လည်း လက်ယှက်ကာ “ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ”
“ငါတို့ စီနီယာရဲ့ ပစ္စည်းတွေနဲ့ အကျပ်ကိုင်တာက တော်တော်ကို အားစိုက်ထုတ် ရတာပဲနော်။ ဟုတ်လား”
အဘိုးဝမ်မှပြုံးကာ ဘာမှမပြောသော်လည်း အိမ်တော်ထိန်းဘေး၌ ရှိနေသည့် လူငယ်လေးဖုန်းမှ မောက်မာစွာ ပြောလိုက်သည်။
“ပြောတာလည်း ဟုတ်တာပဲ”
ဝမ်ရှန်း၏မျက်နှာ အမူအရာက မပြောင်းလဲ သွားခဲ့ပေ။ သူသည် ပြုံးလျက်သာ “ဒါမှမဟုတ် ဒီလို လုပ်ပါလား၊ ငါ နောက်တစ်ခေါက် ဂျင်ဒီနယ်မြေထဲ ပြန်ဝင်တဲ့ အချိန်ကျရင် သူ့ပစ္စည်းတွေကို သူ့နေရာနဲ့သူ ပြန်ထားပေး လိုက်မယ်လေ။ ပြီးတော့ ဒီလို အဖြစ်အပျက်တွေက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ သဘောထား လိုက်ကြတာပေါ့။ အဆင်ပြေလား…မင်း ရှက်စရာ မလိုပါဘူး။ ပြီးတော့ အရင်တုန်းက မင်း မပြောခဲ့ရတဲ့ စကားတွေကို ပြောချင်တယ် ဆိုရင်လည်း စကားပါးလိုက်လို့ ရတယ်နော်”
လူငယ်လေးဖုန်း၏ မျက်နှာ နီရဲသွားကာ သူ ဒေါသထွက် သွားခဲ့၏။ သို့သော် သူသည် တစ်ခုခုကို ကြောက်သောကြောင့် ဒေါသကို မထုတ်ပြရဲပေ။ အဘိုးဝမ်သည် ဘေးနား၌သာ ပြုံး၍ ရပ်နေကာ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ အိမ်တော်ထိန်းသည်လည်း သူတို့နှင့် သိပ်မဝေးသည့် နေရာ၌သာ ရပ်နေခဲ့၏။
အတန်ကြာ တိတ်ဆိတ် သွားပြီးနောက် ဝမ်ရှန်းမှ ပြုံး၍ ပြောလိုက်သည်။
“ဘာမှပြောစရာ မရှိတော့ဘူးဆိုလည်း ကျွန်တော် အရင် သွားလိုက်ပါဦးမယ်”
ထိုသို့ ပြောပြီးသည်နှင့် သူသည် တစ်စုံတစ်ခုအား အမှတ်ရသွားကာ လူငယ်လေး ဖုန်းအား –
“လူငယ်လေးဖုန်း ပြောတာမှန်တယ်။ ကျွန်တော် အစောက ပြောခဲ့တဲ့ အတိုင်းပဲ၊ ကျွန်တော် ဂျင်ဒီနယ်မြေဆီ ပြန်သွားပြီး ပစ္စည်းတွေကို အမှားအယွင်းမရှိ နေရာတကျ ပြန်ထားလိုက်မယ်… အော် ဒါနဲ့ အဘိုးဝမ်နဲ့ လူငယ်ဖုန်းတို့၊ ကျွန်တော် ခင်ဗျားတို့ စီနီယာရဲ့ အရိုးတွေကို မြေမြှုပ် လိုက်တာကလည်း မရိုမသေ လုပ်ရာ ရောက်တယ်လို့ ခင်ဗျားတို့ ထင်တယ်ဆိုရင် ကျွန်တော် ပြန်တူးပြီး ကျွန်တော် တွေ့ခဲ့တဲ့အတိုင်း မြေကြီးပေါ်မှာပဲ ပြန်ပုံထားလိုက်မယ်လို့ ကတိပေးပါတယ်။ ကဲ ဒါဆို သွားလိုက်ပါဦးမယ် ခင်ဗျ”
ဝမ်ရှန်းက ဤကဲ့သို့ ပြောလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ အထူးသဖြင့် လူငယ်လေးဖုန်းပင် ဖြစ်၏။ သူ ဝမ်ရှန်းအား တစ်ခုခု လုပ်ပစ်လိုက်ချင်သည်။ သို့သော် ဤနေရာက ထိုကဲ့သို့လုပ်ရန် မသင့်တော် မဟုတ်လျှင် ပြဿနာအကြီးကြီး တက်သွားပေလိမ့်မည်။
အိမ်တော်ထိန်းသည်လည်း ဘာမှဝင်မပြောဘဲ ထိုမြင်ကွင်းကိုသာ ပြုံး၍ ကြည့်နေလိုက်၏။
“ကောင်လေး” ထိုအချိန်တွင် အဘိုးဝမ်မှ ဝမ်ရှန်းအား အော်ခေါ်ကာ ရှက်ရွံ့စွာဖြင့် “ဒီလူငယ်လေးက သူ့ဘာသာသူ မောက်မာနေတာပါ။ သူ့ကို ဂရုစိုက်မနေပါနဲ့”
အဘိုးဝမ်မှ လူငယ်လေးဖုန်းအား ကြည့်ကာ ပြောလိုက်သည်။’
“ဒီမှာ၊ ငါ လိုအပ်တာ အကုန်လုံး ယူလာတယ်။ သူ့ကြောင့်နဲ့ ဘာစိတ်အနှောင့်အယှက်မှ မဖြစ်ပါနဲ့။ အရင်က သဘောတူညီချက် အတိုင်းပဲ ပစ္စည်းလဲကြရအောင်”
အဘိုးဝမ် ထိုသို့ပြောနေသည့် အချိန်မှာပင် သူ့လက်ထဲ၌ ကျောက်စိမ်းသေတ္တာ တစ်လုံး ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ထိုသေတ္တာကို ဝမ်ရှန်းအား ကမ်းပေးလိုက်၏။
ဝမ်ရှန်းသည် သေတ္တာကို ချက်ချင်းမယူဘဲ အဘိုးဝမ်နှင့် လူငယ်လေးဖုန်းအား ကြည့်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် ရယ်လိုက်ကာ –
“ခင်ဗျားတို့က ကျုပ်ကို ဒီနေရာမှာ ဈေးလာ ဆစ်နေကြတာကိုး။ အဲဒါကြောင့် ကျုပ်လည်း ဈေးပြန် ပြောင်းရမှာပေါ့။ ဆေးပြားတစ်ပြားနဲ့ မရဘူး၊ နှစ်ပြားနဲ့မှရမယ်…”
***