စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁။ ကောင်းကင် ပိုင်းဖြတ်ခြင်း ဓား
Zero to Hero in the Martial Arts Library
Author: Flammable Wood
သူသာ ထိုဓားကျင့်စဥ်ကို သင်ယူနိုင်ခဲ့လျှင် အလွန်အစွမ်းထက်သော ကျင့်စဥ်တစ်မျိုးကို သူ ပေါင်းစပ် ဖန်တီးနိုင်မှာပဲ ဖြစ်သည်။ ယင်းက လွန်ကဲခြင်း စွမ်းအင် ဓားမော့ဖြင့် ယှဥ်ရန် လုံလောက်ပေ၏။ ယဲ့ရှောင်က စာအုပ်ကို လက်ခံလိုက်သည်။
” ဒါ ဘယ်လောက်လဲ။ မင်းဆီ ပိုက်ဆံလွှဲပေးလိုက်မယ်”
သူက ထူးမခြားနား ပြောလိုက်လေ၏။ ကုဟိုင်က စိတ်မပျော်ဖြစ်သွားကာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်လေတော့သည်။
” မင်း ငါ့ကို နောက်နေတာလား။ မင်း ငါ့ကို ဘယ်လိုလူလို့ ထင်နေရတာလဲ”
ယဲ့ရှောင်က ပြုံးလိုက်ပြီး ပိုက်ဆံအကြောင်း ပြောတာ ရပ်လိုက်သည်။ ထိုစဥ် ဟွမ်လျိုလီက အောက်ကနေ လျှောက်လာပြီး စားပွဲပေါ်သို့ ခုန်တက်လာ၏။ ထို့နောက် မလှမ်းမကမ်းတွင် လဲ၍ အိပ်ပျော်သွားတော့သည်။ ကုဟိုင်က တခဏတာ မှင်တက်သွားပြီးနောက် ချက်ချင်းပြောလိုက်လေသည်။
” လောင်ယဲ့။ ဒါ မင်း မွေးထားတာလား”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” ဘယ်အချိန်က စပြီး ကြယ်တာရာ အိမ်မွေး တိရိစ္ဆာန်ကို စတင်ပျိုးထောင်လာတာလဲ။ အော်။ ဒါပေမဲ့ မင်း ပြောစရာမလိုပါဘူး။ မင်းရဲ့ အံ့ဖွယ်၀ိညာဥ်က မနိုးထသေးဘူးဆိုရင် မင်း ၀ိညာဥ်ကျင့်စဥ်ကို ကျင့်ကြံပြီး သားရဲသခင်တစ်ယောက် ဖြစ်လာတာကလည်း မဆိုးပါဘူး”
” ကြယ်တာရာ သားရဲတစ်ကောင်က တိုက်ပွဲထဲမှာ အကူအညီ ပေးနိုင်ရုံသာမကဘူး။ သားရဲသခင်ကိုလည်း ကျင့်ကြံဆင့်တစ်ခု ပေးနိုင်တယ်။ ဒါပေမဲ့ ဒါကို ပျိုးထောင်တဲ့ စရိတ်ကလည်း များလွန်းတယ်။ ပိုက်ဆံ မသုံးဘဲ အောင်မြင်ဖို့ဆိုတာ ခက်ခဲလွန်းတယ်”
” ငါက အပျော် မွေးထားတာပါ”
” ကောင်းပြီလေ။ ဒါပေမဲ့ မင်း သားရဲသခင် တကယ်ဖြစ်ချင်တယ်ဆိုရင် မင်း ပိုက်ဆံပြတ်တဲ့အခါ ငါ့ကို ပြောပေါ့။ ကြယ်တာရာ သားရဲတွေနဲ့ ရင်းနှီးတဲ့ အတန်းဖော်ဟောင်းတစ်ယောက် ရှိတယ်။ သူ့မှာ ကောင်းမွန်တဲ့ ကြယ်တာရာ သားရဲမျိုးစုံ ရှိတယ်။ ကျား အမျိုးအစား သားရဲ နည်းနည်းတောင် သူ့လက်ထဲ ရှိနေသေးတာ”
” စျေးညှိဖို့အတွက် မင်းကို ကူညီပေးမယ်လေ။ ယွမ် တစ်သိန်းလောက်ဆို ကျား အမျိုးအစား ကြယ်တာရာ သားရဲပေါက်လေးကို ၀ယ်ဖို့ လုံလောက်ပြီ။ တခြားသူတွေဆီက ၀ယ်မယ်ဆိုရင် အနည်းဆုံး တစ်သိန်း နှစ်သောင်း ကနေ တစ်သိန်း သုံးသောင်းလောက် မသုံးဘူးဆိုရင် ၀ယ်လို့ ရမှာ မဟုတ်ဘူး”
” အယ်။ ငါ အချိန်အတိုင်းအတာ တစ်ခုလောက်အထိ မလိုသေးပါဘူး။ ဒီတစ်ကောင်ကို ပျိုးထောင်ပြီး အရင်ကြိုးစားကြည့်ဦးမယ်”
သူက သားရဲသခင် မဖြစ်ချင်သည့်အချက်ကို ဘေးချိတ်ထားလျှင်တောင် ကြယ်တာရာ သားရဲအမျိုးအစားက သုံးမျိုး ရှိလေသည်။
နဂါး၊ ကျား၊ ၀ံပုလွေ။
ပုံရိပ်ယောင် ကြောင်အမျိုးအစားက နဂါး အထက်တွင် ရှိတာ သေချာသည်။ သူသည် ကျား အမျိုးအစားဟုတောင် သတ်မှတ်လို့မရသော ကျား အမျိုးအစားအောက် ကြယ်တာရာ သားရဲပေါက်တစ်ကောင်အား မည်ကဲ့သို့ ယွမ် မြောက်များစွာ ပေး၀ယ်ရမည်နည်း။
ပို၍ အရေးကြီးသည်မှာ ကျား အမျိုးအစားအောက် ကြယ်တာရာ သားရဲပေါက်တစ်ကောင်က တစ်သိန်းကျသင့်နေတာပဲ ဖြစ်သည်။ ထိုမျှ များပြားသည့် ပိုက်ဆံကို သုံးဖို့က ရွေးချယ်ရန် မဟုတ်သေးချေ။ ကုဟိုင်က ခေါင်းညိတ်လိုက်၏။
” ကောင်းပြီ။ လိုရင် ငါ့ကို ပြောလေ။ ငါ သွားနှင့်မယ်။ အသစ်ရောက်လာတဲ့ ကလေးက ငါ မရှိရင် ကြာကြာ မဖြေရှင်းနိုင်မှာ စိုးရတယ်”
” ကောင်းပြီ။ သွား။ သွား”
ကုဟိုင် ထွက်သွားပြီးနောက် ယဲ့ရှောင်က စာအုပ်ကို ချက်ချင်း ဖတ်တော့၏။ သူသည် ရှေးဟောင်း စာအုပ်ထဲတွင် အသုံးပြုထားသော စကားလုံးများကြောင့် အမှန်တကယ် နားမလည်ပေ။ သို့သော် သူ၏ အံ့ဖွယ် ရွှေရောင် စာအုပ်က ထူးခြားသည့် ကိစ္စရပ်တစ်ခု ရှိသည်။ စကားလုံးများကို တစ်ကြိမ် ဖတ်လိုက်ရုံဖြင့် ကျင့်စဥ်များကို မှတ်တမ်းတင်ထားပြီး ကျင့်ကြံမှာပဲ ဖြစ်သည်။ သူက စကားလုံးတိုင်းကို အမှန်တကယ် နားလည်ရန် မလိုအပ်ချေ။
သူက ကျင့်စဥ်တစ်ခုလုံးကို မှတ်တမ်းတင်ပြီးနောက် သူ၏ အံ့ဖွယ် ၀ိညာဥ်ကို သူ့ဘာသာ လေ့ကျင့်ခိုင်းလိုက်သည်။ သူက ၀ိညာဥ် ကျင့်စဥ်များကို ဆက်လက် ရှာလိုက်၏။ မွန်းတည့်ချိန်ထိ ဖတ်ရှုခဲ့သော ၀ိညာဥ်ကျင့်စဥ်များက သူ့ကို အမြင်သစ်တစ်ခု ပေးစွမ်းခဲ့သည်။
၀ိညာဥ်ကျင့်စဥ်က အလွန်သန်မာ၏။ သန်မာလွန်းသောကြောင့် လူတစ်ယောက်ကို အဆုံးထိ ကြောက်လန့်သွားစေနိုင်သည်ထိ အစွမ်းထက်ပေသည်။
အထူးသဖြင့် လူတစ်ယောက်၏ ၀ိညာဥ်စွမ်းအင်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်ပြီး လှည့်ပတ်ပြီးသည့်နောက်တွင် အရှိန်အဝါကို ယှဥ်နိုင်သော စွမ်းအင်တစ်မျိုးကိုတောင် ပေါ်ပေါက်လာစေနိုင်၏။
လူတစ်ယောက်၏ ကျင့်ကြံမှုကို အံ့ဖွယ် ချီရှန်းအဆင့်ထိသို့ ရောက်အောင် တစ်ချိန်တည်း ခုန်တက်သွားဖို့ မဖြစ်နိုင်ပေ။ ပြီးနောက် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုးတက်စေရန် ၀ိညာဥ်ကျင့်စဥ် အမျိုးမျိုးဖြင့် ပြုပြင်ခြင်းက ခွန်အားကို တိုးတက်စေရန် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ သို့သော် ၀ိညာဥ်စွမ်းအင်က အလွန်နည်းပါး၏။ သူ စီမံခန့်ခွဲသည့် ဧရိယာထဲတွင် ကျင့်စဥ်စာအုပ် များများစားစား မရှိပေ။
” ဒင်”
နာရီသံ ထွက်ပေါ်လာပြီးနောက် ယဲ့ရှောင် စာအုပ်ပိတ်လိုက်ပြီး အကျောဆန့်လိုက်၏။ သူ၏ စိတ်ထဲတွင် ၀ိညာဥ်ကျင့်စဥ် အခြေခံသိုင်း သုံးခုအထိ တိုးသွားပြီ ဖြစ်သည်။ သူတို့ကို ပေါင်းစည်းရန် ဝေးသေး၏။
” တခြား ဧရိယာတွေကို တစ်ချက် သွားရှာကြည့်ရမဲ့ ပုံပဲ”
ဟွမ်လျိုလီက မပြောဘဲ မနေနိုင်တော့ချေ။
” ညဘက်မှ ဘာလို့ မလာတာလဲ။ ညအချိန်ဆို ဒီမှာ ဘယ်သူမှ မရှိဘူးလေ။ နင် ဘယ်စာအုပ်ကိုပဲ ဖတ်ချင် ဖတ်ချင်။ စာကြည့်တိုက်ထဲ ရှိနေမှာပဲ မဟုတ်လား”
ယဲ့ရှောင်က သူမကို ဖျပ်ခနဲ ကြည့်လိုက်လေ၏။
” မင်း အီးများ စားထားတာလား”
ဟွမ်လျိုလီက ခေါင်းခါလိုက်သည်။
” မဟုတ်ဘူးလေ။ ငါက ငကြောင် သေချာပေါက် မဟုတ်ဘူးပေါ့”
” ဒါဆိုရင် အနားယူသင့်တဲ့အချိန်မှာ ဘာလို့ အလုပ်လုပ်ရမှာလဲ”
” •••• ”
သူမက ယဲ့ရှောင်၏ အရှိန်အဟုန်ကို လိုက်မမှီကြောင်း ရုတ်တရက် သတိထားမိသွားလေ၏။ သူမသာဆိုလျှင် နေရော ညပါ စာဖတ်ရှုနေမှာ ဖြစ်သည်။ သူမ၏ ခွန်အားကို ယင်က မြှင့်တင်ပေးနိုင်သရွေ့ အိပ်ခြင်းက မည်သို့ အကြောင်းထူးမည်နည်း။
သူမ၏ ဦးနှောက်တစ်စုံတစ်ခု မှားယွင်းမှသာ အိပ်မှာပဲ ဖြစ်သည်။
လက်တွေ့တွင်မူ ယဲ့ရှောင်က ပိုသန်မာချင်သော်ငြား ကျင့်ကြံခြင်းကို အပြည့်အ၀ အာရုံမစိုက်ထားပေ။ ယခင်ဘ၀က သူ၏ နာမကျန်းဖြစ်မှုကြောင့် ဘ၀ အတွေ့အကြုံကို မရရှိခဲ့။ ထို့ကြောင့် ယခုဘ၀တွင်မူ တည်တည်ငြိမ်ငြိမ် နေချင်၏။ ပြီးပြည့်စုံစွာ ပြောရလျှင်ကား ဘ၀အတွေ့အကြုံကို ကောင်းမွန်စွာ ခံစားကြည့်ချင်သည်။ သူက အချိန်တိုင်း နေ့ရက်တိုင်း ကျင့်ကြံဆင့်ကိုသာ အာရုံစိုက်နေလျှင် ယခင်ဘ၀က ဆေးရုံခုတင်နှင့် ကျင့်ကြံခြင်းကြား မည်သို့ ကွာခြားတော့မည်နည်း။
ဘ၀က မှန်းဆ၍ မရပေ။ သူ၏ ဘ၀တွင် မည်မျှပင် သန်မာစေကာမူ သူ့ထက် ပို၍ တော်သော သူတစ်ဦး အစဥ်အမြဲ ရှိနေမည်သာ ဖြစ်သည်။
နေ့စဥ်နေ့တိုင်း သူ၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေပြီး တွေ့ကြုံခံစားသင့်သည့် ဘ၀ကို တွေ့ကြုံခံစားခွင့် မရခဲ့လျှင် သူ့ကို ချက်ချင်း သတ်ဖြတ်နိုင်သော ကျင့်ကြံသူနှင့် ကြုံတွေ့ခဲ့ရလျှင် သူ ကျင့်ကြံသည်က မည်သို့ အကျိုးထူးတော့မည်နည်း။ ထို့ကြောင့် သူ တတ်နိုင်သမျှသာ ကြိုးစားကျင့်ကြံခြင်း ဖြစ်ပေသည်။
ညစာစားပြီးနောက် ရွှေရောင် စာအုပ်သည် အခြေခံ ဓားသိုင်းကျင့်စဥ်၏ နောက်ဆုံးအဆင့်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံခဲ့ပြီး ဖြစ်သည်။
အခြေခံ ဓားကျင့်စဥ် ကိုးမျိုးကို မှတ်တမ်းတင်ထားသော စာရွက်များက ရွှေရောင်အလင်းတစ်ခု ဖြည်းဖြည်းချင်း ဖြာထွက်နေ၏။ ယင်းကို ပေါင်းစည်း၍ ရသည်။
ယဲ့ရှောင်က ငှားထားသော အိမ်ကို ပြန်လာပြီး ဧည့်ခန်းတံခါး ပိတ်ထားကာ ဓားကျင့်စဥ်များကို စတင်ပေါင်းစည်းတော့သည်။ အတွေးတစ်ချက်ဖြင့် အလင်းတန်းများက သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ပြန့်ထွက်လာပြီးနောက် အခန်းကို လွမ်းခြုံသွား၏။
ပေါ်ထွက်လာသည့်အလင်းတန်းများက အခန်း၏ အပြင်သို့ တစ်စွန်းတစ်စတောင် မထွက်ပေ။ သူက ဓားကျင့်စဥ်ကို ပြောင်းလဲသည်နှင့် တစ်ခန်းလုံး ဓား အရှိန်အဝါတို့ဖြင့် ပြည့်သွားကာ ဆက်တိုက် လှည့်ပတ်သွားကြ၏။
ဓားသိုင်းက အံ့ဖွယ် ၀ိညာဥ်၏ ရွှေရောင် စာအုပ်ပေါ်၌ စကားကြီး ကိုးလုံးကို ဖွဲ့တည်ခဲ့သည်။
ဆွဲ။
ခုတ်။
ဟက်တက်ခွဲခြင်း။
လွှာခြင်း။
ပိုင်းဖြတ်ခြင်း။
ထိုးစိုက်ခြင်း။
လွှဲယမ်းခြင်း။
လှည့်ပတ်ခြင်း။
နောက်ဆုတ်ခြင်း။
ဓားကို ဆွဲထုတ်သည်မှ သိမ်းဆည်းသည်အထိ တစ်ချက်တည်းဖြင့် ပြီးပြည့်စုံသွား၏။ ဓား၏ စွမ်းဆောင်မှုနှင့် သူတို့ လှုပ်ရှားမှုအားလုံး ပေါင်းစည်းပြီးနောက် ဓားတစ်လက် ဖွဲ့တည်သွား၏။
ခြံ၀န်းထဲမှာ ဟွမ်လျိုလီက ပင်မတံခါးကို စောင့်ကြပ်ပေးနေသည်။ သူမက မကျေမချမ်း ပြောလိုက်တော့၏။
” ငါက ကြောင်တစ်ကောင်လေ။ အိမ်စောင့် ခွေး မဟုတ်ဘူး”
ကံဆိုးသည်မှာ ယဲ့ရှောင်က သူမ စောဒကတ်တက်တာကို မကြားပေ။
ညတာက လျင်မြန်စွာ ကုန်ဆုံးသွား၏။ နောက်တစ်နေ့ ယဲ့ရှောင် နိုးလာချိန်တွင် အခြေခံ ဓားသိုင်းကျင့်စဥ် ကိုးမျိုးက တစ်ပေါင်းတည်း ပေါင်းစည်းပြီးသား ဖြစ်သွားတော့သည်။ သူက လေ ရှုထုတ်လိုက်၏။
ပြီးသွားပြီ။
ကောင်းကင် ပိုင်းဖြတ်ခြင်း ဓား အောင်မြင်သွားလေပြီ။
ကောင်းကင် ပိုင်းဖြတ်ခြင်း ဓားက လွန်ကဲခြင်း စွမ်းအား ဓားမော့နှင့် ဆင်တူ၏။ ဓားတစ်လက်ထဲတွင် ဓားကျင့်စဥ်၏ သဘာ၀အားလုံး ပါ၀င်ပေသည်။ ယင်းက အထွတ်အထိပ် ဓားဆန္ဒဖြစ်သည်။ ဓားအတွင်းက ဆင့်ကဲဖြစ်စဥ်က များပြားပေ၏။
ရေရှည်ပြောင်းလဲမှုကို ခန့်မှန်းရန် လူတိုင်းအတွက် ခက်ခဲလောက်သည်။ ထို့ကြောင့် အတွင်းရှိ စွမ်းအင်ကို ပိတ်ဆို့ရန်က ခက်ခဲပေသည်။
ကျင့်ကြံခြင်းက လုံလောက်သရွေ့ ဓားက ကောင်းကင်ကိုတောင် ပိုင်းဖြတ်နိုင်ပေလိမ့်မည်။
ယဲ့ရှောင်၏ ကျင့်ကြံဆင့်ကလည်း ထိုအကြောင်းအရင်းကြောင့် အတော်လေး တိုးလာသည်။ သူသည် ရှန်းထျန်း တတိယအဆင့် မဟုတ်ချေ။ သူက တစ်၀က်ကျော်တွင် ရောက်နေပြီ ဖြစ်သည်။ လွန်ကဲခြင်း စွမ်းအား၊ ကောင်းကင် ပိုင်းဖြတ်ခြင်း၊ ထိပ်တန်းအဆင့် ရုပ်ခန္ဓာကျင့်စဥ် တစ်မျိုးဖြစ်သည့် ခရမ်းရောင် ကြယ်ပင်လယ်နှင့် ထိပ်တန်းအဆင့် ၀ိညာဥ်စွမ်းအားတို့ဖြင့် ယဲ့ရှောင်၏ တိုက်ပွဲ၀င်စွမ်းအားက ကျင့်ကြံသူများကို ဖိနှိပ်ထားရန် လုံလောက်ပေသည်။
သူသည် ထူးချွန် ထက်မြက်ဆုံးသော သိုင်းပညာရှင်များထဲမှ တစ်ယောက်အဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်သည်။
အပိုင်း ၂၁ ပြီး၏။