Switch Mode

Chapter – 168

ဒီမှာ ကံကောင်းခြင်းဆေးပြားရှိတယ် (၁)

အပိုင်း ၁၆၈
ဒီမှာ ကံကောင်းခြင်းဆေးပြားရှိတယ် (၁)

ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်၏။ ပြီးလျှင် ထိုအရာသည် ကောလာဟလ တစ်ခုမဟုတ်ပေ။ ထိုအရာသည် အားလုံး နှစ်ကြိမ်တိုင်တိုင် မြင်ဖူးခဲ့သည့် အကြောင်းအရာ တစ်ခုဖြစ်၏။ အဓိက အင်အားစုများသည်လည်း ရာနှင့်ချီသည့် ဝိညာဉ်သခင်များ၏ အသက်ကို အသုံးပြုကာ ထိုအချက်အား သက်သေပြခဲ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် ဝမ်ရှန်းသည် သူ့ထံ၌ ကျောက်စိမ်းဆွဲပြား ပိုင်ရှင်ကိုယ်တိုင် လက်ဖြင့် ရေးဆွဲထားသည့် ဂျင်ဒီတားမြစ် နယ်မြေ၏ မြေပုံရှိသည်ဟု ပြောလာခဲ့သည်။ ထိုမြေပုံသည် ဂျင်ဒီနယ်မြေ၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခု၏ မြေပုံပဲဖြစ်လျှင်ပင် ထိုအရာသည် လူအများကို ဖြားယောင်းနိုင်ရန် လုံလောက်ပေသည်။

ဝမ်ရှန်းသည် အဘယ်ကြောင့် ဂျင်ဒီတားမြစ် နယ်မြေ အတွင်းသို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာ နိုင်နေခဲ့သနည်း… အကြောင်းအရင်းမှာ ဤမြေပုံကြောင့်ပင်လော။

မြေပုံအကြောင်း သတင်းကြားသိသည့် လူများအားလုံး စတင် လှုပ်ရှား လာခဲ့တော့သည်။

သတင်းသည် နယ်ပယ် အနည်းငယ် အတွင်း၌သာ ပျံ့နှံ့ခဲ့ကာ မြို့အရှင်ထံမှ အဓိကထား ပျံ့နှံ့နေခြင်းဖြစ်၏။ ယခုအချိန်တွင် မြို့အရှင်သည် ထိုမြေပုံ အကြောင်းကို ကံကောင်းခြင်း ဆေးပြား ရှိနေနိုင်သည့် အင်အားစုတချို့ထံသို့ ရောက်ရှိစေခြင်းဖြင့် ဝမ်ရှန်း အတွက် အကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။

တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်တို့သည်လည်း ဤသတင်းကို ရရှိခဲ့ပေသည်။ သို့သော် သူတို့ထံတွင် ကံကောင်းခြင်း ဆေးပြားမရှိပေ။ မြို့အရှင်မှ သူတို့ထံသို့ သတင်းလွှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ စီးပွားရေး လုပ်ငန်းရှင်ကြီးများထံမှ ကြီးမားသည့် အကျိုးအမြတ်များ ရရှိစေရန် ဖြစ်သည်။

ယခုတလောတွင် ရတနာစံအိမ်သည် မည်သည့် လှုပ်ရှားမှုမှ သိပ်ပြီး မလုပ်ဆောင်ခဲ့ပေ။ အခြားလူများ ထင်သည်က ရတနာစံအိမ်သည် အေးအေးချမ်းချမ်းဖြင့်သာ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟူ၍ ဖြစ်၏။ သို့သော် သူတို့က သန့်စင်ပြီးဆား ထုတ်လုပ်ရန်နှင့် အားလုံးအား ထိတ်လန့် အံ့အားသင့်သွားအောင် ပြုလုပ်ရန် အချိန်အခါ ကောင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း ဝမ်ရှန်း တစ်ယောက်တည်းသာ သိပေသည်။

တော်ဝင်ရတနာ စံအိမ်အတွက်မူ အကြီးအကဲဖြစ်သည့် လုဝမ်ဟုန်သည် လင်းအာနှင့်အတူ ယခုတလောတွင် ဝူရုံမြို့အတွင်း၌သာ နေထိုင်လျက်ရှိပြီး သူတို့သည် ဝမ်ရှန်း အကြောင်းကြားသည်နှင့် –

“သခင်လေး၊ အဲ့ဝမ်ရှန်းက ရူးနေတာလို့ သခင်လေး ထင်လား”

သတင်းရရခြင်း သူမ ပထမဆုံး တွေးမိသည်မှာ ဝမ်ရှန်းက ရူးနေတာလား ဟူ၍ဖြစ်၏။ သူက အလွန်အရေးကြီးသည့် ပစ္စည်းများကို ထုတ်ဖော်ခဲ့သည်လေ…

“ဟုတ်လား… သူက ရူးနေလို့လား”

လုဝမ်ဟုန်မှ ရယ်ကာ ပြန်ပြောလိုက်သည်။

“သူ့ထက် ဉာဏ်ကောင်းတဲ့လူ တစ်ယောက်မှ ကိုယ်မတွေ့ဖူးဘူး။ သူသာ ရူးနေတာဆိုရင် ဒီကမ္ဘာပေါ်မှာ ဉာဏ်ကောင်းတဲ့လူက ဘယ်နှယောက်ပဲ ရှိမှာလဲကွ”

သူ၏စကားကြောင့် လင်းအာ မျက်နှာဆူပုတ် သွားသည်ကို မြင်လိုက်ရသောအခါ လုဝမ်ဟုန်မှ သူမအား အလျင်အမြန် ချော့လိုက်သည်။

“ဒါပေါ့၊ ကိုယ့်လင်းအာလေးကတော့ ခြွင်းချက်ပေါ့။ မင်းလေးက ကမ္ဘာပေါ်က ပထမတန်းစား ဉာဏ်ကောင်းတဲ့ ကောင်မလေးပဲ”

“ဟွန့်”

လုဝမ်ဟုန်၏ နောက်ဆုံးစကားကို လင်းအာ မယုံပေ၊ သို့သော် သခင်လေးက သူမအား ချော့ရန် ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည့် အတွက်ကြောင့် သူမ ပျော်ရွှင်သွားခဲ့သည်။ နှာတစ်ချက် ရှုံ့ကာ သူမ ချက်ချင်းပင် ထပ်မေးလိုက်၏။

“အဲဒါဆိုရင် သူက အဲ့ကျောက်စိမ်းဆွဲပြားကို သခင်လေးလျှိုကို လွယ်လွယ်နဲ့ ပေးလိုက်ရလောက်တဲ့ အထိ ဘယ်လိုတောင် ရူးနေတာလဲ”

“ဘာလို့လဲ ဆိုတော့ သူ့ဆီမှာ ကျောက်စိမ်းဆွဲပြား ရှိနေလည်း အဲ့ကျောက်စိမ်း ဆွဲပြားက သူ့အတွက် အသုံးမဝင်လို့ပေါ့”

လုဝမ်ဟုန်မှ စဉ်းပင်မစဉ်းစားဘဲ ထိုမေးခွန်းကို ချက်ချင်း ပြန်ဖြေလိုက်သည်။

“အခုအချိန်မှာ သူက ဝူရုံမြို့ကနေတောင် ထွက်သွားလို့ မရသေးဘူးလေ။ ဂိုဏ်းဝင်ခွင့် ရတဲ့ ဒီကျောက်စိမ်းဆွဲပြားကို ယူထားဖို့ မပြောနဲ့ သူက အဲ့ဂိုဏ်းထဲ ဝင်ခွင့်ရမယ် ဆိုရင်တောင် ဒီလို တံဆိပ်ပြားမျိုးကို ကိုင်ထားရတာက ဘယ်လောက်တောင် အန္တရာယ် များလိုက်လဲ၊ မဟုတ်ဘူးလား”

“အဲဒါဆို မြေပုံကရော”

လုဝမ်ဟုန်၏အဖြေကို လင်းအာ သဘောတူပေသည်။ သူမသည် ကျောက်စိမ်း ဆွဲပြားကြောင့် ဝမ်ရှန်းတား ရူးနေသည်ဟု ထင်နေခြင်း မဟုတ် မြေပုံကြောင့်သာ ဖြစ်၏။

“သူရဲ့အကြီးမားဆုံး အထောက်အပံ့ကို လွယ်လွယ်လေးနဲ့ လဲလိုက်တာက သူ့အတွက် ဘာကောင်းကျိုးတွေ ရှိလို့လဲ”

“ရှိတာပေါ့”

လုဝမ်ဟုန်မှ ပြုံးကာ လင်းအာအား သူ၏ရင်ခွင်တွင်းသို့ ဆွဲသွင်းလိုက်သည်။ လင်းအာသည်လည်း လုဝမ်ဟုန်၏ ရင်ခွင်အား မှီကာ သူမ သခင်လေး၏ သုံးသပ်ချက်ကို ပျော်ရွှင်စွာ နားထောင် နေလိုက်၏။

“သူ ကံကောင်းခြင်း ဆေးပြား ရနိုင်တယ်လေ”

လုဝမ်ဟုန်မှ တစ်ဆက်တည်း ဆက်ပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်မှာ ပြဿနာ ရှိနေတယ်ဆိုတာ လင်းအာလည်း သိတာပဲ။ ကံကောင်းခြင်း ဆေးပြားရဲ့ အကူအညီနဲ့ဆိုရင် သူ တစ်ခေါက်တည်းနဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီး သွားနိုင်တယ်။ ပြီးတော့ နောက်ကျရင် အဆင့်ကျတာမျိုးတွေ ဘယ်တော့မှ ထပ်ဖြစ်တော့မှာ မဟုတ်တော့ဘူးလေ။ အဲ့အကျိုးကျေးဇူးတွေက မလုံလောက်သေးဘူးလား”

“ဒါပေမယ့် သူက အခုမှ အစ ပထမအဆင့်ပဲ ရှိသေးတာလေ၊ ကံကောင်းခြင်း ဆေးပြားရဲ့ ပြင်းလွန်တဲ့ ဆေးရှိန်ကို ခံနိုင်ပါ့မလား”

ဝမ်ရှန်း ကံကောင်းခြင်း ဆေးပြားကို သောက်သည်က သူ့အတွက် ကောင်းသည်ဟု လင်းအာ မထင်ပေ။ ထို့ကြောင့် စား၍မရသည့် ကံကောင်းခြင်း ဆေးပြားနှင့် စား၍မရသည့် ကျောက်စိမ်း ဆွဲပြားတို့က ဘာကွာတော့သနည်း။ ဤအချက်ကို အခြားလူများလည်း လွယ်လွယ်ကူကူ စဉ်းစားကြည့်၍ ရနိုင်ပေသည်။

“အရင်တုန်းကသာ ဆိုရင်တော့ ကိုယ်လည်း အဲ့လိုပဲ တွေးမိမှာပဲ”

လုဝမ်ဟုန်သည် သူ့ရှေ့မှ မြင်ကွင်းအား စိုက်ကြည့်ကာ ပြောလိုက်၏။ သူ၏မျက်နှာ အမူအရာသည် သူက တစ်စုံတစ်ခုအား ပြန်လည် အမှတ်ရမိ သွားကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။

“ဒါပေမယ့် နောက်ဆုံးတစ်ခေါက် ရှင်းလင်မြို့ရဲ့ ဂိတ်တံခါးဝနားမှာ မြွေအဆိပ် သုံးပုံသုံးနည်းကို သူ ကိုယ်တို့ကို ပြောပြခဲ့ပြီးတဲ့ နောက်မှာ ကိုယ် အဲ့လို မတွေးတော့ဘူး”

“ဘာလို့လဲ”

လင်းအာသည် တော်တော်များများကို သိနားလည် သော်လည်း ယခုအချိန်တွင် သူမ၏ ဦးနှောက် သေးသေးလေးက ဤကိစ္စအား လိုက်မမှီနိုင်တော့ပေ။

“သူပြောခဲ့တဲ့ အဆိပ်ပမာဏ အကြောင်းလေ။ လင်းအာက မေ့သွားပြီလား…”

သူ၏ရင်ခွင်အတွင်း၌ ရှိနေသည့် လင်းအာအား ငုံ့ကြည့်ကာ လုဝမ်ဟုန်မှ လင်းအာ၏ နှာခေါင်းအား ဖွဖွလေး ဆွဲညှစ်လိုက်သည်။

“သူ တစ်လုံးလုံး သောက်လို့ မရဘူးဆိုရင် တစ်ဝက်သောက်လို့ ရတယ်လေ။ တစ်ဝက်လည်း သောက်လို့ မရဘူးဆိုရင် အစိတ်သေးသေးလေးတွေ ခွဲပြီး သောက်လို့ ရတယ်လေကွဲ့။ ဆေးရှိန်ခံနိုင်တဲ့ ပမာဏအထိ ခွဲပြီးသွားရင် သူ အဲ့ဆေးကို သောက်လို့ရပြီလေ၊ မဟုတ်ဘူးလား…”

လုဝမ်ဟုန် ပြောသည်ကို လင်းအာ သဘောတူ လိုက်သည်။ ထိုအချိန်တွင် မြွေအဆိပ်နှင့် ပတ်သက်၍ သူမသည်လည်း ဝမ်ရှန်းနှင့် ဆွေးနွေး ငြင်းခုံခဲ့၏။ သို့သော် နောက်ဆုံးတွင် ဝမ်ရှန်း၏အဆိပ် အသုံးပြုပုံကြောင့် သူမ ပြောစရာ စကားများ ဆွံ့အ သွားခဲ့ရသည်။ ယခုအချိန်တွင်လည်း သူမက ထိုကဲ့သို့သော အမှားမျိုး နောက်တစ်ကြိမ် ပြုလုပ်မိခဲ့ပြီ ဖြစ်ကြောင်း သိသာပေသည်။

အားလုံးသည် ဆေးကို တစ်လုံးချင်း သောက်ရသည်ဟုသာ တွေးထင်ကြခြင်းဖြစ်၏။ အားနည်းသည့် လူများက ဆေးရှိန်ပြင်းသည့် ကံကောင်းခြင်း ဆေးပြားအား သောက်၍ မရဟု သူတို့ ထင်ကြသည်။ သို့သော် ဤနည်းလမ်းမျိုးကို မည်သူမှ မတွေးမိခဲ့ပေ။

“အဲဒါဆိုရင် မြေပုံကို လွယ်လွယ်နဲ့ လက်လွှဲ ပေးလိုက်တာကရော၊ သူ့အတွက် အကျိုးမယုတ်ဘူးလား”

လင်းအာသည် အနည်းငယ် လက်မခံနိုင်ဆဲ ဖြစ်နေကာ ဝမ်ရှန်း၏ အမှားများကို ဆက်လက် ဖော်ထုတ်နေလိုက်၏။

“အဲ့လိုတွေးတယ်ဆိုရင် လင်းအာ မှားသွားပြီ”

ထိုအချိန်တွင် လုဝမ်ဟုန်မှ လေးနက်စွာ ပြောလိုက်၏။ သူ နားမလည်နိုင် ဖြစ်နေသည့် လင်းအာအား ပြုံးကာ ရှင်းပြလိုက်သည်။

“လင်းအာနဲ့ တခြားလူတွေ အားလုံးက ပြဿနာကို အဝေးကနေ ဆွဲတွေးပြီး ကြည့်နေကြတာပဲ။ သူက အဲ့မြေပုံကို ဂျင်ဒီတားမြစ် နယ်မြေထဲ ဝင်ပြီးနောက်မှာမှ ဂျင်ဒီနယ်မြေထဲမှာ ရှာတွေ့ခဲ့တာလေ။ အဲ့မြေပုံကြောင့် သူ ဂျင်ဒီနယ်မြေထဲ ဝင်နိုင်ခဲ့တာ မဟုတ်ဘူးလေ လင်းအာရဲ့”

လင်းအာ ချက်ချင်း ဉာဏ်ပွင့် သွားခဲ့သည်။ သူမသည် တကယ့်ကို အတွေးအခေါ် လွဲမှားနေခဲ့ခြင်း ဖြစ်၏။ ဝမ်ရှန်းထံ၌ မြေပုံရှိသည်ဟု ကြားသည်နှင့် ဝမ်ရှန်းသည် ထိုမြေပုံအား ကိုးကားကာ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက်သွားလာခြင်း ဖြစ်သည်ဟု သူမ ချက်ချင်း တွေးမိသွားခဲ့သည်။ ဝမ်ရှန်းက ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ပြီး နောက်မှာမှ မြေပုံအား ရရှိခဲ့ခြင်း ဖြစ်သည်ကိုတော့ သူမ လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ပြောရမည်ဆိုလျှင် မြေပုံသည် ဝမ်ရှန်းအတွက် အသုံးမဝင်ပေ။

ယခုတစ်ကြိမ်တွင် လင်းအာသည် ခေါင်းသာ ညိတ်လိုက်ကာ ဘာမှထပ်မပြောခဲ့ချေ။ သို့သော် စိတ်ထဲတွင် သူမ ဝမ်ရှန်းအား အော်ဟစ်လိုက်၏။ ‘ဒီလူရိုင်းကောင်ကြောင့် ငါ အမှားတွေ တစ်ခေါက်ပြီး တစ်ခေါက် လုပ်နေမိတာ ဟွန့်’

…….

မြို့အရှင် စံအိမ်သည် သတင်းအား တိတ်တဆိတ်ဖြန့်ကာ ကံကောင်းခြင်း ဆေးပြားရှိသည့် အင်အားစုများက ထိုသတင်းအား စိတ်ဝင်စားကြလိမ့်မည်ဟု သူတို့ ယုံကြည်ပေသည်။ ယခုအချိန်တွင် ဝမ်ရှန်းသည်လည်း အလွန်ကို ပျော်ရွှင်နေခဲ့၏။ အစပိုင်းတွင် သူသည် ကံကောင်းခြင်း ဆေးပြားက သူ လက်လှမ်း မမီနိုင်သည့် နေရာ၌ ရှိနေခြင်း ဖြစ်သည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူ ဂျင်ဒီနယ်မြေ အတွင်းမှ ရရှိခဲ့သည့် ကျောက်စိမ်းဆွဲပြားက ဤကဲ့သို့ အံ့အားစရာ ကောင်းသည်များကို သယ်ဆောင် လာပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

ကိစ္စကောင်းများစွာ ဖြစ်ပျက်နေသည့် အတွက်ကြောင့် ဝမ်ရှန်းသည် စိတ်ခံစားချက်များ ကောင်းမွန်နေကာ အရသာရှိသည့် အစားအသောက်များ ချက်ပြုတ် ပြင်ဆင်သည့် နှုန်းထားသည်ပင် အနည်းငယ် ပိုမြန်လာခဲ့၏။ အခြားလူများထံမှ ပြန်လာမည့် သတင်းများကို စောင့်နေသည့် အချိန်တွင် ဆားအသစ် ထွက်ပေါ်လာသည့် သတင်းသည် ကမ္ဘာတစ်ခုလုံးအား တုန်လှုပ် သွားစေခဲ့တော့သည်။

တစ်လကြာ ပြုလုပ်ပြင်ဆင်ပြီး နောက်တွင် ရတနာစံအိမ်သည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသည့် ဆားတစ်မျိုးကို ဖြန့်ကြက် ရောင်းချလိုက်၏။ ထိုဆားကို သန့်စင်သောဆားဟု ခေါ်ကာ ရတနာစံအိမ် ဆိုင်ခွဲများ အားလုံး၌ တစ်ပြိုင်နက်တည်း စတင်ရောင်းချ လိုက်လေသည်။

သန့်စင်သောဆား ထွက်ပေါ်လာသည်နှင့် ရတနာစံအိမ်သည် ဝူရုံမြို့အတွင်းတွင် ထိုဆားကို ကြော်ငြာစရာ မလိုခဲ့ပေ။ ဝူရုံမြို့ အတွင်းမှ စားဖိုမှူးများနှင့် ဝမ်ရှန်း၏ ချက်ပြုတ် နည်းလမ်းများအတိုင်း လိုက်လုပ်သည့် လူများသည် သန့်စင်ပြီးဆားနှင့် ဆားကြမ်းများ ကြားမှ ကွာခြားချက်ကို နားလည်ကြပေသည်။ ထို့ကြောင့် သန့်စင်ပြီးဆား ပထမအသုတ် ၆၀၀ ကီလိုဂရမ်ကို မျက်စိတစ်မှိတ် အတွင်းမှာပင် ရောင်းကုန်သွားခဲ့၏။

သန့်စင်သောဆား ထွက်ပေါ်လာသည်နှင့် ရတနာစံအိမ်၏ ဈေးကွက်အတွင်း ဖြန့်ကြက်နိုင်စွမ်းကြောင့် ဆားကြမ်းများ အားလုံး ဈေးကွက်အတွင်းမှ အပြည့်အဝ ပျောက်ကွယ် သွားလုနီးပါး ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် ရတနာစံအိမ်သည် ဆားလုပ်ငန်း စီးပွားရေး၌ ၉၀ ရာခိုင်နှုန်း လွှမ်းမိုးထားသည်ဟု ပြော၍ ရပေသည်။ ကျန်သည့် ၁၀ ရာခိုင်နှုန်းသည် သန့်စင်သောဆားကို မဝယ်နိုင်သည့် လူများဖြစ်၏။

ဈေးနှုန်းကို ကြည့်ရန်မလိုပေ၊ ဆားအရည်အသွေးနဲ့တင် မဝယ်ဘဲ မနေနိုင်အောင် ဖြစ်နေပြီဖြစ်၏။ ဆေးဆရာ အချို့သည် ဆားအား စမ်းသပ် စစ်ဆေးပြီးနောက်တွင် သန့်စင်ပြီးဆားက ဆားကြမ်းထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်ကြောင်း သူတို့ သိခဲ့ရသည်။

ဆားအရည်အသွေး၏ နာမည် ကျော်ကြားမှုနှင့် ရတနာစံအိမ်၏ ဈေးကွက်တွင်း ဖြန့်ကြက်နိုင်သည့် အတွေ့အကြုံတို့ကြောင့် သန့်စင်ပြီး ဆားသည် ရက်အနည်းငယ် အတွင်းမှာပင် တစ်ကမ္ဘာလုံးရှိ ဆားဈေးကွက် အတွင်းသို့ ပျံ့နှံ့သွားတော့သည်။

ထိုအချိန်တွင် အိမ်တော်ထိန်းသည် သန့်စင်ပြီးဆားများအား မြင်လိုက်ရသည့် အချိန်တွင် ထိုမြင်လိုက်ရသည့် နေရာ၌ပင် ချက်ချင်း ဒေါသထွက် သွားတော့၏။ ဝမ်ရှန်းသည် ထိုဆားကို အသုံးပြုကာ သူ့ရှေ့၌ပင် ဟင်းများ ချက်ပြုတ်နေခဲ့ခြင်း မဟုတ်ပါလား…

ထိုအချိန်တွင် သူသည် အဘယ့်ကြောင့် ထိုဟင်းခတ် အမွှေးအကြိုင်များကိုသာ အာရုံစိုက်နေခဲ့ကာ အသုံးအများဆုံးနှင့် အားလုံးအတွက် မရှိမဖြစ် ဆားကို မေ့လျော့ နေခဲ့ရသနည်း…

***

Comment

Leave a Reply

Options

not work with dark mode
Reset