အပိုင်း ၁၆၆
ကံကောင်းခြင်း ဆေးပြားအား လဲလှယ်ခြင်း (၁)
“ဟိုး”
ဝမ်ရှန်းမှ အံ့သြဟန်ဖြင့် ပေါ့ပါးစွာ ပြောလိုက်သည်။
“သတင်းသိရင်ပဲ ရပါပြီ။ တခြားတစ်ယောက်က ငါ့ကို အိမ်တိုင်ယာရောက် ယူလာပေးလိမ့်မယ်”
သခင်လေးလျှိုသည် သူလိုချင်သည့် အရာကိုရခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် အရင်ကတည်းက သူ တစ်ခါမှ အထင်မကြီးခဲ့သည့် ဝမ်ရှန်းအား မြင်သာမြင် မကြင်ရ ဟူသည့် စကား၏အဓိပ္ပာယ်ကို နားလည်အောင် ပြုလုပ်ပေးလိုက်၏။ သူသည် သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲပြားကို ကိုင်ကာ အားရပါးရ ရယ်မော လိုက်တော့သည်။
ယခုအချိန်တွင် သခင်လေးလျှို၏ မျက်နှာထက်မှ အပြုံးသည် ရင်ဘတ်အောက်ခြေမှ ဖြစ်ပေါ်လာသည့် အလွန်ကျေနပ် ပျော်ရွှင်နေသည့် အပြုံးပင်ဖြစ်၏… အခြားတစ်ဖက်အား လှည့်စားကာ ကျောက်စိမ်းဆွဲပြားကို ရအောင် ယူနိုင်ခဲ့သည့်အတွက် အစောပိုင်းမှ မရွှင်မပျ ဖြစ်နေမှုများ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။
“ဒါက ဘာလဲဆိုတာ မင်းသိလား”
သခင်လေးလျှိုသည် ကျောက်စိမ်းဆွဲပြားအား တွဲလဲဆွဲကာ ဝမ်ရှန်းအား မေးလိုက်၏။
“မိသားစု တံဆိပ်လား”
ဝမ်ရှန်းမှ ဘာမှမစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။
“ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုရဲ့ တံဆိပ်လည်း ဖြစ်နိုင်တာပဲ။ ဒီတိုင်း ရိုးရိုးသာမန် လည်ဆွဲတော့ မဟုတ်ဘူးမလား”
“ဟုတ်တယ်၊ ဒါက ဂိုဏ်းတံဆိပ်ပဲ”
သခင်လေးလျှိုသည် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်အား ကြည့်သကဲ့သို့ ဝမ်ရှန်းအား ကြည့်လိုက်သည်။ ယခုအချိန်ထိတိုင် သူသည် အလွန်ကို ပျော်ရွှင်နေဆဲဖြစ်၏။
“ဒီဂိုဏ်းတံဆိပ်က ဘာတွေ လုပ်နိုင်လဲဆိုတာ မင်းသိလား”
ဝမ်ရှန်းမှ ပြန်ဖြေခင်နိုင်မှာပင် သခင်လေးလျှိုသည် ခေါင်းခါယမ်းကာ အော်ရယ်လိုက်၏။
“မင်း မသိပါဘူးကွာ… မင်းသာသိမယ်ဆိုရင် ကံကောင်းခြင်း ဆေးပြားအကြောင်း လောက်လေးနဲ့ မင်းငါ့ကို ဒီလည်ဆွဲပေးမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား”
“ဒါပေါ့”
ဝမ်ရှန်းမှ ရယ်ကာ အလိုက်အထိုက် ပြန်ဖြေ ပေးလိုက်သည်။ သူ အလိုက်အထိုက် ပြန်ပြောနေသ၍ အတင်းအကြပ် မေးမြန်းစရာ လိုမည်မဟုတ်ဟု သူ ယုံကြည်ပေသည်။ သခင်လေးလျှိုသည် သူ့ကိုယ်သူ ဂုဏ်ယူနေသည့် အချိန်တွင် ထိုဆွဲပြား၏ အလွန် စိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာများကို သူကိုယ်တိုင် ပြောပြ လာပေလိမ့်မည်။
“တကယ်တော့၊ မင်း ဒီဆွဲပြားကိုကိုင်ပြီး သူတို့ တံခါးပေါက်ရှေ့ သွားမယ်ဆိုရင် မင်းဂိုဏ်းထဲဝင်ဖို့ တောင်းဆိုလို့ရတယ်”
သခင်လေးလျှိုသည် တကယ်ကိုပဲ ဝမ်ရှန်းထင်သည့် အတိုင်းပြောခဲ့၏။ သူသည် ဝမ်နည်းမှုရော ဒေါသရော ရောယှက်နေသည့်အသံဖြင့် –
“မင်းသိလား၊ အဲ့ဂိုဏ်းထဲ ဝင်ခွင့်ရဖို့အတွက် လူဘယ်နှယောက်လောက်က သူတို့ အိပ်မက်ထဲမှာတောင် ငိုယိုပြီး တောင်းပန်နေရလဲ ဆိုတာ”
“အဲ့ဂိုဏ်းက ဒီလောက်တောင် အင်အားကြီးတာလား”
ဝမ်ရှန်းသည် ထိတ်လန့်မှုနှင့် နောင်တ တရားတို့ ရောပြွမ်းသည့် အသံဖြင့် ပြောလိုက်ကာ၊ ထို့နောက် စိတ်အား ထက်သန်စွာ မေးလိုက်၏။
“ဘယ်လို ဂိုဏ်းမျိုးကများ ဒီလောက်တောင် အင်အားကြီးတာလဲ”
“မင်း သိဖို့ မထိုက်တန်ဘူးကွ”
ဝမ်ရှန်း၏ နောင်တရသည့် အသံကြောင့် သခင်လေးလျှို ဝမ်းသာသွားခဲ့သည်။ သို့သော် ဂိုဏ်းနာမည်ကိုတော့ သူ ဘယ်တော့မှ အလွယ်တကူ ပြောပြမည် မဟုတ်ပေ။ သူ့အမြင်တွင် ဝမ်ရှန်းသည် ဂိုဏ်းနာမည် သိဖို့ရန်ပင် အရည်အချင်း မပြည့်မီသည့် လူတစ်ယောက်ဖြစ်၏။ သူသည် စိတ်ထဲမှနေ၍ –
“အခု ဒီအခွင့်အရေးက ငါ့အတွက်ပဲကွ”
“အဲ့ဂိုဏ်းထဲ ဝင်မယ်ဆိုရင် ကံကောင်းခြင်းဆေးပြား အကြောင်း သိရမှာလား”
ဝမ်ရှန်းသည် အနည်းငယ် ရှုပ်ထွေးဟန်ဖြင့် သခင်လေးလျှိုအား သူ့ကိုယ်သူ ပိုမို အထင်ကြီး သွားစေမည့် မေးခွန်းမျိုး မေးလိုက်သည်။
“ဒါပေါ့”
သခင်လေးလျှိုသည်လည်း သူ မောက်မာထောင်လွှား ပြသ၍ရသည့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို ဘယ်လိုလုပ် လက်လွှတ် ခံနိုင်မည်နည်း။ သို့သော် သူသည် ဝမ်ရှန်းအား နှစ်သိမ့်ပေးဟန်ဖြင့် –
“ဒါပေမယ့် မင်း ဂိုဏ်းထဲဝင်ဖို့ဆိုရင် အနည်းဆုံး ပဥ္စမအဆင့် ဝိညာဉ်သခင် ဖြစ်မှရမယ်။ အဲ့ဒါမှ ဂိုဏ်းထဲဝင်ဖို့ အရည်အချင်း ပြည့်မီတာ…” သခင်လေးလျှိုမှ စကားလက်စကို ရပ်ကာ ဝမ်ရှန်းအတွက် နှမြောဟန်ဖြင့် ခေါင်းခါယမ်း လိုက်သည်။
ဝမ်ရှန်းသည် ချက်ချင်းပင် စိတ်မကောင်း ဖြစ်သွားသည်ကို ဖြေသိမ့်ဟန်ဖြင့် သူ၏ရင်ဘတ်ကို သူပုတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
“အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ အနည်းဆုံးတော့ အခု ကံကောင်းခြင်း ဆေးပြား ဘယ်မှာ ရှိနေလဲဆိုတာ သိရပြီပဲ”
ဝမ်ရှန်း၏ ပုံစံကြောင့် သခင်လေးလျှို ကြောင်အ သွားခဲ့သည်။ ဒီကောင်က ရူးနေတာလားဟ… ဒါက ဘယ်လို ဂိုဏ်းမျိုးလဲ ဆိုတာကို သူ မသိဘူးလား… အင်အားကြီး မိသားစုတွေက သခင်လေးတွေက ဂိုဏ်းထဲဝင်ရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ကြပြီး အလကား ဖြစ်သွားကြလဲ ဆိုတာကို သူ မသိဘူးလား… အဲဒါကိုသူက ကံကောင်းခြင်း ဆေးပြား အကြောင်းလေးနဲ့ပဲ ကျေနပ် သွားတာလားဟ…
သို့သော် ဤသတင်းသည်ကလည်း အရေးမပါသည့် သတင်းတစ်ခု မဟုတ်ပါ။ သို့သော် သခင်လေးလျှိုသည် ဝမ်ရှန်းအား သတင်းသာ ပြောပြခြင်းဖြစ်ကာ သူ ကံကောင်းခြင်း ဆေးပြားကို ဘယ်တော့မှ ရရှိနိုင်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးဖြစ်၏။ ကံကောင်းခြင်း ဆေးပြားကို မည်သူမဆို ထိ၍ရသည်ဟု ဝမ်ရှန်း တကယ်ပဲ ထင်နေသည်လား… ထိုဆေးပြားနာမည်အား သိရခြင်းသည်ပင် ကံကောင်းနေပြီဖြစ်၏၊ ထိုကဲ့သို့ ဆိုလျှင်တောင်မှ ဝမ်ရှန်းသည် ဆေးပြားကို ရယူချင်နေသည်တဲ့လား…
ဝမ်ရှန်း မဆိုထားနှင့် သခင်လေးလျှိုသည်ပင် ကံကောင်းခြင်း ဆေးပြားက အမှန်တကယ် ရှိကြောင်းကို သိရုံသိခြင်းဖြစ်၏။ သူကိုယ်တိုင်ပင် အသုံးပြု၍ မရပေ။ ကံကောင်းခြင်း ဆေးပြားသည် သူတို့ကဲ့သို့ အင်အားကြီး မိသားစုများ၏ သာမန် သားသမီးများ အတွက်လည်း သူတို့ လက်လှမ်း မမှီနိုင်သည့် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်သည်။ သူတို့သည် ဆေးပြား အကြောင်းကို သာမန်လူများထက် အနည်းငယ် သိရှိနေခြင်းသာ ရှိ၏။
ယခုတစ်ကြိမ်တွင် သူသည် ဤဂိုဏ်းတံဆိပ် ကျောက်စိမ်းဆွဲပြားကို ယူလာနိုင်ခဲ့သည့် အတွက် ထိပ်တန်း မိသားစုများထံမှ ဆုလာဘ်အချို့ ရရှိနိုင်ပေသည်။ ဘာပဲပြောပြော သူသည် ထိုဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရှိနေပြီဖြစ်၏။ သို့သော် ဝမ်ရှန်းသည် ဤကဲ့သို့ ကြီးမားသည့် အခွင့်အရေးမျိုးကို ကံကောင်းခြင်း ဆေးပြား သတင်းသိရုံမျှနှင့် လဲလှယ်ခဲ့သည်… သခင်လေးလျှိုသည် စိတ်မသက်မသာဟန်ဖြင့် ခေါင်းသာ ခါယမ်း လိုက်တော့သည်။
သူ့မိသားစုထံ၌ ရှိနေသည့် ကံကောင်းခြင်း ဆေးပြားများ အတွက်မူ သူသည် သူ့အဖေ၏ အဆက်အသွယ်များ မှတစ်ဆင့် သိခဲ့ရခြင်းဖြစ်၏။ သတင်းကတော့ မှန်ပေသည်၊ သို့သော် ထိုဆေးပြားကို သူကိုယ်တိုင် တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။
ထို့အပြင် သူက ဝမ်ရှန်းအား ကံကောင်းခြင်း ဆေးပြား ပေးလိုက်မည် ဆိုလျှင်တောင် သူ့အတွက် ဘာအကျိုးရှိသနည်း… ဝမ်ရှန်း၏ လက်ရှိ ဝိညာဉ်အဆင့် အနေဖြင့် ထိုဆေးပြားအား သောက်သုံးလိုက်ခြင်းက များပြားသည့် ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်နိုင်သည့် အကျိုးကျေးဇူးသာ ရှိပေသည်။
…….
အစပိုင်းတွင် သူတို့အဝေး၌ ရပ်နေသည့် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းသည် ဘာမှ မခံစားရပေ။ သို့သော် သခင်လေးလျှို၏ စကားများအား ကြားလိုက်ရသောအခါ သူ မျက်နှာပျက် သွားတော့၏။
ဤကျောက်စိမ်းဆွဲပြားသည် ထိုဂိုဏ်းအား ဝင်ခွင့် ရစေနိုင်သည့် ဝင်ခွင့်လက်မှတ ဖြစ်နေခဲ့သည။ ထို့အပြင် ဝမ်ရှန်းသည် သူဘာသူသာဆိုလျှင် ဘယ်တော့မှ မရရှိနိုင်သည့် ကံကောင်းခြင်း ဆေးပြားအကြောင်း သတင်းအတွက် ဆွဲပြားကို သခင်လေးလျှိုအား ပေးလိုက်ခြင်းဖြစ်၏။ ဤနေရာတွင် ပြဿနာ အကြီးကြီး တက်ပြီဖြစ်သည်။
မြို့အရှင်သာ ဤအကြောင်း သိသွားမည်ဆိုလျှင် ဒေါသူပုန် ထသွားနိုင်ပေသည်။ ထိုကဲ့သို့ မြို့အရှင် ဒေါသထွက်သွားမည် ဆိုပါက ဝူရုံမြို့တွင် ကြီးမားသည့် အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်သွားမည်ကို အိမ်တော်ထိန်း စိုးရွံ့မိပေသည်။
အိမ်တော်ထိန်းသည် သူ့စိတ်ထဲမှ နေ၍လည်း မကျေမနပ် ပြောလိုက်၏။ ဝမ်ရှန်းထံ၌ ရှိနေသည့် ကျောက်စိမ်းဆွဲပြားက ဤကဲ့သို့ အကျိုးကျေးဇူးမျိုး ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း… ထို့အပြင် ဝမ်ရှန်းထံ၌ ဤကဲ့သို့ ဆွဲပြားမျိုး ရှိသည်ဟုရော မည်သူက သိခဲ့သနည်း… ဝမ်ရှန်းသည် ထိုအကြောင်းကို ဘယ်တုန်းကမှ မပြောပြခဲ့ဖူးချေ။ ထို့ပြင် သခင်လေးလျှိုသည်လည်း အစပိုင်းတွင် ဓားမြှောင် အကြောင်းကိုသာ ပြောခဲ့ခြင်းဖြစ်၏။ ကျောက်စိမ်း အကြောင်းပါ ပါလာလိမ့်မည်ဟု သူလည်း ထင်ထားမည် မဟုတ်ပေ။
ဝူရုံမြို့မှ ရရှိသင့်သည့် အကျိုးကျေးဇူးကို ဤသခင်လေးလျှိုက အမှန်တကယ်ကို ကြားဖြတ် ခုတ်သွားခြင်းဖြစ်၏။ ဤသတင်းသာ ပေါက်ကြားသွားပါက ကြီးမားသည့် အငြင်းပွားမှုနှင့် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကိုပင် စိုးရိမ်ရပေသည်။ ထိုကဲ့သို့ ဆိုလျှင် ပြဿနာက ပိုကြီးသွားမည်ဖြစ်၏။
ထိုအချိန်တွင် အိမ်တော်ထိန်းမှ ခေါင်းကြိမ်း နေသော်လည်း ဝမ်ရှန်း၏ စိတ်သည် တည်ငြိမ် ငြိမ်သက်နေဆဲဖြစ်၏။ သူ၏မျက်နှာထက်မှ စိုးရိမ်ထိတ်လန့် စိတ်လှုပ်ရှားဟန်များသည် သူ ဟန်ဆောင် ထားခြင်းသာဖြစ်သည်။
ဤကျောက်စိမ်း ဆွဲပြား၏ အကျိုးသက်ရောက်မှုက မည်မျှပင် ကြီးမားနေပါစေ ဝမ်ရှန်းသည် ယခုချက်ချင်း ဝူရုံမြို့မှ ထွက်သွား၍ ရနိုင်မည်လား။ သူသည် ထိုကျောက်စိမ်းဆွဲပြားနှင့် ထွက်သွားသည်နှင့် သေချာပေါက် မြေမြှုပ်စရာ ခန္ဓာကိုယ် အစိတ်အပိုင်း မရှိဘဲနှင့်ကို သေဆုံးသွားရမည် ဖြစ်သည်။ ကျောက်စိမ်း ဆွဲပြားကို သူလိုအပ်နေသည့် ကံကောင်းခြင်း ဆေးပြားအကြောင်း သတင်း လဲလှယ်ရာ၌ အသုံးပြုခြင်းကသာ ပို၍ အကျိုးရှိပေသည်။
ဤသခင်လေးလျှို ပြောသည့် သူ ကံကောင်းခြင်း ဆေးပြားကို ဘယ်တော့မှ ရရှိနိုင်မည် မဟုတ် ဟူသည့် စကားသည် ပို၍ပင် ရယ်ချင်စရာ ကောင်းပေသည်။ ယခင်တွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားက မည်သည့်နေရာ၌ ရှိနေကြောင်း မသိခဲ့ပေ၊ သို့သော် ယခုအချိန်တွင် ဆေးပြား တည်နေရာကို သတင်းအတိအကျ ရထားပြီဖြစ်၏။ ထိုဆေးပြားကို ယူထုတ်လာရန် ဘယ်နှမိနစ်မှပင် ကြာမည်မဟုတ်ချေ။
“ဓားမြှောင်နဲ့ ကျောက်စိမ်းဆွဲပြား အပြင် တခြား ပစ္စည်းလေးတွေလည်း တွေ့ခဲ့သေးတယ်”
ဝမ်ရှန်းသည် သခင်လေးလျှိုအား အပြည့်အဝ စိတ်ကျေနပ်ခွင့် ပေးကာ ထိုစကားကို တစ်ခွန်းချင်း ပြောလိုက်၏။
သခင်လေးလျှို၏ အပြုံးများ သူ၏မျက်နှာထက်၌ ချက်ချင်း တောင့်တင်း သွားခဲ့သည်။ ထို့အတူ အဝေး၌ရှိနေသည့် အိမ်တော်ထိန်း၏ မျက်နှာသည်လည်း ပိုပို၍ အကျည်းတန် လာခဲ့၏။ သူသည် အခြားဝိညာဉ်သခင်များကိုပါ လာရောက်ရန် လက်ဟန်ခြေဟန် ပြလိုက်တော့သည်။
“တကယ်တမ်းတော့ ဓားမြှောင်ဘေးမှာ မြေပုံတစ်ခုလည်း ရှိနေတယ်”
ထိုနေရာ၌ စကားရပ်ကာ ဝမ်ရှန်းသည် သခင်လေးလျှို၏ ရုတ်တရက် တောင့်တင်းသွားသော အပြုံးကိုကြည့်၍ စကားဆက်လိုက်၏။
“အဲ့နေရာမှာ ရှိနေတာက ဂျင်ဒီနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းကို လက်နဲ့ ရေးဆွဲထားတဲ့ မြေပုံပဲ”
***