စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀။ နောက်ဆုံး အခြေခံ ဓားကျင့်စဥ်။
Zero to Hero in the Martial Arts Library
Author: Flammable Wood
ညစာစားခန်းထဲတွင် အပြာရောင် ကြောင်ပုံစံ ဟွမ်လျိုလီက လက်ထဲ၌ ငါးတစ်ကောင်ကို ကိုက်ကာ အပြင်သို့ လျှောက်လာလေ၏။ ကြောင်၏ ခြေလှမ်းတို့က ဂုဏ်ယူ၀င့်ကြွားမှုတို့ ပြည့်နေ၏။
” ဟမ့်။ ငါက ကြိုက်တာကို ခိုးလို့ ရတယ်။ ငါ့မှာ ပုံရိပ်ယောင် ကြောင်မျိုးဆက်ရဲ့ သွေးမျိုးဆက် ရှိနေပြီးသားပဲ။ ငါက ချီရှန်း အဆင့် ကြယ်တာရာ သားရဲတစ်ကောင်။ ငါက ဒါကို ငါ့ ကိုယ်ပိုင် အရည်အချင်းနဲ့ ခိုးလာတာ။ ဒီတော့ ဘယ်လိုလုပ် တရားမမျှတပဲ နေမှာလဲ”
” အခု နင်က သန်မာနေပြီး ငါက နင့်ရဲ့ ကြယ်တာရာ အိမ်မွှေး တိရိစ္ဆာန်အဖြစ် ဖိအားပေးခံရတာကြောင့် နင် ကြိုက်တာ လုပ်လို့ ရမယ်လို့ မထင်နဲ့။ ငါက နင် ကြိုက်သလို ထိန်းချုပ်လို့ ရတဲ့သူ မဟုတ်လို့ပဲ။ ငါ့ရဲ့ ၀ိညာဥ် စွမ်းအားနဲ့ ကျင့်ကြံဆင့် မြင့်မားလာရင် နင့်ကို သေချာပေါက် ငါ့ရဲ့ အိမ်မွေး ပြန်လုပ်ပစ်မယ်”
ဟွမ်လျိုလီက အေးအေးလူလူ လျောက်လာရင်း ပြိုလဲနေသော ခြံစည်းရိုးဘေး၌ ရပ်နေသည့် ယဲ့ရှောင်ကို တွေ့လိုက်ရ၏။
” အမ်။ သူ ဘာဖြစ်နေတာလဲ”
ငြိမ်သက်စွာ ရပ်နေသည့် ယဲ့ရှောင်၏ ၀ိညာဥ်စွမ်းအားများက နောက်တစ်စက္ကန့်တွင် ပေါက်ကွဲသွားပြီးနောက် ကျောက်တုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေတော့သည်။
” မြောင်”
ဟွမ်လျိုလီက စူးရှစွာ အော်လိုက်၏။ သူမ၏ အမြီးနှင့် အမွေးအမျှင်တို့က ထောင်ထသွားကုန်၏။ မျက်လုံးက ပြူးပြီး ပါးစပ်က အဟောင်းသား ဖြစ်သွားတော့သည်။ လက်ထဲရှိ ငါးကလည်း မြေကြီးပေါ် ပြုတ်ကျသွား၏။
သူမ ဘာကို မြင်လိုက်ရတာလဲ။ ယဲ့ရှောင်က သူ့ ၀ိညာဥ်စွမ်းအားကို ခြံစည်းရိုးတစ်ခုကို ချက်ချင်း ဖျက်ဆီးလိုက်တာလား။ ယဲ့ရှောင်ရဲ့ ၀ိညာဥ်စွမ်းအားက ရုပ်၀တ္ထုဖြစ်တည်နိုင်တာလား။
သူက သူမကို နောက်နေတာလား။ ဒါက အမြင်မှားသွားတာများလား။
ယဲ့ရှောင်က ၀ိညာဥ်စွမ်းအားများကို ကျင့်ကြံမှန်း သူမ မသိခဲ့ပဲ သိုင်းကျမ်းများကိုသာ ကျင့်ကြံနေသည်ဟု ထင်နေခဲ့ခြင်းပင်။ ၀ိညာဥ်စွမ်းအားများက ရုပ်လုံးပေါ်နိုင်သော်ငြား ချီရှန်းအဆင့်များသာ ထိုသို့ ပြုလုပ်နိုင်တာ ဖြစ်သည်။ သူမ သခင်က ချီရှန်းအဆင့် သိုင်းပညာရှင်လား။
ထိုစဥ် ယဲ့ရှောင်က လှုပ်ရှားမှုများကို အာရုံခံမိပြီး သူမကို လှည့်ကြည့်လာလေ၏။ မြေကြီးပေါ်ရှိ ငါးကို မြင်တွေ့လိုက်သည့်အချိန်တွင် သူ မျက်မှောင်ကြုတ်သွားမိသည်။
” မင်း ထပ်ခိုးလာပြန်ပြီလား”
ဟွမ်လျိုလီက ကြောက်လန့်လွန်းသောကြောင့် ခေါင်းအမြန်ခါလိုက်လေသည်။
” မခိုး။ မခိုး။ မခိုးပါဘူး။ ဒီဟာ ဘယ်နေရာက ရောက်လာမှန်း မသိဘူး။ တစ်ယောက်ယောက်က ပြုတ်ကျခဲ့တယ်ဆိုရင်တောင် ငါ မလိုချင်ဘူး”
‘သေစမ်း။ ဒီဟာကို ငါ ခိုးလာတာကို ယဲ့ရှောင် သိသွားရင် သူ ငါ့ကို သတ်မှာလား’
ယဲ့ရှောင်က မယုံကြည်သော်ငြား စောင့်ကြည့် ကင်မရာများကို သွားရောက်စစ်ဆေးခြင်း မပြုတော့ပေ။ သူက လှည့်ထွက်သွားပြီး စာကြည့်တိုက်ဆီသို့ ပြန်လျှောက်သွား၏။
ဟွမ်လျိုလီက သက်ပြင်းချလိုက်သည်။ ကံကောင်းသည်မှာ သူမ၏ ဦးနှောက်က အမြဲတမ်း ပိုမြန်ဆန်၏။ အနည်းငယ်သာ နှောင့်နှေးသွားခဲ့လျှင် သူမက ထိုကျောက်တုံးကဲ့သို့ ဖြစ်သွားနိုင်သည်။
မြေကြီးပေါ်မှ ငါးကို နင်းခြေပြီးနောက် ယဲ့ရှောက်နောက်သို့ အေးအေးလူလူ လိုက်သွားတော့၏။ သူမ၏ သခင်က အလွန်အစွမ်းထက်ဟန်ရပြီး သာမန်လူတစ်ယောက်ဖြစ်ပုံ မပေါ်ပေ။ သူ၏ ထိန်းချုပ်မှုမှ သူမ အလွယ်တကူ လွတ်မြောက်ဖို့ မဖြစ်နိုင်လောက်ချေ။ ထိုသို့တိုင် သူမတွင် ထိုကဲ့သို့ အစွမ်းထက်သော သခင်တစ်ယောက် ရှိနေတာ အတော်ကောင်းပေသည်။ ဆိုရလျှင် သူက သူမကို ကာကွယ်နိုင်မှာပဲ ဖြစ်သည်။
” မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်သေးဘူး”
ဟွမ်လျိုလီက ခေါင်းခါလိုက်လေတော့သည်။
သူမက လူသားတစ်ယောက်ရဲ့ အုပ်စိုးမှုကို ဘယ်လိုလုပ် အညံ့ခံနိုင်မှာလဲ။ သူမမှာ ပုံရိပ်ယောင် ကြောင်ရဲ့ သွေးမျိုးဆက် ရှိတယ်။ ကြယ်တာရာ သားရဲတွေထဲမှာတောင် သူမက သာလွန်တဲ့ တည်ရှိမှု တစ်ခုလေ။ သူမက နောက်ကျ မဟာ ချီရှန်းအဆင့်ကို ကျော်လွန်မှာ သေချာတယ်။ လူသားတစ်ယောက်ကို သူမ သခင်အဖြစ် ဘယ်လိုလုပ် အသိအမှတ် ပြုနိုင်မှာလဲ။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ သူမ သည်းခံရလိမ့်မယ်။ အဆင့်တစ်ခု ရောက်သွားတဲ့အချိန်ကျရင် သူမက သူ့ကို ကန်ထုတ်လိုက်ရုံပေါ့။
ကြယ်တာရာ သားရဲများသည် လူသားများနှင့် ကွဲပြားခြားနား၏။ သူတို့က ကြီးပြင်းရန် အချိန်နှင့် သိုင်းပညာရှင်တို့အား ဝါးမျိုရန်သာ လိုအပ်သည်။ ဟွမ်လျိုလီသည် သူမ၏ အနာဂတ် ကျင့်ကြံမှုကို စိုးရိမ်ပူပန်နေစရာ မလိုပေ။
‘ကောင်းပြီ။ ငါ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ငါ သူ့ရဲ့ ကျွန် အနှစ်နှစ်ရာလောက် ဖြစ်ပေးလိုက်ရုံပေါ့’
ယဲ့ရှောင်က စာကြည့်တိုက်သို့ ပြန်သွားပြီး စာဆက်ဖတ်နေလေ၏။ ၀ိညာဥ်ရေးရာ ကျင့်စဥ်များက ရှာဖွေရ မလွယ်ကူချေ။ ဆိုရလျှင် ဤလောက၌ လူတစ်ယောက်၏ ပင်မ အာရုံစိုက်ရာက သိုင်းပညာသာ ဖြစ်သည်။
နှစ်နာရီ ထိုးသွားပြီဖြစ်ကြောင်း သတိထားမိချိန်၌ ကုဟိုင်က မည်သည့်နေရာကမှန်းမသိ ပေါ်လာလေ၏။
” လောင်ယဲ့။ မင်း ထပ်ဖတ်နေပြန်ပြီလား”
ယဲ့ရှောင်က သူ၏ စာအုပ်ကို ချပြီး ခေါင်းအနည်းငယ်မော့လိုက်၏။ သူက တစ်ချက်ကြည့်လိုက်ရာ တစ်ဖက်လူ စိတ်တက်ကြွနေတာကို မြင်လိုက်ရ၏။ ပြုံးရွှင်သော အမူအရာဖြင့် သူက ပြောလာလေသည်။
” ရုံးချိန်အတွင်း ငါ့ရဲ့နေရာကို လာလည်ဖို့ မင်း ဘာကြောင့် အချိန်ရနေတာလဲ”
“ဟိ။ဟိ။ လတ်တလောမှာ အလုပ်သင်တချို့ ရောက်လာတယ်မလား။ သူတို့က ဒုတိယအလွှာကို တာ၀န်ယူထားရတာ။ တစ်ယောက်ကို ငါနဲ့ ခေါ်ထားလိုက်တော့။ သူ ငါ့နေရာကို ဂရုစိုက်နိုင်ပြီလေ။ ငါ အချိန်တချို့ခိုးပြီး လျှောက်သွားရအောင် မင်းကို လာရှာတာ။ ပြီးတော့ မင်းကို ပြောဖို့တစ်ခုလည်း ရှိသေးတယ်”
” ပြောလိုက်”
ယဲ့ရှောင်က စာအုပ်ကို ကောက်ကိုင်လိုက်ပြန်၏။ သူက ကုဟိုင် ပေါက်ပေါက်ဖောက်တာ နားထောင်နေစဥ် စာဖတ်ရန် ပြင်ဆင်နေတာ သိသာနေပေသည်။ မည်သို့ပင်ဆိုစေ ယင်းက အရေးကြီးသည့် ကိစ္စ မဟုတ်ပေ။
” ငါ လက်ထပ်တော့မယ်”
” ဖုတ်”
ယဲ့ရှောင် ယူထားသည့်စာအုပ်က မျက်တောင်တစ်ခပ်အတွင်း အောက်သို့ ပြုတ်ကျသွားလေ၏။ သူက ခေါင်းမော့ပြီး မျက်မှောက်ကြုတ်ကာ ကုဟိုင်ကို ကြည့်လိုက်တော့သည်။
ကုဟိုင်၏ မျက်နှာက ရှုံ့မဲ့သွားတော့၏။
” ဒါက ဘယ်လို အမူအရာမျိုးလဲ။ ငါက လူငယ်တစ်ယောက်။ လက်ထပ်ဖို့ အရွယ်ရောက်ပြီ။ ငါ လက်ထပ်တာ ပုံမှန်ပဲမလား”
” မဟုတ်ပါဘူး။ ငါက သိချင်ရုံပဲ။ ဘယ်သူ့ရဲ့ သမီးကများ မင်းကို လက်ထပ်ဖို့ထိ အညာခံလိုက်ရတာလဲ”
” ငါ မင်းကို ပြောပြရင် မင်း သေချာပေါက် လန့်သွားမှာပဲ။ ခန့်မှန်းကြည့်လေ။ မင်း သူတို့ကို သိတယ်”
ယဲ့ရှောင်က တိတ်ဆိတ်သွားလေ၏။
” မစ္စ၀မ်လား”
” ••••”
” မစ္စ၀မ်က ငါ့ အမေ ဖြစ်လောက်အောင် အသက်ကြီးနေပြီ။ ခန့်မှန်းလို့ ရလား”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” မင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ကောင်းမယ်။ ငါ့ရဲ့ ဦးနှောက်ဆဲလ်တွေကို အလုပ်လုပ်ခိုင်းရမှာ ပျင်းနေတယ်”
” ကောင်းပြီလေ။ မင်းကို အချိန်ဆွဲမနေတော့ဘူး။ သူက မစ္စတာ လုရဲ့ သမီးပဲ။”
” •••”
ယခုအခေါက်တွင် ယဲ့ရှောင် ဆွံ့အသွားရမည့် အလှည့်ဖြစ်သည်။
” မြို့စောင့်တပ်ဖွဲ့ က မစ္စတာလုလား”
” ဟုတ်တယ်။ ဒါပေမဲ့ မင်း အခုချိန်ကစပြီး မစ္စတာလုလို့ ခေါ်လို့ မရတော့ဘူး။ သူ့ကို ဦးလေးလုလို့ ခေါ်ရမယ်။ ငါက သူ မကြာခဏ ဖမ်းတာ ခံနေရတာမလား။ ငါ့ကို သင်ပြပေးဖို့ သူ့သမီးကို လွတ်ပေးလိုက်တာဆိုပဲ။ ဒါပေမဲ့ အဆုံးမှာ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သဟဇာတဖြစ်ပြီး တိတ်တိတ်လေး တွဲလိုက်ကြတယ်လေ။ ဘယ်သူက တွေးမိမှာလဲ”
” မစ္စတာ လုက သဘောတူလား”
” သူက သေချာပေါက် သဘောမတူဘူးပေါ့။ ဒါပေမဲ့ ဖြစ်တာက ဖြစ်ပြီးသွားပြီပဲ။ သူ ဘာတတ်နိုင်တော့မလဲ။ သူ သဘောမတူရင် သူ့မြေးအရင်းကို လက်လွှတ်ရလိမ့်မယ်”
” မင်းရဲ့ အကွက်က တကယ်မြန်တာပဲ။”
” ဒီလို မပြောနဲ့။ ဒီတစ်ခေါက် ငါ အတည်ပြောနေတာ။ တကယ်ပါ။ နောက်ဆို ငါက လူကောင်းတစ်ယောက်ဖြစ်လာပြီး နေ့စဥ်နေ့တိုင်း တိုးတက်လာတော့မှာ။ မြို့စောင့်တပ်ဖွဲ့ စာမေးပွဲအတွက်လည်း ပြင်ဆင်ပြီးနေပြီ။ ငါ မြို့စောင့်တပ်ဖွဲ့၀င် တစ်ယောက်ဖြစ်လာရမယ်လို့ ငါ့ယောက္ခမကို ငါ ကတိပေးထားရတာ။ နောင်ကျ ငါ သူနဲ့အတူတူ အလုပ်လုပ်ရင် သူလည်း ငါ့ကို နေ့တိုင်းစောင့်ကြည့်လို့ ရပြီပေါ့”
ယဲ့ရှောင်က ပိုတောင် ဆွံ့အသွားတော့သည်။ ကုဟိုင်က ယောက္ခမဟုတောင် အမည်တပ်ခေါ်နေပြီ ဖြစ်သည်။ သို့သော် သူ၏ မိတ်ဆွေကောင်းက လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားသောကြောင့် သူ အတော်လေး ပျော်ရွှင်နေမိလေ၏။
” ကောင်းပြီ။ ဂုဏ်ပြုပါတယ်ကွာ။ မင်း ဘယ်အချိန်လောက် အလုပ်ထွက်မှာလဲ”
” အလျင်မလိုဘူး။ မြို့စောင့်တပ်ဖွဲ့ စာမေးပွဲက တစ်ချိန်တည်း ပြီးမှာ မဟုတ်ဘူး။ အခု အလုပ်မထွက်ရင် မင်္ဂလာဆောင်တဲ့အချိန် စာကြည့်တိုက်ကနေ ငွေတော်တော်များများ စုမိနေလောက်ပြီ”
“အာ။ ဟုတ်သား။ မင်းကို လာရှာတာ တခြားကိစ္စရှိသေးတယ်။ မနေ့တုန်းက ငါနဲ့ ငါ့မိန်းမ ရှေးဟောင်းလမ်းကို သွားခဲ့ပြီး ပစ္စည်းတချို့ ၀ယ်လာခဲ့တယ်။ သူတို့ထဲမှာ ငါ နားမလည်နိုင်တဲ့ ရှေးဟောင်းစာအုပ်တစ်အုပ် ရှိတယ်။ မင်းက စာဖတ်ရတာ ကြိုက်တယ်ဆိုမှတော့ ဒီမှာ မင်းဟာပဲ။ မင်း မကြိုက်ဘူးဆိုရင်လည်း လွတ်ပစ်လိုက်လို့ ရတယ်”
ယဲ့ရှောင်သည် ရှေးဟောင်း စာအုပ်ကို မြင်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင် စာအုပ်က လှုပ်ရှားလာတော့သည်။ ယင်းက သူ၏ စိတ်၀င်စားမှုကို နိုးဆွသွားတော့၏။ ယင်းသည် အခြေခံ ကျင့်စဥ်တစ်မျိုး ဖြစ်သည်။ သူက စာအုပ်ကို ယူပြီး အဖုံးကို ဖတ်ကြည့်လိုက်၏။
အပေါ်တွင် ရေးထားသော ရှေးဟောင်း အက္ခရာများကို သူ နားမလည်ပေ။ သို့သော် ဓားအတွက် ရေးထားသော စကားလုံးကိုမူ ဝေဝါးဝါး မှတ်မိ၏။ ယင်းက ဓားသိုင်းတစ်မျိုး ဖြစ်သည်။
ယဲ့ရှောင်က ချက်ချင်း ပျော်ရွင်သွားတော့သည်။ ၄င်းက ဓား ကျင့်စဥ်ဖြစ်နေလေသည်။ ရွှေရောင် စာအုပ်က လှုပ်ရှားလာသည်မှာ အံသြစရာ မရှိပေ။
သူသည် နောက်ဆုံး ဓား ကျင့်စဥ် မရှိသေးသောကြောင့် ပေါင်းစပ်နိုင်ခြင်း မရှိသေးတာပဲ ဖြစ်သည်။
အပိုင်း ၂၀ ပြီး၏။