စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉။ ၀ိညာဥ်ရေးရာသိုင်းကို မိတ်ဆက်ခြင်း၊ ကျောက်တုံးကို အတွေးတစ်ချက်ဖြင့် ခြေမွ။
Zero to Hero in the Martial Arts Library
Author: Flammable Wood
ဟွမ်လျိုလီသည် မီးဖိုချောင်အတွင်းသို့ ၀င်ရောက်ပြီး တတွတ်တွတ် ပြောနေတော့၏။
” သေသင့်တဲ့ လူသား။ ညစ်ပတ်ပေရေတဲ့ လူသား။ ငါ့ကို အမြတ်ထုတ်နေတုန်းပဲ။ ငါ့ရဲ့ ခွန်အား ချို့တဲ့နေတာကြောင့်သာ မဟုတ်ရင် ငါ နင့်ကို မျိုချပစ်မှာ။ ငါ နင့်ကို ဒီလောက်ထိ ဘယ်လိုလုပ် မောက်မာထောင်လွှားခွင့် ပေးရမှာလဲ”
ဧည့်ခန်းထဲမှ ယဲ့ရှောင်၏ အသံပေါ်ထွက်လာသည်။
” ဘာတွေ တတွတ်တွတ် ပြောပြီး ရေရွတ်နေတာလဲ” ဟွမ်လျိုလီ၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း ပြောလိုက်လေ၏။
” အမ်။ အမ်။ ဘာမှ မဟုတ်ပါဘူး။ သစ်သီးတွေ ဆေးကြောနေရုံပဲ”
ဧည့်ခန်းထဲမှ အသံ ထပ်မထွက်လာတာကို သိလိုက်ပြီးနောက် သူမ၏ ရင်ဘတ်အား အသာဖိကာ သက်ပြင်းချလိုက်တော့၏။
သစ်သီးများကို ကြည့်မိသည့်နောက်တွင် သူမ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာတော့သည်။ ပြီးနောက် စပျစ်သီးများကို တစ်လုံးပြီး တစ်လုံး အခွံခွာလိုက်တော့သည်။ ထို့နောက် သူမ၏ သားရေဖိနပ်ကို ချွတ်ကာ စပျစ်သီးများကို ခြေအိတ်သေးလေး ၀တ်ထားသည့် ခြေထောက်နှင့် ပွတ်လိုက်လေ၏။
” ဟိ။ ဟိ။ ငါ့ကို အနိုင်ကျင့်တဲ့အတွက် သင်ခန်းစာ ပေးရမယ်”
သို့သော် သူမက မီးဖိုချောင်ထဲမှ သစ်သီးပန်းကန်ကို ပြုံးပြီး သယ်လာချိန်တွင် ယဲ့ရှောင်၏ အကြည့်နှင့် ဆုံလိုက်ရသည်။
” ဒီနေ့ အဲဒီ စပျစ်သီးတွေ စားလို့မကုန်ရင် မင်းကို အရေခွံစုတ်ပြီး ပ၀ါလုပ်ပစ်မယ်”
” •°° ”
ထိုညတွင် ယဲ့ရှောင်က ငှားထားသော အိမ်တွင် နေခဲ့၏။ နေရာကို ဟွမ်လျိုလီက သန့်ရှင်းရေး လုပ်ပေးထားသည်။ လတ်ဆတ်သည့် သစ်သီးအချို့၊ ချက်ပြုတ်ထားသည့် ဟင်းလျာတို့လည်း ရှိနေလေသည်။ နေ့စဥ် အသုံးအဆောင် ပစ္စည်းများလည်း ရှိနေပြီဖြစ်သောကြောင့် အတော်ပင် အဆင်ပြေနေလေပြီ။
သို့သော် နောက်နေ့စောစော၌ ဟွမ်လျိုလီက ယဲ့ရှောင်၏ ကုတ်ဆွဲခြင်း ခံလိုက်ရပြီး စာကြည့်တိုက်သို့ တရွတ်တိုက် ဆွဲခေါ်သွား ခံရလေတော့သည်။ ယနေ့က တနလ်ာနေ့။ သူ အလုပ်သွားရမည် ဖြစ်သည်။
” ငါက မနက်စောစော ထဖို့ ဘာလို့ ဖိအားပေးခံရတာလဲ။ အလုပ်ကို တစ်ယောက်တည်း သွားလို့ မရဘူးလား။ ငါ့ကို အနိုင်ကျင့်နေတာပဲ။ ဆန္ဒပြပါတယ်။ ငါ ဆန္ဒပြချင်တယ်”
ယဲ့ရှောင်က စိတ်အနှောက်အယှက် အဖြစ် မခံချေ။ သူသည် သူမနှင့် စာချုပ်ချုပ်ဆိုပြီးခါစဖြစ်ပြီး သူမက အပြည့်အ၀ ယဥ်ပါးအောင် မထိန်းချုပ်ရသေးသည့် ကြယ်တာရာ သားရဲတစ်ကောင် ဖြစ်နေသေးသည်။ ထို့အပြင် သူမက ချီရှန်းအဆင့် ကြယ်တာရာ သားရဲဖြစ်ပေ၏။
သူမ၏ သိုင်းစွမ်းအားက မြင့်မားလွန်းရာ လူသားများ၏ ယဥ်ကျေးမှုကို မလေ့လာခဲ့ရပေ။ သူမက အဆင်အခြင်မဲ့စွာ ပြုမူခဲ့လျင် ဂိုဏ်းကြီးအချို့၏ ပစ်မှတ်ထားခြင်း ခံရနိုင်သည်။ သူတို့က သဲလွန်စ ရပြီး သူမကို လိုက်ရှာခဲ့လျှင် ပြဿနာကြီး တစ်ရပ် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ယဲ့ရှောင်က သူမကို စာကြည့်တိုက်သို့ ခေါ်သွားပြီး တစ်ချိန်လုံး သူ့ မျက်စိ ရှေ့မှောက်တွင်ပဲ ထားထားမှာ ဖြစ်သည်။
ချီရှန်းအဆင့် သားရဲတစ်ကောင်သည် လူအသွင် သဏ္ဍာန် ယူနိုင်၏။ သို့မဟုတ် မူလအသွင်လည်း ပြောင်းလဲနေနိုင်၏။ ယဲ့ရှောင်က သူမကို ပုံရိပ်ယောင် ကြောင်တစ်ကောင်အဖြစ် အသွင်ပြောင်းခိုင်းခဲ့သည်။ သူမ၏ ပုံစံက အပြာရောင် ကြောင်နှင့်တူပြီး အလွန် ချစ်စဖွယ်ကောင်း၏။
ယဲ့ရှောင်သည် ပဲနို့တစ်ခွက်၊ ပေါက်စီ တစ်ပန်းကန်နှင့် စာကြည့်တိုက်ရှေ့ရှိ မနက်စာဆိုင်မှ လက်ဖက်ကြက်ဥတစ်လုံးတို့ကို သယ်လာလေ၏။
သို့သော် သူ စာကြည့်တိုက်သို့ ရောက်သည့်အချိန်တွင် ဟွမ်လျိုလီသည် အမဲသား ပေါက်စီကို ကိုင်ထားပြီး အေးအေးလူလူ စားနေသည်ကို တွေ့လိုက်ရချိန်တွင် သူ အံ့အားသင့်သွားတော့သည်။ ယင်းက ယဲ့ရှောင်ကို အလွန်အံ့သြသွားစေ၏။
” အမဲသား ပေါက်စီ ဘယ်က ရလာတာလဲ”
ဟွမ်လျိုလီက သူ့ကို ပျင်းရိပျင်းတွဲ တစ်ချက်ကြည့်ရင်း ချက်ချင်းပြောလိုက်လေ၏။
“အစောတုန်းက နင် မနက်စာသွား၀ယ်တဲ့အချိန် သူတို့ကို စိတ်ရှုပ်ထွေးအောင် စိတ်လှည့်စားလိုက်တာပဲ”
ယဲ့ရှောင်က မျက်ခုံးပင့်မိသွား၏။
” မင်း ခိုးလာတာလား”
အိမ်ထဲရှိ ပစ္စည်းများကလည်း ခိုးလာဟန် တူသည်။
” ခိုးတာလား။ ဘာကို ဆိုလိုတာလဲ”
ဟွမ်လျိုလီက ကြယ်တာရာ သားရဲတစ်ကောင်ဖြစ်သည်။ သူမက လူသားများအကြားရှိ စည်းမျဥ်းစည်းကမ်းများနှင့် ကျင့်၀တ်များအကြောင်း မသိပေ။
” တစ်ပါးသူရဲ့ ခွင့်ပြုချက် မပါဘဲ ပစ္စည်းတွေကို ယူလာတာက ခိုးတာပဲ။ နောက်ကျရင် အဲဒီလိုမျိုးတွေ လုပ်ခွင့်မရှိဘူး”
” အာ။ ဘာကြောင့် ကိစ္စတွေ ဒီလောက် ရှုပ်ထွေးရတာလဲ။ ငါတို့ ကြယ်တာရာ သားရဲတွေက သန်မာတဲ့လူတွေကို အမြဲတမ်းလေးစားတယ်။ ပစ္စည်းတွေကို ယူနိုင်တဲ့ အရည်အချင်း ရှိသူတိုင်းက ယူနိုင်တာပဲ”
” မင်းက အခု ကြယ်တာရာ သားရဲ မဟုတ်တော့ဘူး။ ငါ့ရဲ့ အိမ်မွေး ကြယ်တာရာ သားရဲကောင်ဖြစ်နေပြီ။ ပစ္စည်းတွေကို ထပ်ပြီး ခိုးယူရဲတယ်ဆိုရင် ငါ့ကို အကြင်နာမဲ့တယ်ဆိုပြီး အပြစ်မတင်လေနဲ့”
ယဲ့ရှောင်သည် သူမ၏ အခြေခံ ကျင့်၀တ် နားလည်မှု မရှိခြင်းအပေါ် အတော်လေး စိုးရိမ် ပူပန်နေမိ၏။
ရန်သူများထံမှ သို့မဟုတ် လူဆိုးများထံမှ ပစ္စည်းများ ခိုးယူခဲ့လျှင် သူက ပြောနေမှာ မဟုတ်ပေ။ သို့သော် သာမန်လူများထံမှ ခိုးယူခြင်းက များလွန်း၏။ ဆိုရလျှင် လူတိုင်း၏ ပိုက်ဆံက ခက်ခက်ခဲခဲ အလုပ်လုပ်ပြီး ရထားတာ ဖြစ်သည်။
” ကောင်းပြီ။ ကောင်းပြီ။ အခု သိသွားပြီ။ လူသားတွေက တကယ် ရှုပ်ထွေးတာပဲ”
ဟွမ်လျိုလီက မကျေမချမ်း ပြောလိုက်ပြီးနောက် သူမ၏ အမဲသားပေါက်စီကို အေးအေးလူလူ ဆက်၀ါးတော့၏။
ယဲ့ရှောင်က ခေါင်းအနည်းငယ် ခါလိုက်သည်။ ဟွမ်လျိုလီက သူ၏ စကားကို အလွယ်တကူ နားထောင်မည် မဟုတ်မှန်း သူ သိနေ၏။ သူသည် သူမကို နောက်၌ ပို၍ အာရုံစိုက်ပေးရတော့မည် ဖြစ်သည်။
ယနေ့တွင် ပုံမှန် အစည်းအဝေး မရှိချေ။ မနက်စာ စားပြီးနောက် ယဲ့ရှောင်က စာ စတင်ဖတ်ရှုတော့သည်။ သူသည် ၀ိညာဥ်ရေးရာ စာအုပ်များကို ဖတ်ရှုနေတာ ဖြစ်သည်။ သားရဲ သခင် လေ့ကျင့်ရမည့်အရာ နှစ်ခု ရှိသည်။ ပထမတစ်ခုက လူတစ်ယောက်၏ ၀ိညာဥ်စွမ်းအား တိုးတက်စေရန် ၀ိညာဥ်ရေးရာ ကျင့်စဥ်ကို ကျင့်ကြံရန်ဖြစ်သည်။ ထိုမှသာ သူတို့က ကြယ်တာရာ သားရဲများကို ထိန်းချုပ်နိုင်ပြီး သူတို့အား တဖန် ပြန်လည်ထိန်းချုပ်ခံရနိုင်ခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်သည်။
နောက်တစ်နည်းက ကြယ်တာရာ သားရဲများကို ခွန်အားမြှင့်တင်ရန် သူတို့ကိုအစာကျွေးခြင်း ဖြစ်သည်။
ယဲ့ရှောင်က သားရဲသခင်တစ်ယောက် ဖြစ်လာရန် အစီအစဥ် မရှိပေ။ သူ့၌ သားရဲ တစ်ကောင် ရှိလာပြီဖြစ်သောကြောင့် ပျိုးထောင်ရုံသာ ရှိတော့သည်။ သူက ဟွမ်လျိုလီကဲ့သို့ အလွန်သန်မာသည့် ကြယ်တာရာ အိမ်မွေးကောင်ကိုသာ ပျိုးထောင်မှာပဲ ဖြစ်သည်။ ထို့ကြောင့် ကြယ်တာရာ သားရဲများ သူ့ကို ပုန်ကန်ခြင်းမှ ကာကွယ်ရန် ၀ိညာဥ်စွမ်းအားများကို မြင့်တင်ရန် လိုအပ်သည်။ သိုင်းကျမ်းများကို လေ့ကျင့်ခြင်းက သူ၏ ၀ိညာဥ်စွမ်းအားကို သွယ်၀ိုက်သော နည်းအားဖြင့် တိုးမြင့်ပေးနိုင်တာပဲ ဖြစ်သည်။
ချီရှန်းတစ်ဦး၏ ၀ိညာဥ်စွမ်းအင်များက မဟာ ချီရှန်းတစ်ဦး၏ ၀ိညာဥ်စွမ်းအား တိုးမြင့်ခြင်းကဲ့သို့ မသန်မာပေ။ သူက ၀ိညာဥ်ရေးရာ ကျင့်စဥ်များကို ကျင့်ကြံရာ၌ အာရုံစိုက်ထားရန် လိုအပ်နေသေးသည်။ မနက်ခင်းတွင် ယဲ့ရှောင်က ၀ိညာဥ်ရေးရာ ကျင့်စဥ်လေးရာကို ဖတ်ရှုခဲ့၏။
သူသည် သူတ်ို့ထဲမှ အခြေခံ ၀ိညာဥ်ရေးရာ ကျင့်စဥ် ၂ခုကို ရွေးယူပြီး အံ့ဖွယ် ၀ိညာဥ်၏ ရွှေရောင် စာအုပ်ထဲ၌ မှတ်တမ်းတင်ထားခဲ့ပြီး သူတို့ဘာသာ စတင်ကျင့်ကြံစေတော့သည်။
၀ိညာဥ်စွမ်းအား တိုးတက်လာခြင်းနှင့်အတူ ယဲ့ရှောင်က ထူးခြားသော ခံစားချက်တစ်ခုကို ရလိုက်သည်။ ထိုနည်းဖြင့် သူက ၀ိညာဥ်စွမ်းအား သိမြင်ခြင်းထက် ပိုမိုတိကျသော ၀ိညာဥ်စွမ်းရည် နားလည်ခြင်းတစ်မျိုးကို ရရှိလာတော့သည်။
ချီရှန်းအဆင့်ရောက်အောင် ကျင့်ကြံပြီးနောက် သူသည် အနားရှိ အရာများအားလုံးကို သိရှိရန်အတွက် ၀ိညာဥ်စွမ်းအား ထုတ်ဖော်မှုတစ်မျိုးတည်းကိုသာ အားထားခဲ့ရသည်။ သို့သော် ထိုကဲ့သို့သော သိမြင်မှုက အပြင်ပန်းကိုသာ လေ့လာနိုင်၏။ ၀ိညာဥ်စွမ်းအင် သိမြင်နားလည်ခြင်းက တစ်ပါးသူ၏ ကိုယ်ပေါ်က ဆံခြည်မျှင်တိုင်းကို လေ့လာနိုင်ပြီး သူတို့၏ အမူအရာ ပြောင်းလဲမှုကိုတောင် သိရှိနိုင်သည်။ အဖြူအနက် တီဗီနှင့် ရောင်စုံ တီဗီတို့ကြားက ကွဲပြားခြားနားမှုများနှင့် တူညီလောက်သည်။
နေ့လယ်စာ စားသောက်ပြီးနောက် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် ၀ိညာဥ်ရေးရာစာအုပ်က ပြီးပြည့်စုံသည့် အနေအထားအထိ ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင် ၀ိညာဥ်စွမ်းအင်နှင့် ထိန်းချုပ်နိုင်သည့် အရည်အချင်းတို့က အတော်တိုးတက်လာတော့၏။ စားသောက်ရန်အတွက် သတ္တုဇွန်းကို ကွေးရန် ၀ိညာဥ်စွမ်းအားကို ထိန်းချုပ်သကဲ့သို့ ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်ကား မလွယ်ကူချေ။
သိုင်းပညာရှင်များက အရှိန်အဝါကို ထိန်းချုပ်ထားရသည့်အကြောင်းအရင်းမှာ အရှိန်အဝါက လေကဲ့သို့ ထုထည်ကြီးမားသောကြောင့်ပင်။ ၀ိညာဥ်စွမ်းအားများကား မမြင်နိုင်ပေ။ လျပ်စစ်သံလိုက်စွမ်းအားကဲ့သို့ ဖြစ်နေ၏။
၀ိညာဥ်စွမ်းအင်ဖြင့် တစ်စုံတစ်ခုကို ကွေးညွတ်နိုင်ရန်အတွက် ၀ိညာဥ်စွမ်းအင် ပမာဏ အနည်းငယ်မျှသာ လိုအပ်ခြင်း မဟုတ်ပေ။
” ၀ိညာဥ် စွမ်းအင် နှင့် အရှိန်အဝါက မတူညီတဲ့ အရာ နှစ်ခုပဲ”
” ၀ိညာဥ် စွမ်းအားက ၀ိညာဥ် စွမ်းအင် တိုက်ခိုက်တွေကို ဒါမှမဟုတ် လျပ်စစ်သံလိုက်စွမ်းအားတွေနဲ့ပဲ ပိတ်ဆို့လို့ ရတယ်။ အရှိန်အဝါ တိုက်ခိုက်မှုကိုတော့ ၀ိညာဥ်စွမ်းအားတိုက်ကွက်နဲ့ ပိတ်ဆို့ကာကွယ်လို့ မရဘူး”
” အခု ငါက မတူညီတဲ့ စွမ်းအင်နှစ်မျိုးကို ကျင့်ကြံနေတာ။ လာမဲ့ တိုက်ပွဲတွေမှာ အနိုင်ရနိုင်ချေက ပိုမြင့်လောက်တယ်။ အဆင့်တူ လူတွေကြားထဲ တိုက်ပွဲ၀င်ရင် တပန်းသာမှာ သေချာတယ်။ ပိုမြင့်တဲ့ အဆင့်ကြားက လူတွေကြားမှာလည်း မရှုံးနိုင်လောက်ဘူး။ အခု ငါ့ရဲ့ ၀ိညာဥ်စွမ်းရည်က ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ မသိရရုံပဲ”
သူ့နားတွင် မည်သူမှ မရှိတာကို အခွင့်ကောင်းယူပြီး သူက လမ်းဘက်ရှိ ဆယ်ပေခန့် မြင့်မားသော ခြံ၀န်းဆီ အကြည့်ရောက်သွားတော့သည်။
၀ိညာဥ်စွမ်းအင်ကို အသက်သွင်းလိုက်၏။ လျပ်စီးသံလိုက်စွမ်းအင်တို့က ဖျပ်ခနဲပေါ်လာပြီး မိုးကြိုးတို့ပါ ပေါ်လာသည်။ ကြီးမားသည့် ခြံစည်းရိုးက ရုတ်တရက် အက်ကွဲသွားပြီးနောက် အစိမ်းရောင် ပဲစေ့အရွယ်အစားအဖြစ် အစိတ်စိတ် အပိုင်းပိုင်း အပုံလိုက် ဖြစ်သွားတော့သည်။
” အစွမ်းထက်လိုက်တာ”
ယဲ့ရှောင်က အနည်းငယ် ထိတ်လန့်သွားမိ၏။ သူသည် ပြီးပြည့်စုံသော အခြေခံ ၀ိညာဥ်စွမ်းအင် ကျင့်စဥ်ကို ကျင့်ကြံ ပြီးခါစ ဖြစ်သည်။ သို့သော် ထိုအဆင့်၏ တိုက်ကွက်ကိုတောင် အမှန်တကယ် ထုတ်ဖော်လာနိုင်ပြီ ဖြစ်သည်။ ယင်းက သူ မထင်မှတ်ထားသည့်အရာ ဖြစ်ပေသည်။
အပိုင်း ၁၉ ပြီး၏။