စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၇။ တစ္ဆေ ဖိနှိပ်ချုပ်ချယ်ခြင်း၊ မင်း ငါ့ဓားသွားကို မြည်းစမ်းချင်လား။
Zero to Hero in the Martial Arts Library
Author: Flammable Wood
“ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်တော်တို့ အေဂျင်စီရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေနဲ့ အသင့်တော်ဆုံး နေထိုင်ရာကို ရှာဖွေပေးဖို့ပါပဲ။ နေအိမ်မျိုးစုံ ရှိပါတယ်”
ယဲ့ရှောင်က ထပ်မံ ဖိတ်ကြားခံရပြန်သည်။ ထိုလူက သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် သူ့ရှေ့ရှိ တက်ဘလက်တစ်လုံးကို ချပေးလိုက်၏။
“ဒီမှာ အမျိုးအစား၊ တည်နေရာ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ငှားရမ်းခ နှုန်းထား အပါအ၀င် ငှားရမ်းမဲ့နေအိမ်တွေအကြောင်း အသေးစိတ် ရေးထားပါတယ်”
ယဲ့ရှောင်သည် ဆင်ခြေဖုံး ဒေသရှိ နေအိမ်တစ်လုံးကို ချက်ချင်းတွေ့သွားပြီးနောက် သူက စာမျက်နှာအနည်းငယ် ကြည့်လိုက်၏။ အခန်းများ၏ စျေးနှုန်းက ယွမ် ၆၀၀ မှ ၈၀၀ ဖြစ်သည်။ သို့သော် အခန်းက သေးငယ်လွန်းပြီး သူ၏ လိုအပ်ချက်နှင့် မကိုက်ညီပေ။
သူသည် ကျင့်စဥ်များကို ပေါင်းစည်းသည့်အချိန်၌ ထူးဆန်းသည့်ဖြစ်စဥ်မှ ကာကွယ်ပေးထားနိုင်သည့် ပိုကြီးမားသော အခန်းတစ်ခန်း လိုအပ်သည်။ အခန်းတစ်ခန်းက သေးလွန်းပါက သူ အဆင့်မြင့်လိုက်သည့်အချိန်တွင် ၀ိညာဥ်စွမ်းအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။ ထိုသို့ဖြစ်လာခဲ့လျှင် အိမ်ပြိုသွားပေလိမ့်မည်။ အခန်းကြီးများကလည်း သိပ်မသင့်တော်ချေ။ သို့သော် သူတို့ကို ကြည့်နေစဥ် သူ၏ အကြည့်က ခြံ၀င်းသေးလေးများထဲမှ တစ်ခုဆီ ကျရောက်သွားလေ၏။
ထိုခြံ၀င်းလေးသည် တောကျသည့်နေရာဘက်တွင် တည်ရှိပေ၏။ လမ်းမဘေးတွင် တည်ရှိနေပြီး အနည်းဆုံး စတုရန်း မီတာ ၁၀၀ခန့် ကျယ်၀န်းပြီး နှစ်ထပ်တိုက် အဆောက်အဦလေး ဖြစ်သည်။ အဓိကအချက်မှာ ၄င်း၏ တန်ကြေးက တစ်လလျှင် ယွမ် ၁၀၀ သာ ကျသင့်တာ ဖြစ်သည်။
” ဒီအိမ်ရဲ့ တန်ကြေးက တကယ်လား”
ယဲ့ရှောင်က ဖန်သားပြင်ပေါ်ရှိ အိမ်ကို လက်ညိုးထိုးပြလိုက်ပြီး မန်နေဂျာကို ပြုံးပြီး ကြည့်လိုက်တော့၏။
” ဘယ်အိမ်လဲ”
သို့သော် အိမ်ပုံကို မြင်လိုက်သည်နှင့် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
” အမ်။ ဆရာ နောက်တစ်အိမ်ပြောင်းပါလား”
” ဒီ အိမ်က ဘာဖြစ်လို့လဲ။ အဆင်မပြေနိုင်ဘူးလား”
” မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အဲဒီအိမ်က သရဲခြောက်တယ်”
ယဲ့ရှောင်က မှင်တက်သွားလေ၏။ စာအုပ်များကို နေ့စဥ်နေ့တိုင်း ဖတ်ရှုနေသည့် သူ အနေဖြင့် ဆိုလိုရင်းကို သူ သဘောပေါက်သည်။ ဤလောကထဲတွင် သရဲတစ္ဆေများ အမှန်တကယ် ရှိသည်။ သို့သော် သူ ယခင်ဘ၀ကကဲ့သို့ ပုံရိပ်ယောင် သရဲတစ္ဆေများသာ မဟုတ်ပေ။ ထိုအစား လူတစ်ယောက် သို့မဟုတ် ကြယ်တာရာ သားရဲတစ်ကောင်သေဆုံးသွားပြီးနောက် သူတို့၏ စိတ်ခွန်အားကို အားထားပြီး ၀ိညာဥ်စွမ်းအား သိပ်သည်းရန် ၀ိညာဥ်ခန္ဓာတစ်မျိုးကို ဖွဲ့တည်လိုက်ကြသည်။ သူတို့ တိုက်ခိုက်သည့် နည်းလမ်းကလည်း ၀ိညာဥ်စွမ်းအားကို အသုံးပြုတာ ဖြစ်သည်။
သူတို့တည်ရှိမှုကား ပြဿနာ သိပ်မများသော်လည်း ဖြေရှင်းရ မလွယ်ကူချေ။ လက်ရှိတွင် သရဲတစ္ဆေများကို သတ်ဖြတ်ရန် နည်းလမ်းနှစ်ခု ရှိသည်။
ပထမတစ်ခုက ချီရှန်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ပြီး သူတို့၏ ၀ိညာဥ်စွမ်းအား ထိန်းချုပ်မှုက အထွတ်အထိပ်သို့ ရောက်နေပြီး ဖြစ်သည်။ သူတို့က ခွန်အားဖြင့် ယင်းကို တိုက်ရိုက် ထိန်းချုပ်နိုင်ပြီး ပတ်၀န်းကျင်ရှိ ၀ိညာဥ်စွမ်းအားကို ရှင်းလင်းသွားစေသည့် အခြေအနေသို့ ကျရောက်သွားစေသည်။
ပတ်၀န်းကျင်မှ ၀ိညာဥ်စွမ်းအား၏ အားဖြည့်ပေးမှု မရှိဘဲ သရဲတစ္ဆေတစ်ကောင်၏ ၀ိညာဥ်ခန္ဓာက ချက်ချင်း ဖျက်ဆီးခံရပေမည်။
နောက်ထပ် နည်းလမ်းက ၀ိညာဥ်တိုက်ကွက်များကို ဖော်ဆောင်ပေးနိုင်သော ၀ိညာဥ်ကျင့်စဥ်တစ်မျိုးကို အသုံးပြုရန် ဖြစ်သည်။ ထိုကဲ့သို့ ကျင့်စဥ်များကို အသုံးပြုသည့်သူများကို ပယောဂဆရာများအဖြစ် သတ်မှတ်ကြသည်။ ၀ိညာဥ်ရေးရာ ကျင့်စဥ်များက ရှားပါးလွန်းပြီး ကျင့်ကြံရ ခက်ခဲပေသည်။ ထို့ကြောင့် ၀ိညာဥ်စွမ်းအင် ပြန်ဖြည့်သည့် လောကထဲ၌ သူတို့ များများစားစား မရှိချေ။
” အိမ်ပိုင်ရှင်က သရဲနှင်ဖို့ လူတစ်ယောက်ကို မရှာထားဖူးလား”
မန်နေဂျာက ပြုံးပြီး ပြောလိုက်လေ၏။
” သူက ပယောဂ ဆရာတချို့ကို ရှာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေက အထဲကို ၀င်သွားတဲ့အချိန် သရဲကို ရှာမတွေ့ကြဘူး။ လုံလုံခြုံခြုံပဲ ထွက်လာကြတာ။ ဒါပေမဲ့ အိမ်ငှားက ၀င်သွားပြီဆိုတာနဲ့ ကြောက်လန့်တကြား သရဲတစ္ဆေတစ်ကောင် မြင်ရတယ်လို့ ပြောကြတာပဲ။ ညလယ်ခေါင်ကြီး အထဲကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ရယ်သံကို ကြားရတယ်လို့ ပြောကြတယ်”
” ဒါ့အပြင် ဒါက သာမန်အိမ်တစ်လုံးပဲ။ ဘယ်သူမှ မသေခဲ့ဖူးဘူး။ ဒီအရေးကိစ္စကို ၀င်ရောက်စွက်ဖက်ဖို့ ချီရှန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါ့အပြင် ချီရှန်း အဆင့် သိုင်းပညာရှင်တစ်ယောက်ကို ရှာဖို့က မဖြစ်နိုင်တာလေ၊ ဟုတ်တယ်မလား”
ယဲ့ရှောင်က တိတ်ဆိတ်သွားလေ၏။သူ၏ ကိုယ်ပိုင်အဆင့်ကို ကျော်လွန်သည့် တိုက်ကွက်များကို ထုတ်ဖော်နိုင်သည့် ကျင့်စဥ်များက အားဖြည့်ပေးသည်။ ထိုအရာကို သူ ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပေမည်။
တစ်လကို ယွမ် ၁၀၀၊ တစ်နှစ်ကို ယွမ် ၁၂၀၀သာ ကျသင့်လေသည်။ သူက ထိုနေရာတွင် အမှန်တကယ်နေမှာ မဟုတ်ပေ။ သူ၏ ကျင့်စဥ်ကို ပေါင်းစပ်သည့်အချိန်တိုင်း၌ ထိုနေရာသို့ သွားရောက်ကျင့်ကြံရန်သာ လိုအပ်၏။ ယင်းက ကောင်းမွန်သည့် အပေးအယူဖြစ်လေသည်။ တစ်ဖက်လူက သံသယများနေလျှင် သူက တစ္ဆေနှင့် ကြုံတွေ့ခြင်း မရှိဘဲ သရဲထွက်သွားပြီဟု ပြောနိုင်ပေသည်။
ပြီးပြည့်စုံပေ၏။
” ကျွန်တော် ဒါ ယူမယ်”
ယဲ့ရှောင်သည် သူ၏ အိပ်ထဲမှ ယွမ် ၁၂၀၀ ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ် တင်လိုက်၏။ မန်နေဂျာက အံ့သြသွားသော်ငြား သူ၏ အပြုံးက မနှစ်မြို့ဖွယ်ကောင်းသွားသည်။ သူက
” ဆရာ။ နောက်တစ်အိမ်ကို ဘာကြောင့် မပြောင်းတာလဲ။ ငွေချွေတာဖို့အတွက် သေရတာက မတန်ဘူးလေ”
ယဲ့ရှောင်က ငယ်ရွယ်လွန်းနေသည်။ ချီရှန်း သိုင်းပညာရှင်တစ်ယောက်ဖြစ်ဖို့က သူ့အတွက် မဖြစ်နိုင်ပေ။ သူက ပယောဂ ပညာရှင်ဖြစ်နေလျှင်တောင် ကောင်းမွန်သည့် ကျင့်ကြံဆင့် ရှိနေဖို့ မဖြစ်နိုင်ချေ။
” မလိုဘူး။ ကျွန်တော် ဒီအိမ်ပဲ ငှားမယ်”
” ဒါဆိုရင် ဒါကို အရင်ပြောပါရစေ။ တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် ကျွန်တော်တို့ တာ၀န်ယူမှာ မဟုတ်ပါဘူး”
” ကိစ္စ မရှိဘူး”
စာချုပ်က မြန်မြန်ဆန်ဆန် ရေးထိုးပြီးသွားသည်။ ယဲ့ရှောင်က သော့ကို ယူလိုက်ပြီး လိပ်စာအရ အိမ်ကို ရှာလိုက်သည်။
အိမ်လိပ်စာအရ အိမ်ကို သူ ရှာတွေ့သွားချေပြီ။ အိမ်အနေအထားအရ နေထိုင်သည့်သူ မရှိတာ အတော့်ကို ကြာနေပြီ ဖြစ်ဟန်တူသည်။ တံခါး၀တွင် ဖုန်မှုန့်များနှင့် ပင့်ကူအိမ်တချို့ ရှိနေ၏။
ယဲ့ရှောင်က တံခါးဆီ လျှောက်သွားပြီးနောက် တွန်းလိုက်ရာ တံခါးက ကျွီခနဲ မြည်သွားလေ၏။ ထို့နောက် အိမ်ထဲသို့ ၀င်သွားလိုက်သည်။
သူ၏ ၀ိညာဥ်စွမ်းအားကို ထုတ်ဖော်ပြီး အိမ်အနှံ့ဖြန့်ကျက်လိုက်၏။ ထင်သည့်အတိုင်း သူ ဘာကိုမှ ရှာမတွေ့ခဲ့ပေ။ ပြီးနောက် သူက ပင်မအခန်းထဲသို့ ၀င်သွားလိုက်ပြီး အခန်းကို စစ်ဆေးကြည့်လိုက်၏။ သူ ပင်မ ခန်းမထဲသို့ ၀င်သွားစဥ်၌ ခြံ၀င်းထဲရှိ သတ္တုတံခါးက အလိုအလျောက် ပိတ်သွားလေ၏။
ယဲ့ရှောင်က ပထမအလွှာကို စစ်ဆေးကြည့်လိုက်သည်။ မထင်ထားပဲ ပရိဘောဂများက အသစ်အတိုင်း ဖြစ်နေ၏။ သို့သော် ဆိုဖာ၏ ထောင့်တွင် အနက်ရောင် အမွေးအမျှင်တစ်ခုကို တွေ့လိုက်ရသည်။ ယင်းက မည်သည့် မသန့်စင်မှုများနှင့်မှ ရောနှောနေခြင်း မရှိပဲ ဆံခြည်မျှင် ကောက်ကောက်တစ်မျှင်သာ ဖြစ်လေ၏။ ထိုဆံပင်သည် ကျခဲ့တာ မကြာသေးပေ။ ၀ိညာဥ်ရေးရာ ခန္ဓာ ရှိသည့်ပုံ မပေါ်။ ၄င်းက ယဲ့ရှောင်ကို မျက်၀န်းများ အနည်းငယ် မှေးကျဥ်းသွားစေ၏။
သူက သတိမပြုမိချင်ယောင်ဆောင်ပြီး ဒုတိယအလွှာသို့ ဆက်လျှောက်သွားလိုက်သည်။ ဒုတိယအလွှာက ပထမအလွှာနှင့် ယှဥ်လျှင် အလွန်သန့်ရှင်းပေ၏။ သို့သော် ထိုနေရာက လူနေထိုင်သည့် အငွေ့အသက်တို့ ပိုများလာ၏။ သူက ပင်မဧည့်ခန်းဆီသို့ ဦးတည်လိုက်ချိန်တွင် ဒုတိယအလွှာတစ်ခုလုံးရှိ မီးများက တစ်စုံတစ်ခုနှင့် အုပ်မိုးခံလိုက်သည့်အလား ရုတ်တရက် မှိန်ဖျော့သွားကြသည်။
ယဲ့ရှောင်အနားရှိ နံရံမှလည်း သွေးများ စတင်စီးကျလာ၏။ ထူးဆန်းသည့် ရယ်သံအချို့ကလည်း ယဲ့ရှောင်၏ နားထဲ ၀င်လာသည်။
ယဲ့ရှောင်က လက်ကို နောက်ပစ်ထားပြီး သူ၏ မျက်နှာက သဘာ၀ကျကျဖြင့် တည်ငြိမ်သည့် အမူအရာရှိနေ၏။ ထူးဆန်းသည့်ဖြစ်စဥ်ကိုလည်း အာရုံ သိပ်မစိုက်ပေ။
” ထွက်လာခဲ့။ ပုန်းနေလို့ အကျိုးမထူးဘူး”
မကြာမီ သွေးနီရောင် ၀တ်ရုံရှည်ဆင်ထားပြီး ဆံပင်ရှည်ရှည်ဖြင့် သရဲမတစ်ကောင်က သူနှင့် မလှမ်းမကမ်းတွင် ဖြည်းဖြည်းချင်း ပေါ်လာလေ၏။
” ရာရာစစ။ ဒီအိမ်ကို ငှားပြီး ၀င်လာရဲတယ်ပေါ့။ ဒီနေရာမှာ သရဲတွေ ရှိတယ်ဆိုတာ မသိဘူးလား”
” ငါ သိတယ်”
” သိတာတောင် လာရဲသေးတယ်ပေါ့။ နင်က ပယောဂ ဆရာလား”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” ဒါဆို နင်က ချီရှန်းအဆင့် သိုင်းပညာရှင်လား”
ယဲ့ရှောင်က ခေါင်းထပ်ခါလိုက်သည်။
” ဟမ့်။ ပယောဂ ဆရာလည်း မဟုတ်။ ချီရှန်း သိုင်းပညာရှင်လည်း မဟုတ်။ ဒါတောင် ဒီကို လာရဲသေးတယ်။ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”
ယဲ့ရှောင်၏ အမူအရာက ယခင်ကအတိုင်း ထူးမခြားနား ရှိနေစဲ ဖြစ်သည်။ သို့သော် သူ၏ ညာလက်ကို နောက်ကနေ ရှေ့သို့ ဖြည်းဖြည်းချင်း ဆွဲယူပြီးနောက် ပို့လိုက်၏။
” ငါက ပယောဂ ဆရာလည်း မဟုတ်ဘူး။ ချီရှန်း တစ်ယောက်လည်း မဟုတ်ဘူး။ ဒါပေမဲ့ မင်းကို မြည်းစမ်းစေချင်တဲ့ ဓားတစ်လက်တော့ ရှိတယ်”
” ဟား။ ဟား။ ဟား”
သရဲမက လည်ချောင်းထဲမှ ချောက်ကပ်ကပ်အသံဖြင့် ရယ်လိုယ်ရာ စူးရှပြီး နားဆူစေ၏။
” နင် စိတ်လွတ်သွားပြီ ထင်တယ်။ ငါက သရဲတစ်ကောင်ပဲ။ နင့်ရဲ့ ဓားမော့ သိုင်းနဲ့ ငါ့ကို ဖြေရှင်းချင်နေတာလား။ နင့်ကိုယ်နင် ဘယ်သူများ ထင်နေလဲ”
” ကောင်းပြီလေ။ ခင်ဗျားက ကျုပ်နား ကပ်လာတယ်ဆိုမှတော့ ကျုပ်ကို အပြစ် မတင်နဲ့တော့”
” ငါ လူသွေးကို မမြည်းစမ်းရတာ အတော်ကြာပြီ”
သူမ ပြောပြီးသည်နှင့် ခန္ဓာကိုယ်ထဲမှ စွမ်းအားတို့က ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အနီရောင် ၀တ်ရုံက ဖောင်းကြွလာတော့၏။ ယဲ့ရှောင်ဆီသို့ ဖြည်းဖြည်းချင်း မျောလာသည်မှာ ပိုတောင် ရက်စက်ပြီး ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ ယဲ့ရှောင်က အဓိပ္ပာယ်မရှိ ပြောမနေတော့ပေ။ သူ၏ လက်ကို အနည်းငယ်မြောက်လိုက်ရာ လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်စေနိုင်သည့် လွန်ကဲခြင်း စွမ်းအား ဓားမော့ဆန္ဒက ရုတ်တရက်ပေါ်ထွက်လာပြီး တစ်ခန်းလုံးကို လွှမ်းခြုံလိုက်တော့သည်။
လွန်ကဲခြင်း စွမ်းအား ဓားမော့ဆန္ဒသည် ထိုဧရိယာထဲရှိ အရာအားလုံးကို ဖုန်များဖြစ်သည်အထိ ပိုင်းဖြတ်သွားပုံ ရ၏။
မူလက အင်မတန် မောက်မာထောင်လွားနေသည့် သရဲမက ယဲ့ရှောင်နှင့် သုံးမီတာအကွာတွင် ရပ်ပြီး တိုက်ခိုက်ချင်နေခဲ့သည်။ သူမက ဓားမော့ဆန္ဒကို ခံစားမိသည့်အချိန်၌ မြေကြီးပေါ် ဒူးထောက်ကျသွားတော့၏။
” ဆရာ။ တစ်ခုခု ပြောစရာ ရှိရင် သင့်တော်သလို ပြောပါ။ ဓားကို ဝှေ့ယမ်းပြီး တစ်ယောက်ယောက်ကို ချိန်ရွယ်နေတာက ယဥ်ကျေးမှု မရှိရာ ရောက်ပါတယ်”
အပိုင်း ၁၇ ပြီး၏။