စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆။ ချင်ယွိယန်ရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှု
Zero to Hero in the Martial Arts Library
Author: Flammable Wood
သူမ၏ ကျင့်ကြံမှု ပြီးမြောက်ခြင်းကြောင့် တဖြည်းဖြည်း ငြိမ်ကျသွားသော ချင်းယွိယန်၏ နှလုံးခုန်နှုန်းက ရုတ်တရက် အရှိန်မြန်လာပြန်သည်။ သူမက တွေဝေမနေဘဲ ရေစီးကြောင်းဆီသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
မြစ်ဆိပ် ရေစုန်ဘက်တွင် ယဲ့ရှောင်က အေးစက်သော လေထုကို ရှူထုတ်လျက် သူ၏ နှုတ်ခမ်းထောင့်က အပြုံးတစ်ပွင့်ဖြင့် ကွေးတက်သွားတော့သည်။ ပေါင်းစည်းခြင်းက ပြီးစီးသွားပြီ ဖြစ်သည်။ သူက ခရမ်းရောင် ကြယ်ပင်လယ်ဟုခေါ်သော စိတ်စွမ်းအားကျင့်စဥ်တစ်မျိုးကို ရလိုက်သည်။
လွန်ကဲခြင်း စွမ်းအား ဓားမော့ကဲ့သို့ပင် ယင်းက မည်သည့်အဆင့်မှန်း သူ မသိသော်ငြား သူ၏ ခွန်အားအရ သာမန်ကျင့်စဥ်တစ်ခုတာ သိသာ၏။
ယဲ့ရှောင်က စမ်းကြည့်ခဲ့သည်။ စိတ်ဝိညာဥ်စွမ်းအား စုပ်ယူသည့်အရှိန်က ဝေလငါးတစ်ကောင်သည် ပင်လယ်ရေများစွာကို သောက်နေသည့်ပမာ သန်မာလွန်းလှရာ အသုံးပြုပြီးသည်နှင့် ပေါ့ပါးစေတော့သည်။
သူ့ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအားက သူသည် လွန်ကဲခြင်း စွမ်းအား ဓားမော့ကို ဆက်တိုက်အသုံးပြုနေလျင်တောင် ကုန်ခမ်းသွားမှာ မဟုတ်ဟု သူ ခံစားမိ၏။ VDO ဂိမ်းများထဲမှ အကန့်အသတ်မရှိ ဝိညာဥ်စွမ်းအား အခန်းများကဲ့သို့ ခံစားနေရသည်။
ယင်းက ယဲ့ရှောင်ကို ပျော်ရွင်စေသည့် တစ်ခုတည်းသော အရာ မဟုတ်ပေ။ တစ်ချိန်တည်းတွင် သူ၏ စိတ်ဝိညာဥ်ကို တက်ကြွစေသည့် နောက်ထပ် ကိစ္စတစ်ရပ်လည်း ရှိ၏။ ယင်းက သူ၏ ကျင့်ကြံဆင့်မှာ နောက်တစ်ဆင့်သို့ တက်သွားပြီး ရှန်းထျန်း ဒုတိယအဆင့်သို့ ရောက်သွားတာပဲ ဖြစ်သည်။
သူ၏ ကျင့်ကြံဆင့်က ရှန်းထျန်းအဆင့်သို့ တက်သွားပြီးနောက် အဆင့်တက်မှုများက ယခင်ကထက် အဆပေါင်းများစွာ ပိုခက်ခဲလာ၏။ ယင်းက ယခင်အဆင့်တက်မှုများအားလုံးကို ပေါင်းထားသည့်ခက်ခဲမှုနှင့် ညီမျသည်။ လူတချို့သည် ရှန်းထျန်း ပထမအဆင့်သို့ ရောက်ပြီးနောက် သူတို့ တစ်ဘဝလုံး ထိုအဆင့်တွင် ပိတ်မိနေတာမျိုး ရှိနိုင်၏။ ထို့သို့မဟုတ်လျင် အဆင့်သုံးဆင့်တိုင်းတွင် အဆင့်သေးတစ်ခုအဖြစ် မည်သို့ ရှိနိုင်မည်နည်း။
ရှန်းထျန်းနယ်ပယ်ထဲတွင် ချီရှန်း၊ မဟာချီရှန်းနှင့် အံ့ဖွယ် ချီရှန်းတို့က အမည်နာမခြားနားရုံမျှသာ မဟုတ်ပေ။ ချီရှန်းအဆင့်သည် စိတ်ဝိညာဥ် ထုတ်ဖော်ခြင်း၏ အစပိုင်း ဖြစ်သည်။ သူတို့၏ ခွန်အားက အမြင့်ဆုံး ရောက်လာပြီးနောက် လူသားများ၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့တာ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူတို့ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဥ်စွမ်းအားကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပြီး ပြီးပြည့်စုံစွာ ထိန်းထားနိုင်၏။
မဟာချီရှန်းသည် လေကို ခွင်းလျက် အစိုင်အခဲတစ်ခုပမာ နင်းပြီး နေနိုင်သည်ဟု ဆိုကြပေသည်။ သူတို့ ခန္ဓာကိုယ် အပြင်ဘက်ရှိ ဝိညာဥ်စွမ်းအားတို့က သာမန်လူများ ဖြိုခွင်း၍ မရနိုင်ပေ။
အံဖွယ် ချီရှန်းအတွက်မူ သူက ကျိုးသွားသော အရိုးများကို ပြန်ဆက်နိုင်၏။ သူတို့၏ သက်တမ်းက ဆက်လက်တိုးသွားပြီး သာမန်သေမျိုးတစ်ဦး၏ အကန့်အသတ်ကို အပြည့်အဝ ဖယ်ရှားနိုင်သည်။
ယခု ယဲ့ရှောင်က ရှန်းထျန်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောင်တွင် သူက ရှန်းထျန်း စတုတအဆင့်သို့ ရောက်ရှိသ၍ မဟာချီရှန်း တစ်ဦး ဖြစ်လာနိုင်၏။ ရှန်းထျန် သတမအဆင့်သို့ ရောက်ရှိလျင် သူက အံ့ဖွယ် ချီရှန်းတစ်ဦး ဖြစ်လာပေလိမ့်မည်။ သူက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး သူ့ကိုယ်သူ အားပေးလိုက်၏။
* မင်း လုပ်နိုင်တယ် *
ရုတ်တရက် သူ၏ စူးရှသော အမြင်အာရုံဖြင့် သူ သိရှိနိုင်သည့် အကျယ်အဝန်းအတွင်း လူရိပ်တစ်ရိပ် ခုန်ဝင်လာတာကို တွေ့လိုက်ရသည်။ ယင်းက ယဲ့ရှောင်ကို အလိုလို မျက်ခုံးပင့်သွားစေ၏။
” ဒီတစ်ခေါက် ငါ ကျူပင်တွေကြားထဲမှာ ပုန်းနေပြီးပြီ။ ဒါတောင် တစ်စုံတစ်ယောက်က ငါ့ကို တကယ်လာရှာတာလား။ ကြည့်ရတာ နောက်တစ်ခါကျရင် ဒီမြစ်ဘေးကို လာလို့ မရလောက်တော့ဘူးနဲ့ တူတယ်။ မလုံခြုံဘူး”
သူက လှည့်ထွက်သွားတော့မည့်အချိန်တွင် ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရ၏။
” ကျွန်မက ချင်ယွိယန်ပါ။ တွေ့ခွင့်ရဖို့ တောင်းပန်ပါတယ်”
” အဲဒါ သူပဲ”
ယဲ့ရှောင်က အနည်းငယ် အံအားသင့်သွားလေ၏။ သူက ချက်ချင်းပင် ဝိညာဥ်စွမ်းအားကို လှည့်ပတ်လျက် သူ့ကို လွှမ်းခြုံရန် ရွှေရောင်အလင်းဖျော့ဖျော့အား သုံးလိုက်လေသည်။ သူ၏ မျက်နှာနှင့် ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တော့မှာ မဟုတ်ဘဲ ဝေဝါးဝါး ပုံရိပ်တစ်ခုကိုသာ မြင်နိုင်မှာ ဖြစ်သည်။ ထို့နောက် ချင်ယွိယန်က သူ၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရွှေရောင်အလင်းတို့ လွှမ်းခြုံနေသည့် ယဲ့ရှောင်၏ ပုံရိပ်ကို မြင်သည့်အခါ သူမ၏ နှလုံးက အပြင်သို့ ဆန့်ထွက်လုနီးပါး ဖြစ်သွားသည်။
သူမ ရင်ဘတ်က တင်းကျပ်နေလေ၏။ စိတ်လှုပ်ရှားမှုတို့ကြောင့် သူမ၏ နုနယ်သည့် ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားတော့သည်။
” အဲ့ဒါ သူပဲ။ တကယ် သူပဲ”
သူမ တွေ့ခွင့်ရဖို့ အမြဲအိမ်မက်မက်နေသည့် သူပဲ ဖြစ်သည်။လက်ရှိအချိန်တွင် သူမ စိတ်လှုပ်ရှားနေသောကြောင့် စကားမပြောနိုင်တော့ပေ။ တစ်ချက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် သူမက ယဲ့ရှောင်ကို အလေးအနက် ဦးညွတ်ပြီး ပြောလိုက်၏။
” ဆရာ။ ကျွန်မ ချင်ယွိယန်က ဆရာ့ရဲ့ ဓားမော့ကျင့်စဥ်ကို လေးစားမိပါတယ်။ ဆရာ့ရဲ့ သင်ကြားပြသမှုကို ရရှိဖို့လည်း မျှော်လင့်မိပါတယ်။ ကျွန်မကို တပည့်အဖြစ် လက်ခံနိုင်မလား မသိဘူး”
ရွှေရောင် အလင်းတန်းထဲရှိ ယဲ့ရှောင်က အနည်းငယ် အံအားသင့်သွားလေ၏။
သူ့ ဓားမော့ကျင့်စဥ်ကြောင့် သူမရဲ့ ဓားကို စွန့်ပစ်ပြီး ဓားမော့ကျင့်စဥ်ကို သင်ယူဖို့ ဆုံးဖြတ်လိုက်တာလား။ ဝိညာဥ်စွမ်းအားတို့ အနည်းငယ် သိပ်သည်းသွားပြီးနောက် သူ၏ အသံကို ပြင်လိုက်ရာ အသံက အကြီးအကဲတစ်ဦး၏ အသံပမာ အနည်းငယ် တိုးသွားလေသည်။
” ငါ တပည့် လက်မခံဘူး”
ချင်ယွိယန်၏ မျက်လုံးထဲတွင် မသိသာသည့် ဝမ်းနည်းရိပ် တစ်စွန်းတစ်စ ပေါ်လာသည်။ သို့သော် သူမသည် ယခင်ကကဲ့သို့ စိတ်ခိုင်မာနေဆဲ ဖြစ်သည်။ ခဏအကြာတွင် အံကြိတ်ပြီး ပြောလိုက်တော့၏။
” ဆရာက ကျွန်မကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒ မရှိရင်တောင် ကျွန်မရဲ့ ဘဝမှာ ဆရာ့ရဲ့ သင်ပြမှုကို လိုက်နာမှာ သေချာပါတယ်။ မျှော်လင့်ထားတဲ့ လမ်းကြောင်းကနေ ခွဲထွက်ပြီး ကျွန်မက ဓားမော့သိုင်းရဲ့ လမ်းကြောင်းကို လျှောက်လှမ်းမယ်”
သူမက အတော်ကံကောင်းသည်။
” မင်း ကံကောင်းဖို့ မျှော်လင့်ပါတယ်”
ထိုသို့ ပြောပြီးနောက် သူက ခြေထောက်အနည်းငယ်ကြွကာ သူ၏ ခန္ဓာကိုယ်က ရှိနေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ချင်ယွိယန်က အနည်းငယ် စိတ်ပျက်သွား၏။ သူမက ဓားမော့သိုင်းကို အမှန်တကယ် သဘောကျသည်။ ထိုခံစားချက်က သူမ အမှန်တကယ် သဘောကျသည့် လမ်းကြောင်းတစ်ခုကို ရှာတွေ့တာနှင့် တူသည်။
သူ့ကို ဆရာ မတင်နိုင်တာက နှမြောစရာကောင်းလှပေ၏။ သူ၏ ခွန်အားက မယုံနိုင်စရာ ကောင်းလှသည်။ သူမသာ သူ့ကို ဆရာတင်နိုင်ခဲ့လျင် ဓားမော့ကျင့်စဥ်၌ သူမက သေချာပေါက် အောင်မြင်မှုတချို့ ရရှိနိုင်ပေလိမ့်မည်။
ပြီးနောက် သူမက လေ့လာရန်အတွက် ယဲ့ရှောင်၏ ဓားမော့ရာ ရှေ့၌ ရပ်လိုက်၏။ သူမ ရပ်နေစဥ် ရွှေရာင်ဖျော့ဖျော့ စွမ်းအားကို မြင်လိုက်ရပုံ ပေါ်၏။
” ဒါက”
ချင်ယွိယန်က မှင်တက်သွားလေသည်။ သူမသည် ယဲ့ရှောင် ချန်ထားရစ်ခဲ့သော ဓားမော့ဆန္ဒကို အမှန်တကယ် ခံစားမိသည်။ ယခုအချိန်တွင် ဤလောကအတွင်းတွင် ဓားမော့တစ်စင်းတည်းသာ ရှိနေသည့်ပမာ။ ထိုအရှေ့တွင် သူမ တစ်ဦးတည်းသာ ရပ်နေပြီး သူမက သေးငယ်သည့် ပုရွတ်ဆိတ်လေးတစ်ကောင်ပမာ ဖြစ်နေလေ၏။ နောက်ဆုံးတွင် ဓားမော့ ဆန္ဒက သူမစိတ်ထဲ ဖြည်းဖြည်းချင်း ဝင်ရောက်သွားတော့သည်။
ချင်ယွိယန်က အပျော်လွန်သွား၏။ ယဲ့ရှောင်၏ဓားမော့ရာထဲရှိ ဓားမော့ဆန္ဒကို သူမ၏ စိတ်ဝယ် နားလည်သဘောပေါက်အောင် ဆင်ခြင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူမက ဓားမော့ဆန္ဒကို နားလည်သွားလျှင် သူမ၏ အနာဂတ်က အတိုင်းအဆမဲ့သွားပေမည်။
” ကျေးဇူးတင်ပါတယ်။ ဆရာ”
ချင်ယွိယန်သည် ယဲ့ရှောင် ထွက်သွားသည့်ဘက်ဆီသို့ အရိုအသေပေးလိုက်လေ၏။ သူမ သူ့ကို မြင်နိုင်သည်လားဆိုတာ မသိသော်ငြား စိတ်ရင်းအမှန်ဖြင့် အရိုအသေပေးလိုက်ခြင်းပင်။
ယဲ့ရှောင်ဘက်တွင်မူ သူက စာကြည့်တိုက်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ရှန်းထျန်း ဒုတိယအဆင့်သို့ တက်သွားပြီးနောက် သူ၏ အရှိန်သည် ယခင်ကထက် ပိုတောင် မြန်လာတော့၏။
ချင်ယွိယန်တွင် ထိုကဲ့သို့ သန်မာသည့်စိတ်စွမ်းအားရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။ သူမသည် သူ၏ ဓားမော့ရာမှ ဓားမော့ဆန္ဒကို ဆင်ခြင်ခဲ့သည်။
“ဒါပြီးသွားရင် နောက်ကျ အိမ်တစ်လုံး ငှားရမ်းပြီး ငါ့ရဲ့ ကျင့်စဥ်တွေကို ပေါင်းစည်းသင့်တယ်။ မြစ်ဘေးကို ထပ်မသွားတော့ဘူး”
” ဒီလောကကြီးထဲမှာ ငမိုက်သားတွေ များလွန်းတယ်။ အဲဒီနေရာကို နေ့တိုင်းသွားနေရင် ငါ ဖော်ထုတ်ခံရတဲ့အချိန်ကျ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်တော့မှာ စိုးရိမ်မိတယ်”
ယဲ့ရှောင်က အိမ်တချို့ သွားရှာသင့်သည်ဟု ခံစားမိလိုက်သည်။ စာကြည့်တိုက်ဘေးရှိ အေဂျင်စီတစ်ခုသို့ သွားရမည့်ပုံ ပေါ်၏။ နေ့လယ်စာ စားပြီးနောက် ယဲ့ရှောင်က ထိုအေဂျင်စီဆီသို့ သွားလိုက်သည်။
ဝတ်စုံပြည့်ဝတ်ကာ သရေဖိနပ်စီးထားသော သက်လတ်ပိုင်း လူငယ်က ချက်ချင်းပင် ရှေ့တိုးလာပြီး သူ့ကို ကြိုဆိုလေ၏။
” မဂ်လာပါ ။ အိမ် ဝယ်မှာလား။ ရောင်းမှာလား။ သိပါရစေ”
” အိမ်တချို့ ကြည့်ဖို့အတွက် ကျွန်တော် ဒီရောက်လာတာပါ”
” ကောင်းပါပြီ။ လူကြီးမင်း သုံးမဲ့ ငွေပမာဏကို သိခွင့်ရနိုင်မလား”
” ယွမ် တစ်သောင်းပါ”
” ယွမ် တစ်သောင်း လား။ တစ်စတုရန်း မီတာကို ယွမ် တစ်သောင်းလား။ ဒီနှုန်းနဲ့ဆို မြို့လယ်ခေါင်မှာ အိမ်တစ်လုံး မဝယ်နိုင်လောက်ဘူး။ ဒါပေမဲ့ ဆင်ခြေဖုံးတွေမှာတော့ အိမ်အသေးလေးတွေ ရှာတွေ့နိုင်မဲ့ အခွင့်အရေး ရှိပါတယ်”
” ကျွန်တော် ပြန်စဥ်းစားပါဦးမယ်”
သူသည် အေဂျင်စီထဲမှ လှည့်ထွက်လာ၏။ အိမ်ဝယ်ချင်သည့် ဆန္ဒ မရှိတော့ပေ။ သူ၏ ယခင်ဘဝတွင်ဖြစ်စေ ယခုဘဝတွင် ဖြစ်စေ အိမ်တစ်လုံးက တန်ဖိုးကြီးနေပုံ ရ၏။ စာကြည့်တိုက်၏ အဆောင်တွင် နေသည်က ပိုကောင်းနေပုံပင်။ နောက်ဆုံးမှာ သူက သိုင်းပညာများကို ပေါင်းစည်းပြီး အဆင့်တက်နိုင်သေးသည်။ ထိုအချိန်ရောက်လျင် ဝေးလံသည့် တောင်တန်းဒေသသို့ သွားရန်သာရှိ၏။ ငွေတပြားက သူရဲကောင်းတစ်ဦးကို အမှန်တကယ် ဟန့်တားနိုင်၏။
” မဟာ ချီရှန်း။ ဟူး။ ထားလိုက်ပါတော့လေ”
သူ ထွက်သွားတော့မည့်အချိန်တွင် လူရွယ်တစ်ဦးက အမြန်မှီလာတော့သည်။
” ဆရာ။ ကျေးဇူးပြုပြီး ခဏလောက်”
ယဲ့ရှောင်က ရပ်တန့်လိုက်လေ၏။
” ဆရာ။ ဒါက စျေးကြီးလွန်းတယ်လို့ ထင်ရင်လည်း အိမ်တစ်လုံး ငှားလို့ ရပါသေးတယ်”
ယဲ့ရှောင်က အံ့အားသင့်သွားလေ၏။ ယင်းကလည်း အကြံကောင်းတစ်မျိုးဖြစ်သည်။ ဆိုရလျင် သူက မြို့နှင့်ဝေးသည့်နေရာကို လိုချင်နေတာ ဖြစ်ပြီး လူသူမရှိသည့်နေရာ သူ၏ ကျင့်စဥ် ပေါင်းစည်းရန်သာ ဖြစ်သည်။ သူက နေထိုင်ရန်အတွက် လျို့ဝှက် နေရာတစ်ခု လိုအပ်တာပဲ ဖြစ်သည်။
” ဒါဆိုရင် မြို့နဲ့ဝေးပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခု လိုချင်တယ်”
ခဏကြာပြီးနောက် သူက နောက်တစ်ခွန်း ထပ်ပြောလိုက်သည်။
” စျေးပေါလေ ကောင်းလေပဲ”
အပိုင်း ၁၆ ပြီး၏။