စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅။ သူက မင်း မှန်းဆနိုင်တာထက် ပိုပြီး အစွမ်းထက်တယ်။
Zero to Hero in the Martial Arts Library
Author: Flammable Wood
” ငါတို့လောကရဲ့ စစ်မှန်တဲ့ အုတ်မြစ်က ထင်ရှားတဲ့ မိသားစုတွေအတွင်းမှာ ပုန်းကွယ်နေတယ်ဆိုတာ မင်း သိသင့်တယ် ”
” ရှေးယခင်တည်းက မင်းဆက်တိုင်း အစားထိုးခံရတဲ့အချိန် လက်ရှိဧကရာဇ်က အရင်မင်းဆက်ရဲ့ သွေးမျိုးဆက်အားလုံးကို သတ်ဖြတ်ရတယ်”
” ဘာအတွက်လဲ”
“အဲဒီသွေးမျိုးဆက်ကနေ ပေါ်ထွက်လာတဲ့ ဧကရာဇ်အသစ်တစ်ပါးက သူ့ရဲ့ အုပ်စိုးမှုကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်နိုင်တယ်”
” နောက်ထပ် အကြောင်းအရင်း တစ်ချက်က သူတို့က ကမ္ဘာကြီးရဲ့ အပေါ်ယံထက်ပိုတဲ့ ကျင့်စဥ်ကို ဆုပ်ကိုင်ထားနိုင်ပြီဆိုရင် မိုးနဲ့မြေရဲ့ မဟာတာအိုကို ဆက်သွယ်နိုင်တဲ့အထိ အမှန်တကယ် လုံလောက်နေပြီလို့ ဆိုလိုတာပဲ”
” သူတို့တွေက ဒီအဆင့်မှာရှိတဲ့ ကျင့်စဥ်ကို တော်ဝင်ကျင့်စဥ်ဆိုပြီး ခေါ်ကြတယ်”
ချင်ရှန်းလုံက ခေါင်းညိတ်လိုက်၏။
” ငါ သိတယ်။ အဲဒီအဆင့် ကျင့်စဥ်ကို လျို့ဝှက်ထားကြတာလေ။ လောကထဲမှာ ထင်ရှားတဲ့ မိသားစုတွေနဲ့ ထိပ်သီး သိုင်းကျောင်းတော်တချို့ပဲ အဲ့လိုကျင့်စဥ်တွေ ရှိကြတာ”
” ငါတို့လို လူတွေက သူတို့နဲ့ ထိတွေ့နိုင်ဖို့ဆိုတာ အရည်အချင်း ရှိတောင်မရှိကြဘူးလေ”
ပြောနေစဥ်တွင် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မျက်နှာပေါ်တွင် ကြောက်လန့်ရိပ်နှင့် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်လာလေ၏။
” လောင်တု။ မဟုတ်မှလွဲရော။ မင်း ပြောနေတာ ဒီကျင့်စဥ် ဒါ ဒါ ဒါက၊ ။ တော်ဝင်ကျင့်စဥ်လား”
တုချန်ဖုန်းက ကျင့်စဥ်ကို မှတ်တမ်းတင်ထားသည့် ကျောက်တုံးအပိုင်းအစကို ကြည့်လိုက်၏။
” မပြောတတ်ဘူး။ ငါလည်း သေသေချာချာတော့ မပြောရဲဘူး။ ဒါပေမဲ့ ချီရှန်းအဆင့်ထက် ကျော်လွန်တာတော့ တစ်ရာ ရာခိုင်နှုန်း သေချာတယ်”
” လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျင်းသို့ကျောင်းတော်က တိတ်တဆိတ် ရှာဖွေနေခဲ့တာ ကြာပြီ။ သူတို့တွေက ချီရှန်းအဆင့်ထက် ကျော်လွန်တဲ့ ကျင့်စဥ်တစ်မျိုးကို မြင့်တင်ချင်နေတာ။ ဒါမှ ခရိုင်ကိုးခုက ထင်ရှားတဲ့ မိသားစုကြီးတွေရဲ့ ချုပ်နှောင်မှုကနေ ဖြိုခွင်းနိုင်မှာလေ။ ဒီ သုတေသနမှာ ငါလည်း ပါဝင်ခဲ့တယ်။ မရေမတွက်နိုင်တဲ့ ချီရှန်းအဆင့် ကျင့်စဥ်တွေနဲ့လည်း တွေ့ခဲ့ရတာ”
” ဒါပေမဲ့ ဒီကျင့်စဥ်က ချီရှန်းအဆင့် ကျင့်စဥ်တိုင်းထက် သာလွန်နေတယ်ဆိုတာ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောနိုင်တယ်။ ဒါက တော်ဝင်ကျင့်စဥ် မဟုတ်ရင်တောင် သာလွန်တဲ့ ကျင့်စဥ်တစ်ခု ဖြစ်နေတုန်းပဲ”
” အတိုချုပ်ပြောရရင် ဒီကျင့်စဥ်က မင်း မှန်းဆနိုင်တာထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ထားတဲ့သူတွေကို ဖျက်ခိုင်းရတာပဲ။ အရင်တုန်းက ငါတို့ မိသားစုရဲ့ ကျင့်စဥ်က ချီရှန်းအဆင့်အောက် ကျင့်စဥ်ပဲ ရှိနေသေးတာ။ ဒီတော့ အများအရှေ့ပြထားနိူင်တယ်လေ။ ဒါပေမဲ့ ပြီးပြည့်တဲ့ ဗားရှင်းကတော့ မဖြစ်နိုင်ဘူး”
ချင်ရှန်းလုံ၏ မျက်လုံးထဲတွင် အားကျမှုနှင့် တည်ကြည်မှုတို့ တစွန်းတစပေါ်လာလေ၏။
” ငါက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေတာ နှမြောစရာပဲ။ ဒီတော့ ငါ ဒီကျင့်စဥ်ကို ကျင့်ကြံလို့ ရမှာ မဟုတ်ဘူး။ ဒါက ကောင်းကင်ဘုံက ဆုချီးမြင့်တာလည်း ဖြစ်နိူင်ပါတယ်လေ။ ပြောရရင် အဲဒီတုန်းက မင်းရဲ့ မှန်ကန်ဖြောင့်မတ်စွာနဲ့ ဓားမော့ကျင့်စဥ်ကို မျှဝေပေးတာမျိုး မရှိခဲ့ရင် ဒီနေ့ ဒီကျင့်စဥ်ကို မင်း ရနိုင်မှာ မဟုတ်ဘူး”
တုချန်းဖုန်းက ခေါင်းညိတ်လိုက်လေ၏။
” အခု ငါတို့တွေ ဓားမော့ကျင့်စဥ်ကို ပြီးပြည့်စုံအောင် လုပ်သွားတဲ့သူတွေကို ရှာသင့်တယ်”
” ကျင့်စဥ်ကို ပြီးပြည့်စုံအောင် လုပ်သွားတဲ့သူ”
ချင်ရှန်းလုံ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီးနောက် သူက အင်မတန် စိတ်လှုပ်ရှားသွားတော့သည်။
” သူ ဖြစ်နိုင်မလား။ သူဆိုတာ သိနေတယ်။ သူပဲ ဖြစ်ရမယ်”
” ဘယ်သူလဲ”
တုချန်းဖုန်း၏ အမူအရာက အလွန်ပျော်ရွင်သွားကာ စိတ်လှုပ်ရှားမှုတို့ တိုးလာ၏။
” အင်း။ တကယ်တော့ ငါ သူ့ကို မသိဘူး”
တုချန်ဖုန်း၏ မျက်နှာထက်က အပြုံးသည် ချက်ချင်းပျောက်ကွယ်သွား၏။ သူက ကလေးတစ်ယောက်ပမာ သူ၏ စိတ်ပျက်မှုကို ထုတ်ပြမိတော့သည်။
” မင်း ရူးနေလား”
ချင်ရှန်းလုံက အနေရခက်စွာ ပြုံးလိုက်ပြီး ခပ်ရှက်ရှက် ပြုံးလိုက်၏။
” ဖြစ်ခဲ့တာကို ပြောပြဦးမယ်”
ချင်ရှန်းလုံသည် ဆန်းကြယ် သိုင်းပညာရှင်၏ အရေးကိစ္စကို မျှဝေလိုက်သည်နှင့် တုချန်းဖုန်း၏ အမူအရာက တဖြည်းဖြည်းချင်း လေးနက်လာတော့သည်။
” ကျန်းဟိုင်မြို့မှာ ဒီလိုအစွမ်းထက်တဲ့ ပညာရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး”
ကျန်းဟိုင်မြို့ထဲတွင် ချီရှန်းအဆင့် သိုင်းပညာရှင်အချို့ ရှိသည်။ သို့သော် လောကတစ်ဝှိုက်တွင်မူ များပြားလွန်းပေ၏။ ထို့အပြင် တုချန်းဖုန်းက ကျင်းသို့ သိုင်းကျောင်းတော်ရှိ ပါမောကတစ်ယောက်ဖြစ်သည်။ သူ့အတွက် ရှန်းထျန်းအဆင့်က သူ့အတွက် မစိမ်းသက်ပေ။ သို့သော် တုချန်ဖုန်းက ကျန်းဟိုင်မြို့ထဲတွင် ထိုကဲ့သို့ လူ ရှိနေကြောင်းကို မသိခဲ့ပေ။
ချင်ရှန်းလုံက ခေါင်းညိတ်လိုက်၏။
” သူက ချီရှန်း ကြယ်တာရာ သားရဲကို သတ်ခဲ့ပြီး ရန်ကျုံး နဲ့ ငါ့ကို ကယ်ခဲ့တယ်ဆိုတော့ ကျန်းဟိုင်မြို့ရဲ့ ရန်သူ မဟုတ်လောက်ဘူးလို့ ငါ ထင်တယ်။ ရိုးရိုးသားသားပြောရရင် သူ့ကြောင့်သာ မဟုတ်ရင် ဒီတစ်ခေါက် မင်း ပြန်လာတာ ငါ့ကို မတွေ့ရတော့မှာတောင် ဖြစ်နိုင်တယ်”
” ကျန်းဟိုင်မြို့အတွက် ဒီလို မဟာချီရှန်းအဆင့်တစ်ယောက်ရှိနေတာ တကယ်ကံကောင်းတာပဲ”
” မဟာ ချီရှန်းလား”
တုချန်းဖုန်းက ပြုံးလိုက်လေ၏။
ချင်ရှန်းလုံက မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။
” ဘာ။ ငါ ပြောတာ မှားလို့လား”
တုချန်းဖုန်းက ကျောက်ရုပ်တုကို ကြည့်လိုက်၏။
” သူက အထွတ်အထိပ်မဟာချီရှန်း တစ်ယောက်ထက် အားမနည်းဘူးဆိုတာ ငါ့အရည်အချင်းနဲ့ အာမခံတယ်၊ ဒါ့အပြင် သူက အားနည်းချက်မရှိ သန်မာတဲ့ သူမျိုးပဲ။ သူ့ကို ပန့်ရှန်းတစ်ယောက်လို့ သတ်မှတ်လို့ ရနိုင်တယ်”
ချင်ရှန်းလုံက ချက်ချင်းပင် အံ့သြဆွံ့အသွားလေ၏။ သူက ပါးစပ်အဟောင်းသားဖြစ်သွားသည်မှာ သူ၏ မေးရိုးက မြေကြီးနှင့် ထိလုနီးပါး ဖြစ်သွားတော့သည်။
” ပန့်ရှန်း။ ပန့်ရှန်း ဂိုဏ်းကလား”
” မင်း နောက်နေတာ မဟုတ်ဘူးမလား။ ဒီလို မြို့လေးမှာ ပန့်ရှန်း ဂိုဏ်းက သိုင်းပညာရှင်တစ်ယောက်က ဘာ့ကြောင့် ရှိနေမှာလဲ”
” ပြောရတာ ခက်တယ်။ ပြောရရင် သိုင်းပညာရှင်တွေဆိုတာ လောကကြီးထဲမှာ တိမ်တွေ လေလိုပဲလေ။ ဒါ့အပြင် နတ်နဂါးတစ်ကောင်ရဲ့ ခေါင်းနဲ့ အမြီးဆိုတာက မြင်တွေ့ဖို့ ခက်ခဲတာ။ သူတို့အတွေးကို မှန်းဆဖို့ဆိုတာ ခက်တာပဲ”
တုချန်းဖုန်းက သက်ပြင်းချလိုက်၏။ ပြီးနောက် သူက တစ်စုံတစ်ခုကို တွေးမိလိုက်သည့်ပမာ ထပ်ပြောလိုက်တော့သည်။
” ဒါကို ပြောတော့မှ အခု ယွိယန်ရဲ့ ကျင့်စဥ်က ဘယ်လိုလဲ”
သူ၏ မြေးမလေးအကြောင်း ပြောသည့်အခါ ချင်ရှန်းလုံ၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားမှုတို့က မဖုံးကွယ်နိုင်တော့ပေ။
” သူက ပဉ္စမအဆင့် သိုင်းပညာရှင်အဆင့်ကို ရောက်နေပြီ။ ချင် မိသားစုရဲ့ ဓားသိုင်းကိုလည်း ၇၀ ရာခိုင်နှုန်းလောက် နားလည် သဘောပေါက်ပြီးပြီ”
” ကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပဉ္စအဆင့် သိုင်းပညာရှင်ဖြစ်လာဖို့ဆိုတာ အမှန်တကယ် ချီးကျူးထိုက်တာပဲ”
“လတ်တလောမှာ ဟန်တိုင်းပြည်က ဖျောင်ကျန့်ရှန်လို့ အမည်ရတဲ့ ဓားသိုင်း ပါရမီရှင်လေးတစ်ယောက်ကို မွေးထုတ်ခဲ့တယ်။ သူက ဓားလမ်းကြောင်းက ပါရမီရှင်တွေကို စိန်ခေါ်ဖို့အတွက် စီရင်စုကိုးခုဆီကို သွားခဲ့တယ်။ လူဆယ့်နှစ်ယောက်ကို အနိုင်ယူခဲ့ပြီးပြီ”
” ကျင်းသို့ သိုင်းကျောင်းတော်က ဓားသိုင်းကျင့်ကြံသူ ပါရမီရှင်တချို့ကတောင် သူ့ရဲ့ ဓားကြောင့် ရှုံးနိမ့်သွားကြပြီ”
ချင်ရှန်းလုံ၏ အမူအရာက တောင့်ခဲသွားလေ၏။
” ငါလည်း ဖျောင်ကျန့်ရှန်အကြောင်း နည်းနည်းကြားဖူးတယ်။ သူက ဟန်နိုင်ငံလို နိုင်ငံငယ်လေးက လာတဲ့သူပဲ။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ။ ကျင်းခရိုင်းထဲက ဓားသိုင်းပါရမီရှင်တချို့က အားမနည်းလောက်ဘူးမလား”
တုချန်းဖုန်းက သက်ပြင်းချလိုက်လေ၏။
” လွန်ခဲ့တဲ့ နှစ်နှစ်ရာအတွင်းမှာ ငါတို့ စီရင်စုကိုးခုက အမျိုးမျိုးသော ပြည်နယ်တွေရဲ့ လှည့်စားမှုကို ခံနေရတာ ဘယ်နှစ်ကြိမ်လောက် ရှိနေပြီလဲဆိုတာ မင်း မသိတာလည်း မဟုတ်ဘူး။ သူတို့တွေက ခရိုင်ကိုးခုဆီကို ကြယ်တာရာ သားရဲတွေ တမင်တကာ လွတ်ပေးပြီး သိုင်းပညာရှင်တော်တော်များများ သေစေခဲ့တာလေ”
” သိုင်းပညာ အမွေအနှစ် ဖြတ်တောက်ခံလိုက်ရတဲ့ ပါရမီရှင် ကလေးတွေ ဘယ်လောက်များလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ”
” ကောင်းကင်ဘုံရဲ့ ထူးချွန်ထက်မြက်တဲ့သူတွေ သင့်တော်တဲ့ ဆရာတစ်ယောက်ရဲ့ လမ်းညွန်မှုကို မရနိုင်ခဲ့တာ ဘယ်လောက်များမလဲ”
” ပြီးတော့ သူတို့တွေထဲမှာ ဓားသိုင်းပညာရှင်တွေက အများဆုံး ထိခိုက်ကြတာပဲ”
” ဒါ့အပြင် ဒီလိုအကြောင်းပြချက်တွေကြောင့် ဘယ်လိုလုပ် သေတဲ့အထိ တိုက်ခိုက်နိုင်ရတာလဲ။ သူတို့က ဓားစွမ်းအား ဓားကျင့်စဥ်တွေနဲ့ ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ကြတယ်။ သူတို့ရဲ့ ကျင့်စဥ်က ဟို့ထျန်း ပဉ္စအဆင့်ကို ဖိနှိပ်ထားတယ်ဆိုပေမဲ့ အာ့ဒီကလေးရဲ့ ဓားစွမ်းအားက ငါတောင် လေးစားရတာ”
” ဘာ”
ချင်ရှန်းလုံ၏ မျက်လုံးသူငယ်အိမ်တို့ ကြုတ်သွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုတို့ ပေါ်လာ၏။
တုချန်ဖုန်း ပြောနေသည့်သူက မည်ကဲ့သို့သော သူမျိုးနည်း။ သူတောင် ထိုသို့ပြောခဲ့လျင် ဖျောင်ကျန့်ရှန်သည် မည်မျှ သန်မာသနည်း။
တုချန်ဖုန်းက ပြုံးကာ အဓိပါယ်ပါပါ ပြောလိုက်၏။
” သူရဲ့ နောက်ထပ် ပစ်မှတ်က အလယ်ပိုင်းလွင်ပြင်လို့ ငါ ကြားထားတယ်။ ချင် မျိုးနွယ်စု ဓားက အလယ်ပိုင်းလွင်ပြင်မှာ အတော်ကျော်ကြားပြီး ကျင်းခရိုင်နဲ့ အနီးဆုံးပဲ။ သူ လွင်ပြင်ကို ရောက်လာတာနဲ့ မင်းတို့ ချင်မျိုးစုကို ဥပမာအနေနဲ့ ပြသလိမ့်မယ်ဆိုတာ ငါ ပြောရဲတယ်”
°°°°°
တစ်ဖက်တွင်မူ ကျန်းဟိုင်မြို့၏ ကြီးမားသည့် ဓားမော့ရာ၏ ရှေ့တွင် ဖြစ်သည်။
လေပြင်းတစ်ချက် အဝှေ့ဖြင့် ချင်ယွိယန်သည် သူမ၏ ဓားမော့ကို နောက်ဆုံး၌ ပြန်ရုပ်သိမ်းလိုက်သည်။ သူမက ရှန်းထျန်းနယ်ပယ်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ရေကို ခါချရန် သူမ၏ ဝိညာဥ်စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း မရှိပေ။ ယခုအချိန်တွင် သူမ၏ အဝတ်အစားများက ချွေးများ ရွှဲနေပြီး ခန္ဓာကိုယ်ပေါ်တွင် တင်းတင်းကျပ်ကြပ်ဖြစ်နေ၏။
သူမ၏ နဖူးပေါ်မှ ချွေးများကို သုတ်ရန်အတွက် အကျီလက်ကို မတင်လိုက်သည်။ မြစ်ကို ကန့်လန့်ဖြတ်ထားတဲ့ ဓားရာကို ကြည့်ပြီး သူမ၏ မျက်နှာက အနည်းငယ် မှင်တက်နေ၏။
” ရှင်က ဘယ်သူလဲ။ ကျန်းဟိုင်မြို့မှာ ရှင် ရှိနေသေးလားဆိုတာ သိချင်မိတယ်”
ထိုနေ့ထိုအချိန်မှစ၍ ချင်ယွိယန်သည် ထိုဓားရာကို မြင်တွေ့ချိန်တိုင်း ငေးမောမှင်တက်ရသည်။ သူမ၏ ဘဝတွင် ပထမဆုံးအနေဖြင့် သိုင်းပညာကို အမှန်တကယ် စိတ်ဝင်စားလာတာပဲ ဖြစ်၏။
သူမသည် သူမ အဖိုး၏ တောင်းဆိုချက်အရ ချင်မိသားစု ဓားသိုင်းကို ကြိုးဆွဲရုပ်သေးပမာ ကျင့်ကြံနေခဲ့တာပဲ ဖြစ်သည်။ သို့သော် သူမက ဓားကျင့်စဥ်ကို ချစ်မြတ်နိုးခြင်း မရှိပေ။ အမှန်တကယ်တွင် သူမ၏ စိတ်ဝိညာဥ်က ဓားတစ်လက်ထက် ဓားမော့ကို ပိုသဘောကျပေ၏။ မည်သို့ဖြစ်စေ ဓားမော့သည်လည်း ဓားတစ်လက်သာဖြစ်သည်ဟု သူမ၏ အဘိုးက တိုက်တွန်းပြောဆိုခဲ့သေးသည်။
ထို့အပြင် ထိုသိုင်းကွက်ကို မြင်တွေ့သည့်အချိန်၌ နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့ရသည့်ထိအားက နောက်ဆုံးတွင် ပေါက်ကွဲသွားပြီဖြစ်သည်။ သူမ အဘိုး၏ တောင်းဆိုမှုကို လျစ်လျူရှုလိုက်ပြီး ဓားမော့ကျင့်စဥ်ကို တိတ်တဆိတ် လေ့ကျင့်တော့၏။
အဆုံးတွင် မည်သည့်အပြစ်ပေးမှုမျိုး ရမည်ကို သူမ မသိသေးသည့်တိုင် ဓားမော့သိုင်းကို သင်ယူနိုင်မည်ဆိုလျင် သေရမည်ကိုပင် ကြောက်ရွံ့နေမှာ မဟုတ်ပေ။
ယခုအချိန်တွင် မီတာတစ်သောင်း ရေစီးကြောင်း၌ ရွှေရောင်လင်းတန်းများ ဖျတ်ခနဲပေါ်လာပြီး အဆုံးမရှိ ခမ်းနားမှုများ ပေါ်လာ၏။
ယင်းက သူမ၏ မျက်လုံးသူငယ်အိမ်ကို ကြီးသွားစေသည်။
” သန်မာလိုက်တဲ့ အရှိန်အဝါပါလား။ အဘိုးရဲ့ အရှိန်အဝါထက်တောင် သန်မာသေးတယ်။ ကျန်းဟိုင်မြို့မှာ ဒီလို ပါရမီရှင် ဘယ်တုန်းက ရှိ။ ခဏနေပါဦး။ အဲဒီလူများ ဖြစ်နိုင်မလား”
အပိုင်း ၁၅ ပြီး၏။