စာကြည့်တိုက် တာအိုသခင်
အပိုင်း (၁၄) အပြန်အလှန်ပေးကမ်းခြင်း မပြုတာက ရိုင်းပျတာပဲ။
” ဒါက “
ယဲ့ရှောင်က အနည်းငယ်မှင်တက်သွားလေ၏။ သူသည် ကျင့်စဥ်ကို တစ်ချက်သာကြည့်လိုက်ပြီး ရွှေရောင်စာအုပ်က ခုန်ပေါက်လာတော့သည်။ ဆိုလိုသည်က ကျောက်တုံးပေါ်၌ ထွင်းထုထားသော စိတ်စွမ်းအားကျင့်စဥ်သည် သူ မဖတ်ရှုရသေးသည့် အခြေခံစိတ်စွမ်းအားကျင့်စဥ်၏ ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြစ်နေသည်။
” ဒီနေရာမှာ ဒီလိုရတနာကို မတော်တဆ တွေ့လိမ့်မယ်လို့ မထင်ထားဘူး “
အပြုံးယဲ့ယဲ့ဖြင့် ယဲ့ရှောင်သည် ကျောက်တုံးပေါ်တွင် ထွင်းထုထားသော စိတ်စွမ်းအားကျင့်စဥ်ကို စတင် ဖတ်ရှုလိုက်၏။
မြန်မြန်ဆန်ဆန်ပင် ပြီးပြည့်စုံသော စိတ်စွမ်းအားကျင့်စဥ်က ရွှေရောင်စာအုပ်ထဲတွင် ရိုက်နှိပ်ပြီးဖြစ်သွားသည်။
ထိုစဥ် သူတို့ပေါ်တွင် ရိုက်နှိပ်ထားသော စိတ်စွမ်းအားကျင့်စဥ် ဆယ်မျက်နှာသည် ရွှေစစ်စစ်အလင်းတန်းများ ဖြာထွက်လာပေ၏။ ယဲ့ရှောင်သည် သာလွန်သော စိတ်စွမ်းအားကျင့်စဥ်တစ်ခု ပေါင်းစည်းပြီးပြီဟု ဆိုလိုတာလည်း ဖြစ်သည်။
“ငါ မှတ်မိတာမှန်မယ်ဆိုရင် ဒီနေရာက စိတ်စွမ်းအားကျင့်စဥ်နဲ့ ဓားမော့ကျင့်စဥ်က ပါမောက္ခတုချန်းဖုန်းက ကျောင်းတော်ကို မျှဝေပေးခဲ့တာမလား “
ယဲ့ရှောင်၏ အစွမ်းထက်သော ဓားမော့ကျင့်စဥ်မှ ဗဟုသုတဖြင့် တုမိသားစု၏ ဓားမော့ကျင့်စဥ်၌ ဟာကွက်အချို့ ရှိနေသေးကြောင်း မြင်ရန် သူ့အတွက် လွယ်ကူပေ၏။
” အပြန်အလှန်မပေးကမ်းတာက ရိုင်းပျရာရောက်တယ်၊ ငါက တုမိသားစုရဲ့ စိတ်စွမ်းအားကျင့်စဥ်ကို ယူခဲ့ပြီးပြီ ဆိုမှတော့ တုမိသားစုကို ဒီဓားမော့ကျင့်စဥ် ပြီးပြည့်စုံအောင် ကူညီပေးရမယ် “
သူ၏ စိတ်ထဲ ဆန္ဒရှိလာသည်နှင့် ယဲ့ရှောင်၏ မျက်လုံးထဲမှ ဓားမော့ရောင်ခြည်တန်းများစွာက ပေါ်ထွက်လာ၏။ သူ၏ ထိန်းချုပ်မှုက အလွန်တိကျသည်။ အလွန်သေးငယ်သည့် ဓားသွားသိန်းချီဖြင့် ကျောက်တုံးပေါ်တွင် ပြီးပြည့်စုံသည့် ဓားမော့ကျင့်စဥ် ဗားရှင်းကို ထွင်းထုလိုက်သည်။ ပြီးနောက် သူက လှည့်ထွက်သွားတော့၏။
မြစ်ဘေးသို့ ထပ်မံဦးတည်သွားကာ ကျင့်စဥ် ပေါင်းစည်းခြင်းကို ပြင်ဆင်နေတော့သည်။
ယဲ့ရှောင်ထွက်သွားပြီး မကြာမီ၌ ကျောက်သားတစ်ဦးက ဖြတ်သန်းသွားလာပြီးနောက် ကျောက်တုံးပေါ်၌ ထွင်းထုထားသည့် သိပ်သည်းသောဓားဆန္ဒနှင့် ထွင်းထုနေစဥ် ကြွေကျလာသော ကျောက်စကျောက်နများကိုလည်း တွေ့လိုက်ရသည်။ သူသည် အစက ထိတ်လန့်အံ့အားသင့်သွား၏။
” တစ်ယောက်ယောက်က ပါမောက္ခတုရဲ့ ကျင့်စဥ်ကို ပြောင်းသွားပြီ “
ဆူညံပွက်လောရိုက်မှုက ခန်းမကျယ်ထဲ ပျံ့လွင့်လာတော့သည်။
ချင်ရှန်းလုံက ဒေါသထွက်သွား၏။်
” ဘယ်မျိုးမစစ်က လုပ်သွားတာလဲ “
ကျောက်ရုပ်တုသည် သူ၏ သူငယ်ချင်းကောင်း တုချန်းဖုန်း၏ မျှဝေပေးမှုကို အသိအမှတ်ပြုထားတာ ဖြစ်သည်။ ထိုသို့တိုင် တစ်စုံတစ်ယောက်က ပြောင်းလဲသွားခဲ့၏။ ယင်းက တုချန်းဖုန်းကို မလေးမစား လုပ်တာ သံသယဖြစ်ဖွယ် မရှိချေ။
ထိုကဲ့သို့ အမူအကျင့်အတွက် သူ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ တုချန်းဖုန်းက အလွန်အကျွံ ဒေါသမထွက်ပေ။ ထိုအစား သူက လက်အသာယှက်လျက် ပြောလိုက်၏။
” လောင်ချင်။ စိတ်ထဲမထားနဲ့၊ မသိတတ်တဲ့ ကလေးတချို့လို့ ငါ ထင်မိတာပဲ “
ချင်ရှန်းလုံက လက်သီးကျစ်ကျစ်ဆုပ်ပြီးနောက် အေးတိအေးစက်နှာခေါင်းရှုံ့လိုက်လေ၏။
“မင်း သင်ခန်းစာ ပို့ချနေတဲ့အချိန်သာ မဟုတ်ရ၇င ငါ အဲဒီ မျိုးမစစ်ကို အခုချက်ချင်းသွားရှာမှာ “
သူ ပြောပြီးသည်နှင့် နောက်ထပ်လူတစ်စုက အပြင်ကနေ အထဲသို့ ဝင်လာလေ၏။
” ဒါရိုက်တာ ပါမောက္ခတု၊ တစ်စုံတစ်ခုဆိုးတာ ဖြစ်နေပြီ၊ တုမိသားစုရဲ့ ပြောင်းလဲထားတဲ့ကျင့်စဥ်ကို ကျောင်းသားတစ်ယောက်က ကျင့်ကြံနေတယ်၊ တစ်ခုခုမှားသွားပြီး သူ သတိလစ်သွားတယ် “
” ဘာ “
ချင်ရှန်းလုံ၏ အမူအရာက အေးစက်သွားလေ၏။
” ငါ သွားကြည့်လိုက်မယ် “
တုချန်းဖုန်းက မျက်ခုံးပင့်ပြီးနောက် နောက်မှ လိုက်သွားတော့သည်။
” ငါလည်း သွားကြည့်မယ်၊ ကျန်တဲ့သူတွေက ဒီမှာ စောင့်နေပြီး ငါ မျှဝေပေးထားတဲ့ ဗဟုသုတကို စဥ်းစားနေကြ၊ ခဏနေရင် ပြန်လာမယ် “
နှစ်ယောက်လုံးက အတွင်းအားပိုင်ဆိုင်ထားသောကြောင့် အင်မတန်မြန်ဆန်သည်။ မျက်တောင်တစ်ခက်အတွင်း သူတို့က ကျောက်ရုပ်တုရှေ့သို့ ရောက်သွား၏။ ထင်သည့်အတိုင်းပင် ကျောင်းသားများထဲမှတစ်ဦးက မြေကြီးပေါ်တွင် လဲနေပြီး သွေးများထွက်နေလေ၏။ ကျန်သည့်ကျောင်းသားများက သူ့ကို မထိရဲချေ။ အချို့က ဓာတ်ပုံများ ရိုက်နေလေ၏။
ချင်ရှန်းလုံသည် ကျောက်ရုပ်တုကို တစ်ချက်ကြည့်ပြီး သူ၏ ဒေါသတို့က ဟုန်ခနဲ တက်လာလေ၏။ ပြီးနောက် သူက ချက်ချင်းပင် စောင့်စောင့်ထိုင်ချကာ နာကျင်နေသည့်ကျောင်းသား၏ အခြေအနေကို စစ်ဆေးလိုက်၏။
သူသည် ကျောင်းသား၏ ချီသွေးကြောများကို စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် သူ၏ မျက်နှာထားက ပိုတောင်သုန်မှုန်သွားတော့သည်။
” သေစမ်း၊ သူ ရူးသွားပြီပဲ၊ ကျင့်စဥ်ကို တရားမဝင် ပြင်လိုက်တာက သူ့ကို ရူးသွားစေတာပဲ ဖြစ်ရမယ် “
တုချန်းဖုန်းသည် မြေပြင်ပေါ်ရှိ ကျောင်းသားကို မကြည့်ခဲ့ပေ။ ချင်ရှန်းလုံတစ်ဦးထဲက သူ၏ အခြေအနေကို အတည်ပြုရန် လုံလောက်နေပြီ ဖြစ်သည်။
သူက ကျင့်စဥ်ကိုကြည့်ပြီး ပြောင်းလဲပြင်ဆင်သွားပုံကို ကြည့်ရန် လိုအပ်နေ၏။ သို့မှသာ ထိုကျောင်းသားကို ကုသနိုင်မှာပဲ ဖြစ်သည်။ သို့သော် ကျင့်စဥ်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်သည့်အချိန်၌ သူ ကြက်သီးမွေးညင်းများ ထောင်ထသွားစေ၏။
ပြီးနောက် သူက ချက်ချင်းပင် ရှေ့တိုးသွားပြီးနောက် ကျင့်စဥ်တစ်ခုလုံးကို ဂရုတစိုက်ဖတ်ရှုလိုက်သည်။ ကျင့်စဥ်ကို ရှင်းရှင်းလင်းလင်းမြင်ရသည့်အချိန်၌ ပျော်ရွှင်ကြည်နူးသွားတော့၏။
” ဘုရားသခင် “
သို့သော် သူ ကျယ်လောင်စွာ မရယ်မောနိုင်ခင် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ သူ့အမူအရာက ရုတ်တရက်လေးနက်တည်ကြည်သွား၏။
” ရှန်းလုံ မြန်မြန်၊ ဓာတ်ပုံရိုက်တဲ့ ကျောင်းသားတွေကို ပုံတွေ ဖျက်ခိုင်းလိုက်၊ ဘယ်သူမှ ဒီကျင့်စဥ်ကို ပေါက်ကြားအောင် လုပ်ခွင့် မရှိဘူး၊ မြန်မြန် “
ချင်ရှန်းလုံက ထိတ်လန့်ပြီး အမိန့်အတိုင်း ချက်ချင်းဆောင်ရွက်ကာ ကျောင်းသားများ၏ ဖုန်းကို တစ်ယောက်ချင်းဆီစစ်ဆေးရန် ဆရာများအား အမိန့်ပေးလိုက်ပြီး ရိုက်ထားသည့်ဓာတ်ပုံများကို ဖျက်လိုက်၏။ တစ်ချိန်ထဲတွင် ဆိုရှယ်မီဒီယာနှင့် ဖိုရမ်များပေါ်တွင် တင်ခဲ့သည့်သူများကလည်း သူတို့၏ ပို့များကို ဖျက်သိမ်းရ၏။
” လောင်တု။ ဒီကျင့်စဥ်က ပြဿနာကြီးကြီးမားမား ရှိနေလို့လား”
တုချန်းဖုန်းက သူ့ကို လျစ်လျူရှုထားသည်။ ထိုအစား သူက ကျောက်ရုပ်တုကို ဓားရောင်ခြည်တန်းဖြင့် ပိုင်းဖြတ်ပြီးနောက် ကျင့်စဥ်ပါသည့် ကျောက်တုံးတစ်ပိုင်းကို ဖယ်ရှားလိုက်တော့သည်။
” ဒါက စကားပြောရမဲ့နေရာ မဟုတ်ဘူး၊ မင်းရဲ့ ရုံးခန်းကို သွားကြရအောင် “
ထိုသို့ပြောပြီးနောက် သူ ပြန်ဖြေတာ မစောင့်တော့ပဲ တုချန်းဖုန်းက ဦးဆောင်ပြီး ကျင့်စဥ် ထွင်းထုထားသော ကျောက်တုံးကိုယူကာ ချင်ရှန်းလုံ၏ ရုံးခန်းဆီသို့ သွားလိုက်လေ၏။
သူ ရောက်ခါစတွင် ချင်ရှန်းလုံကလည်း သူ့ကို လိုက်မီလာသည်။
” လောင်တု။ ဘာလုပ်နေတာလဲ၊ မင်း ဘာတွေရှာဖွေတွေ့ရှိလို့လဲ၊ ကျောင်းသားရဲ့ အခြေအနေက သိပ်မကောင်းဘူး၊ ငါ သူ့ကို မြန်မြန်သွားကယ်ရမယ် “ိ
တုချန်းဖုန်းက ခေါင်းခါလိုက်သည်။
” စိတ်မပူနဲ့ သူ မရူးဘူး၊ သေမှာလည်း မဟုတ်ဘူး “
” သူ မရူးဘူး၊ ဒါဆိုရင် သူက “
” သူ့ ချီသွေးကြောတွေက ပေါက်ကွဲသွားတာ “
ချင်ရှန်းလုံက ဇဝေဇဝါ ဖြစ်သွားလေ၏။
” မင်း ဘာပြောတာလဲ၊ ငါ နားမလည်ဘူး “
တုချန်းဖုန်းသည် သူ၏ လက်ထဲရှိကျောက်တုံးကို ရတနာတစ်ပါးသဖွယ် ပွတ်သက်လိုက်လေ၏။
” အဲဒီလူက ငါ့ရဲ့ ကျင့်စဥ်ကို အဆင်အခြင်မဲ့ ပြင်ဆင်ခဲ့တာ မဟုတ်ဘူး၊ သူက ပြီးပြည့်စုံအောင် ပြင်ပေးခဲ့တာ “
” တုမိသားစုရဲ့ ဓားမော့ကျင့်စဥ်က ချီရှန်းအဆင့် ကျင့်စဥ်အောက်ဆိုပေမဲ့ တကယ်မပြည့်စုံသေးဘူး “
” ပြီးတော့ ဒါကို တစ်ယောက်ယောက်က ဖြည့်ပေးခဲ့ပြီး တုမိသားစုရဲ့ ကျင့်စဥ်အဆင့်ကို အလွန်မြင့်တဲ့အဆင့်ရောက်အောင် မြှင့်တင်ပေးလိုက်တာ “
” ပြီးပြည့်စုံကျင့်စဥ်ကို ကျင့်ကြံတဲ့ အဲဒီကျောင်းသားက ခွန်အားမလုံလောက်ဘူး၊ ဒါကြောင့် ကျင့်စဥ်ကို သုံးလိုက်တဲ့အချိန်မှာ သူ့ရဲ့ ချီသွေးကြောတွေက ပေါက်ကွဲကုန်တာပဲ “
” မင်း ဘာပြောလိုက်တာ “
ချင်ရှန်းလုံက အမှန်တကယ် အံ့သြဆွံ့အနေလေ၏။ ြ
တုချန်းဖုန်းသည် အတိတ်တုန်းက ထိုကျင့်စဥ်အကြောင်း ပြောပြခဲ့ဖူးသောကြောင့် တုမိသားစု၏ ဓားမော့ကျင့်စဥ်က ပြီးပြည့်စုံခြင်းမရှိကြောင်း သူသိပေ၏။ တစ်စုံတစ်ယောက်က ယင်းကို အမှန်တကယ် ပြီးစီးအောင် ပြင်ဆင်ပေးခဲ့သည်။ ယင်းက ထိတ်လန့်ဖွယ်ကောင်းလွန်းလှ၏။
တုမိသားစုသည် ထို ဓားမော့ကျင့်စဥ်ကို ပြီးပြည့်စုံစေရန်အတွက် မျိုးဆက်ပေါင်းများစွာ ကြိုးစားရခဲ့ကြောင်း သိထားရသည်။ သို့သော် သူတို့ မအောင်မြင်သေးပေ။ ပြီးပြည့်စုံခြင်းမရှိသေးသည့် တုမိသားစု၏ ဓားမော့ကျင့်စဥ်ကတောင် ချီရှန်းအဆင့်အောက် ကျင့်စဥ်ဖြစ်နေသေးသည်။ ထိုသို့တိုင် အမည်မသိပုဂ္ဂိုလ်တစ်ဦးက အောင်မြင်စွာ ပြင်ဆင်သွားခဲ့၏။ ထို ဓားမော့ကျင့်စဥ် မည်မျှအစွမ်းလာမည်နည်း။
” လောင်တု။ မင်း ငါ့ကို နောက်နေတာလား “
” မင်းနဲ့ အေးအေးလူလူစနောက်ဖို့ အချိန်ရှိမယ်များ ထင်နေလား “
” ဒါဆိုရင် အခု ကျင့်စဥ်က ဘယ်အဆင့်ရောက်သွားပြီလဲ၊ ရှန်းထျန်းနယ်ပယ်ကို ရောက်သွားပြီလား “
တုချန်းဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူ၏ လေးနက်တည်ကြည်သောအမူအရာက သူ့ ပျော်ရွှင်မှုကို မထိန်းချုပ်ထားနိုင်ခဲ့ပေ။
” ချီရှန်းအဆင့် ကျင့်စဥ်တစ်ခုက ငါ့ကို ဒီလောက်ပျော်ရွှင်စေမယ်လို့ မင်းထင်လား “
ထိုစကားများက ချင်ရှန်းလုံ၏ စိတ်ထဲတွင် ဗုံးတစ်လုံးသဖွယ် ပေါက်ကွဲသွားပြီး သူ၏ ခေါင်းကို ချက်ချင်းထိသွားစေတော့၏။
တုချန်းဖုန်း၏ စကားက အလေးချိန်များလွန်းလှသည်။
သူ ပြောတာမှန်ပေ၏။ သူက ကျင်းသို့တက္ကသိုလ်ရှိ ပါမောက္ခတစ်ဦး ဖြစ်သည်။ ချီရှန်းအဆင့် ကျင့်စဥ်များစွာကို တွေ့ဖူးမှာ သေချာ၏။ ထို့ကြောင့် ချီရှန်းအဆင့် ကျင့်စဥ်တစ်မျိုးဖြစ်နေခဲ့လျှင် ထိုမျှ စိတ်လှုပ်ရှားနေမှာ မဟုတ်ပေ။
ဂလု၊။
ချင်ရှန်းလုံက တံတွေးမျိုချလိုက်ပြီး ဂရုတစိုက် မေးလိုက်တော့၏။
” လောင်တု။ ဒီကျင့်စဥ်ရဲ့အဆင့်က ဘယ်လောက်လို့ ထင်လဲ”
အပိုင်း (၁၄) ပြီး၏။