စာကြည့်တိုက် တာအိုသခင်
အပိုင်း (၁၃) နောက်ဆုံး စိတ်စွမ်းအားကျင့်စဥ်
နောက်ပိုင်းနေ့ရက်များတွင် အရာအားလုံးက အလွန်သာမန်ဆန်နေပေ၏။ ချင်ယွိယန်က ရံဖန်ရံခါ စာအုပ်များ ပြန်လာပေးပြီးနောက် ဓားမော့ကျင့်စဥ် တစ်အုပ်နှစ်အုပ်ကို ထပ်မံငှားရမ်းသွား၏။ သူတို့နှစ်ဦးက အပြန်အလှန်ပြောဆိုခြင်း သိပ်မရှိပေ။ အချိန်အတိုင်းအတာတစ်ခုအတွက် သူတို့က စကားသိပ်မပြောခဲ့သောကြောင့် တစ်ယောက်အကြောင်း တစ်ယောက် မသိကြချေ။
ထို မိန်းကလေးသည် ဓားမော့ကျင့်စဥ်ကို စွဲလမ်းနေပုံရ၏။ သူမ၏ ရှာဖွေမှုများအားလုံးက ဓားမော့ကျင့်စဥ်များနှင့်သာ သက်ဆိုင်နေသည်။ ဓားမော့ကျင့်စဥ်နှင့် သက်ဆိုင်သည့် ကျော်ကြားသောလူများ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိများ၊ ရှေးဟောင်းဒဏ္ဍာရီများကို ဖတ်ရှုခဲ့သည်။ သူမ သူတို့ကို အဘယ်ကြောင့်စွဲလမ်းနေမှန်း ယဲ့ရှောင် မသိပေ။
သို့သော် သူက တစ်ပါးသူ၏ ကိစ္စထဲသို့ ဝင်စွတ်ဖက်မှာ မဟုတ်ပေ။ သူ၏ စာအုပ်ကိုသာဖတ်ပြီး အခြေခံနှလုံးသားကျင့်စဥ်အတွက် အလေးအနက်ရှာဖွေနေ၏။
မနားမနေအားစိုက်ထုတ်မှုဖြင့် နောက်ဆုံးတွင် တစ်လခန့်ကြာညောင်းပြီးနောက် အခြေခံနှလုံးသားကျင့်စဉ်ကိုးမျိုးကို စုဆောင်းနိုင်ခဲ့သည်။ အခြေခံနှလုံးသားကျင့်စဥ် ကိုးမျိုးကို ရွှေရောင်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော စာမျက်နှာသည် မိန်ဖျော့ဖျော့အလင်းတန်းတစ်ခု စတင်ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်က အစွမ်းထက်သော နှလုံးသားကျင့်စဥ်တစ်ခုအဖြစ် ပေါင်းစည်းရန်အတွက် နောက်ထပ် အခြေခံကျင့်စဥ် တစ်မျိုး၊ နှစ်မျိုးသာ ရှာရန်လိုအပ်တော့သည်။ ယခုအချိန်တွင် သူ၏ ခံနိုင်ရည်က တိုးတက်လာခဲ့ပြီ ဖြစ်သည်။ဥ
ယင်းက အားအပြည့်သွင်းထားသော ဘထ္ထရီထက်တောင် ပိုအစွမ်းထက်သည်။ အကြောင်းမှာ အပြည့်သွင်းထာသောဘထ္ထရီသည် အသုံးပြုပြီးနောက် ပြန်ဖြည့်သွင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။ တစ်ဖက်တွင်မူ သူက ပတ်ဝန်းကျင်လေဟာနယ်မှ အချိန်မရွေး နေရာမရွေး ဝိညာဥ်စွမ်းအားကို တိုက်ရိုက်ထုတ်ယူနိုင်ပေ၏။ ထို့အပြင် သူ၏ အခြေခံဓားကျင့်စဥ်ကလည်း ပေါင်းစည်းတော့မှာပဲ ဖြစ်သည်။
ယဲ့ရှောင်သည် အကောင်းမြင်စိတ်ရှိပြီး စိတ်ဓာတ် ပြတ်သားသူတစ်ဦး ဖြစ်သည်။ သူက အဆုံးတွင် အောင်မြင်မှုကို ခံစားရန် စောင့်စားနိုင်သည်။ ထို့အပြင် စိုးရိမ်ပူပန်နေခြင်း၊ သို့မဟုတ် စောဒကတက်ခြင်းမျိုး ရှိမှာမဟုတ်ပေ။ ယနေ့က ကျင်းသို့သိုင်းကျောင်းတော်မှ ပါမောက္ခသည် သင်ခန်းစာပို့ချမည့်နေ့ ဖြစ်သည်။ တနင်္ဂနွေနေ့ဖြစ်သောကြောင့် ကျန်းဟိုင်သိုင်းကျောင်းတော်ကို သွားရန်အတွက် ခွင့်မလိုအပ်ချေ။ ယင်းက သူ့ကို အတော်လေးဒုက္ခရောက်စေ၏။
ယနေ့တွင်မူ သိုင်းကျောင်းတော်က စည်ကားနေတော့သည်။ ပထမဆုံးနေ့၏ အစောပိုင်းတွင် ကျန်းဟိုင်သိုင်းကျောင်းတော်ဝန်းက ရှင်းလင်းနေပြီး နဖူးစီးစာတန်းကို ပြသထားလေ၏။
“ကျင်းသို့သိုင်းကျောင်းတော်မှ ပါမောက္ခ တုချန်းဖုန်း၊ ကျွန်တော်တို့ သိုင်းကျော်တော်ကို သင်ခန်းစာပို့ချတဲ့အတွက် နွေးထွေးစွာကြိုဆိုပါတယ် “
နံနက် ကိုးနာရီ မထိုးခင်၌ ကျောင်းသားများစွာက အကယ်မဒီဂိတ်ရှေ့၌ စုဝေးပြီး စောင့်စားနေကြသည်။ ထို့အပြင် ကျန်းဟိုင်သိုင်းကျော်တော်၏ ဒါရိုက်တာ မစ္စတာချင်ကလည်း ဆရာများနှင့်အတူ ဂိတ်တွင်စောင့်စားနေလေသည်။ သူက ပင်မလမ်းမဆီသို့ ရံဖန်ရံခါ လှမ်းကြည့်တက်၏။ ယဲ့ရှောင်က ဝင်မပြောချင်ပေ။ သူက သူ့အအေးကိုသာ သောက်နေပြီး လမ်းတစ်ဖက်တစ်ချက်မှ ဝင်လာသည့်သူများကို ကြည့်နေလေ၏။
မကြာမီ၌ မေဘတ်ချ်ကားအချို့က ရောက်လာပြီး လူအုပ်က စိတ်လှုပ်ရှားလာတော့သည်။
” သူတို့ ဒီမှာ၊ သူတို့ ဒီရောက်လာပြီ “
ယဲ့ရှောင်က တစ်ချက်လှည့်ကြည့်လိုက်၏။ မစ္စတာချင်ထက် အနည်းငယ်ပိုငယ်ရွယ်ပုံရသည့် လူရွယ်တစ်ဦးက အသက်ငါးဆယ်ခန့်အရွယ်ရှိ သူတစ်ဦးဖြစ်ပြီး ကားထဲမှ ထွက်လာလေ၏။ သူက ဝတ်စုံအပြည့်နှင့် လည်သာဖိနပ်တို့ကို ဝတ်ဆင်ထားလေသည်။
” လောင်တု… မင်းကို ထပ်တွေ့ပြန်ပြီ “
” ဟား ဟား ဟား၊ လောင်ချင်။ ငါတို့နှစ်ယောက် ထပ်တွေ့ကြပြန်ပြီ “
” ဟုတ်သား၊ ငါတို့တွေ ခွဲခွာခဲ့တာ နှစ်လေးဆယ်ကျော်ပြီ၊ အဲဒီတုန်းက ကျန်းခရိုင်မှာ နှုတ်ဆက်တဲ့သူက ငါပဲ “
နှစ်ယောက်သားက ဖက်လဲတကင်း နှုတ်ဆက်ပြီး တစ်ယောက်နဲ့တစ်ယောက် အင်မတန် အဆင်ပြေနေပုံပို၏။
ယဲ့ရှောင်က ပါမောက္ခတု၏ ကျင့်ကြံဆင့်ကို အကဲဖြတ်ကြည့်ရာ သာမန်မဟုတ်နိုင်ကြောင်း သိလိုက်ရသည်။ သူ၏ အရှိန်အဝါကို အပြည့်အဝဖုံးကွယ်ထား၏။ ယဲ့ရှောင်သာ သူ့ထက် အနည်းငယ် ပိုမသန်မာလျှင် ယင်းကို မြင်ရန် မဖြစ်နိုင်ပေ။ သို့သော် ချီရှန်းသိုင်ပညာရှင်တစ်ဦး၏ ရှာဖွေတွေ့ရှိမှုကို ကွယ်ဝှက်ထားနိုင်စွမ်းရှိသော ရှားပါးသည့်သိမြင်နားလည်မှုပုံစံ လမ်းစဥ်အချို့လည်း ရှိသည်ဟု ဆိုကြသည်။ သူတစ်ဘဝလုံးရှာတွေ့ရန် အခွင့်အရေးရှိမလားဆိုတာ သူ မသိပေ။ အကြည့်မှ တုချန်းဖုန်းသည် ချင်ရှန်းလုံထက် အနည်းငယ်မျှသာ ပိုသန်မာတာ သိသာပေ၏။
လူနှစ်ဦးက စကားစမြည်ပြောလျက် တစ်ယောက်ကိုတစ်ယောက် လမ်းပြပေးကာ ကျန်းဟိုင်သိုင်းကျောင်းတော်ဆီသို့ လျှောက်သွားလေ၏။
ဝင်ပေါက်ရှိ ကျောင်းသားများကလည်း သူတို့နောက်မှ လိုက်ပါသွားကြသည်။ ယဲ့ရှောင်က သူ့လက်ထဲရှိ သစ်သီးဖျော်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ဖုန်းခေါ်နေစဥ် သူက သူတို့နောက်မှ လိုက်ပါသွားကြ၏။
” ဟေ့ လောင်ကု၊ မင်း ဘယ်တွေ ရောက်နေပြီလဲ၊ သင်ခန်းစာက စတော့မှာ “
” အမ်၊ အဲဒါကလေ လောင်ယဲ့၊ ငါ ဝမ်းလျောနေလို့ မင်းအရင်ဆုံး ပို့ချတာသွားနားထောင်နှင့်။ ပြန်ရောက်တဲ့အချိန် ငါ့ကို ပြောပြလိုက်လေ “
” ဝမ်းလျောတာလား “
ယဲ့ရှောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ဒုတိယအဆင့်သိုင်းပညာရှင်တစ်ယောက်က ဝမ်းလျောတယ်တဲ့လား။ သူစားတဲ့ ဘယ်လိုအစားစာမျိုးက ဒုတိယအဆင့်သိုင်းပညာရှင်တစ်ယောက်ကို အဆိပ်အတောက်ဖြစ်စေတာလဲ။
” အား၊ မြန်မြန်သာလာစမ်းပါကွာ၊ သင်ခန်းစာက စတော့မှာ”
ပြီးနောက် ဖုန်းတစ်ဖက်မှာ အသံတစ်သံကိုကြားလိုက်ရ၏။ ယဲ့ရှောင်က ပြောနေသည့်အချိန်တွင် ကုဟိုင်က အမြန်ပြောလာ၏။
” လောင်ယဲ့။ ငါအရင်ဆုံး ဖုန်းချလိုက်မယ်၊ ဗိုက်နာလာပြန်ပြီ၊ အား၊ ငါ သွားရတော့မယ် “
သူပြောပြီးအောင် မစောင့်တော့ဘဲ သူက ပြောလိုက်လေ၏။ ယဲ့ရှောင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်တော့သည်။
ထိုလူက အားမကိုးရပေ။ သူသည် သင်ခန်းစာပို့ချမှုကို နားထောင်ရန် မလိုအပ်ပေ။ ကုဟိုင်နှင့် အတူသွားရန် သဘောတူထားလို့သာ ရောက်လာတာဖြစ်သည်။ ယခု ကုဟိုင်က ရောက်မလာရာ သူ သည်နေရာတွင် ရှိစရာအကြောင်း မရှိတော့ပေ။
” ထားလိုက်ပါတော့လေ၊ ငါ ဒီရောက်ပြီဆိုမှတော့ ကျောင်းဝန်းထဲ နည်းနည်းလှည့်ကြည့်ရုံပေါ့ “
ယဲ့ရှောင်က ခေါင်းခါလိုက်ပြီးနောက် ရှင်းလင်းနေသော ဂိတ်ဝဆီသို့ လျှောက်သွားလိုက်သည်။
ကျောင်းဝန်းထဲတွင် ချင်ရှန်းလုံနှင့် တုချန်းဖုန်းတို့က လမ်းလျှောက်နေလေ၏။ သူတို့က လမ်းလျှောက်နေစဥ် အတိတ်တုန်းကအကြောင်းကို သတိတရပြောနေကြ၏။ သူတို့နောက်တွင် ဆရာဦးရေတစ်ထောင်ကျော်နှင့် ကျောင်းသားတစ်သိန်းကျော်က တိတ်တဆိတ် လိုက်ပါလာကြသည်။
သူတို့အကြည့်ထဲ၌ လေးစားအားကျမှုများနှင့် ဂုဏ်ယူရိပ် တစ်စွန်းတစ်စတို့ ပေါ်နေလေ၏။
တုချန်းဖုန်းသည် ခရိုင်ကိုးခုအတွင်း အကျော်ကြားဆုံးသိုင်းပညာရှင်တစ်ဦး ဖြစ်ရုံသာမက ပါမောက္ခများထဲတွင်လည်း ကျော်ကြားပြီး ကျန်းဟိုင်သိုင်းကျောင်းတော်မှ ဘွဲ့ရလာသည့် နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သူတို့နှစ်ဦးက ကျောင်းတော်၏ အလယ်ဆီလျှောက်သွားပြီးနောက် အလယ်ရှိကျောက်တုံးကြီးကို ရပ်မကြည့်ပဲ မနေနိုင်ကြတော့ချေ။ ကျောက်တုံးပေါ်၌ စကားလုံးအချို့ ထွင်းထုထားပြီး ကျင့်စဥ်တစ်မျိုးနှင့် တူနေပေ၏။ ကျောက်တုံးထိပ်၌ ကျောက်ရုပ်တုကြီး ရှိနေလေသည်။ ယင်းက တုချန်းဖုန်းနှင့် တထပ်တည်းတူပြီး ပုံကွဲရုံသာ ရှိသည်။
” ဒီကျောက်တုံးကို ထားထားလိမ့်အုံးမယ်လို့ ငါ မထင်ထားဘူး “
တုချန်းဖုန်း၏ မျက်လုံးထဲတွင် အတိတ်ကို တွေးမိသည့်အကြည့်က ပေါ်လာလေသည်။ ချင်ရှန်းလုံက ပြုံးပြီးပြောလိုက်တော့၏။
“အဲဒီတုန်းက တုမိသားစုရဲ့ လျှို့ဝှက်စိတ်ကျင့်စဥ်နဲ့ ဓားမော့ကျင့်စဥ်ကိုသာ မပေးခဲ့ရင် ကျန်းဟိုင်သိုင်းကျောင်းတော်က ပျက်မှာပဲ၊ မင်းက ဒီကျောင်းတော်ကို ကယ်တင်လိုက်တယ်လို့ ပြောလို့ရတယ် “
“ဒါကြောင့် ငါ ဒါရိုက်တာ ဖြစ်လာပြီးတဲ့နောက် ချက်ချင်းပဲ မင်းရဲ့ရုပ်တုကိုလုပ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းခဲ့တာ၊ တုမိသားစုရဲ့ စိတ်စွမ်းအားကျင့်စဥ်နဲ့ ဓားမော့ကျင့်စဥ်ကို ထွင်းထုဖို့အတွက် ကျောက်တုံးကို အသုံးပြုခဲ့တယ်၊ ဒါမှ ကျန်းဟိုင်သိုင်းကျောင်းတော်က ကျောင်းသားတိုင်းက မင်းရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပြီး မှတ်မိနေကြမှာ “
” ကြယ်တာရာသားရဲ ပြဿနာတုန်းက ကျန်းဟိုင်သိုင်းကျောင်းတော်ရဲ့ ထူးချွန်တဲ့ဆရာ ဆရာမတွေက ရှေ့တန်းကို သွားခဲ့ကြတာ၊ သေတဲ့သူကသေတယ်၊ ဒဏ်ရာရတဲ့သူတွေက ရကြတယ်၊ သူတို့နဲ့ယှဥ်ရင် ငါက ငါ့မိသားစုရဲ့ စိတ်စွမ်းအားကျင့်စဥ်နဲ့ ဓားမော့ကျင့်စဥ်ကို မျှဝေပေးခဲ့ရုံပဲ၊ ဘာများ အရေးကြီးလို့လဲ“
” ဒီလို မပြောနဲ့၊ အဲဒီလူတွေက ကြီးမြတ်ကောင်းကြီးမြတ်မယ်၊ ဒါပေမဲ့ မင်းက မင်းဘိုးဘေးတွေကို ဆန့်ကျင်ပြီး ဒီကျင့်စဥ်တွေကို မျှဝေပေးခဲ့တဲ့အချိန်မှာ မင်းက သူတို့ထက် နိမ့်ကျတာမျိုး မရှိဘူး “
တုချန်းဖုန်းက သက်ပြင်းချလိုက်လေ၏။
” ဒါကိုကြားရတာ ငါ ရှက်မိပါရဲ့၊ ကျင့်စဥ်နှစ်မျိုးပဲလေ၊ ဒါပေမဲ့ ငါ ကျင်းခရိုင်မှာနေလာတာ နှစ်ပေါင်းများစွာကြာပြီ၊ ကျင့်စဥ်အများအပြားကိုလည်း သင်ယူလေ့လာခဲ့တယ်၊ ဒီနေ့ ပို့ချမှာက ကျန်းဟိုင်ကျောင်းတော်အတွက် ငါ ချန်ထားရစ်ခဲ့တဲ့ ထူးကဲကျင့်စဥ် ဆယ့်သုံးမျိုးပဲ၊ ဒီနေ့ ပို့ချမှုအတွက် ကျန်းဟိုင်သိုင်းကျောင်းတော်အတွက် ထူးကဲကျင့်စဥ် ဆယ်သုံးမျိုးကို ထားခဲ့ပေးမယ်၊ ငါ့ မိခင်ကျောင်းတော်အတွက် အကောင်းဆုံး ကြိုးစားမှာပါ “
ချင်ရှန်းလုံ၏ မျက်လုံးက လက်သွားတော့သည်။
” ကောင်းလိုက်တာ၊ မင်း ဒီလိုပြောမှာကို ငါ စောင့်နေခဲ့တာ၊ ပြင်ဆင်ပြီးသွားပြီ၊ အခမ်းအနားကို နှောင်နှေးအောင် မလုပ်တော့ဘူး၊ ကျေးဇူးပြုပြီး ကြွပါ “
တုချန်းဖုန်းက ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေ၏။
” မင်းက အရင်လို စိတ်မရှည်လက်မရှည် ဖြစ်နေတုန်းပဲကို၊ ကောင်းပြီ၊ အခုပဲ သင်ခန်းစာပို့ချပေးမယ် “
အားပေးသံများကြားထဲတွင် လူတိုင်းက ကျောင်းတော်၏ ပွဲအခမ်းအနားဆီသို့ လျှောက်ဝင်သွားကြသည်။ လူတိုင်းထွက်သွားပြီးနောက် ယဲ့ရှောင်သည် ရုပ်တုအောက်ရှိ ကျောက်တုံးနားတွင် ရပ်နေလေသည်။ ထိုစဥ် သူ့ခန္ဓာကိုယ်အတွင်းရှိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ရုတ်တရက် ယိမ်းယိုင်သွားတော့သည်။
အပိုင်း (၁၃) ပြီး၏။