Switch Mode

Chapter – 11

မင်းက ပုန်းတာ တော်လွန်းတယ်

စာကြည့်တိုက် တာအိုသခင်
အပိုင်း (၁၁) မင်းက ပုန်းတာ တော်လွန်းတယ်

“မနေ့တုန်းက ကျားနတ်ဆိုးတစ်ကောင်က ကျန်းဟိုင်မြို့ရဲ့ အကျဥ်းထောင်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ကြယ်တာရာသားရဲတော်တော်များများကို လွတ်ပေးလိုက်တော့ ပွတ်လောရိုက်ခဲ့တယ်ဆိုတာ လူတိုင်းသိမှာပဲ၊ အဲဒါက သေကြေပျက်ဆီးမှုတွေ အများကြီးဖြစ်စေခဲ့ပြီး ကျန်းဟိုင်မြို့သားတွေအတွက် ဆုံးရှုံးမှုဖြစ်စေခဲ့တယ်၊ ရာထူးအတွက် ဝန်ထမ်းချို့တဲ့တာကြောင့် စာကြည်တိုက်က ဝန်ထမ်းအချို့ကို ရွေ့ပြောင်းရမယ်၊ စာရင်းကတော့ ဖန်သားပြင်ပေါ်မှာ ရှိပြီးသား”
” ဒါပေမဲ့ စိတ်မပူနဲ့၊ ငါ ရွေးချယ်ထားတဲ့ရာထူးအတွက် တစ်ယောက်ချင်းစီက သင့်တော်ပြီးသား။ အဲဒါက ပိုဆိုးစေမဲ့အစား စာကြည့်တိုက်ကို ကူညီရာရောက်မှာပဲ၊ လွတ်သွားတဲ့ဝန်ထမ်းရဲ့ စီမံခန့်ခွဲတဲ့ ဧရိယာအတွက်တော့ တစ်ယောက်ယောက်က နေရာယူရမယ်”
” ဒါ့အပြင် ငါတို့ စာကြည့်တိုက်ရဲ့ အပြင်ဘက်မှာ စောင့်ကြည့်ခံကင်မရာတွေကို တပ်ဆင်ထားပြီးပြီ၊ ဒါတွေကို တာဝန်ယူဖို့ ကြည့်ကြပ်ရေးမှူးအချို့ကိုလည်း တာဝန်ခွဲပေးထားမှာ”
ယဲ့ရှောင်သည် ဖန်သားပြင်ပေါ်ရှိ နာမည်စာရင်းကို ကြည့်လိုက်၏။ ယင်းက အဓိကအားဖြင့် ဒုတိယနှင့် တတိယအလွှာရှိ ဝန်ထမ်းများ ပါဝင်သည်။ ဒုတိယနှင့် တတိယအလွှာက လူမစည်ကားသောကြောင့် ဝန်ထမ်းများ၌ အပိုတာဝန်များအတွက် အချိန်ပိုများရှိနေသောကြောင့် ဖြစ်ဟန်တူသည်။ သို့သော် သူ၏ အမည် ထည့်မရေးထားသည်က အတော်လေးကံကောင်းပေ၏။
သူသည် ကျန်သည့်နေရာများထဲတွင် စာအုပ်ငှားရမ်းရန်အတွက် စာကြည့်တိုက်သို့ လည်ပတ်နိုင်သော်ငြား စာကြည့်တိုက်မှူးတစ်ဦးကဲ့သို့ သက်သောင့်သက်သာ ရှိမှာ မဟုတ်သေးပေ။ သူသည် အလိုရှိသလောက်စာအုပ်များ ဖတ်နိုင်၏။ ရုံးချိန်အတွင်းလည်း စာအုပ်များကို ဖတ်နိုင်သည်။
မနက်ခင်းအစည်းအဝေးပြီးနောက် မန်နေဂျာယန်ကျန်းယွီက နေရာရွေ့ပြောင်းရေးအတွက် စတင် စီမံဆောင်ရွက်တော့သည်။
ဤနေရာတွင် ရှိနေသေးဆဲဖြစ်သော ဒုတိယနှင့် တတိယအလွှာရှိ ကြီးကြပ်ရေးမှူးများက ရွေ့ပြောင်းခံရသော လုပ်ဖော်ကိုင်ဖက်များ၏ ဧရိယာများကို ယာယီစီမံခန့်ခွဲပေးရမှာပဲ ဖြစ်သည်။ သူတို့က လူသစ်များ ဖြည့်ပြီးသည့်အချိန်အထိ စောင့်စားရပေမည်။
ယဲ့ရှောင်က ထပ်တိုးဧရိယာကိုလည်း နေရာသတ်မှတ်ခံထားရသည်။ ယဲ့ရှောင်အတွက် ယင်းက ကောင်းမွန်ပေ၏။ အကြောင်းမှာ အလုပ်ချိန်အတွင်း စာအုပ်များဖတ်ရှုရန် ထိုဧရိယာထဲတွင် နေနိုင်သောကြောင့် ဖြစ်၏။ သူက ပြန်သွားတော့မည်အချိန်တွင် မန်နေဂျာယန်က သူ့ကို လှမ်းခေါ်လေ၏။
” ယဲ့ရှောင်။ ခဏလေး”
ယဲ့ရှောင်က လျှောက်နေတာ ရပ်လိုက်ပြီး မန်နေဂျာယန်ကို လှည့်ကြည့်လိုက်လေ၏။
” ဘာကိစ္စများလဲ”
” မင်း အလုပ်စမလုပ်ခင် ပြောအုံးမယ်၊ ကုဟိုင်က ဒီမနက် အလုပ်မလားဘူး၊ သူ ဖုန်းကလည်း ပိတ်ထားတယ်၊ ငါ သူနဲ့ အဆက်အသွယ် မရဘူး၊ မနေ့တုန်းက သူတစ်ခုခုဖြစ်နေမှာ ငါ စိုးရိမ်မိတယ်၊ မင်းက သူနဲ့ အနီးဆုံးဆိုတော့ သူ့ကို သွားရှာတာ ကောင်းမယ်”
ယဲ့ရှောင်၏ မျက်ခုံးတို့ ပင့်သွားလေ၏။
” ကျွန်တော်သိပြီ”
သူက စာကြည့်တိုက်အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ ထိခိုက်ထားသော အဆောက်အဦများနှင့် နေရာများက ပြန်ပြင်ပြီးလုနီးပါး ဖြစ်နေကာ မြို့က အသစ်စက်စက်ဖြစ်နေတော့သည်။
သိုင်းပညာရှင်များနှင့် ကြယ်တာရာသားရဲများသည် မြို့ကို ရံဖန်ရံခါဖျက်ဆီးသောကြောင့် ဤလောကအတွင်းရှိ တည်ဆောက်ရေးကုန်ကြမ်းနည်းပညာက အတော်လေးအဆင့်မြင့်တာ ဖြစ်နိုင်သည်။ မြန်မြန်ဆန်ဆန်ခြောက်လွယ်သော ကုန်ကြမ်းမျိုးစုံကို အသုံးပြုပြီး ဈေးပေါပေါဖြင့် ရောင်းချပေ၏။
လုပ်ဖော်ကိုင်ဖက်အချို့ကမူ စောင့်ကြည့်ခံကင်မရာများကို စတင်တပ်ဆင်နေပြီ ဖြစ်သည်။ စာကြည့်တိုက်မှူးသည် ဆန်းကြယ်စွာပေါ်ပေါက်လာသော သိုင်းပညာရှင်အသစ်ကို စစ်ဆေးချင်မှန်း သူတို့ မသိကြပေ။ ကံဆိုးသည်မှာ ချီရှန်းသိုင်းပညာရှင်တစ်ဦးက သူတို့၏ စွမ်းအင်ကို အသုံးပြုသည့်အချိန်တွင် သူတို့က ပတ်ဝန်းကျင်သံလိုက်စက်ကွင်းကို နှောင့်ယှက်မိ၏။ မည်သည့် လျှပ်စစ်ပစ္စည်းမဆို ထိခိုက်ခံရမှာပဲ ဖြစ်သည်။ စောင့်ကြည့်ကင်မရာများ မည်မျှကောင်းစေကာမူ ဘာအသုံးဝင်မည်နည်း။
” မနေ့တုန်းက ကုဟိုင်က သူ့ ကျောင်းသားကတ် သွားယူတယ်၊ အဆုံးမှာတော့ သူ မယူနိုင်ခဲ့ဘူး၊ သူ မိန်းမတစ်ယောက်ကို သွားရှာတာပဲ ဖြစ်လောက်တယ်”
” ဒီကောင်က ကြယ်တာရာသားရဲရဲ့ လက်သည်းအောက်မှာ မသေရင်တောင် အနှေးနဲ့အမြန် မိန်းမတစ်ယောက်ကြောင့် သေမှာပဲ”
စာကြည့်တိုက်တံခါး အပြင်ဘက်သို့ ထွက်သွားစဥ် ယဲ့ရှောင်၏ ဖုန်းက မြည်လာလေ၏။ ရင်းနှီးနေသော နံပါတ်ကို မြင်သောအခါ သူ၏ မျက်နှာက မသုန်မှုန်ဘဲ မနေနိုင်တော့ချေ။
” ဟယ်လို မစ္စတာလု”
” ယဲ့ရှောင်။ မင်းရဲ့သားက ထပ်အဖမ်းခံရပြန်ပြီး ဒီတစ်ခေါက် ပိုတောင် ဆိုးသွားတယ်၊ မင်း မြန်မြန်လာတာ ကောင်းလိမ့်မယ်”
” သိပါပြီ”
ယဲ့ရှောင်က အနည်းငယ်သက်ပြင်းချလျက် ကျန်းဟိုင်မြို့စောင့်တပ်ဆီသို့ ထွက်သွားလိုက်သည်။
” ဆရာရေ။ ကျွန်မက အသက်ခြောက်ဆယ့်ခြောက်နှစ်နီးပါးတောင် ရှိနေပါပြီ၊ ဒါတောင် သူက အမြတ်ထုတ်သေးတယ်၊ ဘယ်လို အသက်ဆက်ရှင်ရတော့မှာလဲ”
ခန်းမက ခါတိုင်းလိုပင် ဆူညံနေပေ၏။ ထူးဆန်းသည့် ကိစ္စရပ်မျိုးစုံက ဖြစ်နေကြပင် ဖြစ်သည်။
ယဲ့ရှောင်က ကုဟိုင်ကို မစ္စတာလု၏ နေရာရှေ့တွင် ရှာတွေ့သည်။ ယခုအခေါက်တွင်မူ သူက အတော်လေးရည်မွန်နေ၏။ သူ၏ အင်္ကျီကော်လံပေါ်တွင် နှုတ်ခမ်းနီရာ ရှိနေပေ၏။ မျက်နှာပေါ်တွင် လက်ဝါးရာတစ်ရာ ရှိနေသည်။ သူ၏ အဝတ်အစားများက အတော်လေးကောင်းမွန်နေသည်။
ယဲ့ရှောင်က သူ့ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်၏။ ကုဟိုင်က ခေါင်းငုံ့ထားပြီး ခပ်ရှက်ရှက်ပြုံးနေလိုက်တော့၏။
ပုံမှန်အတိုင်းပင် ယဲ့ရှောင် မစ္စတာလု့၏ လက်ထဲသို့ အနီရောင်စာရွက်တစ်ထပ်ကို ထိုးထည့်လိုက်သည်။
” မစ္စတာလု့ကို ဒုက္ခပေးမိပါပြီ”
လု့က မျက်မှောင်ကြုတ်သွားသည်။
” ယဲ့ရှောင်။ မင်း ဒါမျိုး ခဏခဏလုပ်နေလို့ မရဘူး၊ တစ်ကြိမ်နှစ်ကြိမ်တော့ မင်းကို မျက်နှာသာပေးနိုင်သေးတယ်၊ ငါ့အတွက် ဒီလို ကိစ္စရပ်တွေကို အကြိမ်ပေါင်းများစွာ လွတ်ပေးရတာ မလွယ်ဘူးလေ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ကောင်းပြီ၊ သူ့ကို ခေါ်သွားတော့၊ နောက်ကျ ဒါမျိုး ထပ်မလုပ်နဲ့”
သူတို့ နှစ်ဦးက စာကြည့်တိုက်ဆီသို့ ဦးတည်ထွက်သွားလေ၏။ ကုဟိုင်က အမြန်တောင်းပန်လိုက်သည်။
” လောင်ယဲ့။ ငါ ထင်တာက မနေ့တုန်းက ကြယ်တာရာသားရဲအဖြစ်အပျက်ကြောင့် မြို့စောင့်တပ် သိမ်းပိုက်ခံထားရပြီးပြီပေါ့၊ သူတို့တွေက ကင်းလှည့်နေအုံးမယ်ဆိုတာ ဘယ်သူ သိမှာလဲ”
ယဲ့ရှောင်က စိတ်မချမ်းမြေ့စွာ ပြောလိုက်လေ၏။
” မင်း နေ့တိုင်း အဖမ်းခံနေရပေမဲ့ အသွားလျော့တာ မတွေ့ရဘူး၊ မင်းသွားတာ အဆင်ပြေပေမဲ့ အကြိမ်တိုင်း အဖမ်းခံနေရတာလေ၊ မင်းကို ပြောပြအုံးမယ်၊ ဒါ နောက်ဆုံးတစ်ခေါက်ဖြစ်ဖို့ လိုတယ်၊ ထပ်အဖမ်းခံရမယ်ဆိုရင် ငါ့ဆီ ပြေးမလာနဲ့၊ ငါ မျက်နှာပျက်မခံနိုင်ဘူး”
” ဟီ ဟီ ဟီ၊ စိတ်မပူပါနဲ့ ငါ အခု အတွေ့အကြုံရှိသွားပြီ၊ နောက်တစ်ခေါက် အဖမ်းမခံရမှာ သေချာတယ်”
” ဒါပေမဲ့ မနေ့တုန်းက တကယ် ငါ့အမှားမဟုတ်ဘူး၊ အစတုန်းက ကျောင်းတော်နားမှာ တစ်စုံတစ်ယောက်ကို ငါ စောင့်နေတာ၊ ရပ်စောင့်ရတာ ပင်ပန်းလွန်းလို့လေ၊ အဲဒါကြောင့် ငါ ဘေးက ဘော့စ်ဝယ်ကမ်ကို မှီချင်ခဲ့တာလေ၊ ခဏတဖြုတ်လောက်ပေါ့၊ ဒါနဲ့ပဲ ငါဝယ်လာတဲ့ လက်ဖက်စိမ်းပုလင်းကို အမိုးပေါ်တင်ထားလိုက်တာ၊ မိန်းမလှလေးတစ်ယောက် ထွက်လာပြီးတော့ ငါ ဆော့ချင်လားလို့ မေးမယ်လို့ ဘယ်သူက ထင်မှာလဲ”
” ဒီလို ကောင်းမွန်တဲ့ အခွင့်အရေးကို ငါ လက်မလွတ်နိုင်ဘူးဆိုတာ မင်းမသိဘူးလား”
ယဲ့ရှောင်က သူနှင့် မငြင်းနိုင်ပေ။ စာကြည့်တိုက်သို့ ပြန်ရောက်လာပြီးနောက် သူ့ စိတ်ကိုရှင်းကာ တတိယအလွှာရှိ ဧရိယာဘီဆီသို့ ချက်ချင်းသွားပြီးနောက် စတင်ဖတ်ရှုတော့၏။
ကြယ်တာရာသားရဲ သောင်းကြမ်းမှု ပြီးနောက် သူသည် ဤလောက၏ အန္တရာယ်များကို ထပ်တိုးနားလည်သဘောပေါက်လာလေ၏။ သူ သက်သောင့်သက်သာနေ၍ မရပေ။ ထို့ကြောင့် သူ တက်နိုင်သမျှ သန်မာအောင်လုပ်ရပေမည်။ ချက်ချင်းပင် စိတ်စွမ်းအားကျင့်စဥ်တို့ကို စတင်လေ့လာတော့၏။
နှလုံးသားကျင့်စဥ်များနှင့် စိတ်စွမ်းအားကျင့်စဥ်များက တူညီပေ၏။ ကျင့်စဥ်နှစ်မျိုးကို အသုံးပြုခြင်းဖြင့် သူတို့က ခန္ဓာကိုယ်အတွင်းတွင် ချီသွေးကြောများကို ဖြတ်သော လမ်းကြောင်းတစ်ခုကို ဖွဲ့တည်ရန်အတွက် ခန္ဓာကိုယ်အတွင်း လည်ပတ်နေပေမည်။ ပြီးနောက် သူတို့က ဝိညာဥ်စွမ်းအားကို ဆွဲယူကာ ခန္ဓာကိုယ်နှင့် ဝိညာဥ်ကို ဆက်တိုက်အားဖြည့်ပေးပြီး ကျင့်ကြံဆင့် ခွန်အား၏ ပန်းတိုင်ကို ရရှိစေမှာပဲ ဖြစ်သည်။
သို့သော် နှလုံးသားကျင့်စဥ်များက အဓိကအားဖြင့် တိုက်ကွက်ထုတ်ဖော်မှုကို အားပြုထားပြီး စိတ်စွမ်းအားကျင့်စဥ်များကမူ တိုက်ပွဲအတောအတွင်း ခန္ဓာကိုယ်ထဲ ကုန်ဆုံးသွားသော ဝိညာဥ်စွမ်းအားများကို လျင်မြန်စွာ ပြန်ဖြည့်ရန် သုံးပေ၏။
မှန်ကန်သောစိတ်စွမ်းအားကျင့်စဥ်ကို ရွေးချယ်ခြင်းက သူ၏ အစွမ်းအထက်ဆုံးတိုက်ကွက်များမှ ဝိညာဥ်စွမ်းအင်ကုန်ဆုံးမှုကို မြန်မြန်ဆန်ဆန်ပြန်ဖြည့်ပေးနိုင်၏။
ချီရှန်းတစ်ဦး ဖြစ်လာပြီးနောက် သူ၏ ဖတ်ရှုသည့်အရှိန်ကလည်း ပိုမြန်ဆန်လာသည်။
မူလက သူသည် နှစ်နာရီအတွင်း ကျင့်စဥ်ဆယ်ခုမှ ကျင့်စဥ်နှစ်ဆယ်အထိသာ ဖတ်ရှုနိုင်ခဲ့၏။ သို့သော် ယခုမူ ကျင့်စဥ်နှစ်ရာနီးပါး ဖတ်ရှုနိုင်ပြီ ဖြစ်သည်။ သူ ဖတ်ရှုခဲ့သည့် စိတ်စွမ်းအားကျင့်စဥ် နှစ်ရာထဲတွင် ယဲ့ရှောင်က နှစ်မျိုးရွေးချယ်ခဲ့၏။ ယခင် သုံးမျိုးပေါင်းစပ်လိုက်လျှင် သူ့၌ အခြေခံစိတ်ကျင့်စဥ် ငါးမျိုးရှိနေပြီ ဖြစ်သည်။
သို့သော် သူ့ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က လင်း မလာပေ။ ဆိုလိုတာက သူတို့ကို ပေါင်းစပ်ရန် မလုံလောက်သေးတာပဲ ဖြစ်သည်။
သို့သော် ယဲ့ရှောင်က အလျင်မလိုပေ။ အခြေခံဝိညာဥ်စွမ်းအားကျင့်စဥ်သုံးမျိုး ထပ်ပေါင်းထည့်မှုဖြင့် ဝိညာဥ်စွမ်းအားစုပ်ယူပြီး ပြန်ဖြည့်သည့်နှုန်းက တိုးလာနေပြီ ဖြစ်သည်။
ထို့အပြင် သူက ဤမနက်၌ စာအုပ်နှစ်ရာအောက်သာ ဖတ်ခဲ့၏။ ထိုသို့တိုင် အခြေခံစိတ်စွမ်းအားကျင့်စဥ်သုံးမျိုးကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ ထိုနှုန်းအရ သူသည် နှစ်ရက်မပြည့်မီ၌ ပေါင်းစပ်ရန်လိုအပ်သော အခြေခံစိတ်စွမ်းအားကျင့်စဥ်များအားလုံးကို စုစည်းနိုင်မည်ဟု တွက်ချက်မိသည်။
” အံ့သြစရာပဲ”
ဒေါင်၊။
နေ့လယ်စာစားရန် အချိန်ကျလေပြီ။
ယဲ့ရှောင်သည် စာအုပ်ပိတ်ပြီး ခေါင်းမော့လိုက်သည့်အချိန်၌ သူ့ကို စိုက်ကြည့်နေသော ကုဟိုင်ကို တွေ့လိုက်ရသည်။ သူ့ကို သတိပြုမိသွားပြီးမှန်း မြင်သောအခါ ကုဟိုင်က သူ့ဆီလျှောက်လာပြီး ပြောလိုက်သည်။
” လောင်ယဲ့။ ငါ တကယ်မပြောနိုင်ဘူး၊ မင်းက ပုန်းတာ သိပ်တော်လွန်းတယ်”
ထိုစကားက ယဲ့ရှောင်ကို နှစ်လုံးခုန်နှုန်း ရပ်သွားစေ၏။
ငါ စာအုပ်ဖတ်တာ မြန်လွန်းတာကြောင့် ငါ့ကို ငါ ထုတ်ဖော်မိသွားတယ်လို့ မပြောနဲ့နော်။
အပိုင်း (၁၁) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset