စာကြည့်တိုက် တာအိုသခင်
အပိုင်း (၁၀) ဖိုရမ်တွေမှာ ပေါက်ကွဲပြီး ငါက ဆန်းကြယ်တဲ့ လူသားတစ်ယောက် ဖြစ်လာခဲ့တယ်။
” ဟား ဟား ဟား၊ အံ့သြစရာပဲ”
လမ်းပေါ်တွင် ချီရှန်းကြယ်တာရာသားရဲက လွတ်လွတ်လပ်လပ်အမူအရာဖြင့် ချင်ရှန်းလုံနှင့် အိုးရန်ကျုံးယွင်တို့ကို ဖိချေလိုက်တော့သည်။
သူ၏ ကျင့်ကြံဆင့်က ထိုလူနှစ်ယောက်နှင့် မခြားပေ။ ထိုသုံးဦးက ရှန်းထျန်း ပထမအဆင့်တွင် ရှိပေ၏။ သို့သော် ၎င်း၏ သန္ဓေပြောင်းအခွံက သံချပ်ကာကဲ့သို့ မာကြောရာ ဓားလှံများ ထိုးဖောက်နိုင်ခြင်းမပြုပဲ သူတို့ နှစ်ယောက်လုံး၏ တိုက်ကွက်များကို အပြည့်အဝကာထားနိုင်၏။
တစ်ဖက်တွင်မူ ချီရှန်းသိုင်းပညာရှင်များသည် ကြယ်တာရာသားရဲ၏ တိုက်ခိုက်မှုကို လျော့ပါးစေရန်အတွက် သူတို့ တိုက်ကွက်များကိုသာ သုံးနိုင်သည်။ သူတို့ တန်ပြန်တိုက်ခိုက်နိုင်ရန် နည်းလမ်း မရှိချေ။
အိုးရန်ကျုံးယွင်၏ မျက်နှာထားက တင်းမာသွားတော့သည်။
” စာကြည့်တိုက်ကို ပြန်ဆုတ်၊ အဲဒီမှာ တိုက်တန်နီယမ်သတ္တုသံမဏိက စာကြည့်တိုက်ရဲ့ ထိပ်ဆုံးအလွှာမှာ ရှိနေတယ်၊ ငါတို့ အဲဒါနဲ့ဆိုရင် သူ့တိုက်ကွက်ကို ခံနိုင်ရည်ရှိလောက်တယ်”
ထိုစကားများ ပြောပြီးသည်နှင့် ကြယ်တာရာသားရဲ၏ သတ်ဖြတ်လိုသော ဆန္ဒတို့က ထပ်မံပြင်းထန်လာပြန်သည်။
” မင်းတို့ကို ထွက်ပြေးခွင့်ပေးမယ်လို့ ထင်နေတာလား၊ ဒီနေရာက မင်းတို့ သေရမဲ့ နေရာပဲ၊ ဘယ်သူမှ ဘယ်ကိုမှ သွားခွင့်မရှိဘူး”
ဒေါသတကြီး ဟိန်းဟောက်လျက် သူတို့ နှစ်ဦးဆီသို့ လှိုင်းတစ်ခုသဖွယ် ပြေးဝင်လာတော့သည်။
ယခုအချိန်တွင် ကြယ်တာရာသားရဲက သူ၏ ခွန်အားကို အမြင့်ဆုံးထိမြင့်တင်ပြီးဖြစ်ကာ သူတို့နှစ်ဦးလုံးကို ချေမှုန်းရန် ရည်ရွယ်ထား၏။
ချင်ရှန်းလုံနှင့် အိုးရန်ကျုံးယွင်တို့က သူတို့အကန့်အသတ်သို့ ရောက်နေပြီဖြစ်ရာ ကျန်ရှိသည့်ခွန်အားကို မြှင့်တင်နိုင်ခြင်းမရှိတော့ချေ။ ထိုအကွက်ကို ရင်ဆိုင်ချိန်တွင် သူတို့က ကူကယ်ရာမဲ့နေပေ၏။
” ပြီးသွားပြီ”
” ငါတို့ ဒီမှာ သေရတော့မှာလား”
သူတို့ နှစ်ဦးလုံးက စိတ်ပျက်အားငယ်နေလေသည်။ သို့သော် ထိုစဥ် သူတို့ နှစ်ဦးကြားထဲ၌ ရွှေရောင်အလင်းတန်းတစ်ခုက ပေါ်ထွက်လာ၏။ ယင်းက ဓားသွားသဖွယ် ဖြောင့်တန်းလျက် ချီရှန်းကြယ်တာရာသားရဲ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ အလင်းရောင်ခြည်တန်း ဖြတ်သန်းသွားပြီး တစ်စက္ကန့်အကြာ လူပုံစံ ပုတုံးကြယ်တာရာသားရဲနှင့် သူ့ခြေထောက်အောက်ရှိ မြေပြင်က မြေကမ္ဘာပေါက်ကွဲမှုဖြင့် နှစ်ခြမ်းကွဲသွားတော့သည်။
ဖုန်၊။
ထိုကန့်လန့်ဖြတ်ရာသည် တစ်ထောင်မီတာကျော်ခန့်ရှိပြီး ငါးမီတာကျော်ခန့် ကျယ်ကာ လေးမီတာကျော်ခန့် နက်ရှိုင်းသည့် အက်ကွဲကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်တော့၏။ တစ်မြို့လုံးသည်လည်း ထိုတိုက်ကွက်ကြောင့် တုန်လှုပ်သွားတော့၏။
ဖုန်မှုန့်များက လေထဲ တက်သွားပြီး မီတာတစ်ထောင်ကျော်ခန့်မြင့်မားသော ဖုန်အရံအတားသည် သက်ရောက်မှုမှ ဖြည်းဖြည်းခြင်းထွက်ပေါ်လာကာ လူတိုင်း၏ အမြင်အာရုံကို ဟန့်တားထားတော့သည်။
ဖောက် ဖောက် ဖောက်၊။
ချီရှန်း ကြယ်တာရာသားရဲက နှစ်ခြမ်းကွဲသွားပြီးနောက် အက်ကွဲကြောင်းထဲ ပြုတ်ကျသွားသည်။ ၎င်း၏ အတွင်းအင်္ဂါများက အစိမ်းရောင်သွေးများဖြင့် ရောလျက် မြေပြင်ပေါ်စီးကျကုန်၏။
ထိုသို့တိုင် သူ၏ မျက်ဝန်း၌ မသေခင် မောက်မာထောင်လွှားမှုကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ထိုပိုင်းဖြတ်မှုကို တုံ့ပြန်ရန် အချိန်တောင် မရခဲ့ပေ။ ချင်ရှန်းလုံနှင့် အိုးရန်ကျုံးယွင်တို့က အံ့သြဆွံ့အနေလေသည်။ သူတို့ထဲမှ တစ်ယောက်က မြေပြင်ပေါ်ထိုင်ချပြီး တစ်ယောက်က တွေဝေစွာရပ်နေပြီး နှစ်ယောက်စလုံးသည် အက်ကွဲကြောင်းကြီးကို ကြည့်နေလေ၏။
သူတို့ ကယ်တင်ခံလိုက်ရတာလား။
ဒီလိုနဲ့ပဲလား။ ချီရှန်းအဆင့်ကြယ်တာရာသားရဲကို တစ်စုံတစ်ယောက်က တစ်ကွက်ထဲနဲ့ သတ်လိုက်တယ်လား။ သူတို့ ကိုယ်ပိုင်မျက်လုံးနဲ့တောင် မမြင်ရဘူးဆိုရင် ယုံမှာ မဟုတ်ဘူး။ ဒါ့အပြင် အဲဒီ ပိုင်းဖြတ်မှုက သိပ်ကို ရင်းနှီးနေတာ။ ဒါက အဲဒီညတုန်းက ဆန်းကြယ်တဲ့ သိုင်းပညာရှင်ဆီက ပိုင်းဖြတ်ချက်မလား။
” လောင်ချင်။ တစ်ချက်ကြည့်ကြည့်”
ချီရှန်းသိုင်းပညာရှင်တစ်ဦး၏ အမြင်အာရုံက အလွန်ကောင်းသည်။ အိုးရန်ကျုံးယွင်က တစ်ချက်ကြည့်ရုံဖြင့် အစိမ်းရောင်သစ်ရွက်သည် ပိုင်းဖြတ်ရာအဆုံးရှိ အဆောက်အဦအတွင်း နစ်ဝင်နေတာကို တွေ့လိုက်ရ၏။ ချင်ရှန်းလုံက သူမ ညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်လေ၏။ သူ့ တစ်ကိုယ်လုံးက တုန်ယင်နေကာ သူငယ်အိမ်များ ကျုံ့သွားတော့သည်။
” ချီရှန်း သိုင်းပညာရှင်၊ သူက သေချာပေါက် ချီရှန်း သိုင်းပညာရှင်တစ်ယောက်ပဲ”
ချီရှန်း ကြယ်တာရာသားရဲ၏ အခွံက မျိုးရိုးဗီဇဖြင့် မြင့်တင်ပေးခြင်းခံထားရကာ သန္ဓေပြောင်းသွား၏။ ချီရှန်းအဆင့်အောက်ရှိ မည်သူမှ ယင်းကို ဖြိုခွင်းနိုင်ခြင်း မရှိပေ။ ဆိုလိုသည်က သိုင်းပညာရှင်၏ တိုက်ခိုက်ရေးစွမ်းအားသည် ချီရှန်းအဆင့်တွင် ရှိရမည်။
သူတို့နှစ်ဦးလုံးက တစ်ချိန်ထဲတွင် စိတ်လည်း စိတ်လှုပ်ရှား ထိတ်လည်းထိတ်လန့်မိ၏။ သူတို့က ချက်ချင်းပင် လက်သည်ကို ရှာရန် လှည့်ကြည့်လိုက်ကြ၏။ သို့သော် ရှင်းလင်းနေသော စာကြည့်တိုက်ဝင်ပေါက်ကိုသာ တွေ့ခဲ့ရသည်။ အမြင်အာရုံထဲ လူတစ်ယောက်မှ ရှိမနေခဲ့ချေ။
သူတို့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက မျက်တောင်တခက်အတွင်း မှိန်ကျသွားတော့သည်။
” သူတို့တွေ ခုနတုန်းက အနားမှာ ရှိနေတာပဲ ဖြစ်ရမယ်”
“သူကို အချိန်မီ မတွေ့လိုက်ရတာ နှမြောစရာကောင်းလိုက်တာ၊ ဒီလိုအစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ခွင့်ရရင် ကျုပ်တို့အတွက် ဂုဏ်တက်စရာပဲ”
” သူ ဘယ်သူဘယ်ဝါဆိုတာ မသိစေချင်တာများလား၊ ဒါပေမဲ့ အနည်းဆုံးတော့ သူက ငါတို့ရဲ့ ရန်သူ မဟုတ်ပါဘူးလေ၊ မဟုတ်ရင် ကျန်းဟိုင်မြို့ထဲမှာ ဘယ်သူကမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူး”
နှစ်ယောက်လုံးက သက်ပြင်းချလိုက်၏။ ခဏတာပြန်လည်ကုစားပြီးနောက် သူတို့သည် ထိုနေရာမှ ချက်ချင်းထွက်သွားတော့၏။ သူတို့ ဖြေရှင်းရန်လိုအပ်သည့် ကြယ်တာရာသားရဲများစွာ ရှိနေသေးသည်။
အက်ကွဲကြောင်းအတွင်းရှိ အလောင်းကိုမူ သူတို့ မဖြေရှင်းခဲ့ပေ။ ယဲ့ရှောင်၏ ပိုင်းဖြတ်မှုသည် ကြယ်တာရာအမြုတေကို တစ်စစီဖြစ်သွားစေ၏။ အနည်းငယ်မျှတောင် မကျန်ခဲ့ချေ။ ယင်းက တန်ဖိုးမဲ့သွားပြီ ဖြစ်သည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် အနက်ရောင်ပုံရိပ်တစ်ရိပ်က ပေါ်ထွက်လာ၏။ သူသည် အက်ကွဲကြောင်းထဲရှိ အလောင်းကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်သွားတော့သည်။
” ကျန်းဟိုင်မြို့ထဲမှာ ဒီလိုအစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ဦးကို ဖွက်ထားနေတာပဲ၊ ကြည့်ရတာ ငါတို့တွေ ဒီမြို့ကို သုတ်သင်ရှင်းလင်းဖို့ အစီအစဥ်ချမှတ်ဖို့ အချိန်တချို့ ယူရအုံးမဲ့ပုံပဲ”
ထိုသို့ ပြောပြီးနောက် သူတို့ လှည့်ထွက်သွားတော့သည်။
ယခုအချိန်တွင် ယဲ့ရှောင်က သူ၏ အဆောင်သို့ ပြန်လာနေပြီ ဖြစ်သည်။ သူ မည်သူမည်ဝါဆိုတာ ကျန်သည့်သူများ ရှာတွေ့သွားတာမျိုး မဖြစ်ချင်ပေ။ သူ့ကို နာမည်ကျော်ကြားစေသည့် အလင်းတန်းကို ဆောင်ယူနိုင်ခဲ့မည်ဆိုလျှင် သူ့၌ သီးသန့်နေထိုင်နိုင်ခွင့် အနည်းငယ်မျှတောင် ရှိနေတော့မှာ မဟုတ်ချေ။
ယင်းက သူ၏ စိုးရိမ်ပူပန်မှု ဖြစ်၏။ သူ၏ ခွန်အားသည် သူ နာမည်ကြီးလာပါက သူ့ကို စိန်ခေါ်ရန်ရှာချင်နေကြသည့် အစွမ်းထက်သော ကြယ်တာရာသားရဲများကို ရန်စမိပြီ ဖြစ်သည်။ ယင်းက မိုက်သည့်တိုင် အဆင်မပြေပေ။ သူက စာအုပ်အနည်းအကျင်းသာဖတ်ပြီး နေ့စဥ်နေ့တိုင်း ဆန်ခြောက်များသာ စားနေရသည့် အုပ်ချုပ်ရေးမှူးငယ်လေးအဖြစ် မည်ကဲ့သို့ ပြန်သွားရမည်နည်း။
ညတာက ပုံမှန်အတိုင်း မြန်မြန်ဆန်ဆန် ကုန်ဆုံးသွား၏။ သို့သော် ထိုညတွင်မူ သူက စိတ်မအေးခဲ့ပေ။
ကျန်းဟိုင်မြို့၏ လမ်းများပေါ်တွင် အစောင့်များက ကျန်ရှိသော ကြယ်တာရာသားရဲများကို စိုးရိမ်ပူပန်စွာ ဖြေရှင်းနေလေ၏။
ထိုစဥ် အင်တာနက်အသုံးပြုသူများက ဖိုရမ်ပေါ်တွင် ငြင်းခုန်နေသည်။
“သန္ဓေပြောင်း ချီရှန်း ကြယ်တာရာသားရဲတစ်ကောင်က ကျန်းဟိုင်မြို့ရဲ့ ချီရှန်း သိုင်းပညာရှင်နှစ်ယောက်ကို ဖိနှိပ်ခဲ့တာ၊ ဆန်းကြယ်တဲ့ သိုင်းပညာရှင်တစ်ယောက်က တစ်ကွက်ထဲ လှုပ်ရှားပြီး သစ်ရွက်တစ်ရွက်ထဲနဲ့ တိုက်ပွဲကို ဖြေရှင်းဖို့ လုံလောက်ခဲ့တယ်”
” အဲဒီ ဆန်းကြယ်တဲ့ ဓားမော့သိုင်းပညာရှင် ကျန်းဟိုင်မြို့မှာ ပေါ်လာတာ ဘာရည်ရွယ်ချက်နဲ့လဲ”
“ဆန်းကြယ်တဲ့ ချီရှန်း သိုင်းပညာရှင်ရဲ့ နောက်ခံက ဖော်ထုတ်ခံလိုက်ရပါပြီ၊ လွန်ခဲ့တဲ့ အနှစ်လေးဆယ်တုန်းက ကျန်းဟိုင်မြို့မှာ ပါရမီရှင်တစ်ယောက်ရှိပြီး သူက နှစ်လေးဆယ်အတွင်း မဟာချီရှန်းတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိတယ်”
ပို့စ်အားလုံးနီးပါးက သန်းလေးဆယ်ကျော်နှင့်အထက် ဝင်ကြည့်သွားကြ၏။
ကျန်းဟိုင်တစ်မြို့လုံး၏ လူဦးရေသည် ရှစ်သန်းသာရှိကြောင်း သိရမှာပဲ ဖြစ်သည်။
တစ်ညအတွင်း အားလုံး၏ စိတ်ဝင်စားမှုကို ဆန်းကြယ်သောသိုင်းပညာရှင်က ရသွားခဲ့၏။ မနက်စောစောတွင် ယဲ့ရှောင် နိုးသည့်အချိန် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အဖွဲ့လိုက်စကားပြောခန်းက ကျော်ကြားနေသော ပို့စ်များ သတင်းများ မျှဝေနေသေးဆဲ ဖြစ်သည်။
ယဲ့ရှောင်က အဖွဲ့လိုက်စကားပြောခန်းကိုကြည့်ပြီး အိပ်ရာထကာ အဝတ်အစားလဲလိုက်၏။ သူ၏ မျက်လုံးထဲတွင် ယင်းကို အသေးမွှားဂရုစိုက်ခြင်းတောင် မရှိခဲ့ပေ။ ထိုအစား သူက တစ်စုံတစ်ခုအကြောင်း တွေးနေတာပဲ ဖြစ်သည်။
“ငါ့ရဲ့ ကျင့်ကြံဆင့်က ရှန်းထျန်းပထမအဆင့်မှာပဲ ရှိနေသေးတာ၊ ငါက ချီရှန်း သိုင်းပညာရှင်တစ်ယောက်လို့ သတ်မှတ်လို့ ရရုံပဲ၊ မဟာချီရှန်းတစ်ယောက်ဖြစ်ဖို့ နှစ်ဆင့်လိုသေးတယ်၊ ဒါတောင် လူတိုင်းက ငါ့ကို မဟာချီရှန်းတစ်ယောက် ဖြစ်နေပြီလို့ တွေးနေကြတာ၊ ငါ့ ဓားမော့ တိုက်ခိုက်ရေးစွမ်းအားက ရှန်းထျန်း စတုတ္ထအဆင့်ကို ရောက်နေတာ ဖြစ်နိုင်လား”
တစ်စုံတစ်ဦး၏ ကျင့်ကြံဆင့်ကို ပြောင်းလဲရန် မလွယ်ကူချေ။ သူ၏ အတိုင်းအဆမရှိ စွမ်းအားအတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေက ဓားမော့ကျင့်စဥ်သာ ဖြစ်သည်။
ကျင့်စဥ်၏ အဆင့် ပိုသန်မာလေ တိုက်ခိုက်မှုက ပိုသန်မာလေ ဖြစ်၏။ သူက လက်ရှိအဆင့်ထက်တောင် ကျော်လွန်နေတာ ဖြစ်နိုင်သည်။
တစ်နည်းဆိုရလျှင် လွန်ကဲစွမ်းအင်ဓားမော့က ချီရှန်းအဆင့် သိုင်းကျင့်စဥ်၏ အကန့်အသက်ကို ကျော်လွန်နေပြီ ဖြစ်သည်။
” အခြေခံဓားမော့ကျင့်စဥ် ခုနှစ်မျိုးကနေ ဖွဲ့တည်ထားတဲ့ သိုင်းကျင့်စဥ်တစ်ခုက ချီရှန်းအဆင့်ကို ကျော်လွန်မယ်လို့ ငါ မထင်ထားဘူး၊ ပိုသန်မာတဲ့ ကျင့်စဥ်သာ ဖြစ်လာနိုင်ခဲ့မယ်ဆိုရင် ဘယ်အဆင့်ထက် ပိုမလဲ မသိဘူးနော်၊ အံ့ဖွယ်ဝိညာဥ်ရဲ့ ရွှေရောင်စာအုပ်က အဆင့် ဘယ်လောက်လဲဆိုတာကိုလည်း ငါ မသိဘူး၊
သို့သော် ယင်းက ယဲ့ရှောင်ကို ပိုစိတ်အေးသွားစေ၏။ အကြောင်းမှာ သူ ပိုသန်မာလေ သူ ပိုလုံခြုံလေ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သင့်တော်စွာ ဝတ်စားပြီးနောက် ယဲ့ရှောင်သည် နံနက်စာစားရန်အတွက် စားသောက်ဆိုင်သို့ သွားလိုက်၏။ အလုပ်တန်းဝင်ပြီး အပေါ်တက်ရန် အချိန်မရလိုက်ပေ။ ဒါရိုက်တာက နောက်ထပ် နံနက်ခင်းအစည်းအဝေးတစ်ခု ကျင်းပနေ၏။
တစ်ညလုံးမအိပ်ဘဲ ကြယ်တာရာသားရဲများကို တိုက်ခိုက်နေခဲ့ရသော်ငြား ဒါရိုက်တာ၏ အသားအရောင်က သွေးရောင်ရှိနေသေးဆဲဖြစ်ကာ မောပန်းမှု အနည်းငယ်မျှ ရှိမနေချေ။
ရှန်းထျန်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးက သာမန်လူသားများ၏ ပုံမှန်အကန့်အသတ်ကို အမှန်တကယ် ကျော်လွန်ပေ၏။
” ဒီနေ့ နံနက်ပိုင်းအစည်းအဝေးကတော့ မနေ့ညတုန်းက အဖြစ်အပျက်အကြောင်းပါပဲ”
အပိုင်း (၁၀) ပြီး၏။