စာကြည့်တိုက် တာအိုသခင်
အပိုင်း (၉) ထိုဓားရာက ဒဏ္ဍာရီလာဖြစ်လာတဲ့ တစ်နေ့
ယခုအခေါက်တွင် လွှတ်သွားသည့် ကြယ်တာရာသားရဲ များများစားစား မရှိပေ။ သို့သော် အများစုက ထူးကဲအဆင့်အထက်တွင် ရှိ၏။ ထို့ကြောင့် သူတို့သည် အရွယ်အစားကြီးမားသော ကြယ်တာရာသားရဲများနှင့် ဆင်တူနေပေသည်။ အထူးသဖြင့် ကျန်းဟိုင်မြို့လယ်ခေါင်တွင် ဆိုးဝါးနေသည်။
သုံးမီတာကျော်ခန့် မြင့်မားပြီး ကြွက်သားဖြင့် လူပုံသဏ္ဍာန်သားရဲက ကျန်းဟိုင်မြို့လယ်ခေါင်၏ ရေပန်းပေါ်၌ ပုတုံးတစ်ကောင် ထိုင်နေသည်နှင့် ဆင်တူပေ၏။ သေးသွယ်သော လက်တစ်ဖက်ကို ကိုင်ဆောင်ထားပြီး စားသောက်နေသည်မှာ ကြက်တောင်ပံကို စားနေသည့်ပမာ ဖြစ်နေတော့သည်။ အဆောက်အဦများမှ အော်သံများက ဆက်တိုက်ထွက်ပေါ်နေ၏။
ယင်းက လူသားသိုင်းပညာရှင်များကို ဖမ်းယူစားသောက်ဝါးမျိုနေသော ထူးကဲအဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်ပေသည်။ ဒဏ္ဍာရီအရ လူသားများသည် ကြယ်တာရာသားရဲများကို အနိုင်ယူချင်လျှင် သူတို့က ကြယ်အမြုတေအသွေးနှင့် အသားတို့ကို အသုံးပြုရမှာပဲ ဖြစ်သည်။ ထိုကုန်ကြမ်းများကို ဆေးလုံးများအဖြစ် သန့်စင်ပြီး သူတို့ကို ဝါးမျိုနိုင်ခဲ့လျှင် သူတို့က ကျားနတ်ဆိုးများအဖြစ် အသွင်ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူတို့ကိုယ်တိုင် ကြယ်တာရာသားရဲများ ဖြစ်လာ၏။
ကြယ်တာရာသားရဲများကမူ သူတို့၏ ခွန်အားများ တိုးမြင့်ရန်အတွက် လူသားများကို တိုက်ရိုက်ဝါးမျိုနိုင်သည်။ ထို့ကြောင့် နှစ်ဖက်က တစ်ဖက်နှင့်တစ်ဖက် ပစ်မှတ်ထားနေကြတာလည်း ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် နှစ်ဖက်လုံးက သူတို့၏ ကိုယ်ပိုင်ရင်းမြစ်အနေဖြင့် ပြုမူနေကြတာပဲ ဖြစ်သည်။
ထိုစဥ် မလှမ်းမကမ်းမှ ဓားရောင်ခြည်တစ်ခုက ပေါ်ထွက်လာ၏။ ယင်းက ထူးကဲအဆင့် ကြယ်တာရာသားရဲတစ်ကောင်၏ ခေါင်းကို ပိုင်းဖြတ်သွားရာ ထိုတွင် မရပ်တန့်သွားပေ။
ဖုန်း၊။
ပေါက်ကွဲသံတစ်သံ လိုက်ပါလာပြီးနောက် ဓားရောင်ခြည်က ပတုန်းမကောင်းဆိုးဝါးရှေ့ ဆယ်မိတာခန့်သို့ ကျသွားသည်။ မြေပြင်က ပေါက်ကွဲသွားပြီးနောက် မီးခိုးလုံးများ ထောင်ထလာသည်။
ပိတုန်းကြယ်တာရာသားရဲသည် ကိုက်လက်စ လက်တစ်ဖက်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီးနောက် သွေးတစ်ပွတ်အန်တော့၏။ အံ့သြဖွယ်ကောင်းလှအောင်ပင် သူက လူသားဘာသာစကားဖြင့် ပြောလာသည်။
” စိတ်ပျက်စရာကောင်းလိုက်တာ၊ ငါ အေးအေးချမ်းချမ်းတောင် မစားရဘူး”
ချီရှန်းအဆင့်သို့ ရောက်ပြီးနောက် ခွန်အားအရွယ်အစားနှင့် ကြယ်တာရာသားရဲ၏ ဉာဏ်ရည်က တဖြည်းဖြည်းချင်း တိုးလာ၏။ အမှန်တကယ်တွင် ယင်းက လူသားဘာသာစကားကိုတောင် ပြောလာနိုင်သည်။
ဖုန်များ ငြိမ်ကျသွားသည်နှင့် ထျန်ဝတ်စုံဝတ်ထားသည့် အဘိုးအိုတစ်ဦးက ဓားရှည်ကို သယ်ဆောင်လျက် ဖြည်းဖြည်းခြင်းလျှောက်လာသည်။
သူ၏ ဆံပင်နှင့် မုတ်ဆိတ်များအားလုံး ဖြူနေသော်ငြား စွမ်းအင်များ ပြည့်နေပေ၏။ သူ၏ မျက်နှာနီမြန်းလျက် မျက်ဝန်းက တောက်ပနေပြီး သူတော်စင်တစ်ပါးနှင့် တူနေပေ၏။
အနားရှိ အဆောက်အဦများထဲမှ သူ့ကို မှတ်မိသည့်တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
” အဲဒါက ကျန်းဟိုင်သိုင်းကျောင်းတော်ရဲ့ ကျောင်းအုပ်ချင်။ ချင်ရှန်းလုံပဲ”
” ချီရှန်းသိုင်းပညာရှင်၊ ဒီကို ချီရှန်းသိုင်းပညာရှင်တစ်ဦး ရောက်လာပြီ”
” ငါတို့တွေ ကယ်တင်ခံရပြီကွ”
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ အော်လိုက်လေ၏။ ချီရှန်းအဆင့် ကြယ်တာရာသားရဲကလည်း ရေပန်းပေါ်မှ ထလာပြီးနောက် သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာသည်။
” ချင်ရှန်းလုံ၊ အနှစ်သုံးဆယ်လုံးလုံး ငါတို့ထပ်တွေ့ရပြန်ပြီ”
” ဒီအနှစ်သုံးဆယ်မှာ ငါ ဘယ်လိုနေထိုင်ခဲ့ရလဲ မင်းသိလား”
ချင်ရှန်းလုံသည် လက်နောက်ပစ်ထားလျက် ရှေ့သို့ဆက်တိုးလာ၏။ သူ၏ အကြည့်က ကြယ်တာရာသားရဲဆီတွင်သာ ရှိသေးသည်။
” မင်း ထွက်မလာသင့်ဘူး၊ အကျဥ်းထောင်ထဲမှာ မင်း နာနာခံခံနေခဲ့မယ်ဆိုရင် နှစ်အနည်းငယ်လောက် အသက်ပိုရှည်အုံးမှာ”
” ဟား ဟား ဟား ဟား”
ကောင်းကင်ထက် ရယ်သံများပြည့်နေပြီးနောက် ကြယ်တာရာသားရဲ၏ အကြည့်က အေးစက်သွားသည်။
သူက ခြေထောက် ဆောင့်နင်းလျက် ရုတ်တရက်ခွန်အားများ တိုးတက်လာသည်။ အမြောက်ဆန်တစ်ခုသဖွယ် သူက ချင်ရှန်းလုံရှေ့သို့ ချက်ချင်းပေါ်လာပေ၏။
ချင်ရှန်းလုံက ခေါင်းခါလိုက်သည်။
” မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ”
ထိုသို့ပြောပြီးနောက် လျှပ်တပြက်အရှိန်ဖြင့် သူ၏ ဓားကို ဆွဲထုတ်လိုက်တော့သည်။ ဓားဆွဲထုတ်လိုက်သည်နှင့် ရှန်းထျန်းနယ်ပယ်၏ အစွမ်းထက်သောခွန်အားက သူ၏ ဓားထဲသို့ လှိုင်းတစ်ခုပမာ တိုးဝင်လာတော့၏။ သူရှေ့ရှိ ချီရှန်းကြယ်တာရာသားရဲလှုပ်ရှားသည်နှင့် ဓားက ဦးခေါင်းထိပ်ဖျားသို့ ထိုးစိုက်မိသွားသည်။
ချက်ချင်းပင် မျက်စိကျိန်းလောက်သည့် အလင်းတန်းတစ်ခုက မြေပြင်တစ်ခုလုံး၌ ပြန့်သွားပြီး မရေမတွက်နိုင်သည့် သားရဲများနှင့် ကြယ်တာရာသားရဲများကို အလင်းကြောင့် သူတို့၏ မျက်လုံးများ ပိတ်သွားစေတော့၏။
ဖုန်း၊
နောက်ထပ်တစ်စက္ကန့်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံနှင့် အင်အားပြင်းသည့်တုန်လှုပ်မှုက မြေပြင်ကို လှုပ်ခါသွားစေသည်။ မြေပြင်နားတစ်ဝိုက်ရှိ မြင့်မားသောအဆောက်အဦများကလည်း အနည်းငယ်တုန်သွား၏။ အစွမ်းထက်သောပြင်းအားက ပတ်ဝန်းကျင်ရှိလူသားများကို ပိုတောင် စိတ်လှုပ်ရှားသွားစေသည်။ ယင်းက ရှန်းထျန်းနယ်ပယ်ရှိ သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားပင် ဖြစ်သည်။
သေးငယ်သောလူခန္ဓာဖြင့် သူသည် မြေကမ္ဘာခွင်းနိုင်သော နတ်စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိသည်။
လူများစွာက လက်သီးကျစ်ကျစ်ဆုပ်ထားလျက် ရင်ထဲ၌ အော်ဟစ်နေကြသည်။
ရှန်းထျန်းနယ်ပယ် ရဖို့အတွက် ကြိုးစားရမယ်။
သို့သော် ခဏအကြာတွင် အလင်းပျောက်ကွယ်သွားသည်နှင့် လူတိုင်းက မျက်လုံးပြန်ဖွင့်လိုက်ကြသည်။ သူတို့ မျက်နှာထက်ရှိအပြုံးက ပျောက်ကွယ်သွားလေ၏။
” ဒါ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရင်ပြင်ပေါ်၌ ချီရှန်းကြယ်တာရာသားရဲသည် ချင်ရှန်းလုံ၏ ဓားကိုပိတ်ဆို့ရန်အတွက် သူ၏ လက်တစ်ဖက်ကို အသုံးပြုခဲ့သည်။
သူက ထိခိုက်ဒဏ်ရာ မရပေ။
ချင်ရှန်းလုံ၏ မျက်နှာကလည်း ထိတ်လန့်မှုများဖြင့် ပြည့်သွားလေ၏။
” မင်း ဒါကို မထင်ထားဘူးမလား ခွေးအိုကြီးချင်၊ ဒါတွေအားလုံးက လူသားတွေကို ကျေးဇူးတင်ရမှာပဲ၊ ကြယ်တာရာသားရဲရဲ့ အမြုတေကို စစ်ဆေးပြီးတဲ့နောက် ငါက ဓားသွားနဲ့ လှံတွေ တိုးမဖောက်နိုင်တဲ့ သံချပ်ကာတစ်ခုနဲ့ ဆင့်ကဲပြောင်းလဲလာခဲ့တယ်၊ မင်းတို့ လူသားတွေကြားထဲမှာ မဟာဂိုဏ်းလည်းမရှိဘူး၊ အံ့ဖွယ်ဂိုဏ်းထဲမှာလည်း မရှိတဲ့အရာပေါ့၊ ငါ့ရဲ့ သံချပ်ကာကို ဖြိုခွင်းဖို့အတွက် စွမ်းအင်လုံလုံလောက်လောက် မရှိဘူး”
” မကောင်းတော့ဘူး”
ချင်ရှန်းလုံ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ချက်ချင်းနောက်ဆုတ်ချင်သည်။ သို့သော် နောက်ကျလွန်းသွားပြီ ဖြစ်သည်။
ဗန်း၊
နောက်ထပ် ပေါက်ကွဲသံကြီးတစ်သံ ပေါ်ထွက်လာပြီး ချင်ရှန်းလုံသည် တစ်ဖက်သူ၏ လက်သီးကြောင့် လွင့်ထွက်သွားတော့၏။
လေထဲတွင် သူက သွေးအန်တော့၏။ သူက မြေပြင်ပေါ်မရောက်သေးခင် နောက်ထပ် ပုံရိပ်တစ်ရိပ်က ရုတ်တရက်ပေါ်လာပြီး သူ့ကို ဖမ်းလိုက်သည်။
” ငါ့ကို မထိနဲ့ မင်းရဲ့ လက်မောင်းကျိုးသွားမယ်”
ချင်ရှန်းလုံသည် ထိုလူကိုရှောင်ပြီး သူ၏ ခွန်အားကို ထိန်းချုပ်ရန်အတွက် သူ၏ ကိုယ်ပိုင်ကျင့်စဥ်ကို အသုံးပြုလိုက်သည်။ မြေပြင်ပေါ်သို့ရောက်ပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ဆုတ်လိုက်သည့်ခြေလှမ်းတိုင်းတွင် မာကြောသည့် သမန်သလင်းမြေပေါ်၌ ဆယ်စင်တီမီတာကျော်ခန့်နက်သည့် ခြေရာကြီး ကျန်ခဲ့၏။ ယင်းက ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
ရောက်လာသည့်ပုံရိပ်ကမူ သူ့ကို ကာကွယ်ရန် သူ့ဘေးသို့ ချက်ချင်းရောက်လာ၏။ သူက စာကြည့်တိုက်၏ ဒါရိုက်တာ အိုးရန်ကျုံးယွင်ပဲ ဖြစ်သည်။
” လောင်ချင်၊ ရှင်အဆင်ပြေရဲ့လား”
ချင်ရှန်းလုံက သုန်မှုန်သည့် အမူအရာဖြင့် ပြောလိုက်သည်။
” ငါ သေမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီကောင်ကို မဖျက်ဆီးနိုင်ရင် ကျန်းဟိုင်မြို့တစ်မြို့လုံး သွားပြီပဲ”
” နန်ကုံးလင်က လက်ရှိ အကျဥ်းထောင်ကို ဦးစီးနေတာ၊ အထက်အရာရှိတွေကို အကြောင်းကြားပြီးပြီ၊ သူတို့ မကြာခင်မှာ သိုင်းပညာရှင်တွေကို ပို့လိမ့်မယ်၊ ထိန်းထားလိုက်”
” မင်းတစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး”
ထိုသို့ပြောနေစဥ် ကြယ်တာရာသားရဲက ထပ်ရောက်လာ၏။ အဆင့်မြင့် ကြယ်တာရာသားရဲ၏ ဉာဏ်ရည်သည် လူသားတစ်ယောက်အောက် မလျော့ပေ။ သူတို့ကို အတူတကွ ပူးပေါင်းတိုက်ခိုက်ရန် အခွင့်အရေးပေးမှာ မဟုတ်ချေ။
လူသားချီရှန်း သိုင်းပညာရှင်နှစ်ဦးက တိုက်ပွဲထဲရောက်ရန် ဖိအားပေးခံနေရသော်ငြား တစ်ဖက်လူ၏ ခုခံမှုကို ထိုးဖောက်နိုင်စွမ်း မရှိရာ သူတို့ခေါင်းတောင် မမော့နိုင်လောက်သည်အထိ ရှုံးနိမ့်နေတာပဲ ဖြစ်သည်။ သူတို့က ထပ်ခါထပ်ခါနောက်ဆုတ်ရန် ဖိအားပေးခံနေရ၏။ သူတို့က အဖွဲ့လိုက်လုပ်ဆောင်ချက်ကိုသာ အားကိုးပြီး ကျန်သည့်လူ၏ တိုက်ခိုက်မှုကို အရှိန်လျှော့ရန် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦများကို အားထားနေရသည်။
ကြယ်တာရာသားရဲက ဆက်တိုက်တိုက်ခိုက်၏။ သူ၏ သံမဏိလက်သီးများက ပေါင်တစ်ထောင်ကျော် ခွန်အားရှိသည်။ သူတို့၏ တိုက်ခိုက်မှုက မြေပြင်ပေါ်၌ တွင်းရာကြီးများ ချန်ထားနိုင်စွမ်းရှိသည်။
လမ်းပေါ်၌ ပေါက်ကွဲသံများတစ်သံပြီးတစ်သံ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိ အဆောက်အဦများလည်း တွန်းအားကြောင့် တုန်လှုပ်နေတော့သည်။
အဆောက်အဦထဲတွင် ပုန်းနေသော လူသားများကလည်း ကြောက်လန့်မှုကြောင့် တုန်ယင်နေတော့သည်။
ချီရှန်းသိုင်းပညာရှင်နှစ်ဦး၏ ခွန်အား ပေါင်းစည်းပြီးသည့်တိုင် သူတို့က ချီရှန်းကြယ်တာရာသားရဲကို ဖိနှိပ်နိုင်စွမ်း မရှိသေးပေ။ ထိုကဲ့သို့ စိတ်ပျက်အားငယ်စရာဖြစ်ရပ်မျိုးက ကမ္ဘာပျက်ကပ်၏ အစနှင့် မခြားပေ။ ထိုစဥ် လေပြင်းတစ်ချက်ဖြင့် ပုံရိပ်တစ်ရိပ်က စာကြည့်တိုက်နောက်သို့ ရောက်လာ၏။
” နောက်ဆုံးတော့ ငါ ပြန်ရောက်လာပြီ”
စာကြည့်တိုက်ကိုမြင်ပြီး ယဲ့ရှောင်၏ ရင်ထဲ အနည်းငယ်တည်ငြိမ်သွားသည်။ သို့သော် သူ စိတ်မအေးသေးခင် လမ်းမပေါ်မှ ပေါက်ကွဲသံများ ဆက်တိုက်ကို ကြားလိုက်ရသည်။ ပြီးနောက် ပေါက်ကွဲသံများ ပိုမိုနီးကပ်ပြီးရင် နီးကပ်လာတော့၏။
ယဲ့ရှောင်က သိမ်းကြုံးကြည့်လိုက်သည့်အချိန်တွင် မျက်မှောင်အနည်းငယ်ကြုတ်မိသွားသည်။
“အစွမ်းထက်လိုက်တဲ့ ကြယ်တာရာသားရဲပဲ၊ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ချီရှန်းသိုင်းပညာရှင်နှစ်ယောက်က ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး၊ ကြယ်တာရာသားရဲလေးတွေကို မြို့စောင့်တပ်အဖွဲ့ ထိန်းထားနိုင်တယ်၊ ဒါပေမဲ့ ဒီအကောင်ကတော့ လူတွေအများကြီး ပိုသေစေမှာ စိုးရိမ်ရတယ်”
တွေးဆပြီးနောက် ယဲ့ရှောင်သည် သူ့ဘေးရှိပန်းခင်းမှ အစိမ်းရောင်သစ်ရွက်တစ်ရွက်ကို ကောက်ယူလိုက်၏။
အစွမ်းထက်လွန်းသည့် ဓားမော့ဆန္ဒကို ချီရှန်းတစ်ဦး၏ မယှဥ်သာအောင် သိပ်သည်းသော ဝိညာဥ်စွမ်းအားနှင့် ပေါင်းစည်းပြီး သစ်ရွက်အတွင်းသိပ်သည်းစေကာ တလက်လက်တောက်ပနေသော ရွှေရောင်အလင်းတစ်ခု ထွက်လာစေတော့သည်။
” သွား”
လက်ချောင်းကို ဖျတ်ခနဲလှုပ်ရှားလျက် အစိမ်းရောင်သစ်ရွက်က ရွှေရောင်လျှပ်စီးလုံးအဖြစ် ပြောင်းလဲပြီး ပြေးထွက်သွားတော့သည်။
အပိုင်း (၉) ပြီး၏။