အပိုင်း ၁၆၅
ငါ့မှာ ကံကောင်းခြင်းဆေးပြားရှိတယ် (၂)
သခင်လေးလျှိုသည် ထိုစိတ်လှုပ်ရှားသည့် အမူအရာကို ကောင်းကောင်း ဖုံးကွယ် နိုင်ခဲ့သော်လည်း ဝမ်ရှန်း၏ အကြည့်အောက်မှ မလွတ်ခဲ့ပေ။ ဝမ်ရှန်းက ဘယ်လို လူမျိုးမို့လို့လဲ။ သူသည် ထောင်နှင့်ချီသည့် လူများထဲတွင် တစ်ချက် ကြည့်လိုက်ရုံဖြင့် ပစ်မှတ်ကို တိတိကျကျ ရှာဖွေနိုင်သည့် အထူးစနိုက်ပါ တစ်ယောက်ပင်။
ထို့ပြင် ချီဝမ်နဂါးများကို အဆင့်မြင့်တင် ပြီးနောက် သူ၏အမြင် အာရုံသည် ပို၍ပင် ကောင်းလာပေသေး၏။ ထို့ကြောင့် သခင်လေးလျှို မျက်နှာထက်မှ စိတ်လှုပ်ရှားမှုကို သူ ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ပေသည်။
“ဒီမှာ၊ မင်း ဒီဓားမြှောင်ကို ဘယ်က ရခဲ့တာလဲ”
ဓားမြှောင်၏ ဇာစ်မြစ်အကြောင်းကို တဲ့တိုးမေးခြင်းလား… ထိုအရာသည် တဲ့တိုး မဆန်လွန်းနေဘူးလား…
သို့သော် သခင်လေးလျှိုသည် သူ၏စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းမှာ အလွန် ကောင်းမွန်လှဟန်ရှိ၏။ သူသည် ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူ လက်တစ်ဖက် လွှဲယမ်းလိုက်သည့် အချိန်တွင် ထို အစေခံနှစ်ယောက်သည် နာခံစွာဖြင့် သူ့နောက်၌ ပြန်သွား ရပ်လိုက်ကြ၏။ သခင်လေးလျှိုသည် သူ့လက်ထဲမှ ဓားမြှောင်ကို လှည့်ပတ် ဆော့ကစားကာ –
“မင်း အဆင်ပြေတယ်ဆိုရင် ငါ ဒီဓားမြှောင်ကို ဝယ်ချင်တယ်”
သူသည် ဤချွန်ထက်သည့် ဓားမြှောင်အား ရုတ်တရက် စိတ်ဝင်စား သွားကာ ဝယ်ယူချင်ဟန်ဖြင့် ဝမ်ရှန်းအား ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။ အခြားတစ်ဖက်တွင် ဤဓားမြှောင်၏ မူလဇာစ်မြစ်ကိုလည်း မေးမြန်းခဲ့သေး၏။ သူသည် ပုံမှန်ဈေးဝယ်သူ တစ်ယောက်အတိုင်း ပြုမူနေခြင်းပင်။
ဝမ်ရှန်းမှ ဘာမှပြန်မဖြေခင်မှာပင် သခင်လေးလျှိုသည် သူ အနည်းငယ် အလောကြီး သွားကြောင်း သတိထား မိသွားကာ နောက်တစ်ကြိမ် ပြန်ရှင်းပြလိုက်၏။
“ဒီဓားမြှောင်က တော်တော်ကို ထက်တယ်လို့လည်း ကြားသေးတယ်။ ဟိုပေါ်က အပေါက်က ဒီဓားမြှောင်ကြောင့် ဖြစ်ခဲ့တာမလား”
ထိုသို့မေးကာ သခင်လေးလျှိုသည် ဝမ်ရှန်း၏ အသားလှီးခုံပေါ်မှ အပေါက်အား လက်ညှိုး ထိုးပြလိုက်သည်။ သူ့ စကားများအရ သူသည် ဤဓားမြှောင်၏ နာမည် ကျော်ကြားမှုကြောင့် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ပြောချင်နေခြင်းပင်ဖြစ်၏။
“ဟုတ်တယ်”
ဝမ်ရှန်းမှ ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဒါက ဓားမြှောင်လေး တစ်ချောင်းပါပဲ။ အဲဒါကို ထူးထူးဆန်းဆန်း သခင်လေးလျှိုက ဒါကို ကြိုက်တာလား။ သခင်လေး ကြိုက်တယ် ဆိုမှတော့ ကျွန်တော် ရောင်းပေးမယ်လေ”
ဝမ်ရှန်းသည် ဓားမြှောင် ရောင်းမည်ဟု ပြောလိုက်၏။ သို့သော် ဓားမြှောင်၏ ဇာစ်မြစ်ကိုတော့ သူ မပြောပြခဲ့ပေ။ ထို့အပြင် ဈေးဘယ်လောက်နှင့် ရောင်းမည် ဆိုတာကိုလည်း ဈေးမဖွင့်ပေးခဲ့ပေ။ သူသည် သခင်လေးလျှို ကိုယ်တိုင် ဈေးခေါ်လာမည်ကို စောင့်နေခြင်းဖြစ်၏။ သူတို့ကြားတွင် တိုက်ခိုက်စရာ အကြောင်း ဘာအကြောင်းမှ မရှိပေ။
“အထီးကျန်ဝံပုလွေ၊ သခင်လေးလျှိုက မြို့အရှင် စံအိမ်ရဲ့ အထူးဧည့်သည်တော်ပဲ။ ဖြစ်နိုင်မယ်ဆိုရင် ပိုပြီး ကောင်းကောင်းမွန်မွန်လေး ဆက်ဆံပေးပါ”
သခင်လေးလျှိုမှ ဘာလုပ်ရမလဲမသိ ဖြစ်နေသည့် အချိန်မှာပင် ဝမ်ရှန်းသည် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း၏ ရင်းနှီးသော အသံကို ကြားလိုက်ရသည်။
သခင်လေးလျှိုနှင့် ခြေလှမ်း ဒါဇင်ခန့် အကွာအဝေးတွင် အိမ်တော်ထိန်း၏ ပုံရိပ် တိတ်တဆိတ် ပေါ်လာခဲ့သည်။ ဝမ်ရှန်းသည် အိမ်တော်ထိန်းအား မြင်ရုံသာ မြင်နေရခြင်းဖြစ်ကာ သူ၏အသံကိုလည်း ကြားရုံသာ ကြားလိုက်ရခြင်း ဖြစ်သည်။ သူသည် ဝမ်ရှန်းနှင့် သခင်လေးလျှိုတို့ကြားမှ စီးပွားရေး အရောင်းအဝယ်ကို အနှောင့်အယှက် မဖြစ်စေနိုင်သည့် အလွန် သင့်လျော်သော နေရာ၌ ရှိနေခြင်း ဖြစ်သည်။
သို့သော် ထိုစကား ကြားလိုက်ရသည့် အချိန်တွင် ဝမ်ရှန်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့၏။ အပေါ်ယံ ကြည့်မည်ဆိုလျှင် အိမ်တော်ထိန်းသည် သခင်လေးလျှိုက အထူး ဧည့်သည်ဖြစ်ကြောင်း ဝမ်ရှန်းအား သတိပေးဟန်ရှိ၏။ သို့သော် သူပြောလိုက်သည် “အထူးဧည့်သည်” ဟူသည့် စကားတွင် လေသံအနည်းငယ် ပြောင်းသွားခဲ့ပေသည်။
ထိုအရာသည် ဤမြင့်မြတ်သည့် ဧည့်သည်သည် သူ၏အဆင့်အတန်းက မြင့်မားသည့်အပြင် သူသည် လုံလောက်အောင်လည်း “အဖိုးတန်”သည့် ဆူဖြိုးသည့် သိုးတစ်ကောင်အလား ဖြစ်သည်ကိုလည်း ရည်ညွှန်း ပြောဆိုသွားခြင်းပင်။
“သခင်လေးက ဒီဓားမြှောင်ကို ဘယ်ကနေရတာလဲ ဆိုတာကို သိချင်နေတာလား”
ဝမ်ရှန်းမှ ပြုံးလိုက်ကာ သူ၏အမူအရာသည် ပို၍ စိတ်အား ထက်သန်လာခဲ့၏။ သူသည် ပုခက်ကုလားထိုင်ပေါ်မှ ထရပ်ကာ “အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒါကို ဂျင်ဒီနယ်မြေကနေ ယူခဲ့တာ”
ဂျင်ဒီနယ်မြေ ဟူသည့် ဝမ်ရှန်း၏ အဖြေအား ကြားလိုက် ရသောအခါ သခင်လေးလျှို သာမက အနောက်၌ ရပ်နေသည့် အိမ်တော်ထိန်း၏ မျက်နှာအမူအရာပါ ပြောင်းလဲ သွားခဲ့သည်။ သူသည် ဝမ်ရှန်းအား ကြည့်ကာ ဆက်ပြောရန် အားပေးသကဲ့သို့ ပြုံးပြလိုက်၏။
“ဂျင်ဒီနယ်မြေရဲ့ ဘယ်နားလေး ကလဲ”
ဝမ်ရှန်း၏ စကားအား ကြားလိုက်ရသည့် အချိန်တွင် သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူသည် အလောတကြီးဖြင့် “အဲ့နေရာမှာ ဓားမြှောင်အပြင် တခြားဘာတွေရော ရှိသေးလဲ”
ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် ပြုံးရုံသာ ပြုံးပြကာ ဘာမှပြန်ဖြေခဲ့ပေ။ သူသည် တည်ငြိမ်စွာဖြင့် သခင်လေးလျှိုအား ‘ငါက ဘာလို့ပြောပြရမှာလဲ’ ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သခင်လေးလျှိုသည် ဝမ်ရှန်း၏ အဖြေအား မျှော်လင့်တကြီး စောင့်စားနေခဲ့ခြင်း ဖြစ်၏။ သို့သော် တကယ့်အချိန် ရောက်လာမှ ဝမ်ရှန်းသည် ထိုနေရာ၌ မတုန်မလှုပ် နှုတ်ဆိတ်နေခဲ့သည်။ ဝမ်ရှန်း၏ အပြုအမူအား စိတ်တိုသွားကာ သူသည် ရုတ်ခြည်းပင် ဝမ်ရှန်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူ့နောက်မှ အစေခံတစ်ယောက်မှ သခင်လေး လျှို နားသို့ အလျင်အမြန် တိုးသွားပြီး သူ့နားနားကပ်၍ တစ်ခုခု သတိပေးလိုက်၏။
ထိုအစေခံ၏ သတိပေးချက်ကို ကြားလိုက်ရသောအခါ သခင်လေးလျှို၏ မျက်နှာထက်မှ ဒေါသများ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။ သူသည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ဒေါသကို မျိုသိပ် ချုပ်တည်းလိုက်၏။ ဤမြို့အတွင်းတွင် လူကောင်း တစ်ယောက်မှမရှိပေ။ သို့သော်ငြားလည်း ဤမြို့၏ အဓိက အားသာချက်မှာ မြို့အတွင်း၌ တိုက်ခိုက်၍ မရခြင်းပင်။
သခင်လေးလျှိုသည် မွေးကတည်းမှ ယခုအရွယ်အထိ အဆင့်အတန်း မြင့်မားသည့် လူတစ်ယောက်အဖြစ် ရှင်သန်ကြီးထွားခဲ့ခြင်း ဖြစ်၏။ သူသည် အမြဲတမ်း အမိန့်များပေးကာ သူလိုချင်သည့် အရာအားလုံး ရရှိခဲ့သည်။
သူ့အား အခွင့်မသာသည့် ဤကဲ့သို့သော အခြေအနေမျိုးနှင့် သူ တစ်ခေါက်မှ မကြုံတွေ့ခဲ့ဖူးပေ။ ဒါ့ပြင် ဝူရုံမြို့ အတွင်းတွင် သူ ဝမ်ရှန်းအား သင်ခန်းစာပေးရန်က မလွယ်ကူပေ။ သူ၏ပိုင်နက် အတွင်း၌ ရှိနေမည်ဆိုလျှင် သူ ဘာလဲ ဆိုတာကို ဝမ်ရှန်းသိအောင် လုပ်ပေးလိုက်မည်ပင်။ ဝမ်ရှန်းသည် ဘာမို့လို့ သူ့အား ဤကဲ့သို့ လုပ်ရဲသနည်း။
“ပြော၊ မင်း ဘာလိုချင်တာလဲ”
သခင်လေးလျှိုမှ မောက်မာ တင်စီးသည့် မျက်နှာထားဖြင့် မေးလိုက်သည်။ ဝမ်ရှန်းက သူ့ကို လှုပ်ရှားစေချင်သည် ဆိုမှတော့ သူသည်လည်း ကိစ္စရပ်များကို ပိုက်ဆံဖြင့် ဖြေရှင်းတတ်သည့်လူ
“အဲ့နေရာမှာ နောက်ထပ် လည်ဆွဲ တစ်ခုလည်း ရှိနေတယ်”
ဝမ်ရှန်းသည် အခြေအနေကို ရှေ့ဆက် မတက်ဘဲ ပုံမှန်မဟုတ်သည့် အပြုံးဖြင့် သခင်လေးလျှို၏ မေးခွန်းအား ဖြေဆိုလိုက်သည်။
လည်ဆွဲတစ်ခုပါ ရှိနေသေးကြောင်း ကြားလိုက်ရသောအခါ သခင်လေးလျှို သိသိသာသာပင် ရွှင်လန်းတက်ကြွ သွားခဲ့သည်။ သူသည် ဘာမှ စဉ်းစားမနေတော့ဘဲ ပြောလိုက်၏။
“ငါ့ကိုပေး”
“ဘာနဲ့လဲမှာလဲ”
ဝမ်ရှန်းမှ နောက်တစ်ကြိမ် ရယ်ကာ မေးလိုက်သည်။ ဤသခင်လေးလျှိုသည် တကယ်ကိုပဲ နုံအလွန်းသည်။ သူသည် အကုန်လုံးကို သူ့အစေခံဟု ထင်နေသည်လား… အကုန်လုံးကို သူ့အစေခံကဲ့သို့ လူမျိုး ဖြစ်စေချင်နေသည်လား…
စစခြင်းတွင် သခင်လေးလျှို ကြောင်အ သွားကာ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“အဟမ်း…”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အဝေး၌ရှိနေသည့် အိမ်တော်ထိန်းသည် ညင်သာစွာ ချောင်းဟန့်ကာ ဤနေရာက ဝူရုံမြို့ မြို့အတွင်းပိုင်းဖြစ်ကာ သူ၏နေရာ မဟုတ်ကြောင်း သတိပေးလိုက်သည်။
မည်သို့ဆိုစေ လက်ရှိ အခြေအနေတွင် ပထမဆုံး အရင်စပြောသည့် လူသည် ခံရမည့်လူ ဖြစ်၏။ ဝမ်ရှန်းသည် သူ၏လက်ထဲတွင် ပစ္စည်းရှိနေကာ ဈေးကောင်းကောင်းဖြင့် မရောင်းရမည်ကို မစိုးရိမ်မိပေ။ သခင်လေးလျှို အတွက်မူ သူသည် သူ၏လက်ထဲတွင် ဓားမြှောင် ရှိနေသော်လည်း သူ အဓိက သိချင်နေသည့် အရာမှာ ဓားမြှောင်ပိုင်ရှင်က မည်သည့်နေရာ၌ ရှိသည်ကိုပင် ဖြစ်သည်။
အခြားတစ်ဖက်မှ အစေခံသည် သက်ပြင်းချကာ အရှေ့သို့ အနည်းငယ် တက်လာလိုက်သည်။ ထို့နောက် တိုးလျသည့် အသံဖြင့် သခင်လေးအား ပြောလိုက်၏။ ထိုအစေခံ၏ စကားကို ကြားသည်နှင့် သခင်လေးလျှို၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ကံကောင်းခြင်း ဆေးပြားအတွက် ကြေးစားခန်းမမှာ မင်း ရွှေဒင်္ဂါးတစ်သောင်း ဆုကြေး ပေးထားတယ်လို့ ကြားတယ်”
သခင်လေးလျှိုသည် ဝမ်ရှန်း၏မာနအား ချိုးနှိမ် နိုင်သွားသကဲ့သို့ အလွန်အားရသည့် အပြုံးဖြင့်-
“မင်း ဆုကြေးချီးမြင့်စရာ မလိုဘူး။ ငါ့ကို လည်ဆွဲသာ ပေးလိုက်။ ကံကောင်းခြင်း ဆေးပြားအကြောင်း ငါ မင်းကို ပြောပြမယ်”
ကံကောင်းခြင်း ဆေးပြားအကြောင်းဟု ကြားလိုက်ရသည့် အချိန်တွင် ဝမ်ရှန်းသည် ဘာစကားမှ မပြောခဲ့ပေ။ သူ၏လက်ထဲတွင် လည်ဆွဲတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။ ထိုလည်ဆွဲသည် ယခင်က ဓားမြှောင်ပိုင်ရှင်မှ ဆွဲခဲ့သည့် လည်ဆွဲပင် ဖြစ်သည်။ ထိုလည်ဆွဲ၏ ဆွဲသီးသည့် ကျောက်စိမ်းဆွဲသီး တစ်ခုဖြစ်ကာ ထိုပေါ်တွင် ထူးခြားသည့် ပုံစံတစ်ခု ရေးထွင်း ထားပေသည်။
ထိုကျောက်စိမ်းဆွဲသီးအား မြင်လိုက်ရသည့် အချိန်တွင် သခင်လေးလျှို သာမက သူ့နောက်၌ ရှိနေသည့် အစေခံနှစ်ယောက်၏ မျက်လုံးများပါ တောက်ပ သွားခဲ့သည်။ ဘေးနား၌ အိမ်တော်ထိန်း၏ ချောင်းဟန့် သတိပေးမှုသာ မရှိခဲ့လျှင် သူတို့သည် ထိုလည်ဆွဲကို ချက်ချင်း အတင်းအကြပ် လုယူပြီဖြစ်၏။
“ငါ့ကိုပေး”
သခင်လေးလျှို၏ မျက်လုံးများ နီရဲနေကာ သူသည် မအော်ဟစ်မိရုံ တမယ် အသံထိန်းကာ ပြောနေခြင်းဖြစ်၏။
“ကံကောင်းခြင်း ဆေးပြားအကြောင်း အရင်ပြော”
ဝမ်ရှန်းသည် လည်ဆွဲအား ကိုင်ထားကာ သခင်လေးလျှိုအား တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ငါ့အိမ်မှာ ကံကောင်းခြင်းဆေးပြား ရှိတယ်” သခင်လေးလျှိုမှ ရုတ်တရက် ထရယ်ကာ ပြောလိုက်၏။
သူ၏စကားကြောင့် ဝမ်ရှန်း၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ ဤလူက တကယ်ပဲ သူ့အိမ်၌ ကံကောင်းခြင်းဆေးပြား ရှိနေသည်လား… တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဤလူသည် တကယ်ပဲ ပုန်းလျှိုးကွယ်လျှိုး နေထိုင်သည့် မိသားစုမှ သားတစ်ယောက် ဖြစ်နေသည်လား…
ဝမ်ရှန်း အိမ်တော်ထိန်းအား ကြည့်လိုက်သည့် အချိန်တွင် အိမ်တော်ထိန်းသည် သခင်လေးလျှို၏ စကားက အမှန်ဖြစ်ကြောင်း သူ့အား ခေါင်းညိတ် ပြသည်ကို မြင်လိုက်ရ၏။
ထို့ကြောင့် ဝမ်ရှန်းသည် ဘာမှ ထပ်မပြောတော့ဘဲ လည်ဆွဲကို သခင်လေးလျှိုထံသို့ ပစ်ပေးလိုက်သည်။
သခင်လေးလျှိုသည် လည်ဆွဲအားဖမ်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ ထို့နောက် လည်ဆွဲအား အသေအချာ စစ်ဆေးကြည့်ရှုကာ သိမ်းလိုက်၏။ ပြီးနောက် သူသည် ဝမ်ရှန်းဘက်သို့ လှည့်ကာ –
“ငါ့အိမ်မှာ ကံကောင်းခြင်းဆေးပြား ရှိတယ် ဆိုပေမယ့် မင်း ဘယ်တော့မှ ရမှာမဟုတ်ဘူးကွ”
***