Switch Mode

Chapter – 164

ငါ့မှာ ကံကောင်းခြင်းဆေးပြားရှိတယ် (၁)

အပိုင်း ၁၆၄
ငါ့မှာ ကံကောင်းခြင်းဆေးပြားရှိတယ် (၁)

ထိုသခင်လေး ပြောစရာ စကားများ ဆွံ့အသွားခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက် စားကောင်း သောက်ဖွယ်များ စားသောက် နေခဲ့ရသည်ဟု ထင်သော်လည်း ယခု ဟင်းပွဲများအား စားသောက်ပြီး နောက်တွင် ထိုစားဖူးခဲ့သည့် အစားအသောက်များမှာ ကောင်းသည် ဟု သူ မပြောနိုင်တော့ပေ။

ယခင်က သူစားသောက်ခဲ့သည့် အစားအသောက်များသည် ဝက်စာများပင်ဖြစ်၏။ မဟုတ်ပါ၊ ဝက်စာအဆင့်ပင် မရှိချေ။ တစ်လျှောက်လုံး သူသည် ရေအိုင်ထဲမှ ဖားသာသာ ဖြစ်နေခဲ့ခြင်းပင်။

မြို့အရှင်မှလည်း ဤကဲ့သို့ တစ်ရက် နှစ်ရက်သာ ခံစားရခြင်း မဟုတ်ပေ။ ကံကောင်းသည်က သူသည် ဝမ်ရှန်းညွှန်ကြား ချက်ပြုတ်သည့် ဟင်းလျာများကို စားသောက် လာသည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်၏။ သူသည် ဝမ်ရှန်း အစပိုင်း၌ စမ်းတဝါးဝါးဖြင့် ညွှန်ကြား ချက်ပြုတ်သည့် ဟင်းလျာများကိုပင် ကြိုက်နှစ်သက်ခဲ့သည့် သူဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အရသာ ပြောင်းသွားသည့် အချိန်တွင် သူ ရုတ်တရက်ကြီး မထိတ်လန့် သွားခဲ့ပေ။ အရသာ အသစ်နှင့် လျင်မြန်စွာပင် နေသားကျ သွားခဲ့၏။

သို့သော် သခင်လေးလျှိုသည် ဝမ်ရှန်း သေချာညွှန်ကြား ချက်ပြုတ်စေခဲ့သည့် စားဖိုမှူးများမှ ချက်ပြုတ်ထားသော အရသာ ပိုကောင်လားသည့် ဟင်းပွဲများကို တန်းစားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ထိုကဲ့သို့ တုန်လှုပ်သွားသည်မှာ ထူးဆန်းချေ။ ထိုအကြောင်းကြောင့်ပင် သူသည် ဝမ်ရှန်းအား ရှုံ့ချချင်သေးသော်လည်း မြို့အရှင်၏ စကားများကို သဘောတူလိုက်ခြင်း ဖြစ်၏။

အစားအသောက်နှင့် ပတ်သက်လာပါက ဝမ်ရှန်းသည် သူတို့ကို နောက်ကောက်ကျ ကျန်အောင် လုပ်နိုင်ပေသည်။ ဤကဲ့သို့ စားသောက်သည့် လူများက လူရိုင်းများ ဖြစ်သည်ဆိုလျှင် သူတို့က ဘာဖြစ်သွားမည်နည်း။

တစ်ခဏ တိတ်ဆိတ် သွားပြီးနောက် သခင်လေးလျှိုသည် ခေါင်းပြန် မော့လာကာ မြို့အရှင်အား လေးနက်စွာ မေးလိုက်သည်။

“အရှင် ဟိုပစ္စည်းကို မြင်ခဲ့တယ်ဆိုတာ သေချာလား”

မြို့အရှင်မှ ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။

“တကယ်ကြီး မြင်ခဲ့တာလား”

သခင်လေးလျှိုမှ လက်မလျှော့ဘဲ နောက်တစ်ကြိမ် မေးလိုက်သည်။ သူ၏ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။

“မယုံဘူးဆိုရင် ညတွင်းချင်း သွားကြည့်လို့ ရပါတယ်”

ဝူရုံမြို့ မြို့အရှင်သည် စကားတည်တတ်သည့် လူတစ်ယောက် ဖြစ်သည်။ သူသည် တော်ဝင်မင်သား တစ်ယောက်ကို ဘယ်လိုလုပ် မေးခွန်းထုတ်ခွင့် ပြုနိုင်မည်နည်း။ သူ၏လေသံများကလည်း ပို၍ပေါ့ပါး လာခဲ့သည်။

“ကျွန်တော် အဲ့လိုပြောချင်တာ မဟုတ်ပါဘူး”

မြို့အရှင်၏ စကားများကို ကြားသောအခါ သခင်လေးလျှိုသည် သူ စကားမှားသွားပြီ ဖြစ်ကြောင်း နားလည်သွားကာ အလျင်အမြန် တောင်းပန်လိုက်၏။

“တောင်းပန်ပါတယ်၊ ကျွန်တော် နည်းနည်းလေး စိတ်လောသွားတယ်”

“သခင်လေး ပိုသိချင်တယ်ဆိုရင် သခင်လေး ယူလာတဲ့ ပစ္စည်းတွေက မလောက်မှာကို စိုးရိမ်မိတယ်” မြို့အရှင်မှ ပြောလိုက်၏။

“အဲဒါက အဲ့စီနီယာက သခင်လေးအတွက် ဘယ်လောက်ထိ အရေးပါလဲလို့ တွေးတဲ့ပေါ် မူတည်တယ်။ ဟုတ်ပြီလေ၊ သခင်လေး ကိုယ်တိုင် အထီးကျန် ဝံပုလွေကို သွားပြောလို့လည်း ရပါတယ်။ သူ့မှာလည်း တောင်းဆိုချက်တော့ ရှိမှာပေါ့”

“လွယ်လွယ်လေးပါဗျာ”

သခင်လေးလျှိုသည် ပစ္စည်းဉစ္စာဓနတို့ကို မျက်စိထဲ ထည့်ထားသူမျိုး မဟုတ်ပေ။ သူသည် ချက်ချင်းပင် သဘောတူလိုက်၏။

“အဲ့ဒါသာ အမှန်ပဲဆိုရင် သူက သူလိုချင်တာ အကုန်ပြောမှာပဲ။ ဒါပြီး ရွှေဒင်္ဂါး အနည်းအကျဉ်း ပေးလိုက်ရင် ရပြီပဲကို”

မြို့အရှင်မှ ပြုံးကာ သခင်လေး လျှိုအား ဘာမှထပ် မပြောခဲ့တော့ပေ။ သူ ဝမ်ရှန်းနှင့် သွားတွေ့သည့် အချိန်ကျမှ ဝမ်ရှန်း ဘာလိုချင်တာလဲ ဆိုတာကို သိသွားပေလိမ့်မည်။ ဟုတ်ပါသည်၊ ဝမ်ရှန်းသည် အလွန် ဉာဏ်ကောင်းပါသည်။ သူသည် အခြေအနေ ပြင်းထန်အောင်တော့ လုပ်မည် မဟုတ်ပေ။ ဤသည်မှာ မြို့အရှင် တွေးလိုက်သည့် အရာပင်။

……

ယခုရက်ပိုင်းတွင် ဝမ်ရှန်းသည် ကောင်းကောင်းစား၊ ကောင်းကောင်း အိပ်စက် အနားယူနေခဲ့၏။ နေ့တိုင်း အရသာရှိသည့် အစားအသောက်များကို ချက်ပြုတ် ပုံဖော်သည့်အပြင် အမျိုးမျိုးသော ကြွက်သား လေ့ကျင့်ခန်းများကိုလည်း လုပ်ဆောင်လေ့ရှိ၏။ ထိုပုံစံဖြင့် သူ၏ဘဝကြီးသည် တကယ်ကို သက်သောင့်သက်သာ ရှိနေခဲ့လေသည်။

သူ့ထံတွင် လက်ဝှေ့ထိုး ကိရိယာကဲ့သို့သော သဲအိတ်၊ လက်အိတ် စသည့် ပစ္စည်းများ မရှိချေ။ သို့သော် ရှိနေသည့် ပစ္စည်းများကပင် အခြား ဝိညာဉ်သခင်များ အတွက် ထူးဆန်းနေပြီဖြစ်၏။

ဝမ်ရှန်း၏ ကျင့်ကြံခြင်း နည်းလမ်းက ထိုဝိညာဉ်သခင်များအား သူ့အပေါ် အထင်သေးမှုများ ဖြစ်ပေါ် စေခဲ့သော်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းကို မည်သူကမှ အထင်မသေးရဲကြချေ။ ဘာပဲပြောပြော ဝမ်ရှန်းသည် အဆင့်ငါး ကြေးစားများကို သတ်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ဝမ်ရှန်းအသုံးပြုသည့် ထူးဆန်းသော လက်နက်အကြောင်းကတော့ ပြောစရာပင် မလိုပေ။ တစ်ယောက်ယောက်သည် ဤကဲ့သို့ ထူးဆန်းသည့် လက်နက်မျိုး ရှိနေမည်ဆိုလျှင် ထိုအရာသည် သူတို့၏ တိုက်ခိုက်မှုကို အလေးသာ စေနိုင်ပေမည်။

သို့သော် ဝမ်ရှန်းထံတွင် ချီးကျူး အားကျစရာများ ရှိပေသည်။ ဥပမာအားဖြင့် သူ ချက်ပြုတ်သည့် အစားအသောက်များသည် အလွန် အရသာရှိလှ၏။ ယခုအချိန်တွင် သူ၏အစားအသောက်များကို စားသောက်ဖူးသော အနီးအနားမှ လူများသည် ဝမ်ရှန်း နေ့တိုင်း ချက်ပြုတ်နေသည့် အစားအသောက်များမှာ ကမ္ဘာပေါ်ရှိ အရသာအရှိဆုံး အစားအသောက်များ ဖြစ်ကြောင်း သိကြပေသည်။

ယခုအချိန်တွင် ဝမ်ရှန်းသည်လည်း သူ၏ ပုခက်ကုလားထိုင် ပေါ်၌ထိုင်ကာ ဖြည်းညင်းစွာဖြင့် ရှေ့နောက် လွဲယမ်းလျက် အနားယူနေ၏။
မျက်လုံများ မှိတ်ထားသော်လည်း ဝမ်ရှန်းသည် တစ်ယောက်ယောက်က သူ့အား စောင့်ကြည့်နေကြောင်း အာရုံပြုမိလိုက်သည်။ ထိုကဲ့သို့ သိခြင်းမှာ အလိုလို သိစိတ်မှ သိနေခြင်းဖြစ်၏။ ဝမ်ရှန်းသည် သူ၏ကမ္ဘာမြေပေါ်၌ ရှိစဉ်ကထက် ယခု သူ၏ဝိညာဉ်အဆင့် ပထမအဆင့်သို့ ရောက်လာချိန်တွင် သူ၏တုံ့ပြန်နိုင်စွမ်းသည် ပို၍ပင် ကောင်းမွန်လာခဲ့သည်။ ယခုအချိန်တွင် တစ်ယောက်ယောက်က သူ့အား စိုက်ကြည့်နေသည်မှာ အသေအချာပင်။

မျက်လုံး ဖွင့်ကြည့်လိုက်သည့် အချိန်တွင် သူ့ဆိုင်တံခါးဝ၌ လူသုံးယောက် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။ ထိုသူတို့သည် တစ်ခုခုအား အတည်ပြု နေသကဲ့သို့ ဝမ်ရှန်းအား မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေလေ၏။

ဝမ်ရှန်းသည် ဤဆိုင်ကို လေဝင်လေထွက် ကောင်းအောင် ဆိုင်တံခါးများ ဖွင့်ထားခြင်း ဖြစ်ပြီး တစ်စုံတစ်ရာ ရောင်းချရန် မရည်ရွယ်ထားပေ။ ထို့ပြင် ဤလူသုံးယောက်က သူ့အား ထိုကဲ့သို့ ကြည့်နေသည်မှာ အလွန်မယဉ်ကျေးရာ ရောက်ပေသည်။

တစ်ချက်ကြည့် လိုက်ရုံဖြင့် သူတို့ သုံးယောက်ထဲတွင် အလယ်မှ တစ်ယောက်က သခင်လေး ဖြစ်ကြောင်း သိသာပေသည်။ ကျန်သည့် နှစ်ယောက်သည် အနောက်သို့ အနည်းငယ် ရောက်နေသည့် အတွက်ကြောင့် သူတို့က အစေခံများဖြစ်ကြောင်း လွယ်လွယ်ကူကူ ခွဲခြား၍ရပေသည်။

“မင်းက အထီးကျန် ဝံပုလွေလား”

ဝမ်ရှန်း မျက်လုံးများ ဖွင့်လာသည့် အချိန်တွင် ထိုသခင်လေးမှ ပြုံး၍ မေးလိုက်၏။

ဤလူသည် ဝူရုံမြို့အတွင်း၌ ရှိနေခြင်းကြောင့်လားဆိုတာ ဝမ်ရှန်းမသိပေ၊ သူသည်လည်း ပြုံး၍ကြင်နာတတ်သော မျက်နှာရှိနေ၏။ သို့သော် သူ၏နှလုံးသား အောက်ခြေမှ ထွက်ပေါ်နေသည့် အထင်သေးသည့် သဘောထားများကိုတော့ သူ မဖုံးကွယ် နိုင်ပေ။

“ဟုတ်တယ် ငါပဲ”

ဝမ်ရှန်းမှ သူ၏သဘောထားကို ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။ ဤနေရာသည် ဝူရုံမြို့၏ မြို့အတွင်းပိုင်း ဖြစ်သည်။ ဤလူက ဤနေရာတွင် ဘယ်လောက်ပဲ မောက်မောက်မာမာဖြင့် အထက်စီးဆန်ဆန် ပြုမူရဲနေပါစေ ဝမ်ရှန်း အပြည့်အဝ လျစ်လျူရှု ထား၍ရ၏။ သူတို့သည် ဝမ်ရှန်း၏ဆိုင် တံခါးဝသို့ ဝမ်ရှန်းနာမည်ဖြင့် ရောက်လာသည့် အတွက်ကြောင့် ငြင်းဆန်ဖို့ရန် အတွက်က သိပ်ပြီး မလွယ်ကူလှပေ။

“ငါ့မျိုးရိုးနာမည်က လျှို၊ ပြီးတော့ ငါ ဒီနေရာကို မင်းကို တကူးတက လာရှာတာ”

သခင်လေးလျှိုမှ သူ၏မျိုးရိုး နာမည်ကိုသာ ပြောပြလိုက်၏။

“မင်းမှာ အသားတွေ လှီးဖြတ်တဲ့ နေရာမှာသုံးတဲ့ ချွန်ထက်တဲ့ ဓားမြှောင် ရှိတယ်ဆို။ ငါ တစ်ချက်လောက် ကြည့်လို့ရမလား”

ဝမ်ရှန်ထံ၌ ရှိနေသည့် ဓားမြှောင်များတွင် သူ ကမ္ဘာမြေပေါ်မှ ယူလာသည့် ကျားသွားဓားသွားနှင့် ဂျင်ဒီတားမြစ် နယ်မြေ အတွင်းတွင် အထီးကျန်ဝံပုလွေ၏ အသိုက်ဖြစ်သည့် သစ်ပင်အခေါင်း အတွင်းမှ ရရှိခဲ့သည့် အနက်ရောင်ဓားမြှောင် တစ်ချောင်းသာ ရှိသည်။

ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းတွင် ထိုဓားမြှောင်အား ရရှိခဲ့သည့်အချိန်၌ ဤဓားမြှောင်၌ အကြောင်းတစ်ခုခု ရှိနေမည်ဆိုတာ သူ သိပေသည်။ ဓားမြှောင်၏ ယခင်ပိုင်ရှင်သည် သူ့နောက်ကွယ်၌ စွမ်းအားကြီးမားသည့် ဝိညာဉ်သခင် တစ်ယောက် ရှိနိုင်မည် သို့မဟုတ် သူကိုယ်တိုင်ကလည်း စွမ်းအားကြီးမားသည့် လူတစ်ယောက် ဖြစ်နေနိုင်ပေသည်။ မဟုတ်လျှင် သူသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ထိုအနက်အထိ ဝင်နိုင်မည် မဟုတ်ပေ။

ဤကဲ့သို့ ချွန်ထက်ပြီး အဖိုးထိုက်တန်သည့် ဓားမြှောင်ကို အသားလှီးဓားအဖြစ် အသုံးပြုခြင်းသည် မြွေကို တွင်းအတွင်းမှ ထွက်လာစေရန် မျှားထုတ်ခဲ့သည့် ဝမ်ရှန်း၏ နည်းလမ်းပင် ဖြစ်၏။ ထိုပစ္စည်းအကြောင်း သိသည့်လူကို သူက ဆွဲထုတ်နိုင်ခဲ့သည် ဆိုမှတော့ ဝမ်ရှန်းသည် ထိုပစ္စည်း အကြောင်းကို သိုဝှက်ထားနေမည် မဟုတ်ပေ။

ချက်ချင်းပင် ဝမ်ရှန်း၏လက် အတွင်း၌ ထိုဓားမြှောင် ပေါ်လာခဲ့သည်။ ထို့နောက် သူသည် တံခါးနား၌ ရပ်နေသည့် သခင်လေးလျှိုအား လက်ဟန်ပြကာ ဓားမြှောင်ကို သူတို့ရပ်နေသည့် တံခါးထံသို့ ဦးတည် ပစ်လိုက်၏။

ဝမ်ရှန်းမှ ဓားမြှောင်အား ပစ်လိုက်သည်နှင့် အစေခံနှစ်ယောက်သည် သခင်လေးလျှို ရှေ့၌ ချက်ချင်း ပိတ်ရပ် လိုက်ကြသည်။ ဝမ်ရှန်း၏ ဓားမြှောင်က သူတို့အား ဦးတည်ခြင်း မဟုတ်ကြောင်း သိသာသည့် အတွက်ကြောင့် သူတို့ ဘာမှတော့ ပြန်မလုပ်ခဲ့ကြပေ။ သို့သော် သူတို့၏ မျက်လုံးများထဲတွင် မကောင်းသည့် အငွေ့အသက် အမြောက်အမြား ထွက်ပေါ်လာတော့၏။

သူတို့၏ မျက်လုံးများကို ဝမ်ရှန်း ဂရုမစိုက်ပေ။ ဝူရုံမြို့ အတွင်းတွင် ဤကဲ့သို့သော အကြည့်မျိုးကို မတောင့်ခံနိုင်ပါက စောစော ထွက်သွားခြင်းက ပိုကောင်း ပေလိမ့်မည်။

အစေခံ တစ်ယောက်သည် ဝမ်ရှန်းအား ဒေါသတကြီး စိုက်ကြည့်ကာ တံခါးနား၌ စိုက်နေသည့် ဓားမြှောင်အား ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓားမြှောင်ကို တစ်ချက်မျှ မကြည့်ဘဲ လက်နှစ်ဖက်ဖြင့် ကိုင်ကာ သခင်လေးလျှိုအား ပေးလိုက်၏။

သခင်လေးလျှိုသည် ဓားမြှောင်အား ယူကာ တစ်ချက်သာ ကြည့်လိုက်၏။ ထို့နောက် ချက်ချင်းပင် သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့် အမူအရာများ ထွက်ပေါ် လာခဲ့တော့သည်။

 ***

Comment

Leave a Reply

Options

not work with dark mode
Reset