အပိုင်း ၁၆၃
ယုံကြည်ချက် ပိုရှိလာခြင်း (၂)
ဝမ်ရှန်းသည် သူ၏ဝိညာဉ်က အဆင့်မြင့်တင်၍ ရကြောင်း လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောဆိုခဲ့သည်။ ထိုအရာသည် သိုက်မိသားစု အပါအဝင် အခြားအင်အားစုပေါင်း များစွာအား အလွန် ကျေနပ်စေခဲ့၏။ ထိုကဲ့သို့ ကြေညာမှု ပြီးနောက်တွင် သိုက်မိသားစုမှ လူများ ချက်ချင်း လုပ်ကြံခံခဲ့ ရသော်လည်း နောက်ဆုံးတွင် သူတို့သည် ပိုက်ဆံများစွာ သုံးကာ ဝမ်ရှန်း ထုတ်ဖော် ပြောကြားခဲ့သည့် လျှို့ဝှက်ချက်များကို ဖော်ထုတ် နိုင်ခဲ့ပေ၏။
ဝမ်ရှန်း၏ လျှို့ဝှက်ချက်သည် ကျိုးကြောင်း ဆီလျော်မှု ရှိပေသည်။ ဝမ်ရှန်း၏ လျှို့ဝှက်ချက်ကို နားထောင်ပြီးနောက် သူတို့ သိခဲ့ရသည်မှာ အဆင့်မြင့်တင်၍ ရသည့် ဝိညာဉ်အကြောင်းဖြစ်၏။ တကယ်တမ်းမှာမူ ဝမ်ရှန်း ပြောဆိုခဲ့သည့် သူ၏ ယုံကြည်ချက် အကြောင်းကသာ တကယ့် လျှို့ဝှက်ချက် အစစ်ဖြစ်ကြောင်း စုန့်လောင်ယုမှ လွဲ၍ အခြားမည်သူမှ မသိပေ။
ထိုအချိန်က ဝမ်ရှန်းသည် အင်အားစုများ အားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစည်း စေခဲ့၏။ ထို့ကြောင့် ယခု ဂျင်ဒီတားမြစ်နယ်မြေနှင့် ပတ်သက်၍လည်း သူတို့ အားလုံးသည် နောက်ထပ် ဒုတိယအကြိမ် အဖြစ် ပြန်လည် ပေါင်းစည်း ပါမည်လော။
အင်အားစု ပေါင်းစုံမှ အရေးကြီး ပုဂ္ဂိုလ်များ ဝူယုံမြို့သို့ ရောက်လာခဲ့ကြသည်။ အင်အားစုများ အားလုံးသည် အဆင့်မြှင့်တင်၍ ရသည့် ဝိညာဉ်အကြောင်း အသည်းအသန် ရှာဖွေနေကြကာ ဝမ်ရှန်းအား လုံးဝ လျစ်လျူရှု ထားခဲ့ကြသည်။ ဝမ်ရှန်းဝိညာဉ်၏ အဆင့်မြင့်တင်မှုက ဝမ်ရှန်းအတွက် အဆုံးသတ် ရောက်ရှိ သွားပြီဟု သူတို့ ထင်နေကြခြင်းပင် ဖြစ်၏။
ဝမ်ရှန်းသည် သူ၏ မူလဇစ်မြစ်ကို မသိရသည့် လူရိုင်းတစ်ယောက်ဟု အားလုံး ထင်မြင်နေသည်။ ထို့ပြင် သူ သူ၏ဝိညာဉ်နှင့် ထိတွေ့မှု ဖြစ်ခဲ့သည်မှာလည်း ဘယ်လောက်မှ မကြာသေးပေ။ ထို့ကြောင့် ဤကဲ့သို့ အဆင်မြင့်သည့် လျှို့ဝှက်ချက်မျိုးကို သူက ဘယ်လိုလုပ် သိမည်နည်း။ သူတို့အင်အားစုများ အမြင်တွင် ဝမ်ရှန်း၏ အဆင့်အတန်းသည် ဝိညာဉ် အဆင့်မြင့်တင်ခြင်းအား စမ်းသပ်သည့် ဖြစ်စဉ်၌ အောင်မြင် သွားခဲ့သည့် စမ်းသပ်ခံ ပူးကောင် တစ်ကောင်အလားပင်။
သို့သော် ယခုအချိန်တွင် ဝမ်ရှန်းက ထိုကဲ့သို့ မတွေးပေ။ ဝိညာဉ်အဆင့် မြင့်တင်ရာတွင် သူ ပိုပိုပြီး ယုံကြည်ချက် ရှိလာခဲ့၏။ ငါးတစ်ကောင်က နဂါးဂိတ်ကို ဖြတ်ကျော်နိုင်သည့် ဒဏ္ဍာရီပုံပြင်က ဤအကြောင်းအရာကို အပြည့်အဝ သက်သေမပြနိုင်သော်ငြား ဝမ်ရှန်း စိတ်ကူး ပုံဖော်ခဲ့သည့် အရသာရှိသော အစားအသောက်များသည် သူ၏ဝိညာဉ်က အဆင့်မြင့်တင်၍ ရကြောင်း ပြည့်ပြည့်ဝဝ သက်သေပြခဲ့ပြီး ဖြစ်သည်။
ဟော့ပေါ့အစပ်ကို စိတ်ကူး ပုံဖော်ကြည့်ပြီးနောက် ယခင်က ဝိညာဉ်နယ်မြေ အတွင်း၌ ပုံဖော်ရန် ခက်ခဲခဲ့သည့် ဝက်သား အစပ်ပြားများကို ဝမ်ရှန်း ပုံဖော်ကြည့်လိုက်သည်။ ရလဒ်အနေဖြင့် သူသည် ထိုဟင်းပွဲကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့လေသည်။ ထိုအချိန်မှာပင် ယခင်က မရခဲ့ဘဲ ယခုမှ ဘာလို့ ရသွားတာလဲဆိုသည့် အကြောင်းအရင်းကို ဝမ်ရှန်း သိသွားခဲ့သည်။
ယခင်က ဝမ်ရှန်းသည် ဝက်သား အစပ်ပြားများကို ပုံဖော်တွေးကြည့်ရန် အလွန် ခက်ခဲနေခဲ့ပြီး ချက်ပြုတ်ပြီးသား စွပ်ပြုတ်ကိုသာ ပုံဖော်ရန် အလွန် လွယ်ကူခဲ့သည်မှာ အဘယ်ကြောင့်နည်း။
သူသည် ထိုဟင်းပွဲများကို သူကိုယ်တိုင် ပြင်ဆင်သောကြောင့် သို့မဟုတ် အခြားသူများကို သူကိုယ်တိုင် ညွှန်ကြားကာ ချက်ပြုတ် စေသောကြောင့် မဟုတ်ပေ။ ထိုကဲ့သို့ဆိုလျှင် သူက လုပ်နိုင်သည်ဟု သူ့ကိုယ်သူယုံကြည်ချက် ရှိနေခြင်းကြောင့်လား…
အကြောင်းအရင်း အမှန်မှာ ဤကမ္ဘာပေါ်၌ ငရုတ်ကောင်း မရှိဟု ဝမ်ရှန်း၏ မသိစိတ်က တွေးနေမိသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုဟင်းပွဲများကို ပုံဖော်ရန် ယုံကြည်ချက် မရှိနေခဲ့ခြင်းဖြစ်၏။
ယခုအချိန်တွင် ဝမ်ရှန်းသည် ငရုတ်ကောင်းကို ရှာတွေ့ခဲ့ကာ သူကိုယ်တိုင် ဟော့ပေါ့အစပ်ပင် ချက်ပြုတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဝက်သား အစပ်ပြားများကို ပုံဖော်ရာ၌လည်း ပုံမှန်ဟင်းလျာများ ကဲ့သို့ လွယ်ကူသွားပြီ ဖြစ်၏။
သို့သော် အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည့် နောက်ထပ် အကြောင်းအရင်း တစ်ခုရှိသေးပေသည်။ ထိုအရာမှာ ဝမ်ရှန်းသည် သူ လုပ်နိုင်သည် ဟူသည့် သူ၏ ယုံကြည်ချက်ပင်။ ဝမ်ရှန်းသည် သူ ပိုပြီး သန်မာလာကာ သူ၏ဝိညာဉ်ကို အဆင့်မြင့်တင်၍ ရသည်ဟု အခိုင်အမာ ယုံကြည် နေသကဲ့သို့ပင် ဖြစ်စဉ် တစ်ခုလုံးသည် ယုံကြည်ချက်ပေါ်သာ အခြေခံသွားခြင်း ဖြစ်၏။
ထိုကဲ့သို့ ကိုယ်တိုင် မချက်ပြုတ်ဘဲနှင့် ချက်ပြုတ်ရန် လူများကို ညွှန်ကြားခြင်း မဟုတ်ဘဲနှင့်လည်း ပုံဖော်နိုင်ကြောင်း သိလိုက်ရသောအခါ ဝမ်ရှန်း အလွန် ပျော်ရွှင် သွားခဲ့သည်။ ထို့နောက် သူသည် စီချွမ်းအစပ် ဟင်းပွဲနှင့် ဟွမ်နန်အစပ် ဟင်းပွဲများကို တစ်ညလုံး ပုံဖော် နေလိုက်တော့၏။
ဝမ်ရှန်းသည် ပထမအဆင့် အထွတ်ထိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည့် အတွက်ကြောင့် တစ်ရက်အတွင်း သူ ပုံဖော်နိုင်သည့် ဟင်းပွဲ အရေအတွက်သည်လည်း ၁၀ မှ ၂၀ အထိ တိုးမြှင့်သွားပြီ ဖြစ်သည်။ သို့သော် ယခင်တွင် ငရုတ်သီး၊ ငရုတ်ကောင်းမှုန့်တို့ မရှိခဲ့သောကြောင့် ထိုပမာဏထိ သူ ပုံမဖော်နိုင်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူ၏ဆန္ဒ ပြည့်မြောက်သွားပြီ ဖြစ်၏။ ဂျင်ဒီနယ်မြေသို့ သွားရောက်ခဲ့သည့် ခရီးစဉ်သည် အလကား မဖြစ်ခဲ့ပေ။
စားကောင်း သောက်ဖွယ်များကို ကြိုက်နှစ်သက်သည်ဟု ထင်ရသည့် ဝမ်ရှန်းသည် အမှန်တကယ်တွင် ထိုအစားအသောက်များဖြင့် လေ့ကျင့်နေခြင်း ဖြစ်သည်ဟု မည်သူက ထင်ထားမည်နည်း။ ဝမ်ရှန်း၏ လမ်းစဉ်သည် ဤကမ္ဘာပေါ်မှ အခြားဆက်ခံခြင်း လမ်းစဉ်များနှင့် လုံးဝကို သွေဖယ်နေပေသည်။
နောက်တစ်နေ့ ဟင်းပွဲပြင်ရန် အလှည့်ကျသည့် စားဖိုမှူး နှစ်ယောက်ကို ဝမ်ရှန်းသည် ဟင်းပွဲအသစ်များ ချက်ပြုတ်ရန် မညွှန်ကြားတော့ပေ။ ထိုအစား ယခင်က ချက်ခဲ့ဖူးသည့် အရသာရှိသော ဟင်းလျာများကိုသာ ပြန်ပြင်ရန် ပြောလိုက်၏။
ယခုအချိန်တွင် ဝမ်ရှန်း၏ အရသာ ခံနိုင်စွမ်းသည် ယခင်ကနှင့် အလွန်ကွာခြား သွားပြီဖြစ်၏။ ဟင်းပွဲတစ်ပွဲကို စားလိုက်သည်နှင့် သူသည် အရသာမှန်မမှန်၊ ဘာတွေပိုပြီး ဘာတွေ လိုနေကြောင်း၊ မီးပြင်းသွားတာလား သို့မဟုတ် မီးအေးလွန်း သွားတာလား စသည့် အချက်များကို ချက်ချင်းနီးပါး ပြန်ပြောနိုင်ပေသည်။ အရသာ ပိုကောင်းသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း သူ ပြောနိုင်ပေသည်။
ယခုအချိန်တွင် ထိုစားဖိုမှူးများသည် အရသာရှိသည့် ဟင်းပွဲအသစ်များ ချက်ပြုတ်ရန် မလိုတော့ပေ။ ဝမ်ရှန်းသည် ယခင်က ဟင်းပွဲများကိုသာ ပိုမိုတိုးတက်အောင် ယခင်က လိုအပ်ခဲ့သည့် အချက်များကို ပြောဆိုပေးလိုက်၏။
ရလဒ်အနေဖြင့်၊ ထိုစားဖိုမှူးများ အလွန် ဝမ်းနည်း သွားခဲ့တော့သည်။ ဝမ်ရှန်း၏ ထူးခြားသော အရသာခံနိုင်စွမ်းက သူတို့အား သေချင်စိတ ပေါက်သွားစေခဲ့လေ၏။ သူတို့ တစ်ခုခု လွဲချော်သည်အား ဝမ်ရှန်းသည် တစ်လုတ် စားကြည့်လိုက်ရုံဖြင့် မည်သည့်နေရာ၌ လိုအပ်နေကြောင်း ပြောနိုင်နေခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် နောက်တစ်ကြိမ် ပြန်သွား ချက်ပြုတ်ရပြီ ဖြစ်၏။
ပြီးပြည့်စုံသည်အထိ ဝမ်ရှန်း၏ တွန်းအားပေး လှုံ့ဆော်မှုကြောင့် စားဖိုမှူး ခြောက်ယောက်လုံး၏ ဟင်းချက် လက်ရာနှင့် သူတို့၏ ဟင်းပွဲများသည် လွန်ခဲ့သည့် ရက်များထက် ပို၍ အထင်ကြီးစရာ ကောင်းလာပြီ ဖြစ်သည်။ နောက်ဆုံး တစ်နေ့တာလုံး ကြိုးစားပမ်းစား ချက်ပြုတ်ပြီးနောက်၊ ဝမ်ရှန်း သူတို့၏ဟင်းပွဲများကို မြည်းလိုက်သည့် အချိန်တွင် ဝမ်ရှန်း ခေါင်းညိတ် လိုက်၏။ ဆိုလိုသည်မှာ သူတို့ခြောက်ယောက်သည် သူတို့၏ဟင်းပွဲ အသီးသီးတွင် ကျွမ်းကျင် ဆရာအဆင့်သို့ ရောက်ရှိသွားခြင်းပင်။
နေ့ခင်းပိုင်း အချိန်တွင် ဝမ်ရှန်းသည် စားဖိုမှူးများအား ညွှန်ကြားကာ ညခင်းပိုင်း အချိန်တွင် သူ၏လေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင် နေခဲ့လိုက်၏။ ရက်အနည်းငယ် အတွင်းမှာပင် ဝမ်ရှန်းသည် ချီဝမ်နဂါး ၁၀၀ ကျော်ကို အဆင့်မြင့်တင်၍ ပြီးသွားခဲ့သည်။ ဤပုံစံအတိုင်း ဆိုလျှင် အနည်းဆုံး ၁၀ ရက် အများဆုံး ရက် ၂၀ အတွင်းတွင် ချီဝမ်နဂါးများ အားလုံးကို အဆင့်မြင့်တင်၍ ရနိုင်ပေသည်။
လေ့ကျင့်ရာတွင် ဝမ်ရှန်းသည် လောဘမကြီးပေ။ တစ်ရက်ကို အကောင် ၂၀ ခန့်သာ အဆင့်မြင့်တာက မနည်းမများ သင့်သင့်ပေသည်။ နေ့ခင်းပိုင်းတွင် အချက်အပြုတ်ကို လေ့ကျင့်သည့်အပြင် ဝမ်ရှန်းသည် သူ၏ခြံဝန်းကိုပါ သန့်ရှင်းရေး လုပ်တတ်၏။ သူ၏ခြံထဲတွင် ဒေါင်လိုက် ဘားတန်းများ၊ အလျားလိုက် ဘားတန်းများ၊ အလေးတုံးများ၊ ဝိတ်တုံးများ အစရှိသဖြင့်တို့ကို တပ်ဆင် ပြုလုပ်ထားလိုက်၏။ ဘာမှ လုပ်စရာမရှိသည့် အချိန်တိုင်းတွင် ကြွက်သား လေ့ကျင့်ခန်းများ လုပ်နေလေ့ ရှိပေသည်။
ဝမ်ရှန်းသည် သူ၏ကျင့်စဉ်ကျင့်သည့် အချိန်က တိုတောင်းကာ သူ၏ဝိညာဉ် စွမ်းအားက မလုံလောက်ကြောင်းကိုလည်း မမေ့လျော့ခဲ့။ ဒါ့ပြင် သူသည် အခြားကမ္ဘာမြေပေါ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး မွေးကတည်းက ဤကမ္ဘာမြေပေါ်မှ ဝိညာဉ်စွမ်းအားနှင့် ထိတွေ့နေခဲ့သည့် လူတစ်ယောက်လည်း မဟုတ်ပေ။ နေ့တိုင်း ဝိညာဉ်စွမ်းအားများက သူ၏ခန္ဓာကိုယ် အတွင်းသို့ သဘာဝအတိုင်း ဝင်ရောက်သည်ကို စောင့်ဆိုင်းကာ ခန္ဓာကိုယ်အား အားဖြည့်တင်းခြင်းက သေချာပေါက် လုံလောက်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအားများက သူ၏ခန္ဓာကိုယ် အတွင်းသို့ ပိုမိုဝင်ရောက်ရန် လှုံ့ဆော်ခြင်း နည်းလမ်းကိုသာ အသုံးပြုနိုင်၏။
ကံကောင်းစွာပင် ဤကဲ့သို့ ကြွက်သား လေ့ကျင့်ခန်းများသည် လေ့ကျင့်ခန်း လုပ်စဉ်တွင် ဝိညာဉ် စွမ်းအားများကို လုံလုံလောက်လောက် စုပ်ယူနိုင်ခြင်း ဖြစ်သည်။ ရက်ပေါင်း အနည်းငယ် ကြာပြီးနောက်တွင် ဝမ်ရှန်းသည် သူက ဝိညာဉ်စွမ်းအားများကို တစ်လစာလောက် စုပ်ယူပြီး ဖြစ်သည်ဟု ခံစားလိုက်ရ၏။
ဝမ်ရှန်းသည် စိတ်အေး သက်သာ ဖြစ်နေဟန် ရှိသော်လည်း၊ ဝမ်ရှန်း ညွှန်ကြားပေးသည့် စားဖိုမှူးခြောက်ယောက်၏ လက်ရာများကို စားသောက်နေသည့် အင်အားစု သုံးခုမှ လူများသည် သူတို့လျှာကိုပင် သူတို့ မျိုချလုမိနီးပါး ဖြစ်နေပြီ ဖြစ်သည်။
မြို့အရှင်စံအိမ်မှ လူငယ်အရွယ် ဧည့်သည် တစ်ယောက်သည် နှစ်လုတ်ခန့် စားပြီးသွားသည့် အချိန်တွင် ကြီးကျယ် ခမ်းနားသည့် တော်ဝင်မျိုးနွယ် ပုံရိပ်ကို ဂရုမစိုက် နိုင်တော့ပေ။ သူသည် ပါးစပ် ပလုတ်ပလောင်းဖြင့် အားရပါး စားသောက် လိုက်တော့သည်။
“ဒါက အဲ့လူရိုင်းကောင် အရှင်တို့ကို ချက်ခိုင်းတဲ့ ပုံစံလား” ထိုလူငယ်မှ မတ်တပ် ထရပ်ကာ စိတ်ကျေနပ်စွာ မေးလိုက်သည်။ သူသည် ပန်းကန်မလျက်ရုံ တမယ် စားသောက်ခဲ့ခြင်း ဖြစ်၏။
“အင်း ဟုတ်တယ်…”
မြို့အရှင်သည် စားပွဲထိပ်၌ ထိုင်နေကာ ထိုလူငယ်အား ပြုံး၍ ကြည့်လိုက်သည်။
“သူ ချက်ခဲ့တာပဲ။ ပြီးတော့ သူက တကယ်ပဲ လူရိုင်းတစ်ယောက် ဆိုပေမယ့် ဝူရုံမြို့ထဲမှာ သူက အဆင့်ငါး ကြေးစားတစ်ယောက်ပဲ။ သူ့ကို ဝမ်ရှန်း ဒါမှမဟုတ် အထီးကျန် ဝံပုလွေလို့ ခေါ်လို့ရတယ်။ ဒါပေမယ့် လူရိုင်းကောင်လို့တော့ မခေါ်နဲ့”
“ဘာလို့လဲ”
ထိုလူငယ်မှ အထင်သေးသည့် လေသံဖြင့် မေးလိုက်သည်။
“လျှိုသခင်လေး၊ ဒီအစားအသောက်တွေ စားပြီးတဲ့ နောက်မှာတောင်မှ သူက လူရိုင်းမဟုတ်ဘဲ ကျုပ်တို့ကပဲ တကယ့်လူရိုင်းတွေ ဖြစ်နေတာဆိုတာကို နားမလည်သေးဘူးလား”
***