အပိုင်း ၁၆၂
ယုံကြည်ချက် ပိုရှိလာခြင်း (၁)
ဝမ်ရှန်း တော်ဝင်ရတနာ စံအိမ်မှ ထွက်ခွာ သွားသော်လည်း လင်းအာသည် အနည်းငယ် ဒေါသထွက်နေဆဲ ဖြစ်၏။
“ဒီလောက်ထိ ကြီးမားတဲ့ စီးပွားရေးမျိုးကို ဘာလို့ မူပိုင် မရချင်တာလဲ”
လင်းအာမှ သူမ၏ သခင်လေးအား နှုတ်ခမ်းဆူကာ မေးလိုက်သည်။ ဝမ်ရှန်းက သူမအား ထိခိုက် နာကျင်အောင် လုပ်ခဲ့သော်လည်း ယခုအချိန်တွင် သူမ အလွန် ပျော်ရွှင် နေပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမသည် သူမ သခင်လေး၏ ရင်ခွင်အတွင်း၌ ရှိနေကာ အလိုလိုက်ခံရသည့် ကလေးတစ်ယောက်ကဲ့သို့ ပြုမူ၍ ရနေသောကြောင့်ဖြစ်၏။
“မူပိုင်ခွင့်ရတဲ့ လုပ်ငန်းတစ်ခုက ဘာတွေများ အရမ်းတွေ ကောင်းနေလို့လဲ”
လုဝမ်ဟုန်မှ ရယ်ကာ ပြောလိုက်သည်။
“မူပိုင်ခွင့်ရတဲ့ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရတာက တော်တော် လွယ်တယ်လို့ မင်း ထင်နေတာလား”
“ဟိုမိန်းမကြီးကရော အဲ့လိုပဲ လုပ်နေတာ မဟုတ်ဘူးလား”
လင်းအာမှ အနည်းငယ် လက်မခံနိုင် ဖြစ်သွားခဲ့သည်။ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်လာလျှင် သူမက သူမ သခင်လေးထက် များစွာ နောက်ကောက်ကျကြောင်း သူမ သိပေသည်။ သို့သော် ယခုအချိန်တွင် ထိုရတနာစံအိမ်မှ အမျိုးသမီးသည် မူပိုင်ခွင့် ကိုင်ဆောင်ကာ စီးပွားရေး လုပ်နေသည် မဟုတ်ပါလား။
“အပေါ်ယံ ကြည့်ရင်တော့ အဆင်ပြေတယ် ထင်ရပေမယ့်၊ သူ အိပ်မပျော်တဲ့ ညတွေ ဘယ်လောက်တောင် များနေပြီလဲဆိုတာ မင်း သိလို့လား”
လုဝမ်ဟုန်မှ လင်းအာ၏ နှာခေါင်းအား ချစ်စနိုး ဆွဲညှစ်ကာ ကလေး တစ်ယောက်အား ရှင်းပြသည့်ပုံစံဖြင့် –
“သူ့ဘေးမှာ ရှိနေတဲ့ လူဘယ်နှယောက်လောက်တောင် သူ့ရဲ့မူပိုင်ခွင့် လုပ်ငန်းကို စောင့်ကြည့် နေကြလဲဆိုတာ ကိုယ်တို့ မသိဘူး။ သူ့မှာ နေ့နေ့ညည အစောင့်တွေနဲ့ နေနေရတယ်။ နေ့ဘက်တွေမှာတောင် ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်လောက်ဘူး။ အခု ဘေးကင်း လုံခြုံနေတာပဲကို ကိုယ်တို့က သူ့လို ဖြတ်လမ်းနည်း လိုက်ပြီး သူဌေးဖြစ်အောင် လုပ်ရမှာလား”
လင်းအာမှ နားမလည်သေးကြောင်း မြင်လိုက်ရသောအခါ လုဝမ်ဟုန်မှ နောက်တစ်ကြိမ် ရှင်းပြလိုက်သည်။
“တချို့ကိစ္စတွေမှာ လျှို့ဝှက်ချက်တွေက တော်တော်ကို ရိုးရှင်းတဲ့ပုံ ပေါ်တယ်။ ဒါပေမယ့် အဲ့ရိုးရှင်းတဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်တဲ့ နည်းလမ်း ရှာတွေ့ဖို့ဆိုတာ တကယ်ကို မလွယ်ဘူးကွ။ အဲ့အမျိုးသမီးက အတွက်အချက် မှားသွားပြီး ဖြတ်လမ်းနည်းနဲ့ အောင်မြင်ချင်စော ကြီးသွားခဲ့တာပဲ။ မြွေအဆိပ်အကြောင်း ဝမ်ရှန်းပြောခဲ့တာ မှတ်မိသေးလား။ အဲဒါကမှ ကိုယ်တို့ပဲသိပြီး တခြားလူတွေ လိုက်ပြီး မတုပနိုင်တဲ့ တကယ့် မူပိုင်စီးပွားရေးပဲ”
ထိုကဲ့သို့ ပြောပြီးသည်နှင့် လုဝမ်ဟုန်သည် ဝမ်ရှန်း ချန်ရစ်ထားခဲ့သည့် ငရုတ်ကောင်းစေ့များကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။ ထို့နောက် ထိုအစေ့များထဲမှ တစ်ခုကို ဂရုတစိုက် ကောက်ကိုင်ကာ သုတ်လိုက်ပြီး ပါးစပ်အတွင်း ပစ်ထည့် လိုက်သည်။
ထိုအချိန်တွင် လင်းအာ၏ မျက်လုံးများထဲ၌ ခပ်နောက်နောက် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူမ၏ သခင်လေးက ထိုအစေ့များကို စားလိုက်သည့် အချိန်တွင် ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမှာလဲ ဆိုတာကို သူမလည်း မြင်ချင်မိပေသည်။
တော်ဝင်ရတနာ စံအိမ်ဆီသို့သာ ဝင်ကာ ဝမ်ရှန်း မြို့အတွင်းပိုင်းရှိ သူ၏အိမ်သို့ ပြန်သွားလိုက်သည်။ လူဘယ်နှယောက် လောက်က သူ့ထံမှ ဂျင်ဒီတားမြစ် နယ်မြေ၏ လျှို့ဝှက်ချက်များ အကြောင်း သိချင်နေကြလဲ ဆိုတာ သူ မသိပေ။ သို့သော် ယခုအချိန်တွင် မည်သူကမှ မြို့အတွင်းပိုင်းသို့ ဝင်ကာ ရမ်းရမ်းကားကား မပြုမူရဲကြချေ။
ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေ အတွင်းမှ ငရုတ်ကောင်းစေ့များ ကီလိုဂရမ် ဒါဇင်နှင့်ချီ ယူလာခဲ့၏။ ဤပမာဏကို ဘယ်လောက်ကြာကြာ စားလို့ရလဲ ဆိုတာကို သူ မသိပေ။ သို့သော် ရာနှင့်ချီသည့် ဟင်းပွဲအသစ်များ ချက်ပြုတ်ရန်တော့ လုံလောက်ပေ၏။ ချီဝမ်နဂါးများ အားလုံးကို အဆင့်မြှင့်တင် ပြီးသည်နှင့် ကြီးမားသောတောင် ဝါးမျိုသည့် အရှိန်သည် နှစ်ဆတိုးမြင့် သွားမည်ဖြစ်ကာ ဝါးမျိုခြင်းကလည်း အချိန်တိုအတွင်း ပြီးမြောက် သွားနိုင်ပေသည်။
ငရုတ်ကောင်းစေ့ အချို့သည် ခြောက်နေပြီဖြစ်ကာ၊ အချို့ကတော့ အကောင်းအတိုင်း ရှိနေသေးပေသည်။ ခွဲစရာ ရှိသည်များကို တစ်ခဏတာ ခွဲပြီးနောက် ဝမ်ရှန်းသည် စားဖိုမှူး နှစ်ယောက်ကို ညွှန်ကြားကာ အရိုးရှင်းဆုံး ဟော့ပေါ့ အစပ်ကို ပြုလုပ်လိုက်၏။
“စားကောင်းတာ တစ်ခုခုရှိလား”
ဟော့ပေါ့အစပ် အိုးကို စားပွဲပေါ် တင်လိုက်သည်နှင့် ဝမ်ရှန်း၏ ခြံဝန်းအတွင်းသို့ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ ရောက်လာခဲ့သည်။ ဟန်ဘင်းလီသည် ခြံထဲသို့ ရောက်သည်နှင့် လေထဲ၌ ပျံ့နေသည့် ပုံမှန်မဟုတ်သော စူးရှသည့် အနံ့ပြင်းပြင်း ရလိုက်သောအခါ မနေနိုင်ဘဲ မေးလိုက်တော့သည်။
“ကိုယ့်ဘာသာကိုယ် လာကြည့်ကြပါလား”
ဝမ်ရှန်းသည် ဤဝိညာဉ်သခင် နှစ်ယောက်နှင့် အတူရှိနေသည်မှာ အချိန်အတော် ကြာနေပြီဖြစ်၏ ထို့ကြောင့် သူသည် ပေါ့ပေါ့ပါးပါးပင် ဆက်ဆံကာ စကားထိန်းစရာ သိပ်မလိုတော့ပေ။ သူသည် စနောက်၍ “ဒါကို ကျွန်တော် ဂျင်ဒီနယ်မြေက ယူခဲ့တဲ့ ဟင်းခတ် အမွှေးအကြိုင်နဲ့ ချက်ထားတာ။ စိန်ခေါ်ရဲလား”
“လာစမ်းပါ။ ဘာစိန်မခေါ်ရဲစရာ အကြောင်း ရှိလို့လဲ။ မင်းတောင် စားနိုင်သေးတာ ငါတို့က ဘာကိစ္စ မစားနိုင်ရမှာလဲကွ”
“ဟုတ်တယ်ကွ လာလိုက်စမ်းပါ”
ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့မှ ရင်ဘတ် ပုတ်ကာ ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် ဝမ်ရှန်းရှေ့၌ ဘယ်လိုလုပ် အညံ့ခံနိုင်မည်နည်း။ အထူးသဖြင့် အစားအသောက်တွင် ဖြစ်သည်။ ဝမ်ရှန်းစားမည့် အရာကို သူတို့စားမည် ဖြစ်သည်။
ဝမ်ရှန်း၏ မျက်နှာထက်၌ ပြည်တည်တည် အပြုံး ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် အသားလွှာ တစ်လွှာကို ဟော့ပေါ့အိုး အတွင်းသို့ ထည့်လိုက်၏။ သူတို့ သုံးယောက်သည် ဤပုံစံမျိုး စားခဲ့ဖူးပေသည်။ သို့သော် ယခုအချိန်တွင် ဟင်းရည်သည် ယခင်က ဟင်းရည်များနှင့် မတူပေ။ ဟန်ဘင်းလီရော၊ အရိပ် မိန်းမစိုးရော ဝမ်ရှန်းမှ သူတို့အား သင်ကြားပေးရန် မလိုပေ။ သူတို့သည်လည်း သူတို့အကြိုက်ဆုံး အသားအစိတ်အပိုင်းများကို ဟော့ပေါ့အိုး အတွင်းသို့ ထည့်လိုက်သည်။
အရသာ ကောင်းကောင်း စားရရန်အတွက် ငရုတ်ကောင်းများဖြင့် ဝမ်ရှန်း ပထမဆုံး ချက်ပြုတ်သည့် အရာသည် ငရုတ်ကောင်းများဖြင့် ပြည့်နှက်နေသည် ဟော့ပေါ့အစပ်ဖြစ်၏။ အရသာခံ၍ စားရန်အတွက် ဝမ်ရှန်းသည် ဟင်းရည်ကို စပ်ပြဲ လန်နေအောင် လုပ်ထားခြင်း ဖြစ်သည်။ သို့သော် ဤအဘိုးအို နှစ်ယောက်သည် ဤကဲ့သို့ အစပ်အရသာမျိုးကို တစ်ခေါက်မှ မစားဖူးကြပေ၊ ထို့ကြောင့် ဘယ်လို အရသာမျိုး ဖြစ်မလဲ ဆိုတာကို သူတို့မသိကြချေ။
ဟော့ပေါ့ရည် အစပ်ထဲသို့ နစ်ထားသည့် အသားလွှာကို တူဖြင့်ဆယ်ကာ ဝမ်ရှန်းသည် အအေးခံရန်ပင် မစောင့်နိုင်တော့ဘဲ ပါးစပ်ထဲ တန်းထည့် လိုက်သည်။ သူသည် ပါးစပ်အပြည့် အားရပါးရ ဝါးကာ သူ၏မျက်နှာ ထက်တွင် ကျေနပ်မှု အရိပ်အယောင်များ အပြည့်အဝ ဖြစ်ပေါ်နေလေ၏။ ဝမ်ရှန်း၏ ထိုမျက်နှာ အမူအရာကို ကြည့်မည်ဆိုလျှင် သူသည် တစ်ကမ္ဘာလုံးရှိ အရသာအရှိဆုံး အစားအသောက်များထဲမှ တစ်ခုကို စားနေသကဲ့ပင် ဖြစ်သည်။
ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တွေဝေမနေဘဲ ဝမ်ရှန်း လုပ်သည့် အတိုင်း အသားကိုဆယ်ကာ ပါးစပ်ထဲသို့ ကောက်ထည့် လိုက်တော့၏။ ဝမ်ရှန်း၏ ဝိညာဉ်အဆင့်သည် သိပ်ပြီး မကောင်းလှပေ၊ ပုံမှန်ဆိုလျှင် သူသည် အမြဲတမ်း ဘေး၌သာ နေနေရမည့် လူဖြစ်၏။ သို့သော် အစားအသောက်နှင့် ပတ်သက်လာလျှင် ဤကောင်လေးသည် ဝူရုံမြို့အတွင်းရှိ မည်သူ့ကိုမှ တစ်ခေါက်မှ စိတ်မပျက်စေခဲ့ပေ။
အသားများက သူတို့ပါးစပ် အတွင်းသို့ ဝင်ရောက် သွားသည်နှင့် ဤအဘိုးအိုတို့ နှစ်ယောက်၏ မျက်နှာထက်တွင် အလွန်အမင်း အံ့သြရိပ်များ ချက်ချင်း ထွက်ပေါ် လာခဲ့သည်။ ရုတ်တရက် ပြင်းထန်သည့် အရသာက သူတို့ နှစ်ယောက်အား အသားကို ပြန်ထွေးထုတ်လု နီးပါးပင် ဖြစ်သွားစေခဲ့၏။ သို့သော် အစောပိုင်း၌ ရင်ဘတ်စည်တီးကာ ဝမ်ရှန်းအား ပြောခဲ့သည့် စကားကို ပြန်အမှတ်ရ သွားကာ ထွေးထုတ်ချင်စိတ်ကို အောင့်အီး ထားလိုက်သည်။
ဤအကြိမ်သည် သူတို့ ငရုတ်ကောင်း အစပ်ကို စားဖူးသည့် ပထမဆုံး အကြိမ်ဖြစ်၏။ ထိုအကြိမ်မှာပင် သူတို့သည် အလွန် ပြင်းလှသည့် အစပ်ကို စားမိသွားခြင်း ဖြစ်သည်။ အသားက ပါးစပ်အတွင်းသို့ ဝင်သွားသည်နှင့် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုး နှစ်ယောက်လုံး တစ်ကိုယ်လုံး ထူပူသွားခဲ့သည်။
သူတို့ပါးစပ်ထဲတွင် ပါးစပ်အပြည့် အသားများ ရှိနေကာ သူတို့သည် ထွေးလည်း မထုတ်ရဲ၊ မျိုလည်း မမျိုချရဲ ဖြစ်နေခဲ့ကြသည့် အတွက်ကြောင့် အသားကို ပါးစပ်အတွင်း၌ ငုံထား၍ စပ်သည့် ဒဏ်ကိုသာ ခံနေခဲ့ကြသည်။
သို့သော် ပါးစပ်က အစပ်အရသာနှင့် တဖြည်းဖြည်းချင်း နေသားကျလာသည့် အချိန်တွင် သူတို့ပါးစပ်ထဲရှိ အသားသည် သူတို့ ယခင်က တစ်ခေါက်မှ မစားဖူးသည့် နောက်ထပ် အရသာတစ်မျိုး ဖြစ်လာခဲ့၏။
အကြိမ်အနည်းငယ် ဝါးကြည့်ပြီး နောက်တွင် အသားများမှ တစိမ့်စိမ့် ထွက်လာသည့် အရသာသည် မယုံကြည် နိုင်လောက်အောင်ကို အရသာ ရှိလာခဲ့တော့သည်။
ထိုအချိန်တွင် ဝမ်ရှန်းသည် တရှူးရှူး တရှဲရှဲဖြင့် စားသောက်နေပြီ ဖြစ်၏။
အဘိုးအို နှစ်ယောက်နှင့် ဝမ်ရှန်းတို့သည် ဝမ်ရှန်း ပြင်ထားသည့် အသားများ အားလုံးကို သူ့ထက်ငါ အလုအယက် စားသောက် နေကြလေ၏။ သူတို့ပုံစံကို ကြည့်ရသည်မှာ သူတို့သည် အစားအသောက်အတွက် တိုက်ခိုက် နေသကဲ့ပင်ဖြစ်၏။ အသားများ ကုန်သွားသည့် အချိန်မှာမှ သူတို့သည်လည်း ဗိုက်ပြည့်သွားကာ အစပ်အရသာ လေချဉ်များပင် တက်နေပြီ ဖြစ်သည်။
“ဘီယာအေးအေးလေး ရှိရင်တော့ မိုက်ပြီပဲ” ဝမ်ရှန်းမှ ရေရွတ်လိုက်၏။
ထို့နောက် ရုတ်တရက် ဟန်ဘင်းလီအား တွေ့သွားကာ ဤဝိညာဉ်သခင်၏ စွမ်းရည်ကို ဝမ်ရှန်း ချက်ချင်း အမှတ်ရ သွားခဲ့သည်။ ထို့နောက် ဝမ်ရှန်းသည် မကျေမနပ်ဖြင့် သူ့ခေါင်းကိုသူ ရိုက်လိုက်လေ၏။ သူသည် ဘယ်လိုလုပ် မေ့နေနိုင်ခဲ့သနည်း။
“နောက်တစ်ခေါက် ခင်ဗျားတို့လာရင် ဝိုင်လေး ဘာလေး ယူခဲ့ပေါ့၊ ရေခဲရော။ အဲ့လိုဆိုရင် စားတဲ့အချိန်ကျ အရသာ ပိုရှိသွားပြီ” ဝမ်ရှန်းမှ ဟန်ဘင်းလီအား ပြောလိုက်သည်။
“မင်းကလည်း စောစော ကတည်းက မပြောဘူး”
ဟန်ဘင်းလီမှ မကျေမနပ် ပြောလိုက်သည်။ ဝိုင်အေးအေးလေးသာ ရှိနေမည်ဆိုလျှင် သူတို့၏ ပထမဆုံး အသားသည် အလွန်ကို မသက်မသာ ဖြစ်နေမည် မဟုတ်ပေ။ ဝမ်ရှန်း ဘာမှပြန်မပြောခဲ့ချေ။ သူက သူတို့အား အရူးလုပ်ချင်ခဲ့ခြင်း ဖြစ်ကြောင်း သိသာပေသည်။
သို့သော် အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဤအစပ် အရသာသည် တကယ်ကိုပဲ အခြား အစပ်များနှင့် မတူပေ။ သူတို့နှစ်ယောက်သည် နောက်တစ်ကြိမ် ထပ်စားချင်သေးပေ၏။
အရသာသည် တစ်ခေါက်ပြီး တစ်ခေါက် စားချင်ရလောက်သည် အထိကို အလွန် အရသာရှိနေခြင်း ဖြစ်သည်။ သို့သော် ဤဟင်းခတ် အမွှေးအကြိုင်ကို ဂျင်ဒီတားမြစ် နယ်မြေ အတွင်းမှသာ ရနိုင်ကြောင်း တွေးမိသွားသည့် အချိန်တွင် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ သက်ပြင်း ချလိုက်ကြ၏။ အရေအတွက်က အကန့်အသတ်ရှိသည့် အတွက်ကြောင့် သူတို့သည် စားချင်သည်ဆိုလျှင် ဝမ်ရှန်းအိမ်၌သာ လာစားရမည် ဖြစ်သည်။
သို့သော် အရိပ်မိန်းမစိုးသည် ဝမ်ရှန်း ယူလာသည့် ငရုတ်ကောင်းစေ့ကို ကြည့်ကာ ငရုတ်ကောင်းနှင့် ပတ်သက်သည့် အကြောင်းအရာ တော်တော်များများကို မေးလိုက်၏။ ထို့နောက် ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းသာ ညိတ်နေလိုက်တော့သည်။
ဝိညာဉ်သခင် နှစ်ယောက်ကို ပြန်ပို့ပြီးနောက် ဝမ်ရှန်း သူ၏ပုခက် ကုလားထိုင်ပေါ်၌ သက်သောင့်သက်သာ ထိုင်လိုက်သည်။ သူ၏ အစားအသောက်များ စားသောက်ခြင်း၏ အဓိကအကျဆုံး ရည်ရွယ်ချက်မှာ ချီဝမ်နဂါးများကို အဆင့်မြှင့်တင်ရန် ဖြစ်၏။
ကုလားထိုင်ပေါ်၌ ထိုင်ကာ ဝမ်ရှန်း၏ အသိစိတ်သည် ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက် သွားခဲ့သည်။ ယွမ်ဝိညာဉ်နယ်မြေ အတွင်းတွင် ဝမ်ရှန်းသည် ဟော့ပေါ့ အစပ်ကို အလျင်အမြန်ပင် လွယ်ကူစွာ ပုံဖော်နိုင်ခဲ့၏။ ချီဝမ်နဂါးများသည်လည်း ပုံဖော်ထားသည့် ဟော့ပေါ့ကို စားသောက်ကြကာ အဆင့်မြှင့် သွားကြ၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ရှန်း အပြည့်အဝ စိတ်သက်သာရာ ရသွားခဲ့သည်။
ဟင်းခတ် အမွှေးအကြိုင် တစ်ခု ပိုသွားခြင်းသာ ဖြစ်သော်လည်း အရသာသည် ယခင်ကနှင့် လုံးဝ ကွဲသွားပြီဖြစ်၏။ သို့သော် ချီဝမ်နဂါးများက ထိုအရသာကို အသိအမှတ် ပြုပေသည်။ အဓိက အချက်မှာ ယွမ်ဝိညာဉ်နယ်မြေကလည်း အသိအမှတ်ပြုခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချကာ အေးအေးချမ်းချမ်းဖြင့်ပင် ဆက်လက် ပုံဖော်နေလိုက်၏။ သို့သော် ဝမ်ရှန်းအား စောင့်ကြည့် နေကြသည့် အင်အားစုများသည် ဝမ်ရှန်းကဲ့သို့ ငြိမ်ငြိမ် မထိုင်နေကြပေ။
ဝမ်ရှန်း ဂျင်ဒီတားမြစ် နယ်မြေ အတွင်းသို့ ဝင်သွားကာ ပြန်ထွက်လာပြီ ဖြစ်ကြောင်း သတင်းကြား သိရသည့် အချိန်မှစ၍ သူတို့၏ ဂျင်ဒီတားမြစ်နယ်မြေ အကြောင်း သိချင်သည့် စိတ်က ယခင်ကထက် များစွာ ပိုမိုမြင့်တက် သွားခဲ့သည်။
ယခု ဝမ်ရှန်း ဂျင်ဒီနယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ဝင်သွားသည့် အချိန်တွင်လည်း သူ့နောက် လိုက်သွားသည့် ဝိညာဉ်သခင် ရှစ်ယောက်ထဲတွင် တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ပေ။ သို့သော် ဝမ်ရှန်းသည် ဘာအထိအခိုက်မှ မရှိဘဲ ပြန်လာနိုင်ခဲ့၏။
ပထမတစ်ကြိမ်၌ ထွက်လာနိုင်ခြင်းက ကြက်ကန်း ဆန်အိုးတိုးကာ ကံကောင်းသွားခြင်း ဆိုလျှင် ယခု ဒုတိယအကြိမ်၌ ထွက်လာ နိုင်ခြင်းသည်ကား….
***