အပိုင်း ၁၆၁
ငရုတ်ကောင်းအရသာ (၂)
ဝမ်ရှန်း၏ နောက်ဆုံး စကားများကို ကြားလိုက် ရသည်နှင့် လုဝမ်ဟုန် သူ၏သံသယ အတွေးများကို ချက်ချင်း လေထဲသို့ မျောလွင့် ပစ်လိုက်သည်။ သူ၏မျက်လုံးများ တောက်ပသွားကာ သူသည်လည်း ဝမ်ရှန်းအတိုင်း လိုက်လုပ်လိုက်၏။ သေးငယ်သည့် ငရုတ်ကောင်းစေ့ တစ်စေ့ကို ကောက်ယူကာ သုတ်လိုက်ပြီး ပါးစပ်အတွင်းသို့ ပစ်ထည့် လိုက်သည်။
လုဝမ်ဟုန်သည် ဝမ်ရှန်းကဲ့သို့ မဝါးရသေးခင်မှာပင် တံခါးပေါက်ဝမှ နေ၍ လင်းအာ၏ စူးရှကျယ်လောင်သည့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ထို့နောက် ဝမ်ရှန်းနှင့် လုဝမ်ဟုန်တို့သည် လင်းအာက တစ္ဆေသရဲ တစ်ကောင်ကဲ့သို့ အထဲသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူမသည် သူမ သခင်လေးအား ထိတ်လန့်တကြား အော်ဟစ်ကာ ပါးစပ်အား ဆွဲဖြဲလိုက်ပြီး ငရုတ်ကောင်းစေ့ကို ထွေးထုတ် စေလိုက်သည်။
လုဝမ်ဟုန် ထိုင်နေသည့် နေရာနှင့် သိပ်မဝေးသည့် တံခါးနား၌ ထိုင်နေသည့် ဝမ်ရှန်းသည် လင်းအာ၏ မျက်နှာထက်မှ မျက်ရည် စီးကြောင်းများကို မြင်နေရ၏။ သူမ ပုံစံသည် လုဝမ်ဟုန်က ငရုတ်ကောင်းစေ့ တစ်စေ့ မဟုတ်ဘဲနှင့် အလွန် အဆိပ်ပြင်းသည့် အဆိပ်ရှိပစ္စည်း တစ်ခုကို စားလိုက်သကဲ့ပင် ဖြစ်၏။
လုဝမ်ဟုန်သည် တကယ်ပဲ လင်းအာအား အလွန် ချစ်မြတ်နိုးကာ အလေးအနက် ထားပေသည်။ လင်းအာက ထိုကဲ့သို့ ပြုမူသည်ကို မြင်လိုက်ရသောအခါ သူသည် အကောင်းအတိုင်း ရှိနေသေးသည့် ငရုတ်ကောင်းစေ့အား ထွေးထုတ် လိုက်၏။ ထို့နောက် သူ၏ပါးစပ်ထဲတွင် ဘာမှမရှိတော့ကြောင်း လင်းအာအား ပါးစပ် ဟပြလိုက်၏။ တကယ်ပဲ ဘာမှ မရှိတော့ကြောင်း တွေ့လိုက်ရသည့် အခါမှ လင်းအာ စိတ်သက်သာရာ ရသွားခဲ့သည်။
ထို့နောက် ဝမ်ရှန်းဘက်သို့ လှည့်ပြီး ဝမ်ရှန်းအား ဒေါသထွက်တော့မည့် အချိန်မှာပင် ဝမ်ရှန်းက ဒုတိယမြောက် ငရုတ်ကောင်းစေ့ကို ပါးစပ်ထဲ ကောက်ထည့်ကာ အေးအေးဆေးဆေး ဝါးနေသည်ကို သူမ တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် လင်းအာ တစ်ခဏသာ ပြောစရာ စကားများ ဆွံ့အသွားတော့၏။
“စိတ်မပူပါနဲ့။ အဆိပ်မရှိပါဘူး…”
ငရုတ်ကောင်းစေ့အား ဝါးနေစဉ်တွင် ဝမ်ရှန်းသည် သူ အချိန်အတော်ကြာ အဆက်အသွယ် မဲ့နေခဲ့သည့် အစပ်အရသာအား ခံစားနေလိုက်သည်။ ယခုအချိန်တွင် သူသည် ပျော်လွန်း၍ ထအော်ချင်စိတ်ပင် ပေါက်နေပြီဖြစ်၏။
ငရုတ်ကောင်းစေ့ ၂ စေ့သာ ဝါးရသေးကာ ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေ အတွင်းမှ ချီဝမ်နဂါးများကို လှုံ့ဆော်နိုင်ခဲ့ပြီ ဖြစ်၏။ ဤအစပ်အရသာက သူတို့အတွက် အလွန် စိတ်လှုပ်ရှားစရာ ကောင်းကြောင်း မြင်နိုင်ပေသည်။
ထိုအချိန်မှာမှ လင်းအာသည် သူမ ဟာသ လုပ်လိုက်မိပြီ ဖြစ်ကြောင်း သိသွားခဲ့၏။ သူမသည် သတင်း အချက်အလက်များကို သွား၍ လှန်လှော ရှာဖွေနေခြင်းဖြစ်ကာ သူမ ရှာသည့် အရာကိုလည်း ရှာတွေ့ခဲ့၏။ ထို့နောက် သူမ အပြေးအလွှား ပြန်လာသည့် အချိန်တွင် ထိုသားရဲပေါက်စများသည် ဝမ်ရှန်းယူလာသည့် အသီးအား စားပြီးနောက် ရူးသွပ်လုနီးပါး ဖြစ်သွားကြောင်း အစေခံတစ်ယောက်မှ ပြောနေသည်ကို ကြားလိုက်ရ၏။
ထိုအချိန်မှာပင် သူမသည် သူမသခင်လေးက ထိုအစေ့အား စားလိုက်သည်ကို တံခါး အပြင်ဘက်မှ မြင်လိုက်ရသည်။ ထို့ကြောင့် သူမသည် စိတ်လွတ်ကာ ဤကဲ့သို့ အလျင်စလို ပြုမူမိသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဤအပြုအမူသည် လုံးဝကို ဟာသတစ်ခုလို ဖြစ်နေခဲ့လေ၏။ ထို့အပြင် သူမသည် ဤအပြုအမူမျိုးကို ဝမ်ရှန်းရှေ့၌ ပြုမူမိခဲ့ခြင်းဖြစ်သည်။
“တစ်ယောက်ယောက်က ဒီလိုအပင်မျိုး မြင်ဖူးခဲ့တယ်”
လင်းအာ၏ မျက်နှာ နီရဲသွားကာ သူမသည် အလျင်အမြန်ပင် စကားလမ်းကြောင်း ပြောင်းလိုက်၏။
“တောထဲက တချို့နေရာတွေမှာ ဒီလိုအပင်မျိုးတွေ ရှိတယ်၊ ဒါပေယ့် ဘယ်သူမှ တကူးတကကြီး အာရုံမစိုက်ခဲ့ကြဘူး”
ထိုစကားများမှ လွဲ၍ လင်းအာ ဘာမှ ထပ်မပြောခဲ့တော့ပေ။ မည်သည့် နေရာတွင် ရှိနေကြောင်းနှင့် ဘယ်လောက်များများ ရှိကြောင်းတို့ကို အတိအကျ မပြောခဲ့ချေ။
“ရှိတော့ ကောင်းတာပေါ့…”
ဝမ်ရှန်း ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။
“အဲ့ဒါဆိုရင် ဒါတွေယူဖို့ကို ငါ ဂျင်ဒီနယ်မြေထဲ အမြဲတမ်း သွားနေစရာ မလိုတော့ဘူးပေါ့”
“ဒါက စားလို့ရတာလား”
လုဝမ်ဟုန်သည် သူ့ဘေးတွင် လင်းအာ ရှိနေသည့် အတွက်ကြောင့် ယခုတစ်ကြိမ်တွင် သူကိုယ်တိုင် မစားတော့ဘဲ မေးသာမေးလိုက်၏။
ဝမ်ရှန်း ဘာမှပြန်ဖြေခဲ့ပေ။ ခေါင်းသာ ညိတ်ပြလိုက်သည်။ ထိုနောက် ကျေနပ်ပျော်ရွှင်နေသည့် မျက်နှာထားဖြင့် အဆက်မပြတ် ဆက်ဝါးနေလိုက်၏။
ဝမ်ရှန်း၏ ထိုပုံစံကြောင့် လင်းအာ ဒေါသထွက်သွားကာ အစေ့တစ်စေ့ကို ဒေါသတကြီး ကောက်ယူလိုက်သည်။ ထို့နောက် အစေ့ကို သေသေချာချာ ပွတ်သပ်ပြီးနောက် ပါးစပ်ထဲ ကောက်ထည့် လိုက်သည်။ ထို့နောက် ဝမ်ရှန်းအား လှောင်ပြောင်စွာ ကြည့်ကာ အစေ့ကို အားရပါးရ ကိုက်ချလိုက်တော့၏။
“အမေ့…” တစ်ကိုက်သာ ကိုက်လိုက် ရသေးကာ လင်းအာသည် သူမက ပါးစပ်အပြည့် မီးသွေးခဲများ ဝါးလိုက်ရသည်ဟု ခံစားလိုက်ရသည်။ တစ်ခေါက်မှ အစပ်မစားဖူးသည့် လူတစ်ယောက်က ဤကဲ့သို့ အရသာ ပျင်းသည့် အစပ်မျိုးကို ဘယ်လိုလုပ် တစ်ပြိုင်နက်တည်း စား၍ရမည်နည်း။
“အား….”
သူမသည် ထိုနေရာ၌ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် ထိုငရုတ်ကောင်းစေ့ကို ချက်ချင်း ထွေးထုတ် လိုက်တော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အချိန်တွင် ဝမ်ရှန်း ရယ်ချင်သွား၏။ သို့သော် လုဝမ်ဟုန် ရှက်သွားမည်ကို စိုးသောကြောင့် အောင့်အီး၍သာ နေနေလိုက်သည်။ သို့သော် သူ၏မျက်နှာထက်မှ လှောင်ပြောင်သည့် မဲ့ပြုံးကိုတော့ ဘယ်လိုမှ ဖုံးဖိထား၍ မရပေ။
လုဝမ်ဟုန် တစ်ခဏ ကြောင်အ သွားခဲ့သည်။ လင်းအာသည် သူ၏အသည်းနှလုံး ဖြစ်၏။ ထို့ကြောင့် သူသည် လင်းအာအား ဘယ်လိုလုပ် ထိခိုက်စေချင်မည်နည်း။ ထိုအချိန်တွင် သူသည် ဝမ်ရှန်းက ထိုသားရဲများ သက်သာစေရန် အတွက် ရေတိုက်ခဲ့သည်ကို သတိရ သွားလိုက်၏။ ထို့ကြောင့် သူသည် အခြားဘာကိုမှ ဂရုမစိုက် နေနိုင်တော့ဘဲ သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို အလျင်အမြန် ယူကာ လင်းအာ၏ နှုတ်ခမ်းအောက်၌ တေ့ပေးလိုက်သည်။
လင်းအာသည် လုဝမ်ဟုန်အား မည်သည့် ငြင်းဆိုမှုမှ မရှိပေ။ ထို့ပြင် သူမ၏ သခင်လေးက သူမအား ထိခိုက်နာကျင်အောင် လုပ်မည် မဟုတ်ဟုလည်း သူမ ယုံကြည်ပေ၏။ ထို့ကြောင့် သူမသည် သူမ သခင်လေး လက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်သည်။
“ဖွီး … အား…” လင်းအာထံမှ အော်ဟစ်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
လုဝမ်ဟုန်သည် ခွင့်မလွှတ်နိုင်သည့် အမှားတစ်ခုကို ပြုလုပ်လိုက်ပြီဖြစ်၏။ ထိုငရုတ်ကောင်းစေ့များက ဘာလဲဆိုတာကို သူ မသိခြင်းကြောင့်လည်း ပါပေသည်။ သူသည် လင်းအာအား ရေနွေးပူ တိုက်လိုက်ခြင်း ဖြစ်သည်။
ပါးစပ်က စပ်နေသည့် အချိန်တွင် ရေနွေးပူ သောက်ခြင်းက အခြေအနေကို သေချာပေါက် ပိုဆိုး သွားစေမည်ဖြစ်၏။ လုဝမ်ဟုန်သည် သူ ကောင်းစေချင်သည့် စေတနာဖြင့် ပြုလုပ်လိုက်သည့် အရာက တစ်ဖက်လူကို ပိုမိုဆိုးဝါး သွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုအချိန်တွင် အစပ်ပြေစေရန် အတွက် ရေအေး သောက်သင့်ကြောင်း သူက ဘယ်လိုလုပ် သိမည်နည်း…
ဝမ်ရှန်း ရှာတွေ့ခဲ့သည့် ငရုတ်ကောင်း အမျိုးအစားက အလွန် အစပ်ပြင်းသည့် အမျိုးအစား ဖြစ်သည်ဟု ပြော၍ ရပေသည်။ ထိုအစပ်သည် ဝမ်ရှန်းကဲ့သို့ အစပ်စားကြီးသည့် လူမျိုးကသာ တောင့်ခံနိုင်သည့် အစပ်မျိုးဖြစ်သည်။ ယခုအချိန်တွင် လင်းအာသည် တစ်ခေါက်မှ အစပ် မစားဖူးသည့် လူဖြစ်၏။ ထို့ကြောင့် ထိုငရုတ်ကောင်းအား စားလိုက်သည့် အချိန်တွင် သူမ ဤကဲ့သို့ ဖြစ်သွားသည်မှာ ပုံမှန်ပင်ဖြစ်သည်။
ကံကောင်းသည်က ဝမ်ရှန်းသည်လည်း သဘောကောင်း ကြင်နာတတ်သည့် လူမျိုးဖြစ်၏။ ထို့ကြောင့် သူသည် အသီးတစ်စိတ်ကို ယူကာ လုဝမ်ဟုန်အား ပေးလိုက်သည်။ ယခုအချိန်တွင် လုဝမ်ဟုန်သည်လည်း ဘာကိုမှ ဂရုစိုက် မနေနိုင်တော့ဘဲ ထိုအသီးစိတ်ကို လင်းအာအား ကျွေးလိုက်၏။ အစပိုင်းတွင် လင်းအာသည် အင်တင်တင် ဖြစ်နေသေးသော်လည်း လုဝမ်ဟုန်မှ သူမအား အလျင်အမြန် ဖျောင်းဖျကာ အသီးစိတ်အား စားစေလိုက်သည်။
အသီးစိတ်ကို စားပြီးနောက်တွင် လင်းအာ အတော်ကို နေ၍ထိုင်၍ ကောင်းသွား၏။ သို့သော် သူမသည် သူမ ပါးစပ်ထဲတွင် ကျောက်မီးသွေးများ အပြည့်လိုက် ရှိနေသေးသည်ဟု ခံစားနေရ သေးလေသည်။ သို့သော် အစောတုန်းက လောက်တော့ ခံရမခက်တော့ချေ။ ထိုကဲ့သို့ ဆိုလျှင်တောင် အစပ်အရသာသည် အမြဲတမ်း ရှိနေကာ ပျောက်သွားအောင် မလုပ်နိုင်ပေ။
“ငါပြောတာယုံ၊ နောက်ကျရင် မင်း ဒီအရသာကို သေလောက်အောင် ကြိုက်သွားမှာ”
နောက်ဆုံးတွင် ဝမ်ရှန်းသည် လှောင်ပြုံး ပြုံးနေသည်ကို ရပ်လိုက်ကာ သူအား ဒေါသတကြီး စိုက်ကြည့်နေသည့် လင်းအာအား တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ဟွန့်”
လင်းအာသည် ဝမ်ရှန်းအား ဘာစကား တစ်ခွန်းမှ ထပ်မပြောချင်ပေ၊ သူမသည် နှာခေါင်းရှုံ့ကာ တစ်ဖက်ကိုသာ လှည့်သွားလိုက်၏။ သို့သော် သူမသခင်လေးနှင့် မျက်နှာချင်း ပြန်ဆိုင်လိုက်သည့် အချိန်တွင် သူမ၏မျက်နှာ အနည်းငယ် ပြေလျော့ သွားခဲ့တော့သည်။
“အစ်ကိုလု၊ ကျုပ်သာ ခင်ဗျားဆိုရင် ကျုပ် ဒီပစ္စည်း အမျိုးအစားကို မြန်မြန်ပဲ အများကြီး ကြိုစုထားတော့မှာ”
ဝမ်ရှန်းမှ လုဝမ်ဟုန်အား ပြုံးကာ ပြောလိုက်သည်။
“ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် တတ်နိုင်သလောက် အပင်တွေတောင် အများကြီး စိုက်ရင် စိုက်ထားဦးမှာ”
“အဲ့လောက် အများကြီးနဲ့ ဘာလုပ်ဖို့လဲ”
စီးပွားရေးအကြောင်း ပြောသည့် အချိန်တွင် လုဝမ်ဟုန်သည်လည်း အလေးအနက် ဖြစ်သွားကာ တည်ငြိမ်စွာ မေးလိုက်၏။
“ပျမ်းမျှ အရေအတွက်အရ လူတစ်ယောက်က တစ်နေ့ကို ဒီလိုမျိုး တစ်စေ့စီ စားမှာပဲ”
ဝမ်ရှန်းသည် အလယ်အလတ် အရွယ်အစား ငရုတ်ကောင်းစေ့ တစ်ခုအား ကောက်ကိုင်ကာ “အဲ့ဒါကြောင့် လူတွေအားလုံး နေ့တိုင်းစားကြမယ့် ပမာဏကို ခင်ဗျားဘာသာ ခင်ဗျား တွက်ကြည့်သင့်တယ်”
“ဟင်”
လုဝမ်ဟုန် ပင့်သက် ရှိုက်ကာ ရေရွတ်လိုက်၏။ လင်းအာသည်လည်း သူမက ဝမ်ရှန်းစကားကို အရေးလုပ်သလို ဖြစ်သွားမလား၊ မဖြစ်သွားဘူးလား ဆိုတာကို ဂရုစိုက် မနေတော့ဘဲ ဝမ်ရှန်း ပြောသည့် ပမာဏကို စိတ်ထဲ၌ တွက်ကြည့် လိုက်သည်။
တစ်ရက်ထဲ၌ပင် ပမာဏ အတော်များနေပြီ ဖြစ်၏၊ တစ်နှစ်ဆိုလျှင် ဘယ်လောက်တောင် များလိုက်မည်နည်း… ထို့အပြင် ဤအရေအတွက်သည် လူတစ်ယောက်စာ အတွက်သာ ရှိသေးပေသည်။ တစ်ကမ္ဘာလုံးက ဤကဲ့သို့ စားသုံးမည် ဆိုလျှင်ရော… ဤစီးပွားရေးသည် သေချာပေါက် ကြီးမားသည့် စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်လာပေလိမ့်မည်။
“ဘယ်လောက်တောင် အကျိုးရှိလဲ ဆိုတာကတော့ တွေးမနေနဲ့”
ဝမ်ရှန်းမှ ပြုံးကာ ဆက်ပြောလိုက်၏။
“ပထမ တစ်နှစ် နှစ်နှစ်လောက် အတွင်း ကောင်းကောင်း ထိန်းနိုင်ပြီဆိုရင်၊ ပြီးတော့ အပင်တွေ အများကြီး စိုက်နိုင်မယ် ဆိုရင် ဒါကို မသိတဲ့လူ မရှိတော့ဘူး။ အဲ့လိုဆိုရင် ပိုက်ဆံမြန်မြန် ရှာလို့လွယ်ပြီပဲ”
“အစ်ကိုဝမ်ကရော ဘာလိုချင်တာလဲ”
ဝမ်ရှန်း၏စကားကို လုဝမ်ဟုန်မှ ခေါင်းညိတ်၍ တုံ့ပြန်ကာ ဝမ်ရှန်းအား ပြန်မေးလိုက်သည်။
ဝမ်ရှန်းသည် ဤကဲ့သို့သော စီးပွားရေးမျိုးကို ဘာအကြောင်းပြချက်မှ မရှိဘဲ သူ့အားပေးရန် မဖြစ်နိုင်ချေ။ သူ့ထံတွင် တောင်းဆိုစရာ တစ်ခုခု ရှိရပေမည်။ ဤအပိုင်း ကဏ္ဍတွင် လုဝမ်ဟုန်ကို ရတနာစံအိမ်မှ ဆိုင်ရှင် အမျိုးသမီးထက် ပို၍စေ့စပ် သေချာသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်ဟု ပြော၍ရပေသည်။
သူသည် အသေးစိတ် အချက်အလက် တချို့၏ အရေးပါမှုများကိုပင် သေချာစဉ်းစားတတ်၏။ ဥပမာအားဖြင့် ယခုအချိန်တွင် ဝမ်ရှန်းက သူ့အား စီးပွားရေးအကြောင်း သတင်းပေးခဲ့ပြီးပြီ ဖြစ်သည့် အတွက်ကြောင့် ဝမ်ရှန်း တောင်းဆိုလာသည့် ပမာဏကို သူ ဘယ်တော့မှ ငြင်းဆန်မည် မဟုတ်ပေ။
“ဂျင်ဒီနယ်မြေ…”
ဝမ်ရှန်းသည်လည်း တွန့်ဆုတ်မှုမရှိဘဲ သူ၏တောင်းဆိုချက်ကို တန်းပြောလိုက်သည်။
“ဂျင်ဒီတားမြစ် နယ်မြေဆိုတာ အရင်တုန်းက ဘယ်လို နေရာမျိုးလဲ။ ဘယ်တုန်းက ဂျင်ဒီတားမြစ် နယ်မြေ ဖြစ်လာခဲ့တာလဲ။ ပြီးတော့ အဲ့ထဲမှာ ဘာတွေ ရှိနေတာလဲ”
ဝမ်ရှန်း ဤမေးခွန်းများကို သိချင် နေသည်မှာ အချိန်အတော် ကြာနေပြီဖြစ်၏၊ သို့သော် ဘယ်နေရာ၌ မေးရမလဲ ဆိုတာကို သူ မသိခဲ့ပေ။ ထို့ပြင် သူ၏ဝိညာဉ် နယ်မြေထဲမှ တိုက်ပွဲဝိညာဉ်သည် ဂျင်ဒီနယ်မြေ အတွင်း၌ အလွန်အံ့သြဖွယ် ကောင်းစွာ တုံ့ပြန်နိုင်နေသည်။ ဘာလို့ ဒီလိုမျိုး ဖြစ်နေရသနည်း… ဤအကြောင်းအရင်းများကို မသိရဘူးဆိုလျှင် ဝမ်ရှန်း စိတ်ကျေနပ်နိုင်မည် မဟုတ်ပေ။
တိတိကျကျ ပြောရမည်ဆိုလျှင် သူ ဂျင်ဒီနယ်မြေ အကြောင်း သိချင်နေရသည့် နောက်ထပ် အချက်တစ်ချက် ရှိနေသေး၏။ သူ၏ဝိညာဉ်နယ်မြေ အတွင်း၌ ရှိနေသည့် တိုက်ပွဲဝိညာဉ်သည် သူ့အိပ်မက်ထဲမှ ကောင်မလေးနှင့် ဆက်စပ်မှု ရှိနေသည်မှာ သေချာပေသည်။ ထိုအရာက ဂျင်ဒီတားမြစ် နယ်မြေနှင့် မည်ကဲ့သို့ သက်ဆိုင်နေမည်ကိုလည်း ဝမ်ရှန်း သိချင်ပေသည်။
***