Switch Mode

Chapter – 160

ငရုတ်ကောင်းအရသာ (၁)

အပိုင်း ၁၆၀
ငရုတ်ကောင်းအရသာ (၁)

ကြေးစားတံဆိပ်ပြားများအား မြင်လိုက်ရသည်နှင့် ထိုလူများ မျက်နှာပျက် သွားခဲ့သည်။ ထို့နောက် ဝမ်ရှန်း၏ စကားအား ကြားလိုက် ရသောအခါတွင် သူတို့မျက်နှာများ ချက်ချင်း နီရဲသွားခဲ့တော့၏။ သူနဲ့ဘာမှမဆိုင်ဘူး… တဲ့။ ဘယ်လိုတောင် အကြင်နာတရား မရှိလိုက်တဲ့ စကားလဲ…

သို့သော် ဤနေရာသည် ဝူရုံမြို့ မြို့တွင်းပိုင်း ဖြစ်နေပြီ ဖြစ်၏။ ဤနေရာတွင် မည်သူကမှ ဝမ်ရှန်းအား ဘာမှမလုပ်ရဲပေ။ ထို့နောက် ထိုလူများသည် အရှေ့သို့ ထွက်လာကြကာ သူတို့လူများ၏ ကြေးစား တံဆိပ်ပြားများကို ပြန်ယူလိုက်ကြသည်။

“ဘယ်လိုလုပ် တစ်ခု ပျောက်နေတာလဲ”

လူတစ်ယောက်သည် သူ့အဖွဲ့ဝင်၏ ကြေးစားတံဆိပ်ပြားအား မမြင်လိုက်ရသောကြောင့် အလွန် ပျော်ရွှင်သွားခဲ့သည်။

“လူရော”

“လူသတ်ပျား ပျားအုံနားမှာ နေမှာ”

ဝမ်ရှန်းသည် ခန့်မှန်း၍ ပြန်ဖြေလိုက်၏။

“ကျုပ် သူတို့ ထွက်ပြေးလာတဲ့ လမ်းမှာ တွေ့လို့ ကောက်လာတာ ဒီကြေးစား တံဆိပ်ပြားတွေက”

“သူတို့ရဲ့ ဝိညာဉ်အဆင့်က မင်းထက် ပိုမြင့်တာပဲ။ အဲဒါကို ဘာလို့ မင်းက အသက်ရှင်နေပြီး သူတို့က သေသွားရတာလဲ”

သူတို့သည် ဒေါသကြောင့် မျက်နှာများ နီရဲနေကြပြီး သူတို့ ခက်ခက်ခဲခဲဖြင့် စေလွှတ်လိုက်သည့် ဝိညာဉ်သခင်များသည် သူတို့၏ ကြေးစားကတ်များသာ ပြန်ရောက် လာခဲ့ခြင်း ဖြစ်သည်။

“ကျုပ်မှာ လူသတ်ပျားတွေကို ရှောင်နိုင်တဲ့နည်း ရှိတယ်”

ဝမ်ရှန်းသည် ထိုမျက်လုံး မျက်နှာ နီရဲနေသည့် လူအားကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ဒါပေမယ့် သူတို့မှာ မရှိဘူးလေ”

“အဲဒါဆို မင်းက သူတို့သေတာကို ဒီတိုင်းပဲ ထိုင်ကြည့် နေခဲ့တာပေါ့”

ဝမ်ရှန်းနောက်သို့ လိုက်ရန် စေလွှတ်ခံလိုက်ရသည့် လူများသည် အံ့အားသင့်စရာ ကောင်းသည့် လူများဖြစ်၏။ သို့သော် ယခုအချိန်တွင် သူတို့အားလုံး သေဆုံးသွားပြီ ဖြစ်သည့် အတွက်ကြောင့် ထိုလူ ဒေါသထွက်နေရခြင်း ဖြစ်သည်။

“မင်းမှာ လွတ်အောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိတယ်ဆိုတာ သိသာနေတာပဲ၊ အဲဒါကို မင်းက သူတို့ကို မကယ်ခဲ့ဘူးလားကွ”

“သူတို့က ကျုပ်သားတွေ၊ ကျုပ်မြေးတွေ မို့လို့လား။ ဘာကိစ္စ သူတို့ကို ကယ်ရမှာလဲ”

ဝမ်ရှန်းမှ ခပ်ယဲ့ယဲ့ ပြုံးကာ ဆက်ဖြေ လိုက်သည်။

“အဲ့နေရာက ဂျင်ဒီနယ်မြေပဲ။ ဖြစ်လာတဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်လို့ သူတို့ကို ဘယ်သူမှ မပြောခဲ့လို့လား”

ဒေါသထွက်နေသည့် လူအပါအဝင် ထိုနေရာ၌ ရှိနေသည့် အခြားလူများ အားလုံး ပြောစရာ စကားများ ဆွံ့အ သွားခဲ့ကြသည်။ ဝမ်ရှန်း၏ အဖြေက အေးစက်သော်လည်း ယုတ္တိမရှိခြင်းတော့ မဟုတ်ပေ။

ဝမ်ရှန်းသည် မည်သူ့ထံ၌ မည်သည့် ကျေးဇူးကြွေးမှ မရှိနေပေ။ ဒါ့ပြင် ထိုလူများသည် သူ၏ဆွေမျိုးများလည်း မဟုတ်ချေ။ ထို့ကြောင့် သူ အန္တရာယ် ကြုံနေသည့် အချိန်တွင် သူသည် ဘာ့အတွက်ကြောင့် သူ့အသက်ကို စွန့်စားပြီး သူတို့ကို ကယ်ပေး ရမည်နည်း။

ထို့အပြင် ဝမ်ရှန်းသည် သူ ဂျင်ဒီနယ်မြေ အတွင်းသို့ မဝင်ခင်တွင် သူ့နောက် လိုက်လာသည့် လူများကို အမှာစကား ထားခဲ့ပြီး အကယ်၍ ဖြစ်လာသည့် အကျိုးဆက်များကို သူတို့သာ ခံရမည်ဖြစ်ကြောင်း ဂိတ်စောင့်အား သတိပေး ခိုင်းခဲ့သည်။ ထို့ကြောင့် တစ်ခုခု မှားယွင်းသွားသည့် အချိန်တွင် ဝမ်ရှန်းအား လက်ညှိုးထိုး လွှဲချခြင်းက မဆီလျော်လှပေ။

သို့သော် ဤလူများသည် ထိုအချက်ကို လက်ခံချင်ဟန် မပေါ်ကြချေ။ ဂျင်ဒီနယ်မြေ အတွင်းသို့ဝင်မည့် ဝမ်ရှန်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် မည်သူက အသက်အန္တရာယ် စွန့်စားပြီး သူ့နောက် လိုက်ခိုင်းမည်နည်း… ထို့ကြောင့် ယခု အဖြစ်အပျက်များအတွက် ဝမ်ရှန်းက တာဝန်မရှိဘူး ဆိုလျှင် မည်သူက တာဝန်ရှိနေသနည်း…

ဝမ်ရှန်းသည် သူနှင့်မဆိုင်သည့် လူများ ဘယ်နှယောက် သေသွားလဲ ဆိုတာကို ဂရုမစိုက်ပေ။ သို့မဟုတ် ဤလူများ နောက်ကွယ်မှ အင်အားစုများက သူ့အား အပြစ်တင်မလား ဆိုတာမျိုးကိုလည်း သူ ဂရုမစိုက်ပေ။ သူ့အား သတ်ချင်သည့် လူများက သူ့ကို အလွတ်ပေးမည် မဟုတ် သကဲ့သို့ သူ့အား မသတ်ချင်သည့် လူများကလည်း သူ့အား သတ်မည် မဟုတ်ချေ။

ထို့နောက် ဝမ်ရှန်းသည် ဂိတ်အစောင့်များနှင့်  သူတို့လူများကို လာစောင့်နေသည့် လူများ၏ အံ့သြတကြီး အကြည့်အောက်မှ ဝူရုံမြို့ အတွင်းသို့ တစ်လှမ်းချင်း လျှောက်ဝင် သွားလိုက်သည်။ သို့သော် သူ ချက်ချင်း အိမ်မပြန်သေးပဲ ကြေးစားခန်းမရှိရာ လမ်းဘက်သို့သာ တည့်တည့် လျှောက်သွားလိုက်၏။

ဝမ်ရှန်းသည် တော်ဝင်ရတနာ စံအိမ်ထံသို့ ဦးတည် သွားနေခြင်း ဖြစ်သည်။ တော်ဝင်ရတနာ စံအိမ်မှ ထွက်လာသည့် လူသည်  ညစ်ပတ် ပေရေနေသည့် ဝမ်ရှန်းအား တွေ့လိုက် ရသည်နှင့် လုဝမ်ဟုန်ထံသို့ ခေါ်သွားလိုက်သည်။

လုဝမ်ဟုန်ကို တွေ့သည်နှင့် ဝမ်ရှန်းသည် ငရုတ်ကောင်းပင် ပေါက်စများနှင့် လက်တစ်ဆုပ် အပြည့် ငရုတ်ကောင်း အစေ့များကို ထုတ်ကာ လုဝမ်ဟုန်နှင့် လင်းအာတို့အား ကြည့်ခိုင်း လိုက်သည်။

“မမလေး လင်းအာက ဗဟုသုတ ကြွယ်ဝတယ်မလား။ ဒါတွေကို အရင်တုန်းက မြင်ဖူးလား မသိဘူး”

ဝမ်ရှန်းမှ လင်းအာအား တိုက်ရိုက် မေးလိုက်သည်။

“ဒါတွေက အဆိပ်ရှိလား”

နောက်ပိုင်း မေးခွန်းအတွက်မူ တိုက်ရိုက် စစ်ဆေးကြည့်၍ ရပေသည်။ လုဝမ်ဟုန်သည် ငရုတ်ကောင်းပင်များကို မျက်မှောင်ကြုတ် ကြည့်ကာ အသက်ရှင်နေသည့် သားရဲပေါက်စ အချို့ကို ခေါ်လာရန် ချက်ချင်း ခိုင်းစေလိုက်သည်။ အဆိပ်ရှိမရှိ သိချင်သည်ဆိုလျှင် ဤအစေ့များကို ထိုသားရဲပေါက်စများအား ကျွေးကြည့် လိုက်ရုံသာဖြစ်၏။

သို့သော် လင်းအာသည် ငရုတ်ကောင်းပင်များကို သေချာစူးစိုက် ကြည့်ကာ အသည်းအသန် စဉ်းစားနေခဲ့၏။ ဤပစ္စည်းများသည် ဝမ်ရှန်း မသိသည့် ရှားရှားပါးပါး ပစ္စည်းများ ဖြစ်နိုင်သည်။ သူသေချာ မသိသေးလို့သာ သူမတို့ဆီ လာရောက်မေးနေပြီ မဟုတ်ပါလား။ သူမ ဝမ်ရှန်းအား အလဲထိုးနိုင် မထိုးနိုင်က ဤပစ္စည်းပေါ် မူတည်နေပေသည်။

ငရုတ်ကောင်း အစေ့များ၏ ပုံစံသည် အလွန် ထူးခြားကာ ဤပုံစံကို သူမ မှတ်တမ်း တစ်နေရာရာ၌ မြင်ဖူးခဲ့ပေသည်။ တစ်ခဏကြာ စဉ်းစားပြီးနောက်တွင် လင်းအာ၏ မျက်နှာထက်၌ အပြုံးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေ၏။

“သိပြီ”

လင်းအာ ထိုသို့ ရေရွတ်လိုက်သည့် အချိန်တွင် ဝမ်ရှန်းနှင့် လုဝမ်ဟုန်တို့မှ သူမ ဖြေလာမည့် အဖြေကို စောင့်နေလိုက်ကြသည်။ သို့သော် သူမသည် ပျော်ရွှင်တက်ကြွသည့် ခြေလှမ်းများဖြင့် ထိုနေရာမှ အပြေးအလွှား ထွက်သွား လိုက်တော့သည်။

ဤမြင်ကွင်းအား ကြည့်ကာ ဘာအဓိပ္ပာယ်လဲ ဆိုသည်ကို ဝမ်ရှန်း တကယ်မသိပေ။ ထို့ကြောင့် သူသည် လုဝမ်ဟုန်ဘက်ကိုသာ လှည့်ကြည့် လိုက်၏။ လုဝမ်ဟုန်မှ အိုးတိုးအန်းတန်း အပြုံးဖြင့် “ငါ လင်းအာကို အလိုလိုက်မိ လွန်းသွားတာ။ ဒါပေမယ့် သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေတော့ မရှိပါဘူး။ သူ ဒီပစ္စည်းတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို သွားရှာတာနေမှာ”

ထိုစကား ကြားပြီးနောက် ဝမ်ရှန်း စိတ်ပေါ့ သွားခဲ့သည်။ ထို့နောက် လုဝမ်ဟုန်နှင့် တစ်ခဏကြာ စကားစမြည် ပြောဆိုပြီး နောက်တွင် အစေခံများသည် အမျိုးမျိုးသော သားရဲပေါက်စများကို သယ်ဆောင်ကာ ရောက်လာခဲ့၏။

ဝမ်ရှန်းနှင့် လုဝမ်ဟုန်တို့မှ ဘာမှလုပ်စရာပင် မလိုပေ။ အစေခံနှစ်ယောက်မှ ပူးတွဲလုပ်ဆောင် လိုက်ကြသည်။ တစ်ယောက်သည် သားရဲ၏ပါးစပ်ကို ဟကာ အခြား တစ်ယောက်သည် ငရုတ်ကောင်းစေ့ အချို့ကို သားရဲပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် သူတို့၏ ပါးစပ်ကို ပိတ်ကာ သူတို့အား ဝါးပြီး မျိုချစေလိုက်သည်။

သားရဲထိန်းချုပ်ထားသည့် လူသည် သားရဲအား လွှတ်ပေး လိုက်သည်နှင့် ထိုသားရဲက ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ သားရဲသည် အန်ထုတ် လိုက်ချင်သော်လည်း မအန်ထုတ် နိုင်သောကြောင့် သူသည် ရူးသွပ် သွားသကဲ့သို့ ကြမ်းတမ်းစွာ ပြုမူနေလိုက်၏။

“အဆိပ်ရှိနေတာလား”

ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ လုဝမ်ဟုန် ချက်ချင်း ထိတ်လန့် သွားခဲ့သည်။ ဝမ်ရှန်း ဘာတွေ ပြန်ယူလာခဲ့တာလဲ… ဝမ်ရှန်း ယူလာသည့် ပစ္စည်းများကို စားသောက်လိုက်သည့် သားရဲသည် ဘယ်လိုလုပ် ဤပုံစံမျိုး ဖြစ်သွားခဲ့သနည်း။

သားရဲတစ်ကောင်တည်း ထိုကဲ့သို့ ဖြစ်သွားခဲ့ခြင်း မဟုတ်ပေ။ သူနှင့်အတူ တစ်ပြိုင်နက်တည်း ကျွေးခဲ့သည့် အမျိုးအစား မတူညီသော အခြားသားရဲ ခြောက်ကောင်၊ ခုနစ်ကောင်ခန့်သည်လည်း ထိုပုံစံအတိုင်းသာ ဖြစ်သွားခဲ့ကြ၏။

ထို့ကြောင့် လုဝမ်ဟုန် သူ၏မျှော်လင့်ချက်များအား လက်လွှတ် လိုက်တော့သည်။ ဤပစ္စည်းများသည် အဆိပ်ရှိသည့် ပစ္စည်းများဖြစ်၏။ အဆိပ်ဆေးဆရာ တစ်ယောက်ကို ရှာပြီးမှသာ အသုံးပြု၍ရသည့် နည်းလမ်းကို ဖော်ထုတ်ရမည် ဖြစ်သည်။

အဆိပ်ရှိလျှင် လွှင့်ပစ် လိုက်ရမည်လား… ဤပစ္စည်းများသည် ဝမ်ရှန်းကိုယ်တိုင် သူ၏အသက်ကို စွန့်စားကာ ဂျင်ဒီတားမြစ် နယ်မြေ အတွင်းမှ ယူလာခဲ့သည့် ပစ္စည်းများ ဖြစ်သည်။ ကြီးမားသည့် အကျိုးကျေးဇူး မရှိဘူးဆိုလျှင် ဝမ်ရှန်းက ဤခရီးကို သွားခဲ့မည်တဲ့လား… အဆိပ်ရှိခြင်းကလည်း တန်ဖိုးရှိသည့် အရာတစ်ခုပင် မဟုတ်ပါလော။

ဝမ်ရှန်း ထိုမြင်ကွင်းကို ကျေနပ်စွာ ကြည့်နေလိုက်သည်။ ဤသားရဲပေါက်များက ရူးသွပ် သွားသကဲ့သို့ ဖြစ်သွားသည်မှာ ပုံမှန်ပင်ဖြစ်၏။ ငရုတ်ကောင်းစေ့ များစွာကို ပါးစပ် အတွင်းသို့ သွပ်ထည့်သည်မှာ ရူးသွပ်သည့် လုပ်ရပ်ပင် ဖြစ်သည်။ ငရုတ်ကောင်းစေ့ ဟူသည့် အမျိုးသည် များများစားလေ ပိုစပ်လေ ဖြစ်စေသည့် အမျိုးပင်။

“သူတို့ကို ရေတိုက်လိုက်”

လုဝမ်ဟုန် ကိုယ်စား ဝမ်ရှန်းမှ ထိုနှစ်ယောက်အား အမိန့်ပေး လိုက်သည်။

ဝမ်ရှန်းက သူတို့သခင် မဟုတ်ဘူးဆိုပြီး သူတို့ နှစ်ယောက်သည် ဝမ်ရှန်း၏ စကားအား ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပေ။ သူတို့သည် အလျင်အမြန်ပင် ရေသွားခပ်ကာ သားရဲများအား ရေတိုက်လိုက်၏။ ရေ၏ အေးစိမ့်မှုကြောင့် သားရဲများသည် နောက်ဆုံးတွင် ပြန်လည် သက်သာလာကာ တဖြည်းဖြည်းချင်း ပြန်လည် ငြိမ်ကျသွားခဲ့၏။

တစ်ခဏ စူးစမ်းစစ်ဆေးပြီး နောက်တွင် သားရဲအချို့သည် ရူးသွပ်သည့် လက္ခဏာများ ပြသခဲ့သော်လည်း သူတို့ထဲက ဘယ်ကောင်ကမှ အဆိပ်မိသည့် လက္ခဏာ၊ အားနည်းသည့် လက္ခဏာ သို့မဟုတ် သတိလစ်မည့် လက္ခဏာမျိုး မပြသခဲ့ပေ။ အားလုံးသည် ပုံမှန်အတိုင်းပင်ဖြစ်၏။

သို့သော် အစောပိုင်းမှ သားရဲများ၏ ရူးသွပ်နေသည့် ပုံစံသည် အလွန် ပြင်းထန် လှပေသည်။ ထို့ကြောင့် လုဝမ်ဟုန်သည် ဤပစ္စည်းများက အဆိပ်ရှိမရှိကို အလွယ်တကူ မဆုံးဖြတ်နိုင်တော့ပေ။

“အစ်ကိုဝမ်…”

လုဝမ်ဟုန်သည် ဝမ်ရှန်းဘက်သို့ လှည့်ကာ စကားပြောရန် ပြင်လိုက်သည့် အချိန်တွင် လိပ်ပြာလွင့်မတတ် ဖြစ်သွားစေသည့် မြင်ကွင်းကြောင့် ပြောမည့် စကားများပင် ပျောက်သွားခဲ့တော့၏။

ဝမ်ရှန်းသည် ငရုတ်ကောင်းစေ့ တစ်စေ့ကို ကောက်ယူကာ သုတ်လိုက်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်၏။ ထို့နောက် တဖြည်းဖြည်းချင်း ဝါးစား လိုက်တော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လုဝမ်ဟုန် ဆွံ့အ သွားတော့၏။ သူသည် ဝမ်ရှန်းအား ကြောင်အစွာ စိုက်ကြည့် နေလိုက်သည်။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ရှန်းက ဤကဲ့သို့ မဆင်မခြင် လုပ်တတ်သည့် လူမျိုးဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုအပင်က အဆိပ်ရှိမရှိပင် မဆုံးဖြတ်ရသေးပေ။ အဲဒါကို ဝမ်ရှန်းက ဘာလို့ သူကိုယ်တိုင် စားလိုက်သနည်း။

“ဟုတ်ပြီကွ”

အကြိမ် အနည်းငယ် ဝါးပြီးနောက် ဝမ်ရှန်း၏ မျက်နှာထက်တွင် စိတ်ကျေနပ်သည့် အပြုံး ဖြစ်ပေါ်လာခဲ့သည်။

“ဒါပဲ၊ ပစ္စည်းကောင်းပဲကွ”
***

Comment

Leave a Reply

Options

not work with dark mode
Reset