အပိုင်း ၁၅၉
ငါနဲ့ဘာမှမဆိုင်ဘူး (၂)
ဝမ်ရှန်းဘေးမှ ဖြတ်ပြေးသွားသည့် ဝိညာဉ်သခင်များ ထဲ၌ ဤလူသည် အသက်ရှင် ကျန်ရစ်သည့် တစ်ဦးတည်းသော လူဖြစ်၏။
သို့သော် သူသည် အသက်မျှင်မျှင်သာ ကျန်တော့ကာ အသက်ရှိ နေသေးသည် ဆိုရုံမျှသာ ရှင်နေခြင်းဖြစ်သည်။ သူ၏မျက်နှာသည် ဖြူဖျော့နေကာ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ရွှဲစိုနေ၏။ မြင်တွေ့ရသည့် အနေအထားအရ သူသည် မြစ်ထဲမှ တက်လာခြင်း ဖြစ်ရပေမည်။
ဤကဲ့သို့ အရေအတွက် များပြားလှသည့် လူသတ်ပျား အုပ်စုနှင့် ကြုံတွေ့ရသည့် အချိန်တွင် ထိုပျားများကို ရှောင်ရှန် ရေထဲသို့ ခုန်ချခြင်းသည် အလွန် အကျိုးရှိသည့် နည်းလမ်း တစ်ခုဖြစ်၏။ ပျားများက ရေထဲသို့ တိုးဝင်ကာ နောက်သို့ ဆက်လိုက်၍ မရသောကြောင့် ဤအချက်သည် လူသိများသည့် အချက်တစ်ချက်လည်း ဖြစ်ပေသည်။ ရေထဲ၌ ကောင်းမွန်စွာ ပုန်းအောင်းနေမည် ဆိုလျှင် ပျားအုပ်စုသည် ရွေးချယ်စရာ မရှိဘဲ နောက်ပြန်လှည့် သွားမည်ပင်။
သို့သော် ဝမ်ရှန်းသည် ဉာဏ်ကောင်းလှသည့် ထိုလူအားကြည့်ကာ ခေါင်းခါ ယမ်းလိုက်၏။ ထို့နောက် သူအား ကြည့်ကာ .. “ဂျင်ဒီနယ်မြေထဲက မြစ်ထဲကို ခုန်ချရဲတာပဲ မိုက်တယ်… ခင်ဗျားက တစ်ခုခုတော့ တစ်ခုခုပဲ”
အသက်ရှင် ကျန်ရစ်နေသည့် ထိုလူသည် မည်သည့် ဒဏ်ရာမှ ရရှိဟန် မပေါ်ပေ။ သို့သော် အကြောင်းပြချက် တချို့ကြောင့် သူသည် အလွန်ကို အားနည်းနေကာ မျက်လုံးပင် မဖွင့်နိုင်ပေ။ ထိုအချိန် ဝမ်ရှန်း အသံအား ကြားလိုက်ရသောအခါ သူ၏မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ၏နှုတ်ခမ်းများသည်လည်း နှစ်ကြိမ်တိုင်တိုင် လှုပ်ရှားသွားခဲ့၏။ သူ တစ်ခုခု ပြောချင်နေဟန် ရှိသော်လည်း ဘာသံမှ မထွက်လာခဲ့ပေ။
ဝမ်ရှန်း ဆောင့်ကြောင့် ထိုင်ချကာ ထိုအသက်ရှင် ကျန်ရစ်သူ၏ အင်္ကျီလက်ကို ဓားမြှောင်ဖြင့် ဂရုတစိုက် ဖြဲချလိုက်သည်။ ထို့နောက် သူ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည့် မြင်ကွင်းအား မြင်လိုက်ရတော့၏။
အသက်ရှင် ကျန်ရစ်သူ၏ လက်မောင်း တစ်ဖက်တွင် ထူထပ်ကြီးမားသည့် အမည်းရောင် မျှော့ ၁၇ ကောင် ၁၈ ကောင်ခန့် တွေ့လိုက်ရသည်။ ဤမျှော့များကို ကြည့်ခြင်းဖြင့် သွေးများ တဝတပြဲ စုပ်ထားပြီးကြောင်း သိသာပေသည်။
ဝမ်ရှန်းသည် သူ၏ကမ္ဘာမြေပေါ်၌ ရှိစဉ်တွင် တောတောင် အတွင်း သွားလာနေစဉ်၊ သို့မဟုတ် ရေထဲ၌ ရှိနေစဉ် အချိန်တို့တွင် မျှော့များကို အထူးသတိထား၍ နေသည်။ ရေထဲ ဆင်းလိုက်သည်နှင့် ခန္ဓာကိုယ်တွင် မျှော့ကပ်မကပ် ချက်ချင်း စစ်ဆေးကြည့်ပြီး တောတွင်း သွားလာချိန်၌လည်း သတိအမြဲကပ်ထားပြီး စစ်ဆေးသည်။ ဝတ်ထားသည်တို့မှာ လုံလုံခြုံခြုံ ဖြစ်မနေပါက မျှော့များ ကျွတ်များ တွယ်ရန် လွယ်ကူပေသည်။
မျှော့တစ်ကောင်၏ ခေါင်းသည် စုပ်ခွက်ပုံစံဖြစ်ကာ လူကို မေ့မြော သွားသည်အထိ စုပ်နိုင်ပေသည်။ ခန္ဓာကိုယ်တွင် လာကပ်သည်နှင့် ဖယ်ခွာပစ်ရန် မလွယ်တော့ချေ။ မျှော့တစ်ကောင်သည် လူတစ်ယောက် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်အား တွယ်လိုက်သည်နှင့် သူ၏စုပ်ခွက်ကို အသုံးပြုကာ အရေပြားမှ တစ်ဆင့် သွေးများကို စုပ်ယူလိုက်၏။ စုပ်ယူသည့် သွေးပမာဏသည် အလွန်များပြားက ခန္ဓာကိုယ် အလေးချိန်၏ နှစ်ဆ၊ ဆယ်ဆနှင့် ညီမျှပေသည်။
အသက်ရှင် ကျန်ရစ်သည့် ဝိညာဉ်သခင်သည် ဤအချက်၌ အငိုက်မိသွားခဲ့၏။ ဟုတ်ပါသည်၊ သူသည် ရေထဲတွင် ဤမျှော့များကို အချိန်အတော်ကြာ ခုခံနိုင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် သူ၏အာရုံများသည် လူသတ်ပျားများပေါ်၌သာ အပြည့်အဝ ကျရောက် နေခဲ့ခြင်းဖြစ်ရာ ရေထဲ၌ တိတ်တဆိတ် တောင့်ခံနေခြင်းမှလွဲ၍ သူသည် မျှော့များကို ဘယ်လိုလုပ် ဖယ်ရှား ပစ်နိုင်မည်နည်း။
လက်မောင်း တစ်ဖက်တည်း၌ပင် မျှော့များ အများအပြား ရှိနေပြီဖြစ်လေရာ အခြားနေရာများတွင်လည်း ဘယ်လောက်တောင် များနေမလဲဆိုတာ တွေးကြည့်၍ ရပေသည်။ ဝမ်ရှန်းသည် ထိုအသက်ရှင် ကျန်ရစ်သူ၏ အခြားလက်တစ်ဖက်၏ အင်္ကျီလက်ကို ထပ်မဖြဲတော့ဘဲ သူ့အား ဒီတိုင်းသာ ကြည့်နေလိုက်တော့၏။ ကံကောင်းသည်က သူ့မျက်နှာထက်တွင် မျှော့တစ်ကောင်မှ မရှိနေခဲ့ပေ။ သို့သော် သူ့ခေါင်းနောက်တွင် ဆံပင်များ အထွေးလိုက် ကျွတ်နေလေ၏။
ဤမျှော့များသည် ဂျင်ဒီနယ်မြေမှ မျှော့များ ဖြစ်သည်။ သူတို့က အဆိပ်ပြင်းမပြင်း ဆိုတာကို ဝမ်ရှန်း မသိနိုင်ပေ။ သို့သော် ဂျင်ဒီနယ်မြေ အတွင်း၌ အသက်ရှင် ရပ်တည်နိုင်သည့် မျှော့များသည် ရေထဲသို့ ပြုတ်ကျလာသည့် ပဥ္စမအဆင့်နှင့် ဆဌမအဆင့် သားရဲများကိုပင် ခြောက်သွေ့ သွားသည်အထိ စုပ်နိုင်သည့် အင်အားကြီးများသော မျှော့များ ဖြစ်သည်မှာ သေချာပါသည်။
ထိုအခြေအနေမျိုးတွင် လူသားတစ်ယောက်သည် မြစ်အတွင်း ခုန်ချခဲ့ကာ မျှော့များစွာ၏ စုပ်တွယ်ခြင်းကို ခံခဲ့ရ၏။ ယခုအချိန်အထိ သူ အသက်ရှင် နေခြင်းသည်ပင် ကံကောင်းနေပြီဖြစ်သည်။
သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ သွေးများ အားလုံး ခြောက်သွေ့လုနီးပါး စုပ်ယူခံထားရလေသည်။
ဤအသက်ရှင် ကျန်ရစ်သူက ဤအချိန်အထိ တောင့်ခံ နိုင်နေခြင်းမှာ သူ၏ကျင့်စဉ်က မြင့်မားသောကြောင့်ပင်။ ဝမ်ရှန်း ထိုလူအား တဖြည်းဖြည်းချင်း စစ်ဆေး ကြည့်လိုက်သည်။
ထိုအသက်ရှင် ကျန်ရစ်သည့် လူသည် ဝမ်ရှန်းအား မြင်လိုက်ရသည့် အချိန်တွင် အမှန်တကယ်ကို စိတ်သက်သာရာ ရသွားခဲ့၏။ ဝမ်ရှန်းရှေ့၌ပင် သူ၏ နောက်ဆုံး ထွက်သက်မှာ ချုပ်ငြိမ်းရတော့မည်။ သူ တကယ်ကို မသေချင်ပေ။ သူသည် ကြောက်စရာ ကောင်းသည့် လူသတ်ပျားများကြောင့် မသေခဲ့သော်လည်း ကြီးမားသည့် မျှော့အုပ်စု၏ လက်ချက်ကြောင့် သေဆုံးရတော့မည်။ သူ တကယ်ကိုပဲ မသေချင်သေးပေ…
ဝမ်ရှန်းသည် သူ့လက်တွင်း၌ အဖြူရောင် ကြေးစားတံဆိပ်ပြား ၅ ခုရှိနေပြီ ဖြစ်သည်။ အစောပိုင်း၌ မီးတုတ်ကိုင်ထားသည့် လူသည် အပြာရောင်ကြေးစား တံဆိပ်ပြားကို ကိုင်ဆောင်ထားသည့် လူဖြစ်၏။ ယခု နောက်ဆုံး အသက်ရှင် ကျန်ရစ်သူထံမှလည်း နောက်ထပ် အပြာရောင်ကြေးစား တံဆိပ်ပြားတစ်ခု ရှာတွေ့ခဲ့သည်။
ဤလူများသည် သူတို့ဘာသာသူတို့ ဝမ်ရှန်းနောက် လိုက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူ့မျက်စိရှေ့၌ သေဆုံးသည်ကို မြင်ခဲ့ရသော်လည်း ဝမ်ရှန်း မည်သို့မှ မခံစားမိချေ။ ထို့အပြင် ဝမ်ရှန်းသည် သူတို့အား ဂိတ်စောင့်များမှ တစ်ဆင့် အကြံပေး မှာကြားခဲ့ပြီး ဖြစ်၏။ သူတို့ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်မည်ဆိုလျှင် ဤနယ်မြေအတွင်း၌ ထာဝရ နေနေသွားရနိုင်ခြေ ရှိကြောင်း အသိပေးခဲ့သည်သာ..
သို့သော် .. နားမထောင် သူများအတွက် ဝမ်ရှန်း မည်သို့များ တတ်နိုင်ပါမည်နည်း။
ဝမ်ရှန်းသည် သူ၏ ငရုတ်ပင်၊ ငရုတ်ကောင်းပင် ရှာရန် ခရီးကို ဆက်လိုက်၏။ သူ့နောက်သို့ လိုက်လာသူ မည်သူမှ မရှိတော့ချေ။ ထို့ကြောင့် ထိုအန္တရာယ်များသည့် သားရဲများကို ဘုမသိ ဘမသိ သွား၍ ရန်စတော့မည့်သူ ရှိတော့မည် မဟုတ်ပေ။ ဝမ်ရှန်း၏ အဆင်ပြေပြေ ရှေ့ဆက်လှမ်းနိုင်ခဲ့သည်။ သို့သော် သူလိုရာသို့ ရောက်ရန် အချိန် တစ်ရက်ကျော် ကြာမြင့်ခဲ့ပေသည်။
ဝမ်ရှန်း၏ မှတ်ဉာဏ်သည် အတိအကျကို မှန်ကန်ခဲ့သည်။ သူသည် လွန်ခဲ့သည့် သုံးလ၌ မြင်ခဲ့သည့်အရာကို ရှင်းရှင်းလင်းလင်း မှတ်မိနိုင်ပေသည်။ ထူးခြားသည့်ပုံစံနှင့် အပင်မျိုး အမှတ်အသားမျိုးသာ ဖြစ်ပါက ပြောစရာပင် မလိုပေ။
ဝမ်ရှန်းသည် သူလိုအပ်သည့် အပင်ကို တွေ့လိုက်ပြီ ဖြစ်သော်လည်း ချက်ချင်း မမြည်းစမ်းရဲချေ။ ဤအစေ့သည် ဂျင်ဒီနယ်မြေ အတွင်း၌ ပေါက်ရောက်နေသည့် အပင်မှ အစေ့ဖြစ်သည်။ ထို့ကြောင့် အဆိပ်ရှိမရှိကို အရင်စမ်းစစ် ကြည့်ရန်အတွက် ယူသွားရပေမည်။
ဤအစိမ်းရောင် ငရုတ်ကောင်းပင်သည် တောင်စောင်း တစ်ဝက်၌ ပေါက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်းသည် အပင်အချို့ကို သေချာဂရုတစိုက် ခူးယူကာ သိုလှောင်လက်စွပ် အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် အကောင်းအတိုင်း ရှိနေသည့် အပင်တချို့ကိုပါ ယူလာခဲ့သေး၏။ သူ လိုအပ်သည့် အရာကို ရရှိပြီးနောက်တွင် ဝမ်ရှန်း သူ၏အပြန်လမ်းခရီးကို စတင် လိုက်တော့သည်။
သို့သော် လာရာ လမ်းအတိုင်း ပြန်ရန်က မည်သို့မှ မဖြစ်နိုင်ချေ။ ဂျင်ဒီနယ်မြေ အတွင်းတွင် သားရဲများသည်လည်း လွတ်လွတ်လပ်လပ် သွားလာတတ်ကြ၏။ လာသည့် အချိန်၌ အန္တရာယ်မရှိ၍ ပြန်သည့် အချိန် အန္တရာယ် ကင်းလိမ့်မည်ဟု ရာနှုန်းပြည့် တွက်၍ မရပေ။ ဤသည်ကပင် ဝိညာဉ်သခင် အများစုက ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် ပြန်မထွက်နိုင်သည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်လေသည်။
မည်သို့ပင်ဆိုစေ ဝမ်းရှန်းသည် ဤအချက်အား ဂရုမစိုက်ပါချေ။ သူသည် အချိန်မရွေး နေရာမရွေး အန္တရာယ်ကို ကြိုတင်ခံစားနိုင်ပြီး လမ်းကြောင်းအမှန်ကို ရှာတွေ့နိုင်လေရာ တော်တော်တန်တန် အန္တရာယ်နှင့် ကြုံရမည် မဟုတ်ပေ။
ဝူရုံမြို့အတွင်း၌ ဝမ်ရှန်းအား စောင့်မျှော်နေကြ သူတို့သည် ဤရက်ပိုင်းသည်ပင် တစ်နှစ်လောက် ကြာမြင့်သည်ဟု ခံစားနေကြရ၏။ ရက်အတန် ကြာသည်အထိ ဝမ်ရှန်းအကြောင်း ဘာသတင်းမှ မကြားရခြင်းက သူတို့အား နေမထိထိုင်မသာ ဖြစ်လာစေခဲ့သည်။ သူတို့သည် သူတို့ စေလွှတ်လိုက်သည့် ဝိညာဉ်သခင်များ၏ လုံခြုံရေးကို စိုးရိမ်နေကြရုံ သာမက ထိုသူတို့ ဝမ်ရှန်းအား ခြေရာပျောက် သွားမည်ကိုပါ စိုးရိမ်နေခဲ့ကြသည်။ ဤနေမထိ ထိုင်မသာ ဖြစ်စေသည့် ခံစားချက်မှာ သူတို့ခေါင်းကို နံရံဖြင့် ပြေးဆောင့်ချင်စိတ်ပင် ပေါက်မိစေသည်။
တစ်နေ့ ဂိတ်မြို့ရိုးပေါ်မှနေ၍ ဂျင်ဒီနယ်မြေဘက်သို့ စိုက်ကြည့်နေသည့် ဂိတ်စောင့်၏ မြင်ကွင်းထဲသို့ ဝမ်ရှန်း ဝင်ရောက်လာသည့် အချိန်တွင် ထိုဂိတ်စောင့်မှာ စိတ်လှုပ်ရှား သွားခဲ့သည်။ ထိုအခိုက်အတန့် အတွင်းမှာပင် ဝမ်ရှန်း ပြန်ရောက်လာပြီ ဖြစ်ကြောင်း သူပြောလိုက်သည့် သတင်းသည် ဝူရုံမြို့တစ်မြို့လုံးသို့ အလွန်လျင်မြန်စွာဖြင့် ပျံ့နှံ့သွားတော့၏။
ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သွားခဲ့ကာ ဘေးအန္တရာယ်ကင်းကင်း ပြန်ထွက် လာနိုင်ခဲ့ပြန်ပြီ။ ဤအချက်မှာ ဝမ်ရှန်းသည် အမှန်တကယ်ကို ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်ကြောင်း နောက်တစ်ကြိမ် အတည်ပြုလိုက်ခြင်းပင် ဖြစ်၏။ ဝမ်ရှန်း မြို့ဂိတ် တံခါးဝသို့ ရောက်သည့် အချိန်တွင် လူပေါင်းများစွာက သူ့အား စောင့်နေကြပြီ ဖြစ်သည်။
“မင်းတစ်ယောက်တည်း ထွက်လာတာလား”
စောင့်နေသည့် ဝိညာဉ်သခင်များသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝမ်ရှန်းနောက် လိုက်ဝင်သွားခဲ့ကြသည့် ဝိညာဉ်သခင်များကို ထက်ကြပ်မကွာ ပါလာလေမလား မျှော်လင့်ချက်ဖြင့် ကြည့်နေကြသည်။
သို့သော် ဝမ်ရှန်းက မြို့ဂိတ်တံခါးဝသို့ ရောက်လာပြီ ဖြစ်သော်လည်း သူတို့ လူများက မပေါ်လာသေးပေ။ ရုတ်တရက် လူအချို့ စိုးရိမ်စိတ်များ ဝင်လာခဲ့ကြသည်။ မေးသင့်မမေးသင့် မစဉ်းစားတော့ဘဲ သူတို့သည် ဝမ်ရှန်းအား မေးလိုက်တော့၏။
“ဟုတ်တယ်၊ ကျုပ်တစ်ယောက်တည်းပဲ” ဝမ်ရှန်းသည် ထိုကဲ့သို့ပြောကာ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
မြို့ဂိတ်တံခါး၌ စောင့်နေသည့် လူများအားလုံးသည် တစ်ယောက်ကို တစ်ယောက် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့ လွှတ်လိုက်တဲ့ လူတွေကရော… ထိုလူများ အားလုံးသည် ဝိညာဉ်သခင်များ ဖြစ်သည်။ ထိုဝိညာဉ်သခင်များ အားလုံးက ဘယ်လောက်ထိ ခွန်အားကြီးမားလဲ ဆိုတာကို သူတို့ အသိဆုံးသာဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် ဝမ်ရှန်းထက် များစွာ ခွန်အား ကြီးမားပေသည်။ သို့သော်….
“ခင်ဗျားတို့ တစ်ယောက်ယောက်ကို စောင့်နေကြတာလား”
ဝမ်ရှန်းသည် မြို့ဂိတ်တံခါး ပေါက်ဝ၌ ရပ်ကာ ထိုလူများအား မေးလိုက်၏။
“ပြောရမယ်ဆိုရင် ကျုပ် ဂျင်ဒီတားမြစ် နယ်မြေထဲမှာ လူတချို့နဲ့ တွေ့ခဲ့သေးတယ်”
“ဟုတ်ပြီ . .ဟုတ်ပြီ.. . အခု . . သူတို့ .. သူတို့က ဘယ်မှာလဲ”
ဝမ်ရှန်းစကားအား ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားနေသည့် လူတစ်ယောက်မှ ချက်ချင်း ထမေးလိုက်တော့၏။
ဤလူကို ဝမ်ရှန်း တော်တော် ရင်းနှီးပေသည်။ နောက်ဆုံး လေလံအိမ် အတွင်း၌ ဝမ်ရှန်း သူ့အား တွေ့ခဲ့ဖူး၏။ သူသည် မိသားစုတစ်ခုခု၏ ကိုယ်စားလှယ် ဖြစ်ရပေမည်။ စောင့်နေသည့် လူများထဲတွင် ဝမ်ရှန်း နှစ်ယောက်၊ သုံးယောက်မျှ မျက်မှန်းတန်းမိသည်။ သို့သော် သူတို့အားလုံးသည် တည်ငြိမ်နေကြကာ ဤလူကဲ့သို့ စိတ်မစောနေပေ။
ဝမ်ရှန်းသည် ဘာမှပြန်ဖြေဘဲ ခေါင်းသာ ခါယမ်းလိုက်၏။ ထို့နောက် ဆုပ်ကိုင်ထဲသည့် သူ၏ လက်ကို တဖြည်းဖြည်း ဖြန့်ပြလိုက်လေသည်။ လက်ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏လက်ထဲ၌ ကြေးစားတံဆိပ်ပြား အထပ်လိုက် ပေါ်လာခဲ့သည်။
အဖြူရောင် တံဆိပ်ပြားငါးခုနှင့် အပြာရောင် တံဆိပ်ပြားနှစ်ခုတို့မှာ စောင့်ကြည့်နေသူတို့ ရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။
“ပထမဆုံးအနေနဲ့ သူတို့သေတာက ကျုပ်နဲ့ ဘာမှမဆိုင်ဘူးလို့ ကြိုပြောချင်တယ်” ဝမ်ရှန်းမှ ပြောလိုက်၏။
“သူတို့က လူသတ်ပျားအုံနဲ့ ကြုံတွေ့ခဲ့ပြီး ကျုပ်တောင် သူတို့ကြောင့် သေတော့မလို့”
***