အပိုင်း ၁၅၈
ငါနဲ့ဘာမှမဆိုင်ဘူး (၁)
ဝမ်ရှန်းနောက် လိုက်လာခဲ့ကြသည့် ဝိညာဉ်သခင်များသည် အသေအချာကို ဂရုစိုက်ကြသော်လည်း ဝမ်ရှန်းက အန္တရာယ်ကို ခန့်မှန်းနိုင်သည် ဆိုတာကို သူတို့ မယုံကြည်ကြပေ။ ထို့အတွက်ကြောင့်ပင် သူတို့အုပ်စုအတွင်းမှ ခွဲထွက်သွားသည့် ဝိညာဉ်သခင် နှစ်ယောက်သည် အားလုံးအတွက် အဖြစ်ဆိုးကြီးကို သယ်ဆောင် လာပေးခဲ့တော့သည်။
၁၀ မိနစ်ခန့် အရှေ့သို့ လျှောက်သွား ပြီးနောက်တွင် သူတို့နှစ်ယောက်အား ရူးသွပ် သွားစေနိုင်သည့် မြင်ကွင်း တစ်ခုအား မြင်လိုက်ရ၏။ ညာဘက်၌ ရှိနေသည့် တောင်ကြား အတွင်းတွင် ကြီးမားသည့် လူသတ်ပျားအုံတစ်ခု ရှိနေလေသည်။
ဤပျားအုံကို အစောကတည်းက မြင်ခဲ့မည်ဆိုလျှင် သူတို့သည် အဝေးကတည်းက ပတ်သွားခဲ့မည်သာ။ သူတို့၏ဝိညာဉ် အဆင့်ဖြင့်ဆိုလျှင် ဤလူသတ်ပျားများ သူတို့ကို သတိမထားမိအောင် လုပ်ရန် မခက်ခဲပေ။
သို့သော် တောင်ကြားသည် ကွယ်နေပြီး သူတို့သည် ဤနေရာသို့ ရောက်လာသည့် အချိန်မှသာ တောင်ကြားအနောက်မှ ပျားအုံကို တွေ့ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့ရောက်နေသည့် အကွာအဝေးသည် လူသတ်ပျားများ သတိထားနိုင်သည့် အကွာအဝေး အတွင်းသို့ ရောက်နေပြီဖြစ်ရာ အရာရာ နောက်ကျ သွားတော့သည်။
ရလဒ်အနေဖြင့် ထိုဝိညာဉ်သခင် နှစ်ယောက် ကံဆိုးမိုးမှောင် ကျသွားလျက် သောင်းနှင့် ချီသည့် လူသတ်ပျားများသည် သူတို့အား လိုက်တုပ် ကြတော့၏။ လူသတ်ပျား တစ်ကောင်စီသည် ပထမအစောပိုင်း အဆင့်သာ ရှိသော်လည်း သူတို့သည် အသားစား ငါးများ သကဲ့သို့ပင်။ အရေအတွက်များလျှင် သူတို့ကို ကိုင်တွယ်၍ မရနိုင်တော့ပေ။
သို့သော် နှစ်ယောက်ထဲမှ တစ်ယောက်သည် လျင်မြန်စွာ တုံ့ပြန်ကာ လာရာ လမ်းကြောင်းအတိုင်း ပြန်လှည့်ပြီး အခြားသူများထံ ပြန်ပြေး သွားလိုက်သည်။ သနားစရာ ကျန်နေခဲ့သူမှာ မီတာ အနည်းငယ်သာ ပြေးလိုက်ရပြီး လူသတ်ပျားများက သူ့အား မှီသွားခဲ့၏။ ထိုအခိုက်အတန့်မှာပင် သူသည် ဓားကို လွှဲယမ်းလျက် ရုတ်ခြည်းပင် သူ့ကိုယ်သူ ကာကွယ်လိုက်၏။
သို့သော်ငြား သူ မည်မျှပင် လွှဲယမ်းခုတ်ပိုင်း စေကာမူ လူသတ်ပျားများ၏ အရေအတွက်မှာ များပြားလေရာ မကြာမီတွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးပေါ်တွင် လူသတ်ပျားများ ဝိုင်းအုံသွားတော့၏။ သူသာ ပျားတစ်ကောင်တလေကိုမှ မသတ်ခဲ့ဘူးဆိုလျှင် သူ့အတွက် ပိုကောင်းချင်ပိုကောင်း သွားနိုင်ပေသည်။ သို့သော် သူသည် ထိတ်လန့်တကြားဖြင့် ပျားများစွာကို သတ်မိသွားခဲ့ပြီ ဖြစ်သည်။
လူသတ်ပျား တစ်ကောင်ချင်းစီသည် ခုနစ်စင်တီမီတာ၊ ရှစ်စင်တီမီတာခန့် (၃လက်မ- ၃ လက်မကျော်)ရှည်လျားကာ သူတို့၏ အမြီးဆူးချွန်သည်ပင် လေးစင်တီမီတာ ကျော်ပေသည်။ ဒါ့ပြင် သူတို့၏ ထိုအမြှီးများသည် သံမဏိထက်ပင် မာကျောနေ၏။ ဝိညာဉ်သခင်များသည် အကာအကွယ် အဝတ်အစားများကို ဝတ်ဆင်ထားကာ သူတို့၏ ခန္ဓာကိုယ်အား ကာကွယ်ရန် ဝိညာဉ်စွမ်းအားကို အသုံးပြုလျှင်ပင် များပြားလှသည့် လူသတ်ပျားများ၏ အမြှီးများကို မကာဆီးနိုင်ပေ။
နောက်ကောက်ကျ ကျန်ခဲ့သည့် ထိုဝိညာဉ်သခင်သည် သူ၏ခန္ဓာကိုယ် အတွင်းသို့ ပထမဆုံး ပျားတစ်ကောင်၏ အမြှီး ထိုးစိုက်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သံပူဖြင့် ရိုက်နှိပ်ခံ လိုက်ရသကဲ့သို့ နာကျင်စွာ ခံစားလိုက်ရသည်။ သို့ဖြစ်လေရာ နောက်ပိုင်း သူ၏ခန္ဓာကိုယ်အား ထိုးစိုက်လာသည့် အမြှီးရှည်များကို သူ ထပ်၍ မကာကွယ်နိုင်စွမ်း မရှိတော့ပေ။
“အား…”
စူးရှကျယ်လောင်သည့် အော်ဟစ်သံများသည် အရှေ့မှ ထိတ်လန့်တကြား ထွက်ပြေးနေသည့် လူ၏ခြေလှမ်းများကို ပို၍မြန်ဆန် သွားစေခဲ့၏။ သူတို့အားလုံးသည် ယာယီသာ ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ တကယ့် ရဲဘော်ရဲဘက် အစစ်များ မဟုတ်ကြပေ။ သူတို့သည် အုပ်စုမတူသည့် အဖွဲ့အသီးသီးမှ ဖြစ်ကြရာ ယာယီပူးပေါင်းမှုအတွက် သူတို့အသက်ကို စွန့်လွှတ်မည် မဟုတ်ချေ။
ထွက်ပြေးနေသည့် ဝိညာဉ်သခင်သည် လူသတ်ပျားများက သူ့ထက် အနည်းငယ် နောက်ကျ နေသောကြောင့် သူ့ကိုယ်သူ ထွက်ပြေး လွတ်မြောက်နိုင်မည်ဟု ထင်နေ၏။ သို့သော် သူ ဘယ်တုန်းကမှ မတွေးမိခဲ့သည့် အချက်တစ်ချက် ရှိပေသည်။ ထိုအချက်မှာ ပျားများ၏ အလေ့အကျင့်ပင် ဖြစ်သည်။ လူသတ်ပျားများသည် သူတို့၏ရန်သူကို အလျှော့မပေးဘဲ နေ့နေ့ညည လိုက်သတ်နိုင်ခြင်းပင်။
ထိုသူမှာ အခြားသူများနှင့် ခွဲထွက်လာသည့် နေရာသို့ ရောက်သည့် အချိန်တွင် ဝမ်ရှန်းသည် အခြားတစ်နေရာသို့ လမ်းကြောင်း ပြောင်းသွားပြီဖြစ်၏။ သူသည် ဘာမှစဉ်းစား မနေတော့ဘဲ ဝမ်ရှန်း ထွက်သွားရာ ဘက်ကိုသာ ပြေးလိုက်တော့သည်။ ထောင်နှင့်ချီသည့် လူသတ်ပျားများသည်လည်း သူ့နောက်သို့ အသည်းအသန် လိုက်နေလျက်ပင်။
ဝမ်ရှန်း အန္တရာယ်အား အာရုံခံမိသည့် အချိန်တွင် ထိုလူသတ်ပျားများသည် သူနှင့် မီတာ ၅၀၀ အကွာအဝေး အတွင်းသို့ ရောက်နေပြီဖြစ်၏။ ကံကောင်းသည်က ဝမ်ရှန်းသည် တောတောင်သဘာဝ အတွေ့အကြုံများနှင့် တောကောင်တို့၏ သဘောသဘာဝ တို့အား လေ့ကျင့်လေ့လာမှုများ ရှိခဲ့သောကြောင့် သူသည် လူသတ်ပျားများ၏ အလေ့အကျင့်ကို ကောင်းကောင်း သိပေသည်။ ထို့ကြောင့် သူသည် ထိတ်လန့်တကြား မဖြစ်သွားဘဲ သတိအနေအထားသာ ပြင်လိုက်၏။
ဝမ်ရှန်းသည် လူသတ်ပျားများကို မသတ်ချင်ပေ။ ထို့ကြောင့် သူသည် မည်သည့် အော်ရာကိုမှ မထုတ်လွှတ်ဘဲ သူ့ရှေ့မှ မြင်ကွင်းကိုသာ တည်ငြိမ်စွာ ကြည့်နေလိုက်၏။ အင်းဆက်ပြေး အမွှေးချောင်းများကို မီးရှို့လိုက်သည့် အချိန်တွင် အငွေ့များ များစွာထွက်လာပြီး ဝမ်ရှန်း၏ အော်ရာနှင့် ခန္ဓာကိုယ်ကိုပါ ဖုံးလွှမ်း သွားခဲ့သည်။
ထို့ပြင် ဝမ်ရှန်း၏ မျက်နှာဖုံးသည် ပါးစပ်နှင့် နှာခေါင်းကို ကောင်းမွန်စွာ ကာထားရာ ဝမ်ရှန်း၏ အသက်ရှူမှုကို အတော်အတန် ဖုံးကွယ် ပေးထား၏။ ထို့ကြောင့် လူသတ်ပျားများက သူ့အားမြင်ရရန် မလွယ်ကူပေ။
သို့သော် သူ့နောက်သို့ လိုက်လာသည့် ဝိညာဉ်သခင်များကမူ သနားစရာ ကောင်းပေသည်။ ရှစ်ယောက်ထဲတွင် တစ်ယောက် သေဆုံးသွားပြီဖြစ်ကာ ကျန်သည့် ခုနစ်ယောက်တွင် နှစ်ယောက်သည် သတိလက်လွတ်ဖြင့် လူသတ်ပျားများ၏ ဝိုင်းတုပ်ခြင်းကို ခံနေရပြီး ငါးယောက်မှာမူ ထိတ်လန့်တကြား ထွက်ပြေး နေကြလေသည်။
သူတို့သည် ဝမ်ရှန်းဘေးမှ ဖြတ်သွားသည့်တိုင် ရပ်တန့် မသွားခဲ့ကြပေ။ သူတို့ ဝမ်ရှန်းအား မတွေ့ခြင်း မဟုတ် တွေ့ပေသည်။ သို့သော်ငြားလည်း ယခုလို အခြေအနေမျိုးတွင် အနောက်၌ ကျန်ရစ်ခဲ့သည့် လူသည် သေရမည် ဖြစ်လေရာ သူတို့သည် လူသတ်ပျားများထံမှ လွတ်မြောက်အောင် ပြေးရန်မှာ အရေးကြီးပေသည်။
ဂျင်ဒီတားမြစ်နယ်မြေ အတွင်းသို့ စေလွှတ်ခြင်း ခံခဲ့ရသည့် ဝိညာဉ်သခင်များထဲမှ စတုတ္ထအဆင့် ဝိညာဉ်သခင် ငါးယောက် ပါဝင်ပြီး ယခုအခါ သူတို့သည် ဝမ်ရှန်းရှေ့၌ မြားတစ်စင်းကဲ့သို့ လှစ်ခနဲ ထွက်ပြေး သွားကြ၏။
ထိုအချိန်တွင် အင်းဆက်ပြေး အမွှေးချောင်းမှ မီးခိုးငွေ့များသည်လည်း အပြင်းအထန်ကို ထွက်နေသည်။ ဝမ်ရှန်းသည် သစ်ပင်အား ငြိမ်သက်စွာမှီလျက် လူသတ်ပျားများက ဝိညာဉ်သခင်များ နောက်သို့ သူ့ဘေးမှ ဖြတ်ကာ လိုက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။
လူသတ်ပျားများသည် မီးခိုးငွေ့များအား ဖောက်ထွက်ကာ ဝမ်ရှန်း ကိုယ်ပေါ်သို့ လာနားကြလေသည်။ သို့သော် ဝမ်ရှန်းသည် တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်သက်စွာသာ ရပ်နေခဲ့၏။ အသက်ကို ဖြည်းဖြည်းချင်း ရှူကာ မလှုပ်မယှက် နေနေလိုက်သည်။
ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်၌ နားနေသည့် လူသတ်ပျားများသည် အင်းဆက်ပြေး အငွေ့များကို အပြင်းအထန် ရှူရှိုက်ရင်း စူးစမ်းနေကြ၏။ သို့သော် ဝမ်ရှန်းမှ တုတ်တုတ်မျှ မလှုပ်သောကြောင့် သူတို့နားနေသည့် အရာမှာ သက်ရှိဖြစ်ကြောင်း လူသတ်ပျားများ မသိကြပေ။ တစ်ခဏ နားပြီးနောက် ထိုပျားများသည် အင်းဆက်ပြေး အငွေ့များ အတွင်းမှ ပြန်လည် ဖောက်ထွက်ကာ ကြီးမားသည့် ပျားအုပ်ကြီးနောက် ဆက်လိုက် သွားကြသည်။
၁၀ မိနစ်ခန့် ကြာသည်အထိ များပြားလှသည့် လူသတ်ပျားများ အုပ်စုလိုက် ဝမ်ရှန်းဘေးမှ ဖြတ်ပျံ သွားပြီးသည့်တိုင် ဝမ်ရှန်းသည်လည်း ထိုနေရာ၌ပင် ငြိမ်သက်စွာ ရပ်နေခဲ့လေသည်။
နောက်ဆုံး လူသတ်ပျားများကို မမြင်ရတော့သည့်တိုင် ဝမ်ရှန်းသည် သိသိသာသာ လှုပ်ရှားမှု မပြုသေးပဲ လက်နှင့်ခြေထောက် များကိုသာ အနည်းငယ် လှုပ်ရှားလိုက်၏။
နာရီဝက်ခန့် ကြာပြီးနောက် သူ၏ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ်ထံမှ အသိပေးချက် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှန်းသည် ထိုနေရာ၌ ရပ်နေလျက် ရှိစဉ်မှာပင် များပြားလှသည့် လူသတ်ပျားများက တဝီဝီဖြင့် ပြန်လှည့် လာသည်ကို တွေ့လိုက်ရသည်။ ဤအလေ့အကျင့်သည်လည်း လူသတ်ပျားများ၏ အလေ့အကျင့် တစ်ခုပင်ဖြစ်၏။ သူတို့သည် ဘယ်လောက်ဝေးဝေး ပျံသန်းသွားပါစေ၊ အမြဲတမ်း သူတို့၏ ပျားအုံဆီသို့ ပြန်လာတတ်ကြသည်။
ဤသို့ဖြင့် ပြန်လှည့် လာနေသည့် လူသတ်ပျားများ မရှိတော့သော်လည်း ဝမ်ရှန်းသည် သူ၏ဝိညာဉ်နယ်မြေ အတွင်းမှ တိုက်ပွဲဝိညာဉ်၏ သတိပေးသံ အပြည့်အဝ မပျောက်ကွယ်မချင်း သတိကြီးကြီးဖြင့် မလှုပ်မယှက်သာ ရပ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် လူသတ်ပျား ငါးကောင်ခန့်သည် ဝမ်ရှန်းကိုယ်ပေါ်သို့ ရောက်လာခဲ့သေးသည်။ သို့သော် လှုပ်ရှားမှုမရှိ ပကတိ တည်ငြိမ်နေသော ဝမ်ရှန်းအား မည်သည့်အန္တရာယ်မှ မပြုပဲ တစ်ခဏအကြာတွင် ထွက်သွားကြ၏။
နောက်ဆုံး အန္တရာယ် တစ်စုံတစ်ရာ မရှိချိန်မှသာ ဝမ်ရှန်းသည် ထိုနေရာမှ ထွက်ခွာလိုက်သည်။ အတိုင်းအတာ တစ်ခုအထိ လျှောက်ပြီးသည့်နောက် နီရဲပြီးရောင်ကိုင်းနေသည့် မျက်နှာများနှင့် အလောင်းနှစ်လောင်းကို ဝမ်ရှန်း တွေ့လိုက်ရသည်။
အသားများမှာ ရောင်ကိုင်းနေပြီး သူတို့၏ မျက်နှာများကလည်း ပုံမှန်ထက် နှစ်ဆခန့် ဖောင်းကား နေလေရာ အခြားသူများက သူတို့ကို မြင်လျှင်ပင် သူတို့ မည်သူမည်ဝါကြောင်းကို မှတ်မိနိုင်တော့မည် မဟုတ်ချေ။
သူတို့၏ အဝတ်အစားများ ပေါ်၌လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခဲ့၏။ အစိတ်အပိုင်း တော်တော်များများသည် အားကောင်းသည့် အကာအကွယ်များ၏ ကာကွယ်ထားမှုကြောင့် သက်သာသော်လည်း ပုံမှန်နေရာများတွင်မူ အသားများသည် ပုံပျက်ပန်းပျက်ဖြစ်ကာ ရောင်ရမ်းဖောင်းကား နေလေသည်။
သူတို့က ဘယ်သူတွေလဲ ဆိုတာကို ဝမ်ရှန်း မသိပေ။ သူသည် ခေါင်းခါယမ်းကာ သက်ပြင်းချ၍သာ ပြောလိုက်၏။ “ခင်ဗျားတို့ နှစ်ယောက်ကတော့ တကယ်ကို ကံဆိုးတာပဲ”
လူက သေသွားပြီဖြစ်သည့် အတွက်ကြောင့် ပစ္စည်းများကို သေချာပေါက် ဒီတိုင်း မထားခဲ့နိုင်ပေ။ ဝမ်ရှန်း သူတို့အား ရှာဖွေလိုက်၏၊ သို့သော် ဘာမှသိပ်ပြီး များများစားစား ရှိမနေပေ။ သူ့နောက် လိုက်လာခဲ့သည့် ဝူရုံမြို့မှ ဝိညာဉ်သခင်များသည် အလောတကြီး ထွက်လာခဲ့လေရာ ဘာမှ များများစားစား သယ်မလာနိုင်ခဲ့ချေ။ ထို့အပြင် ဝူရုံမြို့ရှိ လူအားလုံးထဲမှ အနည်းငယ်ခန့်သာ သိုလှောင်လက်စွပ် ကဲ့သို့သော အဆင့်မြင့်ပစ္စည်းများ ပိုင်ဆိုင်နိုင်သည်။
ဝမ်ရှန်းသည် သူတို့နှစ်ယောက်ထံမှ အဖြူရောင် ကြေးစားတံဆိပ်ပြား နှစ်ခုကို တွေ့ရှိလိုက်သည်။ သူတို့သည် အဆင့်သုံးနှင့် အဆင့်ငါးအတွင်း ကြေးစားများပင်ဖြစ်၏။ သူတို့အားလုံးသည် ဝူရုံမြို့မှဖြစ်ပေရာ သူတို့ထံ၌ ကြေးစားတံဆိပ်ပြားများ ရှိနေသည်မှာ မထူးဆန်းပေ။ ချပ်ဝတ်တန်ဆာတို့၏ အစိတ်အပိုင်း အချို့တို့မှာ အကောင်း ရှိနေသေးရာ လိုအပ်ပါက အသုံးပြုနိုင်ရန် သိမ်းထားလိုက်သည်။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် သက်ပြင်းချကာ ဝမ်ရှန်း ခရီးပြန်ဆက် လိုက်သည်။ ရှေ့သို့ ဆက်လျှောက်လာပြီး သိပ်မကြာခင်မှာပင် လူသတ်ပျား အသေတို့ကြား၌ အလောင်း သုံးလောင်းကို ထပ်မံ တွေ့လိုက်ရ၏။ ဤအလောင်း သုံးလောင်းသည်လည်း လူသတ်ပျားများ၏ ထိုးတုပ်မှုကြောင့် ချောက်ချားစရာ ကောင်းအောင်ပင် ရဲရဲတွတ် ရောင်ကိုင်းနေလေ၏။ ထို့နောက် အရှေ့မှအလောင်း နှစ်လောင်းကဲ့သို့ပင် ဝမ်ရှန်းသည် သူတို့ထံမှ ပစ္စည်းများအား ရှာဖွေသိမ်းဆည်းကာ ရှေ့ဆက် သွားလိုက်သည်။
နှစ်မိုင်ခန့် လျှောက်ပြီးသည့် အချိန်တွင် အလောင်းတစ်လောင်းအား ဝမ်ရှန်း တွေ့လိုက်ရပြန်သည်။ သူသေနေသည့် ပုံစံသည် အရှေ့မှ အလောင်းများနှင့် အတူတူပင်ဖြစ်သော်လည်း အနည်းငယ် ထူးဆန်းနေပေသည်။
သူသည် သူ့လက်ထဲတွင် တစ်ဝက် လောင်ကျွမ်းထားသည့် မီးတုတ်တစ်ခုကို ကိုင်ဆောင် ထားနေ၏။ ကြည့်ရသည်မှာ နောက်ဆုံးတွင် သူသည် မီးနှင့်မီးခိုးငွေ့များက လူသတ်ပျားများကို မောင်းထုတ်နိုင်ကြောင်း တွေးမိသွားဟန်ရှိ၏။ ထို့ကြောင့် ထိုနည်းလမ်းကို အသုံးပြုချင်ခဲ့ခြင်း ဖြစ်သည်။
ကံဆိုးစွာပင် သူသည် လူသတ်ပျားများကို ရာနှင့်ချီ သတ်ခဲ့မိကြောင်းကို မေ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် မီးတောက် မည်မျှပင် ကြီးစေကာမူ ထိုလူသတ်ပျားများသည် သူ့အား လက်စားချေ အသေသတ်မည်ပင်။
တဖြည်းဖြည်း လျှောက်လာရာ ဝမ်ရှန်း မြစ်တစ်ခု အနီးသို့ ရောက်လာချိန်တွင် နောက်ဆုံး အသက်ရှင် ကျန်ရစ်သည့် လူတစ်ယောက်အား တွေ့လိုက်ရတော့သည်။
***