Switch Mode

Chapter – 157

ဂျင်ဒီနယ်မြေအတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်ခြင်း (၂)

အပိုင်း ၁၅၇
ဂျင်ဒီနယ်မြေအတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်ခြင်း (၂)

စကားပါးထားခြင်းသည် ဝမ်ရှန်းထံမှ သတိပေးချက်ပင် ဖြစ်၏။ သို့သော် ထိုသူတို့မှာ အလေးမထားချေ… ကြီးမားသည့် ဤအခွင့်အရေးမျိုး သူတို့ လက်လွတ် မခံနိုင်ပေ။

ဝမ်ရှန်းသည် စကားကုန် ပြောထားပြီး ဖြစ်လေရာ အနာဂတ်တွင် ထိုဝိညာဉ်သခင်များ ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့လျှင်ပင် ဝမ်ရှန်းအား အပြစ်တင်၍ မရပေ။ သူ့အား ပြဿနာရှာ၍လည်း မရပေ။

မည်သူကမှ ဝမ်ရှန်း၏ စကားအား ဂရုမစိုက်ခဲ့ကြပေ။ လောင်လျိုတို့သည်လည်း ထိုကဲ့သို့ ပြောပြီးသည်နှင့် သူတို့၏တာဝန် ပြီးလေပြီ။ ဘယ်သူ့ကိုမှ ထူး၍ တားစရာ မလိုပေ။ သူတားလျှင်လည်း ဘယ်သူကမှ လှည့်ပြန်သွားမည် မဟုတ်ပေ။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဝမ်ရှန်း ထွက်သွားရာဘက်သို့ အလျင်အမြန် လိုက်သွားကြတော့သည်။

ယခုတစ်ကြိမ်တွင် အင်အားစုများ အားလုံးသည် ဝမ်ရှန်း အထင်မလွှဲစေရန် အတွက် လူအများအပြား မလွတ်ဘဲ လူအရေအတွက်ကို လျှော့ချလိုက်၏။ သူတို့သည် တကယ်ပဲ ဝမ်ရှန်းအား မသတ်ချင်ကြပေ။ ဂျင်ဒီတားမြစ် နယ်မြေ၏ လျှို့ဝှက်ချက် အနည်းငယ်ကို ရှာတွေ့လို ရှာတွေ့ငြား  ဝမ်ရှန်းနောက်သို့ လိုက်ကာ ထိုနယ်မြေ အတွင်း၌ ဝင်ထွက် သွားလာချင်ခြင်းသာ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ရာတွင် ဝမ်ရှန်း၏ အဝတ်အစားများနှင့် ပစ္စည်းများ တော်တော်များများ ပြောင်းလဲသွားခဲ့ပြီ။ နောက်ဆုံးအကြိမ် သူ ဂျင်ဒီတားမြစ် နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည့် အချိန်၌ ဝမ်ရှန်းသည် သူ၏ကမ္ဘာမြေပေါ်မှ ယူဆောင် လာခဲ့သည့် တောတွင်း ကိုယ်ယောင်ဖျောက် စစ်ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး ယခုအကြိမ်တွင် သူသည် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သားရေဖြင့် ပုံစံတူ ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။

ဤဝတ်စုံ ပုံစံသည် သူ ကမ္ဘာမြေပေါ်မှ ယူဆောင်ခဲ့သည့် ဝတ်စုံပုံစံနှင့် တထေရာတည်း တူသော်လည်း အကာအကွယ် စွမ်းအားမှာ အဆမတန် ကွာခြားသည်။ ဝမ်ရှန်းသည် အတွင်းတွင် ဝံပုလွေသားရေဖြင့် ပြုလုပ်ထားသည့် အောက်ခံ အဝတ်အစားများကိုလည်း ဝတ်ဆင် ထားသေး၏။ ထိုအောက်ခံ အဝတ်အစားများ ပေါ်တွင် စွမ်းအားကြီးမားသည့် အစီအရင်တစ်ခု ရှိနေကာ၊ ထိုအစီအရင်သည် ဆောင်းတွင်းတွင် နွေးစေပြီး နွေရာသီတွင် အေးမြစေသည့်ပြင် လုံလောက်သည့် ကာကွယ်မှု စွမ်းအားများကိုလည်း ပေးစွမ်းနိုင်စွမ်း ရှိလေသည်။

အတွင်း အဝတ်အစားများ၏ အပြင်တွင် ဝမ်ရှန်းသည် သူ၏ကိုယ်ပိုင် အရည်ကျည် ဒိုင်းကာကိုလည်း ဝတ်ဆင် ထားသေး၏။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ် အဆင့်သည် ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်နေပြီဟု ဆိုရပေမည်။

ဘွတ်ဖိနပ်များကိုမူ ကြယ်ငါးပွင့် သားရဲသားရေဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ဘွတ်ဖိနပ်၏ အောက်ခြေနှင့် ထိပ်ပိုင်းတွင် ကြယ်ခြောက်ပွင့် သားရဲ၏ သွားများကို အသုံးပြုထားသည်။ ထိုကဲ့သို့ အသုံးပြုမှုသည် သံမဏိပြားများကို အသုံးပြုခြင်းထက် ပို၍ထူးဆန်းပေသည်။

ယခင်က ဝမ်ရှန်း ပြုလုပ်ခဲ့သည့် ခေါင်းဆောင်းကို လျှော်ပိတ်သားစများဖြင့် အထပ်ထပ် ဖုံးအုပ်ထားကာ အထဲတွင် အင်းဆက် ကာကွယ်သည့် အကာအကွယ်အား တပ်ဆင်ထားသည်။ သို့သော် ယခုအချိန်တွင် သူ၏ခေါင်းဆောင်းကို ညအမှောင်ယံ ကြယ်ဝံပုလွေ၏ အမွှေးများဖြင့် ရက်လုပ်ထားလေ၏။ ထို့အပြင် အထဲတွင် ကျည်ကာ ဦးထုပ်နှင့် အကာအကွယ် မျက်နှာဖုံးတို့ ပါရှိပေသည်။ ထိုခေါင်းဆောင်းသည် မြင်ရုံနှင့် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။

လက်အိတ်များကိုလည်း အပေါ်ဝတ်အင်္ကျီ ပြုလုပ်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ယခုအချိန်တွင် ဝမ်ရှန်းသည် သူ့ထံ၌ လက်နက်ပစ္စည်းများ ထည့်ထားသည့် အိတ်တစ်အိတ်သာ လိုနေတော့သည်ဟု ခန့်မှန်းလိုက်သည်။ ထိုအိတ်ကိုသာ လွယ်ထားမည်ဆိုလျှင် သူသည် သူ ကမ္ဘာမြေပေါ်၌ တာဝန် ထမ်းဆောင်စဉ်မှ ပုံစံနှင့် အတူတူ ဖြစ်သွားတော့မည် ဖြစ်သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံး၌ အကာအကွယ် မရှိသည့် နေရာမရှိဟု ပြော၍ ရပေသည်။

အသုံးပြုထားသည့် အမွှေးများနှင့် သားရေများကို ထူးခြားသည့် နည်းလမ်း အသုံးပြုကာ အနံ့ကင်းအောင် ပြုလုပ်ထားသည်။ ထို့ကြောင့် ဝမ်ရှန်း၏ အဝတ်အစားများ ပေါ်တွင် မည်သည့် အနံ့မှ မရှိပေ။ ထို့ကြောင့် ထိုအဝတ်အစားများသည် အနံ့ခံအာရုံ အထူးကောင်းမွန်သည့် သားရဲအချို့အား အနှောင့်အယှက် ဖြစ်စေမည်လည်း မဟုတ်ပေ။ လင်းလုံစံအိမ်မှ ဝမ်အမျိုးသမီးသည် ဤဝတ်စုံများ၏ အရည်အသွေးကို အပြည့်အဝ အာမခံထားပေသည်။

တောအုပ်အတွင်းသို့ ဝင်လိုက်သည့် အချိန်တွင် ဝမ်ရှန်းသည် အန္တရာယ်ကို မခံစားမိခဲ့ချေ။ သူသည် အနောက်မှလူများ သူ့နောက် လိုက်လာလား မလိုက်လာလား၊ မှီပြီလား၊ မမှီသေးဘူးလား ဆိုတာကိုလည်း ဂရုမစိုက်ပဲ သူဘာသာသူ ရှေ့သို့ ဂရုထား သွားလာနေသည်။

တောထဲသို့ ရောက်သည်နှင့် ပထမဆုံး အနေဖြင့် ဝမ်ရှန်းသည် နေရာကောင်း တစ်ခုရှာကာ မြက်ပင်များနှင့် စိမ်းစိုသည့် သစ်ကိုင်းများ အများအပြားကို ဖြတ်တောက် လိုက်၏။ သူ ယခု ဝတ်ဆင်ထားသည့် အကာအကွယ်ဝတ်စုံ အသစ်သည် ပြောင်ဖြစ်နေကာ အခြားမည်သည့် အရောင်မှ မရှိနေပေ။ တောအုပ် အတွင်းတွင် ဤဝတ်စုံသည် ကြီးမားသည့် မီးသီးတစ်လုံးအလား သိသာထင်ရှားစေသည်။

အခြားလူများနှင့် သားရဲများ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ့အား သတိထားမိ သွားနိုင်ပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် ဤမြက်ပင်များနှင့် သစ်ကိုင်းများမှ သစ်စေးများကို အသုံးပြုကာ သူ၏အကာအကွယ် ဝတ်စုံကို အရောင်ဆိုးရန် ပြုလုပ်နေခြင်း ဖြစ်၏။

ဤသဘာဝ ပစ္စည်းများကို အသုံးပြုခြင်း၌ ကောင်းကျိုးတစ်ခု ရှိပေသည်။ ထိုအရာမှာ ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် သစ်ပင်အော်ရာများ အများအပြား ရှိလာကာ သူ့ခန္ဓာကိုယ်၏ အနံ့အသက်များကို ဖုံးလွှမ်း ပေးသွားမည် ဖြစ်၏။

ဘယ်လောက်မှ မကြာလိုက်ပေ၊ ဝမ်ရှန်း၏ ပြောင်အဝတ်အစား တစ်ခုလုံး အစိမ်းရောင်အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုအရောင်ခြယ်ခြင်းသည် စက်ဖြင့် အရောင်ဆိုးခြင်းလောက် သဘာဝ မဆန်သော်လည်း တောအုပ် အတွင်းတွင် ဝမ်ရှန်း အရောင်ဆိုးထားသည့် ဤအဝတ်အစားများကို အနည်ဆုံး မီတာ ၁၀၀ အကွာအဝေးမှ ကြည့်မည်ဆိုလျှင် အလွယ်တကူ မြင်နိုင်မည် မဟုတ်ပေ။

ဝမ်ရှန်း နောက်တစ်ကြိမ် ခရီးဆက်လိုက်သည့် အချိန်တွင် သူ့နောက်တွင် လူများ အတန်းလိုက် ရှိနေသည်။ ဝမ်ရှန်းသည် သူတို့ သူ့နောက် လိုက်လာသည်ကို သိသော်လည်း ဂရုမစိုက်ပေ။ ဤလူများသည် ဤနေရာတွင် သူ့အား ဘယ်တော့မှ သတ်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် သူတို့ကို လျစ်လျူရှုထား၍ ရပေသည်။

ဤမျှလောက်သော လူပမာဏသည် မများပေ၊ ထို့ပြင် သူတို့အားလုံး၏ အတွေးများသည်လည်း အတူတူပင်ဖြစ်၏။ သူတို့အားလုံးသည် ဝမ်ရှန်းအား ဤနေရာ၌ မသတ်ချင်ကြပေ။ သူတို့သည် ဂျင်ဒီတားမြစ် နယ်မြေအကြောင်း တစ်စုံတစ်ခု သိရလို သိရငြား ဝမ်ရှန်း နောက်သို့ လိုက်ချင်နေကြခြင်းသာ ဖြစ်သည်။

နှစ်ဖက်လုံးသည် အပြန်အလှန် နားလည်မှု ရှိကြကာ တစ်ဖက်ကိုတစ်ဖက် မနှောင့်ယှက်ကြချေ။ ဝမ်ရှန်းသည် သူတို့ကို ဘယ်တော့မှ မောင်းထုတ်မည် မဟုတ်သလို တကူးတကကြီးလည်း ရှောင်နေမည် မဟုတ်ပေ။ ထို့အတူ အားလုံးသည်လည်း ဝမ်ရှန်းနှင့် နီးနီးကပ်ကပ် မလိုက်ကြဘဲ လုံလောက်သည့် အကွာအဝေးမှသာ လိုက်နေကြ၏။

ဝမ်ရှန်းသည် သူတွေ့ခဲ့သည့် ငရုတ်ကောင်းပင်များမှာ ဂျင်ဒီနယ်မြေ အတွင်း မိုင်နှင့်ချီ နက်ရှိုင်းသည့် နေရာ၌ ရှိကြောင်း မှတ်မိပေသည်။ ထို့ကြောင့် သူသည် သူ၏မှတ်ဉာဏ်နှင့် သူ ရေးဆွဲခဲ့သည့် မြေပုံကို အသုံးပြုကာ ထိုငရုတ်ကောင်းပင်များ ရှိဘက်သို့ ဦးတည် သွားလိုက်၏။ သူ၏ နာရီပေါ်မှ သံလိုက်အိမ်မြှောင်သည် သူ့အား ရှေ့နောက်တောင်မြောက် ဦးတည်ရာ ဘက်များကို လွယ်ကူစွာ သိရှိစေခဲ့သည်။

ဝမ်ရှန်း နောက်လိုက်နေသည့် လူများသည် သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြသွားခဲ့ကြ၏။ သူတို့အမြင်တွင် ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေနှင့် အလွန် ရင်းနှီး ကျွမ်းဝင်နေခြင်း ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသည့် တောအုပ်ကြီး အတွင်းတွင် သူသည် လမ်းကြောင်းကို ခွဲခြားစစ်ဆေးစရာပင် မလိုနေချေ။ သူသည် ဒီတိုင်း ရှေ့ကိုသာ ဆက်သွားနေခြင်း ဖြစ်၏။ သူက ဘယ်လိုများ ဤကဲ့သို့ ပြုနိုင်စွမ်း ရှိသနည်း…

ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ သူတို့ထဲမှ မည်သူကမှ ဂျင်ဒီနယ်မြေ၏ အတွင်းပိုင်းသို့ ဝင်ရန် မကြိုးစားခဲ့ဖူးခြင်းပင်။ သူတို့သည် တောတွင်းသို့ မိုင်ပေါင်း အနည်းငယ်ခန့် ဝင်ပြီးသည်နှင့် စွမ်းအား ကြီးမားသည့် သားရဲများ၏ အော်ရာကို ခံစားလာရပြီး အမြဲတမ်း နောက်ပြန် လှည့်ရလေ ရှိသည်။

သို့သော် ယခု ဝမ်ရှန်း နောက်လိုက်လာသည့် အချိန်တွင် သူတို့သည် မိုင်ပေါင်း ၂၀ ခန့် လျှောက်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူတို့သည် အန္တရာယ်များသည် သားရဲတစ်ကောင် တလေ၏ အော်ရာကိုမှျ မခံစားရသေးပေ။

ဝမ်ရှန်း ခဏခဏ လမ်းကြောင်း ပြောင်းနေသည်ကို ထည့်စဉ်းစား ကြည့်မည်ဆိုလျှင် ဝမ်ရှန်းသည် သားရဲများ၏ တည်နေရာကို ကြိုသိကာ ကြိုတင်ရှောင်ရှား နေခြင်းပင်လော။

အချို့လူများသည် ဝမ်ရှန်း၏ ဦးဆောင်မှုအား မယုံကြည်ကြပေ။ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိဘဲ ဝမ်ရှန်းမှ နောက်တစ်ကြိမ် လမ်းကြောင်း ပြောင်းလိုက်သည့် အချိန်တွင် ဝိညာဉ်သခင် နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ လူအုပ်အတွင်းမှ ခွဲထွက်သွား လိုက်ကြသည်။

ဝမ်ရှန်း နောက်လိုက်လာသည့် လူများသည် အဖွဲ့တစ်ဖွဲ့တည်းမှ လူများမဟုတ်ပေ၊ သို့သော် ယခုအချိန်တွင် သူတို့သည် ဂျင်ဒီနယ်မြေ အတွင်းသို့ အတူ ရောက်ရှိ နေပြီဖြစ်ရာ အားလုံး စည်းလုံး သွားကြလေသည်။ သူတို့ထဲတွင် အချို့မှာ စွန့်စားကာ စမ်းသပ် လေ့လာချင်ကြသော်လည်း အချို့သည် ဝမ်ရှန်းနောက်၌ လိုက်ရန်သာ ဆန္ဒရှိကြပေသည်။

ဝမ်ရှန်းသည် သူ့နောက်မှ လူများကို အာရုံမထည့်။ အန္တရာယ်ကို အာရုံခံမိသည်နှင့် အလိုအလျောက်သာ လမ်းကြောင်း ပြောင်းနေခဲ့၏။ ယခုအချိန်တွင် ဝမ်ရှန်းသည် ပထမအထွတ်အထိပ် အဆင့် ဝိညာဉ်သာဖြစ်၏။ သို့သော် သူသည် သူ့နောက်မှ လူများကို ခွန်အားကြီးမားသည့် သားရဲများနှင့် တိုက်ခိုက်သည့် သူ၏ ပုံစံအား မမြင်စေချင်ပေ။

တစ်ကြိမ်တွင် ဝမ်ရှန်းသည် သူ လမ်းကြောင်းပြောင်း၍ အနည်းငယ် သွားပြီးနောက် သူ၏ဝိညာဉ်နယ်မြေ အတွင်းမှ တိုက်ပွဲဝိညာဉ်၏ သတိပေးချက်အား လက်ခံရရှိခဲ့သည်။

ဤအခြေအနေမျိုးကို ဝမ်ရှန်း ယခင်က ကြုံတွေ့ခဲ့ဖူးပေသည်။ ထိုစဉ်က ဝမ်ရှန်းသည် သားရဲပိုင်နက် အတွင်းသို့ လျှောက်ဝင်သွားမိခြင်း မဟုတ်ပဲ လူသားစား ပုရွက်ဆိတ် ကဲ့သို့သော ကြီးမားသည့် အုပ်စုတစ်ခုက ဝမ်ရှန်းနှင့် နီးကပ်လာခဲ့ခြင်း ဖြစ်၏။ ယခုလည်း သတိပေးချက် ထပ်မံ ပေါ်ထွက် လာပြန်လေပြီ။

ထိုသတိပေးချက်ကြောင့် ဝမ်ရှန်း လန့်သွားခဲ့သည်။ ဘယ်လို အခြေအနေမျိုး ဖြစ်မည်နည်း… သေချာနားထောင် ကြည့်လိုက်သည့် အချိန်တွင် ဝမ်ရှန်းသည် တိုးလျသည့် တဝီဝီ အသံများကို ကြားလိုက်ရ၏။ ဘာဆိုတာ နားလည်သွားပြီး ဝမ်ရှန်း စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်သည်။

ထိုအခိုက်အတန့်၌ ဝမ်ရှန်းနောက်မှ လူတစ်စုမှာ ဖရိုဖရဲ ထိတ်လန့်တကြား ဖြစ်နေ၏။ ဝမ်ရှန်း နောက်လိုက်လာသည့် ဝိညာဉ်သခင်များသည် ၈ ယောက်ရှိ၏။ သို့သော် ဝမ်ရှန်းသည် ဂရုမစိုက်သောကြောင့် သူတို့က အဆင့်ဘယ်လောက်လဲ ဆိုတာမျိုးကို သူမသိပေ။

ဝမ်ရှန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် တုတ်ခိုင်သည့် ပင်စည်နှင့် ကြီးမားသော သစ်ပင်တစ်ပင်အား ရှာလိုက်သည်။ ထို့နောက် ဝမ်ရှန်းသည် သစ်ပင်အား ကျောပေးကာ ကျောကို သစ်ပင်ဖြင့် ကပ်လိုက်၏။  ထို့နောက် အင်းဆက်များ ထွက်ပြေးစေနိုင်သည့် အမွှေးချောင်းများကို သစ်ပင်အတွင်း ထိုးစိုက်လိုက်သည်။ ဤအမွှေးချောင်းများသည် ဝူရုံမြို့အတွင်း၌ ရောင်းချသည့် အထူးအင်းဆက်ပြေး အမွှေးချောင်းများ ဖြစ်၏။ အမွှေးချောင်းအား ရှို့လိုက်သည့် အချိန်တွင် မီးခိုးငွေ့ အများအပြား ထွက်လာကာ ထိုအနံ့က အင်းဆက်များကို ထွက်ပြေးစေသည်။

ဝမ်ရှန်း ထိုအင်းဆက်ပြေး အမွှေးချောင်းများအား မီးမညှိရသေးခင်မှာပင် ဝိညာဉ်သခင် ငါးယောက်သည် သူ့ထံသို့ ပြေးလာနေပြီဖြစ်၏။ သူတို့နောက်၌ ပျံ၍ လိုက်လာနေသည့် သေးငယ်သော အကောင်များ မြင်လိုက်ရသည့် အချိန်တွင် ဝမ်ရှန်းပြုံးကာ အမွှေးချောင်းများကို တစ်ချောင်းပြီး တစ်ချောင်း မီးညှိလိုက်တော့သည်။

ထို့နောက် ချက်ချင်းပင် အင်းဆက် ပြေးစေနိုင်သည့် အနံ့များ ထွက်ပေါ် လာတော့၏။ ဝမ်ရှန်းသည် သစ်ပင်အား မှီကာသာ တည်ငြိမ်စွာ ရပ်နေခဲ့ပြီး မီးခိုးငွေ့များ ကြားမှ သူ့ရှေ့ရှိှ မြင်ကွင်းအား ကြည့်လိုက်သည်။ 
***

Comment

Leave a Reply

Options

not work with dark mode
Reset