Switch Mode

Chapter – 156

ဂျင်ဒီနယ်မြေအတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်ခြင်း (၁)

အပိုင်း ၁၅၆
ဂျင်ဒီနယ်မြေအတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်ခြင်း (၁)

ထိတ်လန့် အံ့သြနေသည့် စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ဝမ်ရှန်း အောက်သို့ ဆက်ကြည့် လိုက်သည်။ ထို့နောက် အခြားစာလိပ်များကိုလည်း ဆက်ကာ ဆက်ကာ ကြည့်သွားလိုက်၏။ သို့သော် ထိုစာလိပ်များထဲတွင် သူ လိုချင်သည့် အကြောင်းအရာနှင့် ပတ်သက်သည့် မည်သည့် မှတ်တမ်းများကိုမှ ရှာမတွေ့ခဲ့ပေ။

နောက်ဆုံးတွင် ရတနာစံအိမ်မှ ယူလာသည့် စာလိပ်များ အားလုံးကို ဖတ်၍ ပြီးစီးသွားခဲ့သည်။  အဆုံးသတ်တွင် စာကြောင်း အနည်းငယ် ပါဝင်သည့် ဖော်ပြချက်ကိုသာ ရှာတွေ့ခဲ့ကာ အကြောင်းအရာများကလည်း မရှင်းလင်းပေ။ မည်သို့ပင် ဆိုစေကာမူ မှတ်တမ်း တစ်ခုတလေ ရှိခြင်းမှာ ဘာမှမရှိခြင်း ထက်တော့ ပိုကောင်းပေသည်။

ထို့နောက် ဝမ်ရှန်းသည် မြို့အရှင်စံအိမ်မှ ပေးပို့ခဲ့သည့် စာလိပ်များအား စတင် ဖတ်ကြည့် လိုက်သည်။ ရတနာစံအိမ်နှင့် မတူသည်က မြို့အရှင်စံအိမ်မှ ယူလာသည့် စာလိပ် အများစုသည် ဝိညာဉ်အချို့၏ ကျင့်စဉ်နည်းလမ်း အကြောင်းများ မှတ်တမ်းတင်ထားသည့် စာလိပ်များ ဖြစ်သည်။ ဝိညာဉ်များ၏ ပုံစံနှင့် ထိုဝိညာဉ်ကို ပိုင်ဆိုင်သည့် လူများအကြောင်း မဟုတ်ပေ။

စာလိပ်များကို တစ်လိပ်ပြီးတစ်လိပ် ကြည့်ပြီး သွားသော်လည်း ထိုထဲတွင် ဝမ်ရှန်းရှာနေသည့် အကြောင်းအရာများ တစ်ခုတလေမှ မပါဝင်ခဲ့ပေ။ ဤစာလိပ် တစ်ခုချင်းစီ အတွင်း၌ ပါရှိသည့် အကြောင်းအရာ မှတ်တမ်းများသည် လူအများစုအတွက် လျှို့ဝှက်ချက်များနှင့် သူတို့ အိပ်မက်သာ မက်နိုင်သည့် အရာများ ဖြစ်နိုင်ပေသည်။ သို့သော် လက်ရှိတွင် ဝမ်ရှန်းသည် ဖီးနစ်အကြောင်း မှတ်တမ်းများကိုသာ ရှာချင်နေခြင်း ဖြစ်သည်။

နောက်ဆုံး တစ်နေ့လုံးနီးပါး ရှာဖွေပြီးနောက်တွင် မြိ့အရှင်စံအိမ်မှ ပေးပို့လာသည့် စာလိပ်များထဲမှ “ဖီးနစ်”ဟူသည့် စကားလုံး နှစ်လုံးကို ဝမ်ရှန်း နောက်တစ်ကြိမ် ရှာတွေ့သွားသည်။

“ဖီးနစ်ဝိညာဉ်၊ အဆင့်ကို မသိရပါ၊ အမျိုးအစားကိုလည်း မသိရပါ။ ထို့အတူ ကျင့်စဉ် အဆင့်ကိုလည်း မသိရပါ။ သို့သော် ဤဒဏ္ဍာရီလာ ဝိညာဉ်သည် မယုံကြည်နိုင် လောက်အောင် စွမ်းအား ကြီးမားလှ၏”

အခန်းတစ်ဝက် နီးပါးရှိသည့် စာလိပ်များထဲတွင် ဤစာကြောင်းမျှသာ မှတ်တမ်း ရှိပေသည်။ ထိုစာကြောင်းများမှ လွဲ၍ ဖီးနစ်အကြောင်း အခြားမည်သည့် မှတ်တမ်းမှ မရှိတော့ချေ။

အရာအားလုံးသည် မသိသည့် အရာများသာဖြစ်၏၊ သို့သော် ထိုအကြောင်းအရာများကို ဖတ်ကြည့်ပြီးနောက် ဝမ်ရှန်း အပြည့်အဝ စိတ်သက်သာရာ ရသွားခဲ့သည်။ မသိခြင်းသည် အဆင့်၊ အမျိုးအစား သို့မဟုတ် ကျင့်စဉ်နည်းလမ်း မသိခြင်းကို ဆိုလိုခြင်း ဟုတ်ချေ၊ ထိုဝိညာဉ် အမှန်တကယ်ရှိမရှိ မသိကြောင်းကို ဆိုလိုခြင်းပင် ဖြစ်သည်။

ဖီးနစ်ဝိညာဉ်သည် တစ်ကြိမ် တစ်ခါ၌ တည်ရှိခဲ့ဖူးပေမည်။ စံအိမ်နှစ်ခုလုံးမှ မှတ်တမ်းများထဲတွင် ထိုအကြောင်း ပါရှိသည်။ ပြောရမည်ဆိုလျှင် စုန့်ရန်သည်လည်း ဖီးနစ်ဝိညာဉ်အကြောင်း သိထားဟန် ရှိလေသည်။ ဤအချက်များသည် ဝမ်ရှန်း သူ့အိပ်မက်ထဲမှ ကောင်မလေးအား လိုက်ရှာနေခြင်းမှာ လေထဲ၌ တိုက်အိမ်ဆောက်ခြင်း၊ စိတ်ကူးယဉ် အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း ဖော်ပြနေသည့် အချက်များပင်ဖြစ်၏။

ရတနာစံအိမ်နှင့် မြို့အရှင်စံအိမ်တို့သည် ဤမှတ်တမ်းများကို တစ်လအတွင်း ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဖီးနစ်ဝိညာဉ် အကြောင်းကို ဒီထက်ပိုပြီး ရှာဖွေရန် မဖြစ်နိုင်ခြင်း မဟုတ်၊ အချိန်ပိုရလျှင် ဒီထက်ပို၍ ရှာဖွေတွေ့နိုင်ပေသေးသည်။

ဘာပဲပြောပြော ဝမ်ရှန်းသည် သူ့အိပ်မက်ထဲမှ ကောင်မလေး၏ ဝိညာဉ်အကြောင်း အနည်းအကျဉ်းမျှ သိလိုက်လေရာ ထိုကောင်မလေးအား ရှာဖွေခြင်းက ရှေ့သို့ ထပ်တစ်ဆင့် တက်သွားပြီဟု ဆိုလို၍ ရလေသည်။ ထို့ပြင် ဖီးနစ်ဝိညာဉ်နှင့် ပတ်သက်သည့် အကြောင်းအရာ တချို့ကိုလည်း စုန့်ရန်အား မေး၍ ရနိုင်သေးသည်။ ဝမ်ရှန်းသည် သူလိုချင်သည့် ရလဒ်မျိုး မရခဲ့သော်လည်း သူသည် အလွန် ကျေနပ်မိနေ၏။

လက်ရှိ အခြေအနေအား ပြန်သုံးသပ်မည်ဆိုလျှင် ဝမ်ရှန်းသည် အစားအသောက်ပေါ် မှီခိုကာ ပထမနှောင်းပိုင်း အဆင့်မှ ပထမအထွတ်အထိပ် အဆင့်သို ဝင်ရောက် သွားခဲ့ပြီဖြစ်၏။ သို့သော် ဝမ်ရှန်းသည် သူ့စိတ်ထဲ၌ မှတ်မိနေသည့် ဟင်းလျာများနှင့် မလုံလောက်တော့ကြောင်း သိလိုက်ရသည်။

ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ဟင်းခတ် အမွှေးအကြိုင် ရှားပါးသောကြောင့် ဝမ်ရှန်းသည် အရသာရှိသည့် ဟင်းလျာမျိုးစုံကို ဒီထက်ပိုပြီး မချက်ပြုတ်နိုင်နေခြင်းပင်။ အခက်အခဲမှာ ဟင်းလျာအသစ် မရှိပါက် ချီဝမ်နဂါးများကို အဆင့်မြင့်တင်ရန် ပုံဖော်၍ မဖြစ်နိုင်ပေ။ ထိုကဲ့သို့ဆိုလျှင် ကြီးမားသော တောင်အား ဝါးမျိုနေသည့် နှုန်းထားသည်လည်း နှောင့်နှေးသွားပေမည်။

ထို့အပြင် ချီဝမ်နဂါး အချို့ကိုသာ အဆင့်မြင့်တင်ခဲ့ပြီး အချို့ကို အဆင့်မမြင့်ရသေးချေ။ ထို့ကြောင့် ထိုချီဝမ်နဂါးများကို ပေါင်းလိုက်သည့် အချိန်တွင် ဘယ်လို အခက်အခဲမျိုး ဖြစ်လာမည်ကိုလည်း ဝမ်ရှန်း သေချာမသိပေ။

ထို့အတွက်ကြောင့် ဝမ်ရှန်းသည် ကြီးမားသော တောင်အား အမှန်တကယ် မဝါးမျိုနိုင်ခင်တွင် ချီဝမ်နဂါးများ အားလုံးကို အဆင့်မြှင့်တင် ရမည်ဖြစ်၏။ ထိုကဲ့သို့ ဆိုလျှင် အထူးဟင်းခတ် အမွှေးအကြိုင်များကို ရှာဖွေခြင်းသည် ရှောင်လွဲ၍ မရသည့်အရာ ဖြစ်လာပေမည်။

ပြောရမည်ဆိုလျှင် ဤကမ္ဘာတွင် အရှားပါးဆုံး ဟင်းခတ် အမွှေးအကြိုင်မှာ ငရုတ်သီး၊ ငရုတ်ကောင်းမှုန့်တို့ ဖြစ်သည်။ ဝမ်ရှန်းသည် သူ ဤကမ္ဘာသို့ ရောက်လာသည့် အချိန်မှစ၍ ငရုတ်ကောင်းမှုန့် စစ်စစ်ဖြင့် ချက်ပြုတ်ထားသည့် အစားအသောက်များကို တစ်ခေါက်မှ မစားဖူးသေးပေ။ ထို့ပြင် ဤနေရာတွင် အစပ်ဟင်းလျာများ မရှိခြင်းမဟုတ်၊ ရှိပါသည်။ သို့သော် ထိုဟင်းလျာများသည် ဂျင်းနှင့် မုန်ညှင်းနက် အစေ့တို့ကြောင့် ဖြစ်ပေါ်လာသည့် အစပ် အရသာများသာ ဖြစ်၏။ ထိုအရသာသည် ငရုတ်ကောင်းမှုန့်များနှင့် မယှဉ်နိုင်ပေ။

တိုက်ဆိုင်စွာပင် ဂျင်ဒီနယ်မြေ အတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်နေသည့် သေးငယ်သော ငရုတ်ပင် အချို့ကို ဝမ်ရှန်း မြင်ခဲ့သည်။ ထိုအချိန်တွင် ဝမ်ရှန်းသည် ထိုအပင်များကို အရသာ မစမ်းရဲခဲ့ချေ၊ သို့သော် အပင်များက ငရုတ်ကောင်းပင် ဖြစ်ကြောင်းတော့ သေချာပေသည်။ သူသည် ထိုအပင်များကို အပြင်၌လည်း ရနိုင်သည်ဟု ထင်ခဲ့၏။ သို့သော် ဝူရုံမြို့သို့ ရောက်လာပြီး နောက်တွင် သူသည် ထိုအပင်ကို ရတနာစံအိမ်နှင့် တော်ဝင်ရတနာစံအိမ်တို့အပြင် ဆေးဆိုင်၌ပါ ဝယ်၍ မရကြောင်း သိခဲ့ရသည်။

သို့သော် ဝမ်ရှန်း လက်မလျှော့ခဲ့ပေ။ တစ်ယောက်ယောက်ကများ တွေ့ဖူးလို တွေ့ဖူးငြား အပင်၏ပုံစံနှင့် အရသာကိုပင် ပြောကာ သူ မေးကြည့်သေး၏။ အံ့ဩဖွယ် ကောင်းသည်က ရတနာစံအိမ်နှင့် တော်ဝင်ရတနာစံအိမ်မှ လူများအားလုံး ခေါင်းခါယမ်းခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်း၏ မေးခွန်းအား ကြားခဲ့ချိန်က ဆေးဆိုင်ပိုင်ရှင်သည်လည်း နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် ဝမ်ရှန်း၏ ဘာမေးသည်ကိုပင် သိဟန် မပေါ်ပေ။

ကံကောင်းသည်မှာ ထိုစဉ်က ဝမ်ရှန်းစိတ်ထဲ၌ ငရုတ်သီးနှင့် ငရုတ်ကောင်း အသုံးပြုစရာ မလိုသည့် ဟင်းပွဲများ များစွာ ရှိနေပြီး အဆင်ပြေပြေ ချက်နေနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် သူ့စိတ်ထဲ၌ ရှိနေသည့် ဟင်းပွဲများ အားလုံးကို ချက်ပြုတ်ခဲ့ပြီးပေပြီ။ ငရုတ်မှုန့်၊ ငရုတ်ကောင်းမှုန့် မရှိဘူးဆိုလျှင် သူသည် သူ့ဘာသာသူ ဟင်းချက်နည်း အသစ်များ တီထွင်ရတော့မည် ဖြစ်၏။

ဂျင်ဒီတားမြစ် နယ်မြေ အတွင်းမှ ငရုတ်ကောင်းပင်များနှင့် သူ၏ ဝိညာဉ်နယ်မြေ အတွင်းမှ အစာကျွေးရန် စောင့်နေသည့် ချီဝမ်နဂါးများ အကြောင်း ဝမ်ရှန်း သေသေချာချာ တွေးကြည့် လိုက်သည်။ သူသည် ထိုအကြောင်းကို တစ်ရက်ခန့် စဉ်းစားနေခဲ့ကာ နောက်ဆုံးတွင် ဂျင်ဒီတားမြစ် နယ်မြေအတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်ရန် ဆုံးဖြတ် လိုက်တော့၏။

မည်သူကမှ ဖိအားပေးခြင်း မဟုတ်သလို မည်သူကမှ လိုက်လံ သတ်ဖြတ်နေခြင်းလည်း မဟုတ်ပါချေ။ အစားအသောက်ကောင်း ကြိုက်သည့် သူ၏ချီဝမ်နဂါးများကို အဆင့်မြှင့်တင်ရန် အတွက် ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေအတွင်းသို့ ထပ်မံ ဝင်ရောက်မည် ဖြစ်သည်။

ဤအကြောင်းကိုသာ ဝမ်ရှန်း ထုတ်ဖော်ပြောကြား လိုက်မည်ဆိုလျှင် လူမည်မျှပင် မေးစေ့ မြေကြီး ထိလုမတတ် ပါးစပ်အဟောင်းသား ဖြစ်သွားမည်ကို မသိပေ။

လေ့ကျင့်ရန်အတွက် သွားမည်လား… မည်သူက ယုံကြည်မည်နည်း။ အစားအသောက် အတွက်လား… ပို၍ပင်မဖြစ်နိုင်ပေ။

ဤကမ္ဘာ အတွင်းတွင် စားသောက်ခြင်းဖြင့် ဝိညာဉ်အဆင့်ကို မြှင့်တင်သည့် နည်းလမ်းမျိုးက တကယ်ကို မရှိပေ။

တစ်လုတ်လောက် မစားရသည်နှင့် သေသွားနိုင်ပါ၏လော…

အစားအသောက်အတွက် ဂျင်ဒီနယ်မြေ အတွင်း၌ အသက်နှင့် ရင်းကာ တိုက်ခိုက်ခြင်းက လိုအပ်ပါ၏လော.. .. လူအများမှာ သို့လော သို့လော မေးခွန်းများစွာ အတွေးပေါင်းများစွာ ရှိသွားကြမည်ပင်။

သို့သော် အခြားလူများက မည်သို့တွေးမလဲ ဆိုတာမျိုးကို ဝမ်ရှန်း ဂရုမစိုက်ပေ။ သူသည် သူ၏ရည်ရွယ်ချက်ကို ချမှတ်ခဲ့ပြီး ဖြစ်သည့် အတွက်ကြောင့် ထိုအတိုင်းသာ ဆက်သွားမည် ဖြစ်သည်။

ဝမ်ရှန်း ဝူရုံမြို့တွင်းမှ ထွက်ခွာ လိုက်သည့် သတင်းသည် ဝူရုံမြို့အတွင်း၌ ဝမ်ရှန်းအား အာရုံစိုက်နေသည့် လူများကြား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းအား ကြားလိုက် ရသောအခါ အားလုံး ကြောင်အ သွားခဲ့တော့၏။ ဝမ်ရှန်း ဆေးမှား သောက်မိတာလား…

ဤနေရာသည် ဝူရုံမြို့ဖြစ်သည်။ ဤမြို့အတွင်းမှ ထွက်သွားမည်ဆိုလျှင် မည်သည့် အကာအကွယ်မှ ရှိတော့မည် မဟုတ်ပေ။ အပေါ်ယံတွင် အဓိက အင်အားစုများသည် ဝမ်ရှန်း၏ ဖမ်းဝရမ်းအား ပယ်ဖျက်လိုက်ပြီ ဖြစ်သော်လည်း ထိုကြားထဲ၌ မည်သည့် လျှို့ဝှက်ချက်များ ရှိနေလဲဆိုတာကို မသိနိုင်ပေ။ ဝမ်ရှန်းသည် မြို့ပြင်သို့ ထွက်သွားရဲခဲ့၏။ ဤအရာသည် ကိုယ့်သေတွင်းကို ကိုယ်တူးခြင်းပင် မဟုတ်ပါလော။

ထိုသတင်းအား ကြားသိလိုက်ရ သူများမှာ ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေဘက်၌ ရှိနေသည့် ထွက်ပေါက်မှ ထွက်သွားခြင်း ဖြစ်သည်ဟု မထင်ထားကြပေ။ သို့သော် သတင်းပေးများမှ ထိုအကြောင်း ပြောလာသည့် အချိန်တွင် တစ်ခုခု မူမမှန်နေကြောင်း သူတို့ နားလည် သွားကြသည်။

ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ဝင်သွားတော့မည် ဖြစ်သည်။ ဘာလို့လဲ… ဝမ်ရှန်း ဘာတွေ အရူးထနေလဲ …

သူသည် ရုတ်တရက်ကြီး ဂျင်ဒီနယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်ပေဉီးမည်။ ထိုသတင်းကြားလျှင် ကြားခြင်း အားလုံး စိတ်လှုပ်ရှား သွားခဲ့ကြ၏။

ဝမ်ရှန်းက ဘာတွေပဲ လုပ်နေပါစေ သူတို့သည် ဝမ်ရှန်းနောက်မှ လိုက်၍ အထဲသို့ ဝင်မည်ဆိုလျှင် ဂျင်ဒီတားမြစ် နယ်မြေ၏ လျှို့ဝှက်ချက် အချို့ကို ရှာတွေ့နိုင်ပေမည်။ ယခုအချိန် သူတို့ တွန့်ဆုတ်နေပါက ဝမ်ရှန်းနောက် အမီမလိုက်နိုင်ပဲ သူတို့ နောင်တကြီးကြီး ရရပေလိမ့်မည်။

အင်အားစုများ အားလုံး၏ ဝိညာဉ်သခင် တစ်ယောက်စီသည် ချက်ချင်းပင် ပြင်ဆင်ကြကာ ဝမ်ရှန်းနောက် အလျင်အမြန် လိုက်သွား ကြတော့သည်။ ဤအခွင့်အရေးသည် တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သည့် အခွင့်အရေးပင်။ လွဲချော်သွား၍ မဖြစ်ပေ။

သို့သော် အင်အားစု အားလုံးမှ ဝိညာဉ်သခင်များသည် ဂျင်ဒီနယ်မြေဘက်ရှိ ဂိတ်တံခါးဘက်သို့ ရောက်သည်နှင့် ဝူရုံမြို့မှ ချမှတ်ထားသည့် ဂိတ်စောင့် နှစ်ယောက်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။ တိုက်ဆိုင် သွားသည်မှာ ယနေ့တွင် ဤဂိတ်ပေါက် စောင့်ရသည့် လူများသည် ဝမ်ရှန်း ဝူရုံမြို့သို့ ဝင်လာသည့်နေ့၌ ဂိတ်အား စောင့်ကြပ်နေကြသည့် ဂိတ်စောင့်များပင်ဖြစ်၏။ ဤဂိတ်စောင့် လောင်လျိုနှင့် ရှောင်ယန်တို့သည် ဝမ်ရှန်းနှင့် ခင်မင်ရင်းနှီးမှု ရှိပေသည်။ ဒါ့ပြင် ဝမ်ရှန်းသည် သူ့နောက် လိုက်လာသည့် လူများအား သတိပေးစကား ပြောပေးရန် သူတို့အား အကူအညီ တောင်းထားခဲ့၏။

“အထီးကျန် ဝံပုလွေက ခင်ဗျားတို့ကို အမှာစကား ပါးခိုင်းလိုက်တယ်။ သူ ယူစရာရှိလို့ ဝင်သွားတာ၊ ဘယ်လောက် အနက်ကြီးမှ သွားမှာမဟုတ်ဘူး။ တစ်ရက် နှစ်ရက်လောက်ပဲ ကြာမှာ။ အဲဒါကြောင့် ကျေးဇူးပြုပြီး ကိစ္စတွေကို ရှုပ်ထွေးအောင် မလုပ်ပါနဲ့တဲ့”

လောင်လျိုမှ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရန်ပြင်နေသည့် ဝိညာဉ်သခင်များအား ပြောလိုက်သည်။

“ဂျင်ဒီတားမြစ် နယ်မြေဆိုတာက တော်တော်ကို အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ မသေချာရင် မစွန့်စားချင်ကြပါနဲ့ဗျာ”

ဤစကားသည် အမှန်တကယ်ကို အကျိုးမရှိပေ။ ဂျင်ဒီနယ်မြေက အန္တရာယ်များကြောင်း မည်သူက မသိဘဲနေသနည်း… သို့သော် ဤအချက်ကြောင့်သာ အားလုံးသည် ဝမ်ရှန်းနောက် လိုက်ရန် တွေးနေကြခြင်း ဖြစ်သည်။

“အားလုံးက အတင်းပဲ ဇွတ်တိုး ဝင်သွားကြမယ်ဆိုရင်…” လောင်လျို ဆက်ကာ ပြောလိုက်သည်မှာ “အထီးကျန် ဝံပုလွေပြောတာ ခင်ဗျားတို့ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရရင် သူတာဝန်မယူနိုင်ဘူးတဲ့”

***

Comment

Leave a Reply

Options

not work with dark mode
Reset