အပိုင်း ၁၅၅
ဖီးနစ်အကြောင်းသတင်း (၂)
အိမ်တော်ထိန်းသည် မြို့အရှင်၏ ထောက်ခံချက်ကို မေးရန် လိုအပ်ကြောင်း ပြောခဲ့သည်။ ထိုအချိန်တွင် အကယ်၍ သူသာ ချက်ချင်း ပြန်လာခဲ့ပြီး မေးခဲ့မည်ဆိုလျှင် ရတနာစံအိမ်မှ လူများ မရောက်လာသေးခင် ဝမ်ရှန်းအား အဖြေပြန်ပေး နိုင်မည်ဖြစ်၏။ ထိုကဲ့သို့ ဆိုလျှင် အရာအားလုံး လွယ်ကူသွားပြီ ဖြစ်သည်။ သို့သော် ဤကမ္ဘာပေါ်တွင် အကယ်၍ ဟူသည့် နောက်ပြန် ဆုတ်လို့ရသည့် အဖြစ်အပျက်မျိုး မရှိပေ။
ရတနာစံအိမ်သည် ထိုသတင်း အချက်အလက်များကို အချိန်ဘယ်လောက် ကြာအောင် တိတ်တဆိတ် စုစည်းနေခဲ့သည်ကို သူတို့မသိချေ။ ဆိုင်ရှင်အမျိုးသမီးသည် ဝူရုံမြို့အပြင်သို့ မကြာခဏ ထွက်လေ့ရှိကြောင်း သူတို့သိခဲ့နေ၏။ သို့ရာတွင် သူတို့သည် ရတနာစံအိမ်နှင့် ပတ်သက်၍ စိုးရိမ်စရာမရှိဟု ထင်ခဲ့ကြသည်။ အဆုံးသတ်တွင် ထိုစံအိမ်သည် သူတို့၏ အခွင့်အရေးအား အရင် ပိုင်ဆိုင်သွားခဲ့လေပြီ။
မြို့အရှင်ပြောသည့် အတွက်အချက် မှားယွင်းခြင်း ဆိုသည့် အဓိပ္ပာယ်ကို အိမ်တော်ထိန်း နားမလည်ပေ၊ ဤအချက်နှင့် ပတ်သက်၍ မည်သည့်နေရာ၌ ဆုံးရှုံးစရာ ရှိနေသနည်း။ တစ်ရက်သာ နောက်ကျခဲ့ခြင်း မဟုတ်ပါလား၊ ဝမ်ရှန်းသည် မြို့အရှင်စံအိမ် အပေါ် အဘယ်ကြောင့် စိတ်ကွက် သွားမည်နည်း။
ထိုကိစ္စနှင့် ပတ်သက်၍ အခြား အဖြစ်အပျက်များကို သွားကြည့်စရာပင် မလိုပေ၊ ဝူရုံမြို့သည် ဝမ်ရှန်း၏ ဒေါသကို ချွေးသိပ်ပေးနိုင်ရန် အတွက် သိုက်မိသားစုမှ ကိုယ်စားလှယ် နှစ်ယောက်ကို သတ်ပေးခဲ့သည်။ ထိုအချက်ဖြင့်ပင် ဝမ်ရှန်းသည် ကျေးဇူးပင် တင်သင့်နေပြီ ဖြစ်၏။
ထိုကဲ့သို့ တွေးမိသွားသောအခါ အိမ်တော်ထိန်း၏ မျက်နှာထက်တွင် နားမလည်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“သူ့ဘက်က ငါတို့ကို အရင်ပြောခဲ့ပြီး ရှေးဟောင်း အဆင့်မြင့် ဝိညာဉ်တွေ အကြောင်း ရှာပေးဖို့ တောင်းဆိုခဲ့တယ်”
မြို့အရှင်သည် အိမ်တော်ထိန်းအား ကျောပေး ထားသော်လည်း သူ၏မျက်နှာ အမူအရာကို မြင်နေရသကဲ့သို့ ရှင်းပြလိုက်သည်။
“ဒါက ကြီးမားတဲ့ အကူအညီ တောင်းခံမှု တစ်ခုပဲ၊ အဲတာကနေ အကျိုးသက်ရောက်မှု တစ်ခုလည်း ငါတို့ပြန်ရမှာ။ တကယ်တော့ သူ သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီးတာနဲ့ ငါတို့ ချက်ချင်း သွားပေးလိုက်သင့်တာ။ နှမြောစရာ ကောင်းလိုက်တာ၊ တကယ်ပဲ နှမြောစရာ ကောင်းလွန်းတယ်…”
မြို့အရှင်၏ ဆိုလိုရင်းကို အိမ်တော်ထိန်း ချက်ချင်း နားလည် သွားခဲ့သည်။ ဝမ်ရှန်း တောင်းဆိုထားသည့် သတင်း အချက်အလက်များကို အခုသွားပို့ပေးမည် ဆိုလျှင်ပင် သူတို့သည် တစ်ကြိမ်သာ ရနိုင်သည့် ဤအကူအညီကို လက်လွှတ် လိုက်ရပြီဖြစ်၏။
သူတို့သည် တစ်လကြာ အချိန်ဆွဲခဲ့ကာ ယခု ဝမ်ရှန်းမှ စပြောလာသည့် အချိန်တွင်လည်း တုံ့ဆိုင်းနေသဖြင့် အခြားသူများက ခြေတစ်လှမ်း ဦးသွားခဲ့လေပြီ။ ထို့ကြောင့် သူတို့သည် သတင်းအချက်အလက်များကို ယခုပင် သွားပေးပါစေ ထိုအရာသည် ဝမ်ရှန်းအပေါ် သိပ်ပြီး သက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် အိမ်တော်ထိန်းသည် သူ့ကိုယ်သူ မကျေမနပ် ဖြစ်သွားခဲ့ရသည်။
သူတို့သည် အရသာရှိသည့် အစားအသောက်များကို နေ့တိုင်း စားသောက် နေရသော်လည်း ဤကဲ့သို့ ကြီးမားသည့် အခွင့်အရေးအား လက်လွှတ်လိုက်ရသည့် အချိန်တွင် မည်သူမှ ပျော်ရွှင်မနေချေ။
“ဒီလက်အောက်ငယ်သား ကြည့်ပြီး စီစဉ်လိုက်ပါမယ်…”
အိမ်တော်ထိန်းသည် အခြေအနေအား နားလည်သွားကာ ချက်ချင်းပင် ပြန်ပြင်ရန် ကြိုးစားလိုက်သည်။
“စုထားတဲ့ သတင်းအချက်အလက်တွေကို အခုညတွင်းချင်းပဲ သူ့ဆီ သွားပို့ပေးလိုက်ပါမယ်”
“အင်း”
မြို့အရှင်မှ သဘောတူညီကြောင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် နံရံထက်ရှိ မြေပုံအား စိုက်ကြည့်ကာ နောက်ထပ် ဘာမှ ဆက်မပြောခဲ့တော့ပေ။
အိမ်တော်ထိန်းသည်လည်း နံရံထက်၌ ရှိနေသည့် ဂျင်ဒီနယ်မြေ၏ မပြည့်စုံသော မြေပုံကြီးအား ကြည့်လိုက်သည်။ ထို့နောက် သူသည် ရုတ်ခြည်းပင် အလောတကြီး ထွက်လာကာ ဝမ်ရှန်းထံသို့ ပစ္စည်းများပို့ရန် လူများ ရှာဖွေပြီး ပြင်စရာ ရှိသည်များကို ပြင်ဆင်လိုက်၏။
နောက်နေ့၌ ဝမ်ရှန်းသည် ယခင်ကထက် နှစ်ဆ ပိုအလုပ်ရှုပ် သွားခဲ့သည်။ ရတနာစံအိမ်မှ လာပို့သည့် ပစ္စည်းများကို အမျိုးအစား မခွဲရသေးခင်မှာပင်။ မြို့အရှင်စံအိမ်သည် စာလိပ်များကို အခန်းတစ်ဝက်နီးပါး ထပ်ပို့လာပြီ ဖြစ်၏။
သတင်း အချက်အလက်များက အလွန် များပြားသောကြောင့် သူသည် ဤစာလိပ်များ အားလုံးကို အပြီးကြည့်နိုင်ရန် အများဆုံး နှစ်လ၊ သုံးလခန့် ကြာနိုင်ပေသည်။ အထပ်လိုက် ပုံနေသည့် အမျိုးမျိုးသော စာလိပ်များကို ကြည့်ကာ ဝမ်ရှန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။
သို့သော် အဆင်ပြေပါသည်။ ဤအချက်ကို အာအကွယ်အဖြစ် အသုံးချကာ သူသည် လေ့ကျင့်ရန်နှင့် သူ၏အိပ်မက် အတွင်းမှ ကောင်မလေးအကြောင်း ရှာရန် အကြောင်းပြချက် ခိုင်လုံပြီဖြစ်၏။ ဤစာလိပ်များထဲတွင် ဖီးနစ်အကြောင်း မှတ်တမ်း တစ်စုံတစ်ရာ ရှိနေနိုင်သည်ပင်။
နောက်တစ်နေ့တွင် ရတနာစံအိမ်မှ ဆိုင်ရှင်အမျိုးသမီး ဝမ်ရှန်းအိမ်သို့ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမသည် ယခင်က ဝမ်ရှန်းနှင့် သဘောတူညီခဲ့ပြီး ဖြစ်သည့် သန့်စင်သော ဆားချက်လုပ်ပုံကို မေးမြန်းရန် ရောက်လာခြင်းဖြစ်၏။
ဝမ်ရှန်းသည် သူ့စကားကိုသူ ပြန်ပြီး ရုပ်သိမ်းမည် မဟုတ်ပေ။ ကတိပေးထားသည့် အတိုင်း သူသည် သန့်စင်သော ဆားချက်လုပ်ပုံကို ဆိုင်ရှင် အမျိုးသမီးအား ရှင်းပြလိုက်၏။
ယခင်က ဟင်းပွဲများသည် အရသာ အလွန် ကောင်းမွန် တိုးတက် လာခဲ့သော်လည်း ထိုထဲ၌ ထည့်သွင်းသည့် ဆားအရည်အသွေးကတော့ ညံ့နေခဲ့သည်။ သို့သော် ယခုအချိန်တွင် ရတနာစံအိမ်မှ သန့်စင်သောဆား ပြုလုပ်ပုံကို သိခဲ့ပြီဖြစ်၏။ သိပ်တော့ မဆိုးလှပေ၊ ဟင်းပွဲများသည် ပို၍အရသာ ကောင်းမွန်လာနိုင်ပြီ ဖြစ်သည်။
ဆိုင်ရှင်အမျိုးသမီး ပြန်သွားသည်နှင့် ဝမ်ရှန်းသည် သူ၏ စာလိပ်များထံသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။
နောက်ပိုင်းတွင် ဝမ်ရှန်းသည် ထိုစာလိပ်များကို ဖတ်ကြည့်ရင်းသာ အချိန်ကုန်နေခဲ့၏။ သူသည် သူ၏စီးပွားရေး ဘက်ကိုပင် လှည့်မကြည့်ခဲ့ပေ။ ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် မြို့အတွင်းပိုင်းသို့ ပြောင်းလာသည့် အချိန်မှစ၍ သူ၏အသားဆိုင်ကို သိပ်ပြီး ဂရုမစိုက်တော့ပေ။ အိမ်တော်ထိန်းသည် သူ့အတွက် လမ်းဘက်သို့ မျက်နှာမူထားသည့် ဆိုင်ခန်း တစ်ခန်းအား ပြင်ပေးခဲ့သော်လည်း သူသည် နောက်ပိုင်းတွင် ထိုဆိုင်ကို တစ်ရက်လေးပင် မဖွင့်ဖြစ်သေးပေ။
ဟုတ်ပါသည်၊ ဝမ်ရှန်းသည် အသားဆိုင်ဖွင့်ရာမှ ရလာမည့် ဝင်ငွေများကို ဂရုမစိုက်ချေ။ ဝမ်ရှန်း အသားဆိုင် ဖွင့်လှစ်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ သူသည် သားရဲများ၏ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံကို ကျွမ်းကျင် နားလည်ချင်သောကြောင့် ဖြစ်၏။ သို့သော် ယခုအချိန်တွင် သူအတွက် ပိုအရေးကြီးသည့် လုပ်စရာ ရှိပေသည်။ ၎င်းမှာ သူ၏အိပ်မက် အတွင်းမှ ကောင်မလေးအား ရှာဖွေရန်နှင့် ဖီးနစ်ဝိညာဉ်အကြောင်း ရှာဖွေရန်ဖြစ်၏။
ရတနာစံအိမ်မှ စုစည်းခဲ့သည့် သတင်းအချက်အလက်များသည် မြို့အရှင် စံအိမ်လောက် မများသော်လည်း အဆင့်မြင့်ဝိညာဉ် အမျိုးအစား အားလုံး၏ အချက်အလက်များ ပါဝင်ပေသည်။ ထိုထဲတွင် ဝမ်ရှန်း တောင်းဆိုထားသည့် ဝိညာဉ်တစ်ခုချင်းစီ၏ ပိုင်ရှင်နာမည်နှင့် မျိုးရိုး နာမည်များလည်း ပါပေ၏။
ဝမ်ရှန်း ထိုစာလိပ်များကို တစ်ခုပြီးတစ်ခု အလျင်အမြန် ကြည့်လိုက်သည်။ သူ၏အဓိက ရည်ရွယ်ချက်မှာ ဖီးနစ်ဝိညာဉ်အား ရှာဖွေရန်ပင် ဖြစ်သည်။ သူသည် တစ်ချက် ကြည့်လိုက်ရုံဖြင့် မဖြစ်နိုင်လောက်သည့် လူများကို လျစ်လျူရှု ထားလိုက်ကာ နောက်ပိုင်း နာမည်များကို တစ်ခုပြီးတစ်ခု ဆက်ကြည့်လိုက်၏။
စာလိပ်များ တစ်ခုပြီးတစ်ခု ကြည့်ပြီး သွားသော်လည်း ထိုထဲတွင် ဖီးနစ် ဟူသည့် စကားလုံး တစ်လုံးမှ မပါနေပေ။ သို့သော် ဝမ်ရှန်း အားမလျော့ခဲ့ … ရှာရလွယ်ကူမည် ဆိုလျှင် တစ်ကမ္ဘာလုံး ထိုအကြောင်း သိနေတော့မည် မဟုတ်ပါလော…
စာလိပ် တစ်ရာကျော်ခန့် ကြည့်ရှုပြီး နောက်တွင် ရတနာစံအိမ်မှ ပေးပို့လာသည့် စာလိပ်များ တစ်ဒါဇင်ခန့်သာ ကျန်ရှိတော့၏။ ထိုအချိန်တွင် ဝမ်ရှန်းသည် စာလိပ်များထဲမှ စာလိပ်တစ်လိပ်၏ နာမည်အား ရုတ်တရက် မျက်စိကျ သွားခဲ့သည်။
ထိုစာလိပ်၏ နာမည်သည် “ဒဏ္ဍာရီပုံပြင်” ဖြစ်သည်။ စာလိပ်နာမည်သည် အဆင့်မြင့်ဝိညာဉ်များ အကြောင်းနှင့် ဘာမှမဆိုင်ပေ။ သို့သော် ထိုစာလိပ်သည် ရတနာစံအိမ်မှ လူများ ယူလာရာ၌ ပါလာသည့် စာလိပ်ဖြစ်၏။ ထို့ကြောင့် စာလိပ်သည် အဆင့်မြင့်ဝိညာဉ်နှင့် ဆက်နွှယ် နေရပေမည်။ ရတနာစံအိမ်မှ လူများသည် ကျွမ်းကျင်သည့် လူများဖြစ်ကြကာ ဤကဲ့သို့ သေးငယ်သည့် အမှားမျိုး ပြုလုပ်လိမ့်မည် မဟုတ်ဟု ဝမ်ရှန်း ယုံကြည်သည်။
ဤ “ဒဏ္ဍာရီပုံပြင်” ဟုခေါ်သည့် စာလိပ်အား ကြည့်လိုက်ရုံဖြင့် ဤစာလိပ် အတွင်းတွင် သူ လိုချင်သည့် အဖြေရှိနေနိုင် လောက်သည်ဟု ဝမ်ရှန်း တွေးမိလိုက်သည်။
ဒဏ္ဍာရီပုံပြင် စာလိပ်အတွင်းတွင် ကြားသာကြားဖူးပြီး မည်သူမှ မမြင်ဖူး၊ မည်သူမှ အတည်မပြုနိုင်သည့် မသေချာ မရေရာသော ဒဏ္ဍာရီလာ ထူးဆန်းသည့် ဝိညာဉ်များ အကြောင်းကို အဓိကထား ဖော်ပြထား၏။ ထိုထဲတွင် ပြောင်းလဲမှုအဆင့် ကိုးခုကို ပြီးမြောက် အောင်မြင်ခဲ့သည့် စွမ်းအားကြီးမားသော ကြယ်ကိုးပွင့်ဝိညာဉ်၊ အဆင့်မြင့်တင်လိုက်သည့် အချိန်တွင် ဒွာရပေါက် ဆယ်ပေါက်ကျော် ထွက်ပေါ်လာသည့် ထူးခြားသောဝိညာဉ်… အစရှိသဖြင့် ထူးခြားဆန်းပြားသော ဝိညာဉ်များအကြောင်း ပါရှိ၏။
ဝမ်ရှန်းအား စိတ်ဝင်စား သွားစေသည်မှာ သူသည် ထိုစာလိပ် အတွင်းတွင် သူနှင့်ဆက်စပ်သည့် ဝိညာဉ်တစ်ခု အကြောင်း ဖော်ပြထားသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
အဆင့်မြှင့်တင်၍ ရသည့်ဝိညာဉ်များသည် မျိုးတူဝိညာဉ်များကို ဝါးမြိုခြင်းဖြင့် အဆင့်မြှင့်တင်ရ၏။ ထိုဝိညာဉ်များက ကျိုးပဲ့နေသော ဝိညာဉ်များ ဟုတ်မဟုတ်နှင့် မည်သည့် အမျိုးအစား ဖြစ်ကြောင်းကိုတော့ တိတိကျကျ မဖော်ပြထားချေ။
သို့သော် ထိုထဲ၌ ပါဝင်သည့် ဖော်ပြချက် အချို့သည် သိုက်မိသားစု ယူဆောင်သွားခဲ့သည့် ကြယ်ကိုးပွင့် ဝိညာဉ်နှင့် ကိုက်ညီနေလေသည်။
သို့သော် ဤဝိညာဉ်အကြောင်း ရေးမှတ်သည့် လူသည် ဤဝိညာဉ်အစစ်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးခြင်း ဖြစ်နိုင်သည်။ သူသည် ဝိညာဉ်၏ ယေဘုယျ ပုံစံများကိုသာ ရေးသား ဖော်ပြထား၏။ တိတိကျကျ အချက်အလက်များကို ဘယ်လောက်မှ မပြောထားပေ။ သို့သော် ဝမ်ရှန်းအတွက်မူ ဤအချက်များသည် ဘာမှ မသိရခြင်းထက် ပိုကောင်းပေ၏။
ထို့နောက် ဆက်ကြည့်လိုက်သည့် အချိန်တွင် စာလိပ်အား တဖြည်းဖြည်းချင်း ဖြည်နေသည့် ဝမ်ရှန်း၏ လက်များ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူကိုင်ထားသည့် သူ့လက်ထဲရှိ စာလိပ်အတွင်း၌ “ဖီးနစ်” ဟူသည့် စကားလုံးနှစ်လုံး ရှိနေလေသည်။
တစ်ခဏ ရပ်တန့် သွားပြီးနောက် ဝမ်ရှန်းသည် စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် အချက်အလက်များကို အလျင်အမြန် ဖတ်ကြည့် လိုက်တော့၏။
ဖီးနစ်ဝိညာဉ်၊ ဒဏ္ဍာရီလာ ဖီးနစ်ဝိညာဉ်၊ အမျိုးအစား – မသိ၊ အဆင့် – မသိ၊ ပိုင်ရှင် – မသိ။ များပြားလှသည့် “မသိ” ဟူသည့် စကားလုံးများက ဝမ်ရှန်း၏စိတ်အား အေးခဲသွားစေခဲ့သည်။
ဆက်ကြည့်လိုက်သည့် အချိန်တွင် နောက်ဆုံး၌ အကြောင်းအရာများ ဖော်ပြထားသည့် အချက်အလက် တချို့ကို ဝမ်ရှန်း တွေ့လိုက်ရသည်။ ထိုထဲတွင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာ၌ ဖီးနစ်ဝိညာဉ်နှင့် လူတစ်ယောက်ရှိခဲ့ကာ ထိုအချိန်မှစ၍ ထိုကဲ့သို့သော လူမျိုး တစ်ခေါက်မှ ပြန်လည် မထွက်ပေါ်လာတော့ကြောင်း ပြောထား၏။
သို့သော် မှတ်တမ်းတင်သည့် လူသည်လည်း ထိုအချက်ကို မသေချာခဲ့ပေ။ ထို့ကြောင့် သူသည် ထိုအကြောင်းကို ဒဏ္ဍာရီတစ်ခု အဖြစ်သာ မှတ်တမ်း တင်ထားခြင်း ဖြစ်ပေသည်။
အရှေ့သို့ ဆက်ကြည့်လိုက်သည့် အချိန်တွင် အခြားဒဏ္ဍာရီလာ ဝိညာဉ်တစ်ခုအကြောင်း ရောက်သွားပြီဖြစ်၏။ ဖီးနစ်အကြောင်း မှတ်တမ်းများသည် စာကြောင်း အနည်းငယ်လောက်သာ ပါဝင်ပေသည်။
ဝမ်ရှန်း လုံးဝ စိတ်အိုက် သွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ… လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာတုန်းကတဲ့၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
ဝမ်ရှန်းသည် သူ ဤကမ္ဘာပေါ်သို့ မကူးပြောင်း မရောက်လာမီ တစ်နှစ် အလိုတွင် အိပ်မက်ထဲ၌ ကောင်မလေးနှင့် စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။ စာကလေး တစ်ကောင်က ဖီးနစ်ငှက် တစ်ကောင် ဖြစ်လာနိုင်ကြောင်းပင် သူ သူမအား အားပေးခဲ့သေး၏။ သို့သော် ထိုအရာသည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကတဲ့လား…
ဤမှတ်တမ်းက မှားနေခြင်းသာ ဖြစ်ရပေမည်…
***