အပိုင်း ၁၅၄
ဖီးနစ်အကြောင်း သတင်း (၁)
ဝမ်ရှန်း၏ ဝိညာဉ်အဆင့်က အနည်းငယ် တိုးတက်လာပြီ ဖြစ်သည့် အတွက်ကြောင့် ယခင်က ဆေးပြားများမှာ အကျိုးအာနိသင် ရှိသည်ဟု ယူဆ၍ ရပေသည်။ အနည်းဆုံး ဝမ်ရှန်း၏ အသက်ဓာတ်အတွက် အကျိုးရှိပေသည်။
အဆင့်တက်သည့် ဖြစ်စဉ်ပြီးနောက် ဝမ်ရှန်း မျက်လုံးများ ဖွင့်လိုက်သည့် အချိန်တွင် သူသည် နောက်ထပ် အနည်းငယ် ပြောင်းလဲမှုကို သတိထား မိသွားသည်။ သူ၏ အမြင်အာရုံသည် နောက်တစ်ကြိမ် ပိုမို စူးရှလာခဲ့ခြင်းပင်။ ပို၍ဝေးဝေး မြင်နိုင်ပြီး ပို၍လည်း ထိုးထွင်း သိနိုင်လာ၏။ ထို့အတူ အရောင်များကို ခွဲခြားနိုင်သည့် စွမ်းရည်ကလည်း ပိုမိုအားကောင်း လာလေသည်။
ဤအရာများ အားလုံးသည် ဝမ်ရှမ်း မျှော်လင့်ထားပြီးသား အရာများပင် ဖြစ်သည်။ သို့သော် ဝိညာဉ်စွမ်းအားက သူ၏ခန္ဓာကိုယ် အတွင်းသို့ ပျံ့နှံ့သွားသည့် အချိန်တွင် ၎င်းစွမ်းအားများသည် သူ၏ပါးစပ်နှင့် နှာခေါင်းထံသို့လည်း စီးဆင်းလာကြောင်း ဝမ်ရှန်း သတိပြုမိလိုက်သည်။ ထိုဝိညာဉ် စွမ်းအားများသည် လျှာပေါ်၌ တစ်နာရီခန့် စုစည်းပြီးနောက်၊ နှာခေါင်းထိပ်တွင်လည်း တစ်နာရီကြာ စုစည်းပြီး ဝမ်ရှန်း၏ အရသာခံ အာရုံနှင့် အနံ့ခံ အာရုံတို့မှာ ပိုမိုအားကောင်းကြောင်း သိလိုက်ရသည်။
ချီဝမ်နဂါးသည် အတော်ကို အစားကောင်း အသောက်ကောင်း ကြိုက်ရပေမည်။ ထို့ကြောင့် ဝမ်ရှန်း၏ အရသာခံအာရုံ ပိုမိုအားကောင်း လာသည်မှာ အံ့သြစရာတော့ မရှိပေ။ သို့သော် အစားအသောက် ပြောင်းလဲခြင်း မပြီးမြောက်ခင်၌ အားကောင်း လာခြင်းကတော့ ဝမ်ရှန်းအား အနည်းငယ် အံ့သြသွားစေခဲ့သည်။
တိုက်ဆိုင်မှုများသည် အမြဲတမ်း ကောင်းမွန်သည့် တိုက်ဆိုင်မှုများသာ ဖြစ်၏။ ဤအရာသည် ဝမ်ရှန်း သူပြုလုပ်နေသည့် လမ်းစဉ် မှန်ကန်ကြောင်း ဆိုလိုနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤနည်းလမ်းအတိုင်း ဆက်လက် ကြိုးစား ရပေမည်။
ဝမ်ရှန်း မျက်လုံးများ ဖွင့်လိုက်သည့် အချိန်တွင် အိမ်တော်ထိန်း၊ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ထံမှ ဂုဏ်ပြုစကားများ ကြားလိုက်ရသည်။ ဝမ်ရှန်း၏ တိုးတက်မှုကို သူတို့သုံးယောက်မှ မြင်တွေ့ခဲ့ရသည့် အတွက် ဂုဏ်ပြုစကား ပြောသည်မှာ ပုံမှန်ပင်ဖြစ်၏။
ဝမ်ရှန်းသည် သူတို့သုံးယောက်၏ ဂုဏ်ပြုစကားများကို ခေါင်းညိတ်ကာ ပြုံး၍ လက်ခံလိုက်ပြီး ဤတိုးတက်မှုအတွက် တစ်ခွက်တစ်ဖလား သောက်လိုက်ကြသည်။ ထိုအခိုက်အတန့်မှာပင် ဝမ်ရှန်းသည် ရုတ်တရက် ထိတ်လန့် သွားမိသည်။
လွန်ခဲ့သည့် နာရီအနည်းငယ်ကပင် သူသည် အရသာရှိသည့် ဝိုင်ကို အတော်လေး သောက်ခဲ့၏။ ထိုစဉ် ကတည်းကပင် သူသည် ဝိုင်က အရသာ သိပ်မရှိသည်ဟု ခံစားမိပြီး ယခုအခါ ဤအရသာ မရှိသည့် ခံစားချက်မှာ ပို၍ ပြင်းထန် လာလေသည်။
ဝမ်ရှန်း၏ ပါးစပ်အတွင်း ဝင်ရောက်လာသော ဝိုင်သည် ရေရော ထားသကဲ့သို့ ဘာအရသာမှကို မရှိနေပေ။ သူတို့သည် ဝိုင်ခရားကို ယခုလေးတင် ဖွင့်ခဲ့ခြင်းပင်။ ထို့ကြောင့် ရေရောထားခြင်းက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…
ဝမ်ရှန်းသည် သူ့ကိုယ်သူ အမှတ်မှားသည်ဟုသာ ထင်ကာ လျှော့သောက်ရန် တွေးလိုက်သည်။ သို့သော် ဟင်းအား တစ်လုတ် ယူစားလိုက်သည့် အခိုက်အတန့်တွင် ဝမ်ရှန်းသည် ဒေါသတို့ တစ်မုဟုတ်ချင်း ထွက်ပေါ်လာသည်။ သူ၏ကမ္ဘာမြေပေါ်၌ သာဆိုလျှင် စားဖိုမှူးအား ထွက်လာခိုင်းကာ အရသာက ဘာလို့ ဒီလောက်တောင် စုတ်ပြတ်နေတာလဲ ဆိုပြီး ဖြေရှင်းခိုင်းမိမည်။ အစားအစာသည် လက်ခံနိုင်စရာပင် မရှိ ဘယ်လိုများ ကိုယ့်ကိုယ်ကိုယ် စားဖိုမှူးလို့ ခေါ်နေလဲ ဆိုပြီးလည်း မေးမိပေလိမ့်မည်။
သို့သော် တကယ်တမ်း လက်ရှိတွင် ဤစားဖိုမှူးများကို သင်ကြား ပေးခဲ့သူမှာ မိမိကိုယ်တိုင်သာ ဖြစ်၏။ ယခုအချိန် သူကိုယ်တိုင် ဝင်ရောက် ချက်ပြုတ်ခဲ့လျှင်ပင် ဤစားဖိုမှူးများထက် ပိုမိုကောင်းမွန်သည့် ဟင်းလျာများ ချက်ပြုတ်နိုင်မည် မဟုတ်ပေ။ ဒါဆို အခု သူ ဘာဖြစ်တာလဲ… သူ လျာက ဘာများဖြစ်သွားတာလဲ…
အရသာခံ စွမ်းအား၏ ပြောင်းလဲမှုကို ရုတ်တရက် သူ မစဉ်းစားလိုက်မိခြင်းပင်။
အရသာခံအာရုံ အားကောင်းလာခြင်းမှာ ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သော်ငြားလည်း လက်ရှိတွင်မူ ဝမ်ရှန်းသည် ဤအစားအသောက်များကို တစ်လုတ်တည်းဖြင့်ပင် မျိုမကျနိုင်ဖြစ်နေ၏။ ထိုအရာသည် ကြောက်စရာ ကောင်းသည့် အရာပင်။
ကံကောင်းစွာ ဝမ်ရှန်း၏ ပင်ကိုစိတ်ခံမှာ စိတ်ဆန္ဒ ပြင်းပြတတ်ခြင်း ဖြစ်သည်။ လိုအပ်လာသည့် အချိန်တွင် သူသည် အခွံမာ ကောင်များကိုပင် စားနိုင်ပြီး မသတီစရာ ကောင်းသည့် အရသာများကိုလည်း တစ်လုတ်တည်းဖြင့် မျိုချပစ်နိုင်၏။ ယခုအချိန်တွင် ဤဟင်းပွဲများသည် သိပ်မကောင်းသည့် အနေအထားမျှသာ ဖြစ်ပေရာ ဝမ်ရှန်းသည် ဟင်းပွဲများကို မျက်နှာမပျက်ဘဲ ဆက်စားလိုက်လေသည်။
ချီဝမ်နဂါးများ အဆင့်မြင့်လာခြင်းက ထိုသို့ ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာမည်ကိုသာ ကြိုသိခဲ့မည်ဆိုလျှင် ဝမ်ရှန်းသည် ထိုပြောင်းလဲမှုကို ပြုလုပ်မည် မဟုတ်ပေ။
ဒုတိယမြောက် ပြောင်းလဲမှုသည် အစားအသောက် ပြောင်းလဲမှုပင်။ ထိုအရာသည် သိုက်မိသားစုမှ ယူဆောင်သွားခဲ့သည့် ကြယ်ကိုးပွင့် ဝိညာဉ်နှင့် ရင်ဆိုင်ရန် ဖြစ်သည်။ တစ်ဖက်မှလည်း ဝိညာဉ်တစ်ခု ပျောက်ဆုံးနေကြောင်း ခံစားမိကာ အပိုင်းအစ တစ်ခု ဖြစ်ခဲ့သည့် သူ့ယွမ်ဝိညာဉ်အား ဝါးမျိုရန် ကြိုးစားလာမည်ကို သူ စိုးရိမ်မိပေသည်။ ထို့ကြောင့် သူသည် ၎င်းကို အရင် ဝါးမျိုရန် ကြိုးစားရပေမည်။
သို့သော် လတ်တလော အနေအထားအရ ဝမ်ရှန်းသည် ထိုကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုပေ။ ယခုအချိန်တွင် သိုက်မိသားစုသည် ဝမ်ရှန်း၏ အပြစ်ပုံချခြင်းကို ကြီးကြီးမားမား ခံနေရသည့် အချိန်ဖြစ်သည်။ သူတို့ မည်မျှ ဖိအားများနေမည်ကို ဝမ်ရှန်းမသိပေ။
“အစ်ကိုကြီး၊ မြို့အရှင်စံအိမ်မှာ အဆင့်မြင့် ဝိညာဉ်တွေအကြောင်း သတင်းအချက်အလက်တွေ ရှိလားမသိဘူးနော်”
ဝမ်ရှန်းသည် သူတို့သုံးယောက်နှင့် စကားစမြည် ပြောနေရင်းဖြင့် စကားခေါင်းစဉ် ပြောင်းရန် တဖြည်းဖြည်းချင်း ကြိုးစားလိုက်၏။
“ကျွန်တော် ဒီဝိညာဉ်ကို ဘယ်လို အဆင့်မြင့်တင်ရမလဲ ဆိုတာမသိဘူး။ အဲ့ဒါကြောင့် အဲ့အဆင့်မြင့် ဝိညာဉ်တွေထဲက တစ်ခုကို မှီငြမ်းကြည့်မလားလို့။ ကျွန်တော် တစ်ချက်လောက် ကြည့်လို့ရမလား”
ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့၏ နားထဲတွင် ဤစကားများသည် ရိုးရှင်းသည့် စကားများသာ ဖြစ်သည်။ သူတို့ တွေးလိုက်သည်မှာ ဝမ်ရှန်းသည် သူ့ဝိညာဉ်၏ ထူးခြားမှုကြောင့် လမ်းပျောက်နေကာ ယခင်က အဆင့်မြင့် ဝိညာဉ်များကို မှီငြမ်းကိုးကား၍ ရှေ့ဆက် တက်ချင်ခြင်းဟုသာ။
သို့သော် အိမ်တော်ထိန်း၏ နားထဲတွင် ဝမ်ရှန်းစကား ဆိုလိုရင်းသည် ထိုကဲ့သို့ မဟုတ်ချေ။ ဝမ်ရှန်းသည် သူ၏လျှို့ဝှက်ချက်ကို အများအား မချပြခင်တွင် လွန်ခဲ့သည့် နှစ်ပေါင်းရာချီမှ အဆင့်မြင့် ဝိညာဉ်များ၏ ကျင့်စဉ်များကို ရှာဖွေပေးရန် သူ့အား အကူအညီတောင်းခဲ့ပြီး ယခုတွင် ဝမ်ရှန်းသည် ထိုမေးခွန်းအား မေးလာခဲ့လေပြီ။
သူ၏အမြင်၌ ဝမ်ရှန်းသည် ထိုရှေးဟောင်း ကျင့်စဉ်များကို လိုအပ်ခြင်းမှာ မှီငြမ်းကိုးကားရန်အတွက် မဟုတ်ဘဲ သူ၏ကိုယ်ပိုင် ကျင့်စဉ်လမ်းကြောင်းကို ရှာဖွေလိုနေခြင်း ဖြစ်သည်။
ဝမ်ရှန်း၏ မေးမြန်းမှုသည် မြို့အရှင် စံအိမ်အား အားသာချက် တချို့ ရရှိစေခဲ့သည်။ သို့သော် ဝမ်ရှန်းအား ဤကဲ့သို့ အရေးပါသည့် သတင်း အချက်အလက်များကို ကြည့်ရှုခွင့်ပေးရန် အတွက်မူ အိမ်တော်ထိန်း တစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်၍ မရပေ။ မြို့အရှင်၏ ထောက်ခံချက်လည်း လိုအပ်သေးပေသည်။
“ငါ ပြန်သွားပြီး မြို့အရှင်ကို အရင် သွားမေးလိုက်ဦးမယ်”
အိမ်တော်ထိန်းသည် ထိုနေရာ၌ ချက်ချင်း သဘောမတူခဲ့ပေ။ ခွင့်ပြုချက်အတွက် မြို့အရှင်အား အရင် မေးမြန်းမည့် သူ၏သဘောထားကို ဖော်ပြလိုက်၏။
“ဒါပေမယ့် ဘာပြဿနာမှ မရှိလောက်ပါဘူး။ ငါ နောက်ထပ် ရက်နည်းနည်းလောက် ကြာရင် ယူလာလိုက်မယ်”
ဝမ်ရှန်း ခေါင်းသာ ညိတ်လိုက်ကာ ဘာမှ ပြန်မပြောခဲ့ပေ။ သူ ပြောရမည်များကို စကားကုန် ပြောခဲ့ပြီး ဖြစ်သည်။ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့၏ ဝိညာဉ်အဆင့်သည် မြင့်မားသော်လည်း ယွမ်ဝိညာဉ်အား နားလည် ကျွမ်းကျင်မှု အရာတွင် သူတို့သည် ကျွမ်းကျင်သည့် ဝိညာဉ်သန့်စင်သူထက် များစွာ နောက်ကောက်ကျ သေးပေသည်။ ထို့ကြောင့် ဤအပိုင်းတွင် သူတို့ ဘာမှဝင်မပြောနိုင်ကြပေ။
အားလုံး စားသောက်ပြီး အိမ်ပြန်ကြတော့မည့် အခိုက်တွင် ခြံဝန်းအပြင်၌ လူတစ်စု၏ အသံကို သူတို့ ကြားလိုက်ရ၏။ အားလုံး အံ့သြသွားရသည်မှာ ရောက်လာသည့် သူမှာ မျက်နှာကို ခြုံပဝါဖြင့် ကာထားသည့် ရတနာစံအိမ်မှ ဆိုင်ရှင် အမျိုးသမီး ဖြစ်နေသည်။ သူမသည် သူမနှင့်အတူ လူတစ်စုကိုလည်း ခေါ်လာခဲ့ကာ ဝမ်ရှန်းထံသို့ ပစ္စည်းများ လာရောက် ပို့ဆောင်ကြခြင်းပင်။
“ဒါတွေက တချို့ အဆင့်မြင့်ဝိညာဉ်တွေ အကြောင်းပဲ”
ဆိုင်ရှင် အမျိုးသမီးသည် ထိုနေရာ၌ ရှိနေသည့် လူသုံးယောက် ရှိနေခြင်းကို ထည့်မတွက်ပဲ ပြောလိုက်သည်။ အထူးသဖြင့် အိမ်တော်ထိန်းကို ဖြစ်၏။ သူတို့ရှေ့တွင် သူမသည် သူမခေါ်လာသည့် လူများကို ပစ္စည်းများ ဝမ်ရှန်း အခန်းအတွင်းသို့ ထည့်ရန် စေခိုင်းလိုက်၏။
“ဒါတွေက နင့်ရဲ့လေ့ကျင့်မှုအတွက် အထောက်အကူ တချို့ ရရင်ရမှာပေါ့”
ထိုအုပ်စုမှ ပစ္စည်းများကို အထဲသို့ သယ်သွားသည့် အချိန်တွင် ထိုအရာများက စာလိပ်များ ဖြစ်ကြောင်း အိမ်တော်ထိန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုစာလိပ်များသည် အနည်းဆုံး ရာနှင့်ချီ၍ရှိ၏။ ချက်ချင်းပင် အိမ်တော်ထိန်း ဤကိစ္စအား နားလည် သွားခဲ့သည်။ သူသည် ခြေတစ်လှမ်း နောက်ကျသွားပြီ ဖြစ်ကာ ရတနာစံအိမ်သည် သူတို့ထက် လက်ဉီးသွားခဲ့လေပြီ။
ရတနာစံအိမ်မှ လူများသည် ကြာကြာ မနေပဲ ပစ္စည်းများ နေရာချပြီးသည်နှင့် ချက်ချင်း ပြန်သွားကြ၏။ မထွက်သွားခင်တွင် ဆိုင်ရှင်အမျိုးသမီးမှ ဝမ်ရှန်းအား သိမ်မွေ့နက်နဲစွာ ပြုံးပြ လိုက်သေးသည်။ ဝမ်ရှန်း၏ သန့်စင်ပြီးသား ဆားစီးပွားရေး လုပ်ငန်းသည် သေချာပေါက် သူမလက်တွင်းမှ ပြေးမလွတ်နိုင်တော့ပေ။
အိမ်တော်ထိန်းသည် ဤအဖြစ်အပျက်ကို ပေါ့ပေါ့တန်တန် မထားရဲပဲ ရတနာစံအိမ်မှ လူများ ပြန်သွားသည်နှင့် သူသည်လည်း အလျင်အမြန်ပင် နှုတ်ဆက်ကာ မြို့အရှင် စံအိမ်ထံသို့ တန်းတန်းမတ်မတ် သွားတော့သည်။ မြို့အရှင်စံအိမ်သို့ ရောက်ချိန်တွင် သူသည် အချိန်အခါကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုအကြောင်းကို မြို့အရှင်အား အလျင်အမြန် တင်ပြလိုက်၏။
“ကျွတ်စ်…”
ထိုအချိန်တွင် မြို့အရှင်သည် မြေပုံတစ်ခုအား ကြည့်နေခြင်းဖြစ်၏။ သို့သော် အိမ်တော်ထိန်း၏ တင်ပြချက်အား ကြားပြီးနောက်တွင် မသက်မသာ ဖြစ်သွားလျက် စုတ်သပ်လိုက်သည်။
“နောက်ကျ သွားတာပဲ… ပြီးတော့ အတွက်အချက် မှားသွားတာလည်း ပါတယ်။ အဲ့ကောင်မလေးကို ခြေတစ်လှမ်း သာခွင့်ပေးလိုက်တာက ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပဲကွ…”
မြို့အရှင်သည် မှတ်တမ်းများစွာ ထဲမှနေ၍ ဝိညာဉ်အဆင့် မြင့်တင်သည့် နည်းလမ်းအား ရှာဖွေမည်ဟု စဉ်းစားနေဆဲ ဖြစ်သည်။ ဤအတောအတွင်းတွင် မြို့အရှင်စံအိမ်မှ ဝိညာဉ် သန့်စင်သူများသည် စူးစမ်းရှာဖွေမှုများသာ ပြုလုပ်နေ၏။
ဟုတ်ပါသည်၊ သူတို့သည် တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဝမ်ရှန်း၏ တောင်းဆိုချက်ကို လျစ်လျှူရှု ထားနေကြခြင်းပင် ဖြစ်သည်။ ယခင်က ဝမ်ရှန်းသည် သူတို့အတွက် တန်ဖိုး ရှိနေရခြင်းမှာ သူသည် အဆင့်မြင့်တင်၍ ရသည့် ဝိညာဉ်၏ လျှို့ဝှက်ချက်ကို သိထားသောကြောင့် ဖြစ်၏။ သို့သော် ယခုအခါ ဝမ်ရှန်းသည် ထိုအကြောင်းအရာကို ထုတ်ဖော် ပြောလိုက်ပြီး ဖြစ်ပေရာ ဂျင်ဒီတားမြစ် နယ်မြေအား ဝင်ထွက် သွားလာနိုင်ခြင်းမှလွဲ၍ ဝမ်ရှန်းသည် မြို့အရှင်အတွက် စိတ်ဝင်စားစရာ မကောင်းတော့ချေ။
အစပိုင်းတွင် မြို့အရှင်သည် ဝမ်ရှန်းအား အနည်းငယ် အချိန် ထပ်ဆွဲထားမည်ဟု တွေးနေပြီး ဝမ်ရှန်း တောင်းဆိုသည့် အရာများ အားလုံးကို သူကိုယ်တိုင် အရင် လေ့လာပြီး နောက်မှသာ ဝမ်ရှန်းအား ရောင်းချရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ လျှို့ဝှက်ချက်အား ထုတ်ဖော် ပြောကြား ပြီးသည့်တိုင် ဝမ်ရှန်းတွင် စိတ်ဝင်စားစရာ ရှိနေသေးသည်။ ထို့ကြောင့် ရတနာစံအိမ်သည် ဆက်လက် ကြိုးပမ်းလေရာ မြို့အရှင် စံအိမ်ထက် တစ်ပန်းသာသွားခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဝမ်ရှန်းသာ မမေးခဲ့လျှင် ဤကိစ္စကို ကိုင်တွယ်၍ ရသေးပေသည်။ သို့သော် ထိုအချိန်တွင် ဝမ်ရှန်းမှ မေးခဲ့သော်လည်း အိမ်တော်ထိန်းသည် ချက်ချင်း သဘောမတူမိခဲ့။ ထိုအချက်သည် အတွက်အချက် မှားသွားခြင်း၏ ပထမဆုံး အဆင့်ပင်တည်း။ ထိုအခိုက်အတန့်၌ အိမ်တော်ထိန်းသာ တွန့်ဆုတ်မှု မရှိဘဲ သဘောတူခဲ့မည် ဆိုလျှင် သူသည် ရတနာစံအိမ်ထက် သာသွားနိုင်ပေသည်။ သို့သော် ယခုအချိန်တွင် ဘာမှပြော၍ မရတော့ပေ၊ အရာအားလုံး နောက်ကျသွားပြီဖြစ်၏…
***