Switch Mode

Chapter – 1

အံ့ဖွယ်ဝိညာဥ် နိုးထလာမှု

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁။ အံ့ဖွယ်ဝိညာဥ် နိုးထလာမှု
” အခုက စပြီး မင်းက တတိယ အလွှာရဲ့ ဧရိယာ အေ ကို တာဝန်ယူရမယ်”
စာရေးကြီးက စက်ရုပ်ပမာ လှုပ်ရှားမှုဖြင့် ဤဘဝအသစ်၌ အမှတ်အသားပြုထားသော အလုပ်လုပ်ခွင့်စာတစ်စောင်အား ယဲ့ရှောင်အား ပစ်ပေးလိုက်သည်။
ယဲ့ရှောင်က သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး တတိယအလွှာသို့ လှည့်ထွက်သွားလိုက်သည်။
စာရေးကြီးက သူ ထွက်သွားသည်ကို ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ခါလိုက်၏။
” နှမြောစရာပဲ။ လူငယ်လေးက အင်မတန် ချောမောတာ။ ဒါပေမဲ့ သူ့ရဲ့ အံ့ဖွယ်ဝိညာဥ်က မနိုးထသေးဘူး။ ဖြုန်းတီးရာ ရောက်တာပဲ”
ယဲ့ရှောင်က စာရေးကြီး၏ စကားများကို မကြားပေ။ ယခုအချိန်တွင် သူက လက်ရှိ ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဥာဏ်များအား လက်ခံရရှိနေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်မိနစ်၌ သူသည် အပြင်းအထန် နာမကျန်းမှုကြောင့် သေဆုံးသွားခဲ့၏။ မျက်တောင်တစ်ခပ်အတွင်း သူသည် အပြိုင်ကမ္ဘာသို့ ဝိညာဥ်ကူးပြောင်းလာခဲ့သည်။
ဤလောက၏ နေထိုင်မှုပုံစံသည် သူ၏ ယခင်လောကမှ နေထိုင်မှုပုံစံနှင့် ဆင်တူသည်။ တစ်ခုတည်းသော ကွာခြားချက်သည် သိုင်းပညာရှင်များ၏ ကမ္ဘာကြီး ဖြစ်နေခြင်းပင်။
သိုင်းပညာများ ပြန်လည်သက်ဝင်လာမှုက လူသားများအား ကျင့်ကြံမှုအပေါ်၌ အဓိက အာရုံစိုက်စေ၏။ ကျင့်ကြံမှုနည်းလမ်းများသည် သာမန်လူသားများအတွက် သူ ယခင်ဘဝတုန်းက ဖတ်ရှုခဲ့ဖူးသည့် စာအုပ်များထဲမှ ထာဝရ ရှင်သန်သူများ ဖြစ်လာနိုင်သည်။ သူတို့၏ သက်တမ်းက ရှည်လျားလာပြီး ကျယ်ပြောလှသည့် ကောင်းကင်ထက်၌ ပျံသန်းလာနိုင်၏။
သို့သော် ကျင့်ကြံခြင်းတွင် ကြီးကြီးမားမား အောင်မြင်မှု ရရှိရန်အတွက် ကနဦး လိုအပ်ချက်မှာ အံ့ဖွယ် ဝိညာဥ်ဟု ခေါ်သည့် တစ်စုံတစ်ခု နိုးထရမှာပဲ ဖြစ်သည်။
ဤကမ္ဘာမှ ယဲ့ရှောင်သည် သူ၏ အံ့ဖွယ် ဝိညာဥ် မနိုးထသေးသည်မှာ သိသာနေသည်။ သူက သာမန် သိုင်းတချို့ကိုသာ ကျင့်ကြံနိုင်ပြီး ကာယလုပ်သားတစ်ယောက်အဖြစ်သာ သတ်မှတ်ခံထားရသည်။
အမှိုက်တစ်စပင်။ သို့သော် မကြာမီ၌ ယဲ့ရှောင်သည် စိတ်သက်သာရာ ရသွားသည်။ သူသည် သိုင်းပညာလမ်းကြောင်း၌ အောင်မြင်မှုများလည်း ရရှိနိုင်မည် မဟုတ်ချေ။ ဆိုလိုသည်ကား သူသည် မည့်သည့် ဘေးဒုက္ခနှင့်မှ တွေ့ရလိမ့်မည် မဟုတ်ပေ။
သူ၏ ယခင်ဘဝက ရောဂါကြောင့် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် ယဲ့ရှောင်သည် အသက်ရှင်ချင်စိတ်တို့ ပြင်းပြ၏။ အသက်ရှင်ခြင်းကလည်း အရာအားလုံးထက် ပို၍ အရေးကြီးပေသည်။
သူ အလုပ်လုပ်သည့် စာကြည့်တိုက်သည် သူ့ကို အစားအသောက်နှင့် နေရာထိုင်ခင်း ထောက်ပံ့ပေးသည်။ ထို့အပြင် လစာက တစ်လလျင် ယွမ် ၃၅၀၀ ဖြစ်ပြီး စာကြည့်တိုက်တစ်ခုလုံး၌ ၂၄ နာရီပတ်လုံး အဲကွန်း ဖွင့်ထားသည်။ လေထုထဲတွင်လည်း ကောင်းမွန်သည့် ရနံ့ ရှိပေ၏။
” ဒါက ဧရိယာ အေ လား”
ယဲ့ရှောင်သည် သူ၏ အလုပ်ကို အတော် စိတ်ကျေနပ်နေသည်။
မြို့တိုင်းတွင် သိုင်းပညာရှင်များက လူငယ်မျိုးဆက်ကို ငှားရမ်းရန်အတွက် အသေးစိတ် ရေးထားသော သိုင်းကျင့်စဥ်များစွာကို မှတ်တမ်းတင်ထားသည့် သိုင်းကျမ်းစောင်များ ရှိပေသည်။
အောက်ခြေအဆင့်ရှိ သိုင်းကျမ်းများက အတော် အဆင့်နိမ့်၏။ ထိုကြောင့် သူတို့က ငှားရမ်းပြီး ဖတ်ရှုနိုင်သည်။
ထိပ်တန်းအဆင့် အရည်အသွေးမြင့်မားသော ကျင့်စဥ်များကို လက်ရွေးစင် သိုင်းပညာရှင်များက စောင့်ကြပ်နေသည်။ ထို့ကြောင့် သာမန်လူများက ဝင်ခွင့် မရှိပေ။
ယဲ့ရှောင် စီမံခန့်ခွဲရသည့် နေရာသည် အခြေခံ သိုင်းကျင့်စဥ်များ ပါဝင်သည့် ပထမအလွာ နှင့် ဒုတိယအလွာတွင် သိုင်းကျင့်စဥ်များကလည်း များပြားလွန်းရာ သူ ရှိရာ တတိယအဆင့်ကို လူ အနည်းအကျဥ်းမျှ သွားရောက် ခွင့်ပြုထားသည်။ သို့သော် အနည်းအကျဥ်းကသာ တတိယအဆင့်ကို လာရောက်ကြရာ သူ့အဖို့ အားလပ်ချိန်များစွာ ရရှိပေ၏။
ထိုအချိန်၌ သူ၏ စိတ်ထဲတွင် စူးရှသည့် နာကျင်မှုတစ်ခု ဖြစ်လာပြီး ရွှေရောင် ဖျော့ဖျော့ အလင်းတန်းများနှင့် စာအုပ်တစ်အုပ် ပေါ်လာသည်။
ယဲ့ရှောင် အံ့အားသင့် ထိတ်လန့်သွားမိ၏။ ယခင် ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဥာဏ်များအရ ထိုအရာက ဘာမှန်း သူ မြန်မြန်ဆန်ဆန် သဘောပေါက်သွားတော့၏။
” ငါ့ရဲ့ အံ့ဖွယ် ဝိညာဥ် နိုးထလာတာလား “
နိုးထခြင်းက အချိန်ကိုက်ပင် ဖြစ်သည်။ သို့သော် ယဲ့ရှောင်ကား အလွန်အကျွံ စိတ်လှုပ်ရှား မနေခဲ့ပေ။
တစ်ဘဝကြာနေထိုင်ခဲ့ပြီးဖြစ်သောကြောင့် အရာအားလုံးက အချိန်နှင့်အတူသာ လိုက်ပါလာတတ်သည်ကို သူ သင်ယူခဲ့ပြီး ဖြစ်သည်။
သိုင်းကျင့်စဥ်များက ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်ချက် သိပ်မမြင့်မားပေ။ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်သရွေ့ ယင်းက လုံလောက်နေပြီ ဖြစ်သည်။
ဤလောကထဲတွင် သိုင်းပညာရှင်များစွာ ရှိ၏။ သူက ပြိုင်ဘက်ကင်း မဟုတ်ပေ။ သူက သိုင်းပညာရှင်တစ်ဦး ဖြစ်လာလျင် သေမှာ သေချာနေ၏။
သူ့တွင် ဘာမှ လုပ်စရာ မရှိသောကြောင့် ယဲ့ရှောင်သည် အံ့ဖွယ် ဝိညာဥ်၏ တည်ဆောက်မှုပုံစံကို လေ့လာနေလိုက်သည်။ သူ့စိတ်ထဲရှိ အံဖွယ် ဝိညာဥ်ကို ဆက်သွယ်ခြင်းအားဖြင့် နောက်ကွယ်မှ အသေးစိတ်အချက်အလက်များကို အလွယ်တကူ နားလည်နိင်သည်။
” ကျင့်စဥ်တွေကို ကြည့်ပြီး သူတို့တွေကို အံ့ဖွယ် ဝိညာဥ်ရဲ့ စာအုပ်ထဲမှာ သိုလှောင်ထားလိုက်။ ပြီးရင် ရွှေရောင် စာအုပ်က သူ့ဘာသာသူ ကျင့်ကြံလိမ့်မယ်။ သိုလှောင်နိုင်တဲ့ ကျင့်စဥ်အရေအတွက်က အကန့်အသတ် မရှိဘူး။ တူညီတဲ့ ကျင့်စဥ်တွေကို ကျင့်ကြံမယ်ဆိုရင် အဲဒီကျင့်စဥ်ရဲ့ ပိုမြင့်တဲ့အဆင့်တစ်ခုကို ပြောင်းလဲနိုင်ပြီး အဲဒီအတိုင်း ကျင့်ကြံလို့ ရတယ်။ ဒါပေမဲ့ တူညီတဲ့ ကျင့်ကြံခြင်း ကျင့်စဥ်ကနေ ရရှိထားတဲ့ ကျင့်စဥ်တွေကိုတော့ ထပ်ပြီး မှတ်တမ်းတင်လို့ မရတော့ဘူး”
” ဒါက အရမ်းအစွမ်းထက်ပုံပဲ”
သူ၏ အံ့ဖွယ် ဝိညာဥ်က ကိုယ်တိုင် ကျင့်ကြံနိုင်သည်။ သူက ကျင့်စဥ်တစ်ခုကို တစ်ကြိမ်သာ ဖတ်ရှုရန် လိုအပ်ပြီး နောက်ဆက်တွဲ ပြဿနာများအား ဖြေရှင်းပြီး ဖြစ်ပေမည်။ ယင်းက ယဲ့ရှောင်ကဲ့သို့ အေးအေးလူလူ နေလိုသူအဖို့ အလွန်သင့်တော်သည်။
ယဲ့ရှောင်ကလည်း အခြေခံတူညီသည့် ကျင့်စဥ်များမှ သိုင်းကျမ်းများကို ကူးယူ မှတ်တမ်းတင်၍ မရကြောင်း သိထားသည်။
ကျင့်စဥ်များသည် အခြေခံတူညီသည့် ကျင့်စဥ်တစ်ခုတည်းမှ ပုံစံအမျိုးမျိုး ပြောင်းလဲထားတာပဲ ဖြစ်သည်။ တချို့သော မသမာသည့် သိုင်းပညာရှင်များက လုံလောက်သည့် ပါရမီဖြင့်ပင် အခြေခံ သိုင်းကျင့်စဥ်တစ်ခုကို ဝယ်ယူပြီး ဆင့်ကဲပြောင်းလဲပြီးနောက် မြင့်မားသည့် ကူးယူခများ ရရှိကြသည်။ ယင်းက ယဲ့ရှောင်၏ ယခင်ဘဝမှ ကျင့်စဥ်များကို ကိုယ်ပိုင် အတွေးအခေါ်ပြုသည်နှင့် အလွန်ဆင်တူ၏။
ယဲ့ရှောင်က သူ၏ အံ့ဖွယ် ဝိညာဥ် တည်ဆောက်ပုံကို သိရှိပြီးနောက် စာအုပ်စင်မှ စာအုပ်များကို စတင်ရှာဖွေတော့သည်။
သူ စာဖတ်သည့် နှုန်းက အလွန်မြန်ပြီး နားလည်သဘောပေါက်သည့် အရည်အချင်းက မြင့်မား၏။ ထို့အပြင် ကျင့်ကြံခြင်း ကျင့်စဥ်များက ထူထဲသည့် စာအုပ်များနှင့် မတူချေ။ ထိုအစား တချို့သော ကျင့်စဥ်များက စာရွက် အနည်းငယ်သာ ပါဝင်သည်။
မိုးလင်းမှ မွန်းတည့်ချိန်ထိ သူသည် စုစုပေါင်း ကျင့်စဥ် ၂၅ ခုထိ ဖတ်ရှုခဲ့သည်။
ကံဆိုးသည်မှာ ကျင့်စဥ် လေးခုသာ သူ၏ အံ့ဖွယ် ဝိညာဥ်ဖြစ်သည့် ရွှေရောင် စာအုပ်ထဲတွင် မှတ်သားထားနိုင်၏။ နှစ်မျိုးက ဓားမော့ ကျင့်စဥ်ဖြစ်ကာ တစ်ခုက ဓားကျင့်စဥ်နှင့် လက်သီး သိုင်း ကျင့်စဥ် တစ်ခုတို့ ဖြစ်သည်။
ကျန်ရှိသည့် စာအုပ် ၂၁ အုပ်က ကူးယူထားခြင်းသာ ဖြစ်သည်။ လက်တွေ့တွင်မူ ထို စာအုပ်လေးအုပ်ကလည်း ကူးယူထားသည့် ဗားရှင်းများသာ ဖြစ်သည်။ သို့သော် ရွှေရောင် စာအုပ်က ပုံစံတူညီသည့် အခြေခံ ကျင့်စဥ်များကို ပထမဆုံး ဆင့်ကဲထားသည့် စာအုပ်များဖြစ်သောကြောင့် ထိုအထဲမှ ကွဲထွက်နေသော အခြေခံ ကျင့်စဥ်များ ဖြစ်သည်။
ယဲ့ရှောင်က အနည်းငယ် ကူကယ်ရာ မဲ့သွားခဲ့၏။ ထိုလူများက အရှက်မဲ့လွန်းသည်။ ပြီးနောက် ရွှေရောင် စာအုပ်ကို ကြည့်လိုက်ပြီး ကျင့်စဥ်များဖြင့် ပြည့်နေသော စာမျက်နှာ လေးမျက်နှာကို မြင်လိုက်ရသည်။ ထို့အပြင် အောက်ခြေရှိ အခြေအနေပြ ဘားတန်းကလည်း ပကတိမျက်စိဖြင့် မြင်နိုင်အထိ တဟုန်ထိုး တိုးတက်နေတော့သည်။ ယင်းက သူ၏ စိတ်ကို ပေါ့ပါးသွားစေသည်။
သူ့ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်း အဆင့်ကလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်ဟု ခံစားနေရသည်။
” မဆိုးဘူးပဲ။ ဒါကို ကြည့်ရုံနဲ့ မကြာခင်မှာ ငါက ဒုတိယအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်”
သိုင်းပညာရှင်များ၏ အဆင့်ကို ဟို့ထျန်းနှင့် ရှန့်ထျန်းဟူ၍ ခွဲခြားသည်။
ဟို့ထျန်း နယ်ပယ်ကို ပထမ မှ နဝမအထိ ခွဲခြားထားသည်။ ရှန့်ထျန်း နယ်ပယ်ကိုလည်း ပထမ မှ နဝမအဆင့်ထိ ခွဲခြားထားလေ၏။
သို့သော် ဟို့ထျန်း နယ်ပယ်ကို သိုင်းပညာရှင်များအဖြစ် သိကြသည်။
ရှန့်ထျန်း နယ်ပယ်အတွင်းမှ သူတို့ကိုမူ ချီရှန်း၊ မဟာ ချီရှန်း၊ အံဖွယ် ချီရှန်းဟူ၍ သုံးဆင့်တိုင်းတွင် ခွဲခြားပေ၏။
ချီရှန်း အဆင့်သို့ ရောက်ရှိသည်ကပင် အတော် အံ့သြဖွယ် ကောင်းနေပြီဟု ဆိုကြသည်။ ယဲ့ရှောင် နေထိုင်သော မြို့၌ သိုင်း သင်တန်းကျောင်းများစွာ ရှိပြီး လူဦးရေ တစ်သိန်း ရှိ၏။ ထိုလူများကြားတွင် ဆယ်ဦးခန့်က ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ်ရာချီ ကျင့်ကြံပြီးနောက် ရှန့်ထျန်း နယ်ပယ်သို့ ဝင်ရောက်နိုင်သည်ဟု သတ်မှတ်ထားသည်က ပုံမှန်ပင် ဖြစ်သည်။
ထို့ကြောင့် ချီရှန်း အဆင့်က သိုင်းပညာရှင် တစ်ထောင်တွင် တစ်ယောက်သာ ဖြစ်နိုင်သည်ဟု ဆိုရပေမည်။ ထို့အတွက် ပိုမြင့်သည့် အဆင့်သို့ ရောက်ရှိရန် ကျင့်ကြံမှုအတွက် ခက်ခဲခြင်းက ပြောနေရန်ပင် မလိုချေ။
မကြာမီပင် နေ့လယ် ၁၂ နာရီ ထိုးသွားလေသည်။ ယဲ့ရှောင်က အကျောဆန့်လိုက်ပြီး ဖတ်ရှုတာ ရပ်တန့်လိုက်သည်။
ယခုက နေ့လယ်စာ စားချိန် ဖြစ်သည်။ ကန်တင်းရှိ အစားအသောက်များက မဆိုးလှချေ။ ဆိုရလျင် စာကြည့်တိုက်က မြူနီစီပယ် ရုံးတစ်ခုလည်း ဖြစ်သည်။ အစားအစာများအတွက် ထောက်ပံ့ငွေလည်း ရှိ၏။
ဘဲသွေး စွတ်ပြုတ် တစ်ပန်းကန်ကို ငါး ယွမ်သာ ကျသင့်သည်။ ယင်းက အလွန် စျေးပေါပေသည်။
ယဲ့ရှောင်က မျက်ဝန်းများ မှေးကျဥ်းကာ ပြုံးလိုက်၏။
” ကြည့်ရတာ အခုကစပြီး ကောင်းကောင်းမွန်မွန် စားရတော့မယ် ထင်တယ်”
သူက ထမင်းတစ်ပန်းကန် မှာပြီးနောက် ထောင့်ဖက်တွင် ထိုင်နေစဥ် သူ၏ လုပ်ဖော်ကိုင်ဖက်များမှ စကားပြောနေသည်ကို တိတ်တဆိတ် နားထောင်နေလေသည်။ ထိုနည်းဖြင့် သူ့အနားရှိ အခြေအနေများအကြောင်းကို ပိုမို သိရှိနိုင်မှာပဲ ဖြစ်သည်။
မလှမ်းမကမ်းရှိ စားပွဲမှ လုပ်ဖော်ကိုင်ဖက်များက သူတို့၏ စားသောက်စရာများကို မှာယူလိုက်ပြီး ငြီးတွားနေကြ၏။
” စာကြည့်တိုက်ထဲက အလုပ်က လူသားတွေအတွက် မဟုတ်ဘူး။ ငါက ထောက်ပံပို့ဆောင်ရေး ဌာနမှာ တာဝန်ကျတာလေ။ တမနက်လုံး စာအုပ်တွေ သယ်နေရတာ။ ပင်ပန်းလွန်းလို့ ခါးတောင် မမတ်နိုင်တော့ဘူး”
” ဒါ သိပ်မဆိုးသေးပါဘူးကွာ။ အနည်းဆုံးတော့ မင်းက နားချိန်ရသေးတယ်။ ငါက မင်းထက် အခြေအနေ ပိုဆိုးတယ်။ တံခါးဝမှာ မတ်တပ်ရပ်နေရပြီး တစ်ချက်လေးတောင် နားခွင့် မရဘူး။ နေ့တစ်ဝက်လောက် ဆီးအောင့်ထားရတာ”
” ရှူး။ စောဒက တက်နေတာတွေ ရပ်လိုက်တော့။ ငါတို့ရဲ့ အံဖွယ် ဝိညာဥ် မနိုးထသေးတာ ငါတို့ရဲ့ ကံပဲ။ တစ်နှစ်ကျော်လောက် ကျင့်ကြံပြီးရင် ငါတို့ ပထမအဆင့် သိုင်းပညာရှင် ဖြစ်လာနိုင်သေးတယ်။ နှစ်အနည်းငယ်လောက် ကျင့်ကြံပြီးရင် ဒုတိယအဆင့်ကို ရောက်နိုင်မလားဆိုတာ စောင့်ကြည့်ရတာပေါ့”
” ပြီးရင် ငါတို့က ကန်ပဏီတစ်ခု ဒါမှမဟုတ် တပ်ဖွဲ့တစ်ခုကို ဝင်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်”
” အချိန်ကျလာတဲ့အခါ ငါတို့ ဝိညာဥ် သိပ်သည်းဆေးလုံးတစ်လုံး ရလာအောင် သေချာပေါက် ယူရမယ်။ ငါတို့ရဲ့ အံ့ဖွယ် ဝိညာဥ် နိုးထလာဖို့အတွက် မျှော်လင့်ချက် ရှိသေးတယ်လေ”
” ဘာတွေ တွေးနေတာလဲ။ ဆယ်နှစ်ကျော် ကျင့်ကြံပြီးတာတောင် မင်းက ပထမအဆင့် သိုင်းပညာရှင်ပဲ ဖြစ်နေဦးမယ်။ မင်း ဒီဘဝမှာ ဒုတိယအဆင့် ရောက်ဖို့ဆိုတာ ခက်ခဲနေမှာပဲ။ မင်း ရောက်ခဲ့ရင်တောင် အနည်းဆုံး အသက်သုံးဆယ်လောက် ရှိနေပြီ။ မင်းက ခွေးအိုကြီး တစ်ကောင်ဖြစ်နေပြီကို။ မင်းကို ဘယ်ကန်ပဏီက လိုချင်မှာပဲ။ ဒီလို အိမ်မက်မက်နေတာထက်စာရင် အလုပ်ကြိုးစားတာက ပိုကောင်းလိမ့်မယ်”
ယဲ့ရှောင်က စိတ်ထဲ သက်ပြင်းချလိုက်၏။ သိုင်းပညာရှင်များ၏ လောကသည် သူ၏ ယခင်ဘဝမှ ကမ္ဘာထက် နာမည်တစ်လုံးတည်ဆောက်ရသည်မှာ ပို၍ ခက်ခဲပုံပေါ်၏။
သူက ချီရှန်း အဆင့် ပညာရှင်တစ်ဦးဖြစ်လာရန် နှစ်အနည်းငယ်ခန့် ယူရဦးမှာ ဖြစ်၏။
ထားလိုက်တော့။ ဘာမှလည်း မကောင်းဘူး။ သိုသိုသိပ်သိပ် နေတာ ကောင်းတယ်။
ထိုအတွေး ပေါ်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ယဲ့ရှောင်က သူ၏ ခွန်အားတို့ တိုးတက်လာသည်ကို ခံစားမိလိုက်၏။
ယင်းက ယဲ့ရှောင်အတွက် အထူးသဖြင့် သူ၏ ပါးစပ်အတွင်းသို့ ဟင်းသီးဟင်းရွက်ထည့်နေသည့် တူကို ရပ်တန့်သွားစေသည်။
သူ အဆင့်တက်သွားတာလား။

အပိုင်း ၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset