Switch Mode

Chapter – 13

လ ကြယ်တာရာပန်း

အခန်း ၁၃
( လကြယ်တာရာ ပန်း )

အားလုံး တစ်သံတည်း ထွက်လာကြသောအခါ ချန်ဖုန်း ဦးရေပြားများပင် ကျိန်းစပ်လာသည်။ ထို့ကြောင့် အားလုံးကို ရပ်တန့်ဖို့ ပြောရသည်။

လျှို့ဝှက်နဂါး တောင်စဉ်တွင် သူတို့ရှိခဲ့စဉ် ရှီကျွမ်းကျိက လေးနက်စွာ ပြောထားခဲ့သည်။ သူ့ ညီမလေး၏ ဆံပင်မွှေး တစ်ချောင်းကိုပင် ထိခိုက်အောင် လုပ်ပါက အားလုံးကို အရှင်မထားဟု ဆို၏။

ကောင်းကင်တက်လှမ်းခြင်း တစ်ပိုင်း ထိပ်တန်းဆရာကြီး တစ်ပါး ဖြစ်သည့် ရှီကျွမ်းကျိသည် သူ့စကားအတိုင်း လုပ်လေ့ရှိသည်။

ယင်းသို့ အခြေအနေများ အောက်တွင် ချန်ဖုန်းက မိန်ချင်းဟွာအား အနည်းငယ်မျှပင် ထိခိုက်အောင် မည်သို့ လုပ်နိုင်လိမ့်မည်နည်း။

“အဖိုး၊ အဖေ၊ အစ်မကြီး… ပြောရရင်တော့ ပုံပြင်အရှည်ကြီးဗျာ… ကျုပ်တို့ ပြန်ရောက်မှ သေချာပြောရအောင်…” ချန်ဖုန်းက အော်ဟစ်လိုက်၏။

ချန်ဝူထျန်းက ဤကိစ္စသည် အပြင်လူများရှေ့၌ ဆွေးနွေးရန် မသင့်တော်ကြောင်း ခံစား မိသည်။ ထိုသို့ဖြင့် အားလုံးကို အမိန့်ပေးလိုက်သည်။

“အားလုံးပဲ … ကိုယ့်နေရာကိုယ် ပြန်ကြပါ…”

ချန်ဝူထျန်း၏ အမိန့်ကြောင့် ကလန်အဖွဲ့ဝင်များက ချန်မိသားစုဆီ ပြန်သွားခဲ့ကြသည်။

ထို့နောက်မှ ချန်ဝူထျန်းက ကလန်ခေါင်းဆောင်များအား ကလန်၏ အစည်းအဝေး ခန်းမတွင် စုဝေးစေလိုက်ပြီး ချန်ဖုန်း ရှင်းပြမည်ကို စောင့်စားနေ၏။

သူ ပျောက်သွားမှုက ဤရက်များထဲ ကလန်အတွက် ပြဿနာများစွာ သယ်ဆောင်လာ ခဲ့ကြောင်း ချန်ဖုန်းလည်း သဘောပေါက်သည်။

အားလုံး ကြားသည့်အတိုင်းပင်။ ချန်ဖုန်းက လျှို့ဝှက်နဂါး တောင်စဉ်ရှိ တောင်ထွတ်ဆီ သွားခဲ့ပြီး ရာဇဝင်ထဲက ထိပ်တန်းဆရာကြီး ရှီကျွမ်းကျိကို တွေ့မြင်ခဲ့သည်။ ထို့နောက် ရှီကျွမ်းကျိ၏ ညီမဖြစ်သူကိုပင် ပြန်ခေါ်လာခဲ့သေး၏။ တစ်ချိန်တည်းတွင် ကြယ်တာရာ ကျောက်တုံး အနည်းအကျဉ်းလည်း ယူဆောင်ခဲ့သေးသည်။

ခန်းမထဲ ရှိနေသော ချန်မိသားစုဝင်များက ချန်ဖုန်း ပြောသမျှအား ပါးစပ်အဟောင်းသားဖြင့် မယုံမကြည်နိုင် ဖြစ်၍နေသည်။

“ဖုန်းအာ… ပွင့်ပွင့်လင်းလင်း ပြောရရင် အမှားတွေ မလုပ်နဲ့တော့ … အပြစ်ပေးခံရမှာ ကြောက်လို့ လိမ်ပြီး လျှောက်ပြောမနေနဲ့ …” ချန်ဝူထျန်းက ဤသို့ ပထမဆုံး စပြောလာလေသည်။

“ဟုတ်တယ်.. ဖုန်းအာ… မင်းပြောတာတွေက ယုံနိုင်စရာမှ မရှိတာ”ချန်ရှင်းရွဲ့က ခေါင်းတခါခါဖြင့် ပြောပြန်သည်။

“အဘိုး… အစ်မ.. ကျုပ်ပြောတာတွေက အမှန်တွေပါ…”

သူသာ မြိုးမြိုးမြိုက်မြိုက် တစ်ခုခု မထုတ်ပြလျှင် ချန်းမိသားစုဝင်များ ယုံလိမ့်မည် မဟုတ်ကြောင်း ချန်ဖုန်းလည်း သိနေသည်။

ထိုအခါ ချန်ဖုန်းက လကြယ် ကျောက်တုံး သုံးတုံးနှင့် လကြယ်တာရာ ချန်ဟွ ပန်းတစ်ပွင့်ကို ချက်ချင်း ထုတ်ပြလိုက်၏။

ထိုပစ္စည်းနှစ်ခု ထွက်လာသည့် အချိန်တွင် လွန်ခဲ့သော တစ်မိနစ်ကမှ ချန်ဖုန်းကို ချေပနေ ကြသော ချန်ဝမ်ထျန်းတို့ အဖွဲ့သည် မှင်တက်ရင်း မျက်လုံးများ တဖျတ်ဖျတ် တောက်လာ ကြသည်။

“ကြယ်ကျောက်တုံး… ကိုးပါးကောင်းကင်ဘုံကနေ ကြွေကျ ဖြစ်တည်လာတဲ့ ကြယ်အပိုင်းအစ တွေလား…”

ချန်ဝူထျန်းက မတ်တတ် ရပ်လိုက်ပြီး လကြယ် ကျောက်တုံးကို လှမ်းယူကြည့်လိုက်ကာ “ဒါဟာ ရာဇဝင်ထဲက ရတနာတစ်ပါးပဲ … ပြီးတော့ ထိပ်တန်း ကလန်တွေမှာသာ ဒီလို အရာမျိုးတွေ ရနိုင်တာ… ကျုပ်ဘဝမှာ ဒီလို ရတနာမျိုးကို ကိုင်ကြည့်ခွင့် ရမယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး… ဟဟ… ဟားဟားဟားဟားဟား….”

ချန်ဝူထျန်း၏ ရယ်သံကြီးကြားမှ မဟာအကြီးအကဲ ချန်ဝမ်ထျန်းနှင့် တတိယသခင် ချန်ချင်းတျန်တို့က မတ်တတ် ထရပ်၍ စိတ်လှုပ်ရှား သွားကြသည်။

သူတို့ အကြည့်များသည် လကြယ်စင် ချန်ဟွပန်းပွင့်ထံ၌သာ အသေ တပ်ဆင်ထားပြီး တတွတ်တွတ် ရေရွတ်နေ၏။

“လကြယ်စင် ချန်ဟွပန်းပဲ … တကယ်ပဲ ချန်ဟွပန်းပဲ …”

“တစ်ခါတုန်းက လျှို့ဝှက်နဂါးမြို့တော်မှာ ကုန်သည်အဖွဲ့အစည်းက ချန်ဟွပန်းကို လေလံ တင်ခဲ့ဖူးသေးတယ်.. အဲဒီပန်းပွင့်က အခုပန်းပွင့်ထက် အများကြီး အဆင့်နိမ့်တာပေါ့ .. သစ်ရွက်တွေတောင် ပြည့်ပြည့်စုံစုံ ရှိတာမဟုတ်ဘူး.. ဒါပေမယ့် ဒြပ်စင်ကျောက်တုံး သန်းချီပြီး လေလံအောင် သွားတယ်လေ…”

“ကျုပ်တို့ရဲ့ ဒီကြယ်စင်ပန်းက ပန်းပွင့်ရော အကိုင်းပါ ပြိုင်ဘက်ကင်းပဲ … အရည်အ သွင်းကလည်း အံ့စရာပဲ … လေလံဈေးနဲ့ဆို ဆယ်သန်းကတော့ အနည်းဆုံးပဲ …”

ထိုအချိန်တွင် ချန်ဖုန်းက နောက်ထပ် လကြယ်တာရာ ကျောက်တုံး တစ်တုံးနှင့် ချန်ဟွပန်းပွင့်ကို ထုတ်ယူ လိုက်သည်။ ထိုအခါ ခန်းမကြီး တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြတော့၏။
ခန်းမထဲ ယခုရှိနေသော လူအားလုံးသည် ချန်မိသားစု အပေါ် သြဇာရှိသော အကြီးအကဲများ ဖြစ်ကြ၏။ သို့သော် ယခုအချိန်တွင်မူ သူတို့အားလုံးက ကလေးများ ပမာ မျက်လုံးများ တဖျတ်ဖျတ် တောက်လျက် ပန်းပွင့်နှင့် ကျောက်တုံးတို့ကို ငေးကြည့်ရင်း စဉ်ဆက်မပြတ် ငြင်းခုန် နေကြလေသည်။

ခဏကြာပြီးမှ အပူတပြင်း ဆွေးနွေးပွဲလည်း တဖြည်းဖြည်း ငြိမ်ကျလာတော့သည်။

သို့သော် သိပ်မကြာလိုက်ခင် အားလုံးက ထိုရတနာတို့နှင့် ပတ်သက်၍ နောက်တစ်ကျော့ ပြန်ဆွေးနွေး ကြပြန်သည်။

ဤဆွေးနွေးပွဲ၏ အဓိက ခေါင်းစဉ်မှာ ထိုရတနာ ခွဲဝေရေး ဖြစ်သည်။

သို့သော် ဤပြဿနာက နိဂုံးချုပ်ခြင်းကို မရောက်နိုင်။ အဘယ်ကြောင့်မူ ထိုအဖိုးအနဂ္ဂ ထိုက်တန်သော ရတနာများကို ယူလာသည်က ချန်ဖုန်း ဖြစ်သဖြင့် ရတနာ ခွဲဝေရေးကို ချန်ဖုန်းသာ ဆုံးဖြတ်သင့်သည်။

ရလဒ်အနေဖြင့် နောက်တစ်ကျော့ ထပ်ဆွေးနွေးပြီးနောက် အားလုံး၏ အကြည့်များက ချန်ဖုန်းအပေါ် တညီတညွတ်တည်း ရောက်ရှိလာကြသည်။

လက်ရှိ ချန်ဖုန်းက စိတ်လည်းမပူ၊ အေးလည်း မအေးစက်နေ။ သူ့အဘိုး ချန်ဝူထျန်းနှင့် အတူရှိပါက သူ့ မိသားစု အဖွဲ့ဝင်များက ပစ္စည်းကို တလွှဲလုပ်ပစ်ရန် စိုးရိမ်နေစရာ မလိုအပ်ပေ။

“မိတ်ဆွေ ဦးလေးတို့ … ဒီကြယ်ကျောက်တုံးတွေနဲ့ ကြယ်ပန်းတွေကို ရှီကျွမ်းကျိရဲ့ ညီမလေး၊ မိန်ချင်းဟွာက ရှာတွေခဲ့တာပါ…”

“ဒီတော့ ခွဲဝေရေးအတွက် ဆိုရင်တော့ ကျုပ်အနေနဲ့ မိန်းကလေး ချင်းဟွာရဲ့ ခွင့်ပြုချက် တောင်းသင့်တယ် ထင်တယ်…”
ချန်ဖုန်းက ရှီကျွမ်းကျိအကြောင်း ပြောလိုက်သည်နှင့် ခန်းမ တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျ သွားတော့သည်။

“ကြည့်ရတာ အားလုံး သဘောတူတယ်နဲ့ တူတယ်… ကောင်းတယ်.. စုစုပေါင်း လကြယ်တာရာ ကျောက်တုံး သုံးလုံးကို ကျုပ်ရခဲ့ပြီး သူတို့ထဲက တစ်ခုမှာ ချန်ဟွပန်းလည်း ပါတယ်…”

“ကျုပ်ဆုံးဖြတ်ပြီးပြီ… ပထမ ကျောက်တုံးကို မဟာအကြီးအကဲနဲ့ တတိယ သခင်လေးကို ခွဲဝေ ပေးမယ်…”

“ဒုတိယ လ ကြယ် ကျောက်တုံးကိုတော့ အဘိုး သိမ်းထားလိုက်ပါ…”

“နောက်ဆုံး ကျောက်တုံးကိုတော့ ကျုပ်ပဲ ယူထားလိုက်မယ်… အားလုံးလည်း ငြင်းစရာ မရှိဘူးလို့ ထင်ပါတယ်…”

“နောက်ဆုံးကျန်တဲ့ ချန်ဟွ ကြယ်တာရာပန်းကိုတော့ ကျုပ်ယောက်ဖကြီး တိုင်မူတျန်ခီကို ပေးလိုက် ကြမယ်”

“ဘာ… မင်းက တန်ဖိုးအရှိဆုံး ချန်ဟွပန်းကို တိုင်မူတျန်ခီဆီ ပေးပစ်မလို့လား…”

“မရဘူး.. လုံးဝ မဖြစ်ဘူး.. ကျုပ်သဘောတူမှာ မဟုတ်ဘူး…”

“အမှန်ပဲ … တိုင်မူတျန်ခီ ဆိုတာ ဘာပြောပြော သူက အပြင်လူပဲ .. ဘာကြောင့် သူ့ကို ပေးရမှာလဲ …”

ချန်ဖုန်း စကားဆုံးသည်နှင့် လူအုပ်ကြီး၏ ဆန့်ကျင်သော အသံများ လှိုက်တက်လာတော့ သည်။

သူတို့ထဲတွင် ချန်ဝမ်ထျန်းနှင့် ချန်ချင်းတျန်က အပြင်းထန်ဆုံး ဖြစ်သည်။

စင်စစ်အားဖြင့် လကြယ်စင် ချန်ဟွပန်းကဲ့သို့ ရတနာမျိုးကို ချန်ဖုန်းက တိုင်မူတျန်ခီအား မည်သို့များ ပေးလိုက်ပါ့မည်နည်း။ ထိုအကြောင်းအရာအား သူတို့ သဘောမကျချေ။

သို့သော် ချန်ဖုန်းထံ အစီအစဉ် တစ်ခု ရှိနေသည်။

ထိုသို့ ပြောလိုက်ရသော အကြောင်းအရင်းမှာလည်း ပဠိပက္ခတစ်ခု ဖြစ်စေချင်၍ ဖြစ်သည်။ ထိုအခါမှ ချန်မိသားစုဝင်များက တိုင်မူတျန်ခီအပေါ် မကျေမနပ်ဖြစ်ကာ ရန်လို ကြတော့မည်။

ထို့မှသာ တိုင်မူတျန်ခီ၏ အစစ်အမှန် မျက်နှာကို ချန်ဖုန်းက ဖော်ထုတ် လိုက်သောအခါ လက်ထပ်ပွဲအား ဖျက်သိမ်းမှု အပေါ် လူအုပ်ကြီးက ဆန့်ကျင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် သူတို့ လက်ခံလာနိုင်သည်။

ချန်မိသားစု၏ မျက်လုံးထဲတွင် တိုင်မူတျန်ခီ ဟူသည်ကား ကဏ္ဍအားလုံး၌ ထက်မြက် လွန်းသည်။ ချန်မိသားစု အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုလည်း ဖြစ်၍နေသည်။

ထိုစိတ်ထားများကို ချန်ဖုန်းက ပြောင်းလဲချင်ပါက တစ်ဆင့်ချင်းစီ သွားမှ ဖြစ်သည်။ ပြီးနောက်မှာ အားလုံး၏ ရင်ထဲတွင် ရှိနေသော တိုင်မူတျန်ခီ၏ ပြီးပြည့်စုံသည့် ပုံရိပ်ကို ရုတ်ခြည်း ဖြိုကွဲပစ်လိုက်မည်။

“ကောင်းပါပြီ… ဦးလေးတို့ .. ဦးကြီးတို့ … ကျုပ်ပစ္စည်းတွေ အတွက် ကျုပ်မှာပဲ တာဝန်ရှိပါတယ်.. ဒီကိစ္စဟာ ဆုံးဖြတ် ထားပြီးသားပါ..” ချန်ဖုန်း၏ လေသံက အတော်လေး ပြတ်သားနေ၏။

“ဖုန်းအာ.. မင်းသေချာ စဉ်းစားပြီးပြီလား…”

တိုင်မူတျန်ခီကို ကြယ်စင်ပန်း ပေးပစ်လိုက်သည်က အတော်လေး နှမြောစရာ ကောင်းကြောင်း ချန်ဝူထျန်းနှင့် ချန်ရှင်းဟီတို့လည်း ခံစားမိကြသည်။

“ကျုပ်ဆုံးဖြတ်ပြီးပါပြီ.. အဘိုးနဲ့အဖေတို့ … ကျုပ်ကို ခက်ခဲအောင် မလုပ်ဖို့ မျှော်လင့်ပါတယ် ..”

ဤသည်က ချန်ဖုန်းလိုချင်သော အကျိုး သက်ရောက်မှုပင်။ မှန်ပေ၏။ ချန်ဖုန်းက မည်သို့မှ စိတ်ပြောင်းနိုင်မည် မဟုတ်‌။

“ကောင်းပြီ… မင်းဆုံးဖြတ်ပြီးပြီ ဆိုတော့လည်း ထားလိုက်ပါတော့…”

ချန်ဝူထျန်းက နောင်တ မရသော်လည်း ချက်ချင်း တည်ငြိမ်အောင် ထိန်းသိမ်း နိုင်လိုက်သည်။

“ပြီးတော့ ဒီရတနာတွေက မင်းနဲ့ မိန်းကလေး ချင်းဟွာ ပိုင်တာတွေပါပဲ …”

ရတနာ ခွဲဝေရေးက ဤသို့ဖြင့် အဆုံးသတ်ခဲ့ပြီ။

ထို့နောက်တွင်တော့ ခန်းမထဲမှ တစ်ယောက်ပြီး တစ်ယောက် ပြန်ကုန်ကြသည်။ အားလုံး၏ စိတ်ထဲ တိုင်မူ တျန်ခီအပေါ် မလိုမုန်းထားမှုများလည်း ပြည့်နှက် သွားလေသည်။

ကလန် အဖွဲ့ဝင်များ ထွက်သွားပြီးနောက် ချန်ဖုန်း၊ ချန်ဝူထျန်း၊ ချန်ရှင်းဟီ၊ ချန်ရှင်းရွဲ့နှင့် မိန်ချင်းဟွာတို့က ခန်းမထဲ ကျန်ရစ်ခဲ့သည်။

ထိုစဉ် ချန်ဝူထျန်း ရုတ်တရက် ထပြော လာလေသည်။ “ဖုန်းအာ… လကြယ် ကျောက်တုံးက သုံးလုံးထဲ မဟုတ်ဘူး… ဟုတ်တယ်မလား..”

“အဘိုးက တော်လိုက်တာဗျာ…”
ချန်ဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး နောက်ထပ် ကြယ် ကျောက်တုံးသုံးလုံးကို ထုတ်ပြသည်။

ထို့နောက် ချန်ဝူထျန်းတို့ဆီ တစ်လုံးကျစီ ကမ်းပေးလိုက်၏။

“ဒီလ ကြယ် ကျောက်တုံးတွေက ရေခဲ သဘာဝ ရှိတယ် ဆိုပေမယ့် ‘တျန်ရွှန် ကုန်သည် အဖွဲ့အစည်း’ မှာ အဘိုးတို့နဲ့ ကိုက်ညီမယ့် ကြယ်ကျောက်တုံးတွေနဲ့ အလဲအထပ် လုပ်ရင်လည်း ရပါတယ်…”

“ကြယ်ကျောက်တုံးတွေရဲ့ အကူအညီနဲ့ဆိုရင် အားလုံးရဲ့ ကျင့်ကြံရေးအဆင့်က သိသိသာသာ တိုးတက်သွားမှာ အသေအချာပဲ…”

ချန်ဝူထျန်းနှင့် ကျန်သည့်နှစ်ဦးမှာ ချန်ဖုန်းရှေ့ ယဉ်ကျေးဟန်ဆောင် မနေကြတော့ပေ။ သူတို့က လ ကြယ် ကျောက်တုံးများကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ထွက်မသွားခင် ချန်ဖုန်းကိုပင် ဂရုစိုက်ရန် သတိပေး လိုက်ကြသေးသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset