အခန်း ၁၂
( ကြီးကျယ်သည့် ရိတ်သိမ်းမှု )
သည်လိုနှင့် နောက်ထပ်သုံးရက် ကုန်သွားပြန်သည်။ မုန်တိုင်း၏ ရင်းမြစ်ကြီး ဖြစ်သော ချန်ဖုန်းလည်း နောက်ဆုံးတော့ သူ့ကျင့်ကြံရေးမှ နှိုးထလာခဲ့သည်။
လျှို့ဝှက်နဂါးတောင်စဉ် ရေတံခွန်အောက်တွင် ချန်ဖုန်း၏ ကျင့်ကြံရေးက အရှိန်အဟုန်ဖြင့် တိုးတက် လာခဲ့သည်။
ချန်ဖုန်းသည် သေမျိုးအဆင့်မှ အဆင့်တက် နိုင်ခဲ့သောကြောင့် သူ့ကျင့်ကြံရေးက မတည်မငြိမ် ဖြစ်လျက် ရှိသည်။
သို့သော် ဤသုံးရက်တာ ကျင့်ကြံရေး ကာလပြီးနောက် ချန်ဖုန်း၏ ကျင့်ကြံရေးက တည်ငြိမ်လာသည်။ ပြီးနောက် အေးခဲစွမ်းအင်ကို မြင့်မားသော အဆင့်တစ်ခု ထိရောက်အောင် သိပ်သည်းနိုင်ခဲ့၏။ ထို့ကြောင့် ယခင်ကထက် အဆပေါင်း များစွာ စွမ်းအားကြီးသော ရေခဲလွှာများ ဖြစ်ပေါ်နေလေသည်။
ဤအရှိန်အတိုင်းသာ ကျင့်ကြံသွားမည် ဆိုပါက ဆယ့်ငါးရက်အတွင်း သေမျိုးအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိသွားနိုင်သည်။
သို့သော် ကံဆိုးစွာဖြင့် ချန်ဖုန်း၌ ဤမျှလောက် အချိန်မရှိပေ။
ထို့နောက် နိုးနိုးချင်း ချန်ဖုန်းက ဆက်လက် ကျင့်ကြံချင်သော သူ့စိတ်ဆန္ဒများကို ဖိနှိပ်ကာ မတ်တတ် ထရပ်လိုက်ရသည်။
“မိန်းကလေး ချင်းဟွာ.. ခင်ဗျားကို အကြာကြီး စောင့်ခိုင်းမိတာ ကျုပ် တောင်းပန်ပါတယ်..”
ချန်ဖုန်းက မျက်လုံးကို ရွေ့ကြည့်သည်။ ထိုအခါမှ မိန်ချင်းဟွာကို ဘေးတွင် အချိန်အကြာကြီး ပစ်ထားလိုက်မိကြောင်း အမှတ်ရ လိုက်သဖြင့် တောင်းတောင်းပန်ပန် ဆိုလေသည်။
သို့သော်လည်း မိန်ချင်းဟွာက ၎င်းကို သတိထားမိပုံ လုံးလုံးကို မပေါ်။ ခေါင်းမညိတ်၊ ခေါင်းမခါ ဤအတိုင်းသာ ရှိ၍နေသည်။
ထိုသို့ မြင်လိုက်သဖြင့် ချန်ဖုန်းက ကိုးရိုးကားယား ရယ်မော လိုက်ရသည်။ ထို့နောက် အပြာရောင် ရေခဲကျောက်၏ အနက်ပိုင်းကို လမ်းလျှောက်ထွက်ခဲ့သည်။
ထို့နောက်မှ ကြယ်ကိုးစင်း ခရမ်းရေခဲသည် လကြယ်တာရာ အပိုင်းအစမှ ထုတ်လွှင့်သော အရှိန်အဝါများနှင့် ဖြစ်ပေါ်လာကြောင်း တွေ့မြင်ရ၏။
ဤနေရာတွင် ကြယ်ကိုးစင်း ခရမ်းရေခဲ၏ အကြီးဆုံး အပိုင်းတစ်ခု ရှိနေတည်းက လကြယ် ကျောက်တုံးဟု လူသိများသော လကြယ်တာရာ အပိုင်းအစ တစ်ခုလည်း သေချာပေါက် ရှိနေပေလိမ့်မည်။
လကြယ်တာရာ ကျောက်တုံးနှင့် နှိုင်းယှဉ်ပါက ထိုကြယ်ကိုးစင်း ခရမ်းရေခဲတို့သည် ကောင်းကင်နှင့် မြေကြီးတမျှ သေးသိမ်သွားကြသည်။
အပြာရောင် ရေခဲကျောက် ရှိရာ အနက်ပိုင်းသို့ ဝင်ရောက် သွားလေလေ၊ ကျောက်အရောင်များ ပိုမို မှောင်မိုက်လာလေလေ ဖြစ်နေသည်။
ထိုအချိန်တွင် ချန်ဖုန်းတစ်ယောက် သူ့အိပ်မက်ထဲတွင် ရှာဖွေနေခဲ့သော အရာတစ်ခုကို နောက်ဆုံးတော့ ရှာတွေ့သွားခဲ့သည်။ ၎င်းက လက်သည်းခွံ အရွယ်ခန့်ရှိသော လကြယ် ကျောက်တုံးတစ်တုံး ဖြစ်လေသည်။
“ဒါက လကြယ် ကျောက်တုံးလား… သူက တော်တော်လေး ထူးခြားတာပဲ ..”
ပိန်းပိတ်အောင် မည်းမှောင်ပြီး နက်နက်နဲနဲ လေးလံသော ကျောက်တုံး တစ်တုံးကို ကောက်ယူလိုက်ရင်း ချန်ဖုန်း တော်တော်လည်း စိတ်လှုပ်ရှားလျက် ရှိသည်။
၎င်းသည် ကြယ်ကျောက်တုံး အစိတ်အပိုင်း သေးသေးလေး ဖြစ်သော်လည်း ကြယ်ကိုးစင်း ခရမ်းရေခဲ အကြီးကြီးထက် စွမ်းအားတို့ မြောက်မြားစွာ ပါဝင်နေပေသည်။
“ထပ်ရှာ… ဒီနေရာမှာ နောက်ထပ် ရှိဦးမှာပဲ …”
လကြယ် ကျောက်တုံးကို အကြာကြီး ကြည့်နေပြီးမှ ချန်ဖုန်းက နောက်ထပ် ထပ်ရှာရန် စီစဉ်တော့သည်။
ထိုအချိန်တွင် နာလန်ချန်ရှန်းက သူ့ကို ဟန့်တားလိုက်သည်။
“ချန်ဖုန်း၊ ဒီမှာ အချိန်တွေ မဖြုန်းနဲ့ … လကြယ် ကျောက်တုံးက ကုန်းမြေရဲ့ အပိုင်းအစလေး တစ်ခုပဲ …”
ထိုသို့ ကြားလိုက်သောအခါ ချန်ဖုန်းက နောင်တ အပြည့်နှင့် ခေါင်းခါယမ်းသည်။
ချန်ဖုန်း၏ မျက်နှာထားကို မြင်ရမှ အစတည်းက စကားတစ်ခွန်းမှ မပြောခဲ့သော မိန်ချင်းဟွာ တစ်ယောက် နောက်ဆုံးတော့ စကားထုတ်ပြော လာတော့သည်။
“ဒီလို ကျောက်တုံး မည်းမည်းမျိုးကို ရှင် တကယ်ပဲ လိုအပ်လို့လား…”
မိန်ချင်းဟွာ အသံက သူမအတိုင်းပဲ အေးတိအေးစက် ဖြစ်သည်။
ချန်ဖုန်းအတွက် ထိုအသံကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ကာ သူမ ဆိုလိုသည်ကို ချန်ဖုန်း ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် “အရမ်း .. တော်တော် လိုအပ်ပါ တယ်…”
မိန်ချင်းဟွာက ခေါင်းတစ်ချက် ညိတ်ပြပြီး “ကျွန်မနောက် လိုက်ခဲ့ပါ…”
ထိုအခါ…. ချန်ဖုန်းက တစ်အောင့်မျှ မှင်တက်သွားပြီး ခဏကြာမှ စိတ်နှင့်ကိုယ် ကပ်သည်။
မိန်ချင်းဟွာသည် လကြယ် ကျောက်တုံးများကို ယခင်က မြင်ဖူးခဲ့ကြောင်း သိသာ ထင်ရှားနေသည်။ ထို့ကြောင့် ချန်ဖုန်း ကြည့်နိုင်ရန် သွားယူပေးခြင်း ဖြစ်ရပေမည်။
ချန်ဖုန်းလည်း နည်းနည်းမျှပင် တွန့်ဆုတ် မနေတော့ဘဲ မိန်ချင်းဟွာနောက် လိုက်သွားခဲ့သည်။ မိန်ချင်းဟွာက တောနက်ထဲဆီ ဦးတည်နေ၏။
အစတွင် ချန်ဖုန်းက ကြယ်ကိုးစင်း ခရမ်းရေခဲ ကျောက်တုံးများကို ပြန်သယ်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတော့ လုံးလုံး မလိုအပ်တော့ပါချေ။
မိန်ချင်းဟွာ နောက် လိုက်ခဲ့ရင်း လီနှစ်ဆယ်၊ သုံးဆယ် ဝန်းကျင်ခန့်ကို ချန်ဖုန်း ရောက်ရှိ သွားခဲ့သည်။
ထို့နောက် လူတစ်ဦး၏ စိတ်ဝိညာဉ်ကို လတ်ဆတ် သွားစေသည့် အရှိန်အဝါ တစ်ခုအား ခံစားလိုက်ရ၏။
ထိုအရှိန်အဝါထဲ ဆေးရနံ့ ပါဝင်သည်။ မပျော်ဝင်သော လကြယ်၏ အသက်နှင့် ချမ်းသာခြင်းစွမ်းအား တို့လည်း ပါဝင်နေသည်။
ချုံပုတ်အကြီးကြီး တစ်ခုကို ချန်ဖုန်း ဖြဲကြည့်လိုက်သောအခါ ရှည်ရှည်သွယ်သွယ် ရိုးတံပေါ် အရွက်ခုနစ်ရွက်နှင့် မြစိမ်းရောင် ပန်းပွင့်တစ်ပွင့်က သူ့မြင်ကွင်းထဲ တိုးဝင် လာခဲ့သည်။
“အဲဒါက” ထိုပန်းကို မည်သည့် အရာများနှင့် ဖန်တီးထားကြောင်း ချန်ဖုန်း မသိသော်လည်း သာမန် ပန်းတစ်ပွင့် မဟုတ်သည်ကိုတော့ သေချာသိနေခဲ့၏။
“အဲဒါ လ ကြယ်တာရာ ချန်ဟွပန်း(လကြယ်စင်ပန်း)ပဲ …”
နလန်ချန်းရှန်က သူ့မေးခွန်းကို ဖြေပေးလိုက်သည်။
“ဒီလ ကြယ်တာရာပန်း(လကြယ်စင်ပန်း)က ပေါက်ရောက်ဖို့ တော်တော်လေးကို ခက်တဲ့ပန်းပဲ … အပင်အာဟာရအဖြစ် လ ကြယ် ကျောက်တုံးကို လိုအပ်တယ်… ပန်းပွင့်ချပ် တစ်ခုစီတိုင်းက တော်တော်လေးကို ရှားပါးပြီး အဖိုးတန်တာ…”
“လကြယ်စင် ပန်း ဟုတ်လား… လ ကြယ် ကျောက်တုံးကို အာဟာရ အဖြစ် ယူတယ်…”
ချန်ဖုန်းက မြစိမ်းပန်းများနှင့် အမြစ်ကို စိုက်ကြည့်နေသည်။ အဟုတ်ပင်။ အမြစ်နေရာ၌ သစ်ကြားသီး အရွယ်ခန့်ရှိသော အနက်ရောင် ကျောက်တုံးများ ရှိနေကြသည်။ ၎င်းတို့က လကြယ် ကျောက်တုံးများပင်။
“ဟေး… အဲဒါ ရှင်လိုချင်တဲ့ ကျောက်တုံးတွေပဲ … မြန်မြန် ယူလိုက်ပါ…”
ချန်ဖုန်းက တွေဝေ ငေးငိုင်နေစဉ် မိန်ချင်းဟွာ၏ အေးစက်ကြည်လင်သော အသံကို ကြားရသည်။
ချန်ဖုန်းလည်း စိတ်နှင့်ကိုယ် ပြန်ကပ်လာကာ သူ့ အပေါ်အကျီကို ချွတ်လိုက်သည်။ ကြယ်ကျောက်တုံး သုံးလုံးနှင့်အတူ မြပန်းကိုပါ သေချာ ထုတ်ပိုးထားလိုက်၏။
“သွားရအောင်.. ဟိုမှာ ရှိသေးတယ်”မိန်ချင်းဟွာက ပြောဆိုရင်း ရှေ့မှ လမ်းပြပေးသည်။
ထိုသို့ ကြားလိုက်ရသဖြင့် အနည်းငယ် မှင်တက်နေသော ချန်ဖုန်း တစ်ယောက် ခဏမျှ ကြက်သေ,သေ သွားရသည်။
နေ့တစ်ဝက်မျှ လျှောက်လာခဲ့ပြီးနောက် မိန်ချင်းဟွာက ချန်ဖုန်းကို ကီလိုမီတာ တစ်ရာ့ ငါးဆယ်လောက် ခေါ်လာခဲ့ပြီး ဖြစ်နေသည်။ နောက်ထပ် လကြယ်စင် ချန်ဟွပန်း နှစ်ပွင့်နှင့် လကြယ် ကျောက်တုံး ခုနစ်တုံးကို တွေ့ရှိခဲ့ကြသည်။
စုစုပေါင်းလိုက်သော် ချန်ဖုန်းတွင် လ ကြယ် ကျောက်တုံး ဆယ့်တစ်တုံးနှင့် ချန်ဟွ လကြယ်စင်ပန်း သုံးပွင့်ရှိနေခဲ့သည်။
၎င်းပမာဏက ဧကန်မုချ ကံကောင်းမှုကြီး တစ်ခု ဖြစ်လေသည်။
ချန်ဖုန်းတွင် ဤသို့သော ရတနာတစ်ပါး ရှိနေသည်ဟု လူများ သိကြသောအခါ သူသေကိုယ်သေ တိုက်ကြပြီး မရရအောင် ခိုးယူလိမ့်ဦးမည်။
လျှို့ဝှက်နဂါး တောင်စဉ်၏ အစွန်းထိ နေ့တစ်ဝက်ခန့် လမ်းလျှောက်ပြီးနောက် နောက်ထပ် သုံးရာ ကီလိုမီတာခန့် လမ်းထပ် လျှောက်ပြန်သည်။
ချန်ဖုန်း တစ်ကိုယ်လုံးလည်း ပြိုလဲကျ လုနီးနီး မောပန်း နေသော်လည်း အလွန်ကျေနပ် အားရမိသည်။
“မိန်းကလေး ချင်ဟွ… လ ကြယ်စင်ချန်ဟွပန်းတွေ ဒီမှာရှိမှန်း ခင်ဗျား ဘယ်လို သိတာလဲ ..”
“ဒီတောင်တွေပေါ် ကျွန်မ လျှောက်ပတ်ကြည့်ခဲ့တာပါ…”
“မင်းလျှောက်သွားနေတုန်း ရှာတွေ့ခဲ့တာလား…” သူမ အဖြေကို ကြားလိုက်ပြီး ချန်ဖုန်းမှာ ဆွံ့အသွားတော့သည်။
သို့သော် ၎င်းက အမှန်ပင်တည်း။
ထိပ်တန်း မကောင်းဆိုးဝါး သားရဲအနွယ်ဝင် ဖြစ်သော မိန်ချင်းဟွာအတွက် လျှို့ဝှက်နဂါး တောင်စဉ်ထဲ ထဲထဲဝင်ဝင် လျှောက်သွားခြင်းက သူမကိုယ်ပိုင် ခြံဝင်းထဲ လျှောက်နေရသည့် အတိုင်းပင် ဖြစ်ပေမည်။
ထို့ကြောင့် အခြားလူများ ရှာဖွေရန် ခက်ခဲနေသော ထိုရတနာများက သူမအတွက် ကျောက်တုံး နက်များနှင့် တောပန်းလေးမျှသာ ဖြစ်နေပုံရ၏။
“ရှင်က ဒီကျောက်တုံးနက်တွေပဲ လိုချင်တာလား… ဒါမှမဟုတ် ကျွန်မ အခြားနေရာတွေ ကိုလည်း သိသေးတယ်… ဒါပေမယ့် ဒီကနေဆို တော်တော်ဝေးဦးမှာ …” မိန်ချင်းဟွာက မေးလိုက်သည်။
“ဘယ်လောက်ဝေးမှာလဲ …”
“မိုင်ပေါင်း ထောင်ချီလောက်တော့ ရှိမှာပေါ့ … ကျွန်မလည်း သေချာတော့ မပြောနိုင်ဘူး… ဒါပေမယ့် မိုင်တစ်ထောင် ကျော်ကျော်လောက်တော့ ဖြစ်နိုင်တယ်…”
ထိုအဖြေကို ကြားလိုက်သောအခါ ချန်ဖုန်း၏ နှလုံးသားက တကျိကျိ ယားယံ လာတော့သည်။ သို့သော်လည်း စိတ်ပိုင်းဖြတ်၍ ငြင်းဆန်လိုက်ရ၏။
လောဘ သိပ်မကြီးသင့်ကြောင်း နားလည်ထားမှ ဖြစ်မည်။ ချန်ဖုန်းတွင် ယခုရှိနေသော ရတနာ ပမာဏက အခြားလူများ တစ်ဘဝလုံးစာ ကြိုးစားရုန်းကန်လျှင်ပင် ရနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ချန်ဖုန်းက အချိန်လည်း သိပ်မရ။ အခွင့်အရေးကို လက်လွတ်ပြီး တိုင်မူတျန်ခီကို အချိန် ပေးလိုက်မိပါက နောင်မှ နောင်တရနေလိမ့်မည်။
ရတနာက နောက်ထပ် ရှာလျှင်ရသည်။ သို့သော် အခွင့်အရေးကို လက်လွတ်ဆုံးရှုံး သွားပါက အခါတစ်ရာ သေခြင်းနှင့် ပြန်ရယူမည်ဆိုလျှင်ပင် မဖြစ်နိုင်တော့ချေ။
“ကျုပ်တို့ အပြင်ထွက်လာတာ ရက်တော်တော် ကြာပြီ.. ခဏနားပြီး အိမ်ပြန်ကြတာပေါ့ …” နောက်ဆုံးတော့ ချန်ဖုန်းက ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။
မိန်ချင်းဟွာက တစ်ခွန်းမှ မဆိုလေဘဲ ခေါင်းကိုသာ ညင်သာစွာ ညိတ်ပြလိုက်၏။
တစ်ရက်ခန့် ကြာပြီးနောက် ချန်ဖုန်းသည် မိန်ချင်းဟွာကို ခေါ်လျက် ကောင်းကင်ကြယ်တာရာ မြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ထိုနေ့သည် ချန်မိသားစုမှ ချန်ဖုန်း ထွက်လာခဲ့သော ခုနစ်ရက်မြောက်သည့်နေ့ ဖြစ်သည်။
ချန်ဖုန်း ပျောက်သွားမှုကြောင့် ချန်ဝူထျန်း တစ်ယောက် ဒေါသတကြီး ဖြစ်နေသည်။ ကီလိုမီတာ တစ်ရာ ပတ်လည်အတွင်း မုန်တိုင်းတစ်ခုနှယ် ချန်ဖုန်းအား လိုက်လံရှာဖွေ နေကြသည်။
ထို့ကြောင့် ချန်ဖုန်း ရောက်သည်နှင့် သူ့ဆီကို သတင်းက ပျံ့နှံ့လာခဲ့သည်။
သတင်း ရပြီးပြီးချင်း ချန်မိသားစုက ချက်ချင်း လှုပ်ရှားတော့သည်။ ထို့ကြောင့် ကောင်းကင်ကြယ်တာရာ မြို့တော်ထဲ ချန်ဖုန်း ခြေချလိုက်သည်နှင့် ချန်ဝူထျန်းမှာ သူ့ထံ စိုးရိမ်တကြီး ရောက်လာတော့သည်။
“ဖုန်းအာ… ဒီရက်တွေအတွင်း မင်းဘယ်တွေ ရောက်နေခဲ့တာလဲ …”
“အမှန်ပဲ .. ဖုန်းအာ… မင်းအမှား လုပ်ထားလည်း ကိစ္စမရှိဘူး.. မင်းသာ ဝန်ခံရင် ငါတို့ကလည်း အပြစ်ပေးမှာ မဟုတ်ဘူး.. နောက်တစ်ခါ ထပ်မပျောက်သွားနဲ့ …”
“အိုး.. ဟုတ်သားပဲ … ချင်ဟွ ဝတ်စုံရှည်ကို ဝတ်ထားတဲ့ ဒီအမျိုးသမီးက ဘယ်သူများလဲ .. ဒီမိန်းကလေးနဲ့ မင်း ချစ်ကြိုက်နေကြတာလား…. ဒါကြောင့် မင်းပျောက်သွားတာလား”
“ဒါဆိုရင်လည်း ဒီမိန်းကလေး ငယ်လေးကိုပဲ အပြစ်တင်ရတော့မှာပေါ့ .. သူမကိုတော့ အပြစ် ကြီးကြီးလေးလေး ပေးသင့်တယ်…”
***