Switch Mode

Chapter – 10

လျှို့၀ှက် နဂါး တောင်ကြား

အခန်း – ၁၀
(လျှို့ဝှက်နဂါးတောင်ကြား)

“ကောင်းပြီ … အချိန်က ဘယ်သူကိုမှ မစောင့်ဘူး။ မင်း စဉ်းစား ဆုံးဖြတ်ပြီးတာနဲ့ လုပ်စရာရှိတာ လုပ်တော့”

နလန်ချန်းရှန်၏ စကားကို ကြားသည်တွင် ချန်ဖုန်းတစ်ယောက် အံကို တင်းတင်း ကြိတ်ကာ အနက်ရောင် မြွေအကြေးခွံအား ကောက်ယူပြီး ချန်မိသားစု စံအိမ်အတွင်းမှ ထွက်ခွာကာ လျှို့ဝှက် နဂါးတောင်တန်းဆီသို့ ဦးတည် လိုက်လေသည်။

ထိုအချိန်တွင် ချန်မိသားစု အစည်းအဝေး ခန်းမတွင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ချန်မိသားစုမှ ချန်ဝမ်ထျန်းနှင့် ချန်ချင်းတျန်တို့မှာ ကျန်ရှိသည့် မိသားစု အကြီးအကဲများကို ခေါ်ယူဦးဆောင်လျက် ချန်ဝူထျန်းအား ဆင့်ခေါ်ကြသည်။
ဟုတ်ပေသည်။ ချန်ဖုန်းသည် ချန်ဝူထျန်း၏ ချစ်လှစွာသော မြေးလေး တစ်ယောက် ဖြစ်ကြောင်း သူတို့ သိထားသည့် အတွက်ကြောင့်မို့ ချန်ဖုန်းအား အပြစ်ပေးလိမ့်မည် မဟုတ်ကြောင်းကို ကြိုတင် တွေးထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဒေါသအားလုံးကို တိုင်မူတျန်ခီထံသို့သာ ပုံချထားလိုက်သည်။

မိသားစု၏ အကြီးဆုံး အကြီးအကဲ နှစ်ယောက်၏ ဇာတ်ကြောင်းအရ တိုင်မူတျန်ခီမှာ အကျင့်စာရိတ္တ မကောင်းသည့် ကြောင်သူတော် တစ်ယောက် ဖြစ်လာခဲ့ပုံ ရပေသည်။

ချန်ဝူထျန်း၏ နောက်ကွယ်တွင် တိုင်မူတျန်ခီမှာ ထိုအချင်းအရာ အားလုံးကို ပြန်ကြားရသည်တွင် ဒေါသ အလွန်ထွက်ကာ အဆုတ်များ ပေါက်ကွဲလုမတတ် အော်ဟစ် လိုက်ချင်သည်။

သို့သော် သူဝင်ရောက် စွက်ဖက်ပြောကာ ရှင်းပြချင်သော်လည်းပဲ ချန်ဝမ်ထျန်းနှင့် ချန်ချင်းတျန်တို့က မည်သို့ အခွင့်အရေး ပေးလိမ့်မည်နည်း။

သူတို့က စကားကို ရေပက်မဝင်အောင် ပြောကာ တိုင်မူတျန်ခီအား ရှင်းပြခွင့် မပေးချေ။ နာရီဝက်ခန့် ကြာပြီးနောက်တွင် ချန်ဝမ်ထျန်းက တိုင်မူတျန်ခီကို သင်ခန်းစာပေး ပြောကြားပြီး နောက်တွင် ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်ကြသည်။

အဓိက အချက်မှာ တိုင်မူတျန်ခီက လူကောင်း တစ်ယောက် မဟုတ်ဘဲ သူ၏ အပြုအမှုများက အလွန် ဆိုးဝါးခဲ့သည့် အတွက်ကြောင့်မို့ ချန်မိသားစု အတွင်း နေထိုင်နေခြင်းသည် မကောင်းသော ရည်ရွယ်ချက်များ ရှိနေလိမ့်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး တိုင်မူမိသားစုထံအား ပြန်သွားရန် သတိပေးခဲ့သည်။

အခြေအနေ ဆိုးဝါးလာသည် နှင့်အမျှ တိုင်မူတျန်ခီ တစ်ယောက် ဝင်ပြောရန်မှာ တဖြည်းဖြည်း ပိုမို ခက်ခဲလာလေသည်။ ချန်ဖုန်း၊ ချန်ဝမ်ထျန်းနှင့် အခြားသူများကို ယခုအချိန်၌ သူ မသတ်နိုင်သော်လည်းပဲ သူစိတ်ထဲရှိ အကြံအစည်အတွက် ဒေါသများအား မျိုသိပ်ထားရန် ဆုံးဖြတ် ထားလိုက်သည်။

“ချင်းရွဲ့… ငါက အပြစ်ကင်းပါတယ်… ကျေးဇူးပြုပြီး ငါကို ယုံပေးပါ”

တိုင်မူတျန်ခီ ထွက်မသွားခင်တွင် ချန်ရှင်းရွဲ့အား ခံစားချက် ကြီးမားသည့် စကားလုံးများဖြင့် ပြောလာခဲ့သည်။

“တိုင်ခီ… ငါ… ငါနင့်ကို ယုံပါတယ်”

ချန်ရှင်းရွဲ့၏ လေသံများမှာ မကောင်းသော်လည်းပဲ အနည်းငယ် တွန့်ဆုတ် နေပုံရသည်။

“ချင်းရွဲ့ ငါ့ကို စောင့်နေပါ။ နောက် လဝက်လောက် ကြာရင် ငါမင်းဆီ ပြန်လာမယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ လက်ထပ်မဲ့ အချိန် ဖြစ်စေရမယ်”

တိုင်မူတျန်ခီ သူစကားဆုံးသည်နှင့် ချန်ရှင်းရွဲ့အား လေးနက်စွာ စိုက်ကြည့်ပြီး ထွက်ခွာ သွားတော့သည်။

သို့သော်လည်းပဲ ချန်ဝမ်ထျန်းနှင့် ချန်ချင်းတျန်တို့ မျက်လုံးအတွင်း ဖြတ်ပြေးသွားသည့် အေးစက်သည့် အလင်းရောင်ကို သူ သတိမထားမိလိုက်ချေ။

“မင်းက ချင်းရွဲ့ကို လက်ထပ်ချင်တာလား။ နောက်ဘဝမှပဲ ရမယ်”
….

လျှို့ဝှက်နဂါး တောင်တန်းမှာ နတ်ဘုရား တက်လှမ်းခြင်း မင်းဆက်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာသည် ကီလိုမီတာ ၁ သိန်း ၈ သောင်း ရှည်လျားပြီး လျှို့ဝှက်နဂါး၊ နဂါးချောက်နက်နှင့် ရေနက်နိုင်ငံ စသည့် နိုင်ငံ ၃ ခု၏ နယ်စပ် စည်းမျဉ်းလည်း ဖြစ်ပေသည်။
ဒဏ္ဍာရီများ၏ အဆိုအရ လျှို့ဝှက်နဂါး တောင်တန်းမှာ အလွန်ကြီးမားသည့် နတ်ဘုရား နဂါးတစ်ကောင် ရစ်ခွေ နေထိုင်နေခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အထဲ၌ မရေမတွက်နိုင်သည့် ရတနာများ ရှိကြသည်ဟု ဆိုကြသည်။

သို့သော်လည်းပဲ မရေမတွက်နိုင်တော့ ကျင့်ကြံသူများမှာ လျှို့ဝှက်နဂါး တောင်တန်း၌ ရတနာများ ရှာဖွေနိုင်ခဲ့သော်လည်း အနည်းငယ်သာ အသက်ရှင်လျက် ကျန်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုလျှို့ဝှက်နဂါး တောင်တန်း၌ မိစ္ဆာ သားရဲများစွာ ရှိနေပြီး ကျင့်ကြံသူများ တစ်ချက်လေး သတိလွတ်သွားပါက သေဆုံးရန် အခွင့်အရေး များလှပေသည်။

ချန်ဖုန်း သွားရောက်မည့် လျှို့ဝှက်နဂါး တောင်တန်းနေရာမှာ အလွန် အန္တရာယ်ကြီး နာမည်ကြီးသည့် နေရာတစ်ခု ဖြစ်ပေသည်။ သိုင်းကောင်းကင် အဆင့်နှင့် တာအို ကွဲပြားခြင်း အဆင့် ကျင့်ကြံသူများသာ အသက်ရှင်ရန် ရာခိုင်နှုန်း များသော နေရာဖြစ်သည်။

သို့သော်လည်းပဲ ချန်ဖုန်းသည် နလန်ချန်းရှန် ပေးထားသည့် အနက်ရောင် မြွေအကြေးခွံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ထိုတောင်တန်းထဲသို့ ဝင်ရောက် သွားခဲ့ခြင်း ဖြစ်သည်။

ထိုမြွေအကြေးခွံလေးမှာ တာအိုကွဲပြားခြင်း အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲ အရှိန်အဝါများ ရှိပေသည်။ သူ့ခန္ဓာကိုယ်ထက် ထိုအရှိန်အဝါများက ဝန်းရံထားသည့် အတွက်ကြောင့်မို့ သာမန် မိစ္ဆာသားရဲများမှာ သူ့အနားသို့ မကပ်ရဲကြချေ။ ထို့ကြောင့်ပင် ချန်ဖုန်း၏ ခရီးစဉ်မှာ အတော်လေး ချောမွေ့လှသည်ဟု ပြောနိုင်ပေသည်။

မည်မျှပင် ကြမ်းကြုတ်သည့် မိစ္ဆာသားရဲ ဖြစ်စေကာမူ ရှီကျွမ်းကျိ၏ အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ဖနောင့်နှင့် တင်ပါး တစ်ထပ်တည်း ကျအောင် ထွက်ပြေးကြတော့သည်။

၃ ရက်ခန့် ခရီးသွားပြီးနောက်တွင် ချန်ဖုန်းမှာ ကောင်းကင် ကြယ်တာရာမြို့နှင့် ကီလိုမီတာ ၁၂၀၀ ကွာဝေးသော လျှို့ဝှက်နဂါး တောင်ခြေဆီသို့ ရောက်ရှိလာတော့သည်။

ကျယ်ပြောလှသည့် တောင်တန်းများပေါ်၌ ရပ်လျက် ချန်ဖုန်းမှာ အဝေးသို့ လှမ်းကြည့်လိုက်ရာ လျှို့ဝှက်နဂါး တောင်တန်းကြီးသည် နဂါးတစ်ကောင် ရစ်ခွေထားသည့် အလား မြင်ရပြီး မျက်စိတစ်ဆုံး ကျယ်ဝန်းလှကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် ချန်ဖုန်းပင်လျှင် စိတ်ထဲ ကြောက်စိတ် ဝင်လာမိသည်။

သို့သော် တိုင်မူတျန်ခီအကြောင်း တွေးလိုက်မိသည်နှင့် ချန်ဖုန်းတစ်ယောက် ချက်ချင်း စိတ်တည်ငြိမ် သွားခဲ့သည်။

သူ သက်ပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အနက်ရောင် မြွေအကြေးခွံအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လျှို့ဝှက်နဂါးတောင်ခြေဆီသို့ ဆက်လက် ဦးတည် လိုက်သည်။

လျှို့ဝှက်နဂါး တောင်တန်းဆီသို့ ဦးတည် လိုက်သည်နှင့် ပတ်ဝန်းကျင် အခြေအနေက ပိုမို ဆိုးရွားလာခဲ့သည်။ ထိုနေရာတွင် ရှိသည့် မိစ္ဆာသားရဲ အားလုံးမှာ အလွန် အစွမ်းထက်ကြသည်။ ချန်ဖုန်း ခန္ဓာကိုယ်ထက် ရှိသည့် ရှီကျွမ်းကျိ၏ အရှိန်အဝါကို ခံစားမိသော်လည်းပဲ သူတို့က ထွက်ပြေးခြင်း မရှိသည့်အပြင် ချန်ဖုန်းအား တိတ်တဆိတ် ဝန်းရံထားပြီး တိုက်ခိုက်ရန် ကြံစည်နေခဲ့သည်။

သူတို့က ရှီကျွမ်းကျိ၏ အရှိန်အဝါကို ခံစားမိသော်လည်းပဲ ထွက်မသွားလိုဟန် ရပေသည်။

မိစ္ဆာသားရဲများ၏ ကြမ်းကြုတ်လှသည့် အကြည့်များ အောက်တွင် ချန်ဖုန်းမှာ တောင်တန်းဆီသို့ ဝင်ရောက် လာခဲ့သည်မှာ ၁ နာရီခန့်ပင် ကြာသွားခဲ့ပြီ ဖြစ်သည်။ မိစ္ဆာသားရဲများမှာ ဆုံးဖြတ်ချက်ချပြီး ဟန်ဖြင့် ချန်ဖုန်းအား တိုက်ခိုက်တော့မည့် အချိန် အဝေး၌ အနက်ရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အသက်တစ်ရှိုက် ရှူသွင်းလိုက်ချိန်တွင် ထိုအနက်ရောင် ဓားအလင်းတန်းက ကျယ်လောင်သည့် အသံနှင့်အတူ မိစ္ဆာသားရဲများကို ဖြတ်ပိုင်းသွားတော့သည်။

“ရွှမ်း”
ဓားချီများ ချန်ဖုန်း၏ ပတ်လည်တွင် ဖြန့်ကျက် သွားတော့သည်။ ချန်ဖုန်း ပတ်ဝန်းကျင်ရှိ ကြီးမားလှသော သစ်ပင်များပင်လျှင် အပိုင်းပိုင်း ပြတ်တောက်ကုန်ပြီး ၁၀ မီတာခန့်မှာ မြေကွက်လပ်ကြီး ဖြစ်သွားတော့သည်။

အလွန် အားကောင်းသည့် မိစ္ဆာသားရဲများသည်ပင် ထိုသို့ မြင်လိုက်ရသည်နှင့် ချက်ချင်း ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။

“သောက်ကျိုးနည်း”

ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရသည့် ချန်ဖုန်းတစ်ယောက် ကြက်သီးမွေးညင်းများ ထသွားပြီး ကူကယ်ရာမဲ့ ဆဲရေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရုတ်တရက် ထွက်ပေါ်လာသည့် ထိုဓားများ၏ အရှိန်အဝါမှာ အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ဖြစ်ပေသည်။

ထိုဓားချက် တစ်ချက်နှင့်ပင် ပတ်ဝန်းကျင် တစ်ခုလုံးအား ဓားဝင်္ကပါတစ်ခု ဖြစ်သွားသည်မှာ အလွန် တုန်လှုပ်ဖွယ် ကောင်းလွန်းလှပေသည်။

ချန်ဖုန်း စိတ်လှုပ်ရှားနေစဉ် အနက်ရောင် ဝတ်စုံနှင့် အမျိုးသားတစ်ဦးမှာ စိုးစဉ်းမှ အသံမကြားရပဲ သူ့အရှေ့၌ ထွက်ပေါ်လာသည်။

သူ့လက်တစ်ချက် ဝှေ့ယမ်း လိုက်သည်နှင့် အနက်ရောင် ဓားတစ်စင်းသည် ကြီးမားသည့် အရှိန်အဟုန်ကို သယ်ဆောင်ရင်း သူ့လက်ထဲ ရောက်ရှိလာပြီး ပျောက်ကွယ် သွားတော့သည်။

“မင်းဘယ်သူလဲ… မင်းမှာ ဘာကြောင့် ငါ့ရဲ့ အကြေးခွံ ရှိနေရတာလဲ”

အနက်ရောင် ဝတ်စုံနှင့်လူက ချန်ဖုန်းအား စူးရဲစွာ ကြည့်လျက် မေးလာသည်။

ထိုစကားသံကို ကြားလိုက်သည်တွင် ချန်ဖုန်းတစ်ယောက် သတိဝင်လာခဲ့ပြီး အနက်ရောင် ဝတ်ရုံနှင့် လူအား ကြည့်လိုက်သည်။ သူက တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး မျက်နှာကိုပင် အနက်ရောင် ပဝါ စည်းနှောင်ထားသည်။

အထူးခြားဆုံးမှာ ထိုပုဂ္ဂိုလ်၏ မျက်လုံးများ ဖြစ်၏။ သူ့မျက်ဆံများမှာ တြိဂံသဏ္ဌာန် ရှိနေခဲ့ပြီး တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပင် ထွင်းဖောက်မြင်နိုင်စွမ်း ရှိနေသည်ဟု ထင်ရသည်။

“ကျုပ်နာမည်က ချန်ဖုန်းပါ။ ကျုပ် ရှီကျွမ်းကျိကို လာရှာတာ”

ချန်ဖုန်း အားတင်းကာ ပြောလိုက်ပြီးနောက် ချောင်းတစ်ချက် ဟန့်လိုက်သည်တွင် သူ၏ စိတ်ခံစားချက်များမှာ တည်ငြိမ်သွားပုံရကာ ဆက်ပြောလာသည်။

“ကျေးဇူးပြုပြီး မေးပါရစေ၊ ခင်ဗျားက ရှီကျွမ်းကျိလား”

“ဟုတ်တယ်။ ငါက ရှီကျွမ်းကျိပဲ”

ထိုအနက်ရောင် ဝတ်ရုံနှင့် လူမှာ ခေါင်းညိတ် လိုက်သည်။ သူ၏ လေသံမှာ ပြတ်သားပြီး တွန့်ဆုတ်နေခဲ့ကာ အချိန်အတန်ကြာ စကားမပြောခဲ့မှန်း သိသာသည်။

“ဒီလိုပါ စီနီယာတစ်ယောက်က ခင်ဗျားကို လာရှာဖို့ ပြောလိုက်တာပါ။ သူပြောခဲ့တာက ကျွန်တော်မှာ ဒီအနက်ရောင် အကြွေးခွံ ရှိနေခဲ့မယ်ဆိုရင် ခင်ဗျားက ကျုပ်ကို မျက်နှာသာ ပေးလိုက်မယ်တဲ့”

ချန်ဖုန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“စီနီယာဟုတ်လား… အဲ့ဒီလူက ဘယ်လိုပုံစံလဲဆိုတာ ငါမေးလို့ရမလား”

“အဲ့ဒီ စီနီယာက…”

ချန်ဖုန်း ရှင်းပြတော့မည့် အချိန်၌ ရှီကျွမ်းကျိ၏ ကြီးရင့်လှသည့် လေသံမှာ ကြားဖြတ် ထွက်ပေါ်လာတော့သည်။

“ထားလိုက်ပါ။ မင်းပြောဖို့ မလိုပါဘူး။ မင်းမှာ ငါ့ရဲ့ အကြေးခွံ ရှိနေမှတော့ မင်းက ငါ ရှီကျွမ်းကျိရဲ့ ကျေးဇူးရှင်ပဲ”

“ပြောပါ… မင်းဘာကို လိုချင်တာလဲ။ ဒါပင်မဲ့ မင်းရဲ့တောင်းဆိုမှုက အရမ်းကြီး လွန်နေလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါ တိုက်ရိုက် ငြင်းပယ်လို့ ရတယ်”

“ငြင်းပယ်မယ်။ ဟုတ်လား…”

ချန်ဖုန်း ဆွံ့အသွားသည်။

“ဟုတ်တယ် ငါက လက်ရှိမှာ တာအို ကွဲပြားခြင်း အထွတ်ထိပ်အဆင့် ရောက်နေပြီ… ငါ့အနေနဲ့ ကောင်းကင် ၉ ဆင့် လှေကားကို တက်လှမ်းပြီး ကောင်းကင်အဆင့် ချိုးဖြတ်ဖို့ လိုအပ်တယ် ငါအချိန် အများကြီး ဖြုန်းနေလို့ မဖြစ်ဘူး”

“ကောင်းကင် ၉ ဆင့်လှေကားကို ဖြတ်ကျော်ပြီး ကောင်းကင်တက်လှမ်းခြင်း အဆင့်ကို ချိုးဖြတ်မယ် ဟုတ်လား။ ဒီကိစ္စက တကယ် နှောင့်နှေးလို့ မရဘူးပဲ” ချန်ဖုန်း တစ်ယောက်တီးတိုး ရေရွတ်လိုက်သည်။

လျှို့ဝှက်နဂါး တောင်တန်းအတွင်း…

ချန်ဖုန်းတစ်ယောက် မျက်မှောင်ကြုတ် ထားမိသည်။

သိထားရမည်မှာ သိုင်းပညာ ကျင့်ကြံခြင်း လမ်းစဉ်သည် အဆင့်မြင့်မား လာသည်နှင့် အမျှ တက်လှမ်းရ ခက်ခဲလှပေသည်။ ရှီကျွမ်းကျိသည် တာအိုကွဲပြားခြင်း အဆင့်သို့ ရောက်ရှိ နေသည်မှာ မည်မျှ ကြာမှန်း မသိရချေ။ ထို့အတွက်ကြောင့်မို့ ကောင်းကင်တက်လှမ်းခြင်း အဆင့် ဝင်ရောက်ရန် သူ အတော်လေး ကြိုးစားအားထုတ် ထားပုံရပေသည်။

ဤအကြောင်းကြောင့်ပင်မို့ သူ့အနေဖြင့် ထိုအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

ချန်ဖုန်း၌ မြွေအကြေးခွံ ၁၀ ခု ရှိနေလျှင်ပင် တစ်ဖက်လူ၏ အဆင့် ချိုးဖြတ် တက်ရောက်ခြင်းကို အနှောင့်အယှက် ပေးမည် ဆိုပါက ရှီကျွမ်းကျိ အနေဖြင့် ငြင်းဆန်လိမ့်မည်မှာ သေချာသည်။ ဒါ့အပြင် ထိုထက်ဆိုးသည်က ချန်ဖုန်းမှာ ရှီကျွမ်းကျိ၏ အကူအညီကို အချိန်အတန်ကြာ လိုအပ်နေခြင်း ဖြစ်ပေသည်။

သူ တိုင်မူတျန်ခီအား လက်စားချေ ပြီးပြီဆိုပါက ချန်မိသားစုအား ကာကွယ်ရန်အတွက် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက်တော့ သေချာပေါက် လိုအပ်ပေသည်။

သူ ချန်မိသားစုအား ကာကွယ်နိုင်ရန် အရွယ်ရောက်သည်အထိ ထိုအကူအညီအား သေချာပေါက် လိုအပ်ပေသည်။

ယင်းက အလွန်ရှည်လျားသည့် ခရီးစဉ်ကြီး တစ်ခုဖြစ်ပေ၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset