Switch Mode

Chapter – 9

တစ်ဆင့်ပြီး တစ်ဆင့်

အခန်း၉
(တစ်ဆင့်ပြီး တစ်ဆင့်)

“အဟွတ်ဟွတ် ချန်ဖုန်း ဒီတစ်ကြိမ် မင်းမှားတယ်လို့ ငါခံစားရ….”

ထိုအချိန်တွင် တိုင်မူတျန်ခီမှာ တစ်စုံတစ်ခု မှားယွင်းနေသည်အား သတိဝင်လာပြီး စကားပြောရန် ကြိုးစားလာခဲ့သည်။ သို့သော် ချန်ဖုန်း အနေဖြင့် သူ့အား ထိုအခွင့်အရေး မည်သို့ ပေးလိမ့်မည်နည်း။

“တိုင်မူတျန်ခီ ခင်ဗျား ကျုပ်ရဲ့ ယောက်ဖလောင်းမှ ဟုတ်သေးရဲ့လား”

ချန်ဖုန်း ဒေါသထွက်ဟန် ဆောင်လိုက်သည်။

“ဟုတ်တယ်လေ ငါက မင်းရဲ့ ယောက်ဖလောင်းပါ”

“ခင်ဗျားက ကျုပ်ရဲ့ ယောက်ဖလောင်း ဖြစ်မှတော့ ကျုပ်ကို ကူညီပြီး ချန်မုရွမ်ကို ဖိနှိပ်ရမှာပေါ့”

“ဒါက”

တိုင်မူတျန်ခီမှာ အနည်းငယ် တွန့်ဆုတ်သွားသည်။

“ယောက်ဖ ဒီတစ်ကြိမ်က ခင်ဗျားကို ယောက်ဖလို့ ခေါ်ရတဲ့ နောက်ဆုံးအကြိမ် မဖြစ်ဖို့ မျှော်လင့်မိတယ်”

ချန်ဖုန်း ဖိအားပေးနေသည့် အတွက်ကြောင့်မို့ တိုင်မူတျန်ခီ အနေဖြင့် တွေးတောရန် အလွန် နောက်ကျ သွားခဲ့သည်။ သူ၏ ချီစွမ်းအားကို ထုတ်လွှတ် လိုက်သည်တွင် ထူးဆန်းသည့် ဖိအားတစ်ခုမှာ ဖြစ်ပေါ်လာသည်။

အဝေး တစ်နေရာတွင် ရှိသည့် ချန်မုရွမ်မှာ သေမျိုး အထွတ်အထိပ် အဆင့်သာ ဖြစ်သည့် အတွက်ကြောင့်မို့ ထိုဖိအားအောက်၌ လက်လေး တစ်ချောင်းပင် လှုပ်နိုင်စွမ်း မရှိတော့ပေ။

သူ တိုင်မူတျန်ခီအား စားမတတ် ဝါးမတတ် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

“ဟား ဟား ယောက်ဖ ခင်ဗျား အကောင်းဆုံးပဲ”

ချန်ုဖုန်းက တိုင်မူတျန်ခီအား တစ်ချက် ပြုံးပြပြီးနောက် ချန်မုရွမ်ထံသို့ လျှောက်လှမ်း သွားခဲ့သည်။

“ခွပ် ခွပ် .. .ခွပ်….”

မကြာမီ အချိန်၌ ချန်မုရွမ်၏ မျက်နှာမှာ ချန်ကျန်းကဲ့သို့ပင် ဝက်မျက်နှာအလား ဖူးရောင် သွားတော့သည်။

ယင်းက အစသာ ရှိသေးသည်။ ချန်ဖုန်းက သူ၏ ညာခြေကို မြှောက်လိုက်ပြီး ပြင်းထန်စွာ ကန်ထည့်လိုက်သည်။

“ဂျွတ်….”

ချန်မုရွမ်၏ လက်မောင်းမှာ အဆစ်လွဲသွားပြီး အတော်လေး ထိခိုက်သွားတော့သည်။

“အား…. ချန်ဖုန်း မင်း ခွေးမသား…. မင်း အသေဆိုးနဲ့ သေရမယ်”

အလွန်ပြင်းထန်သည့် နာကျင်မှုကြောင့် ချန်မုရွမ် အော်လိုက်ကာ အသက်ရှူသံများ မြန်ဆန် သွားတော့သည်။

“အိုး…. ကြည့်ရတာ မင်းက ငါ့ယောက်ဖကို ထိကပါး ရိကပါး ပြောခဲ့တာနဲ့တင် မလုံလောက်သေးဘူးပဲ။ ငါ့ကို အော်ရဲတယ် ဟုတ်လား၊ ငါကို အော်ရဲတယ်ပေါ့ ”

ပြောနေစဉ်အတွင်း ချန်ဖုန်းက ချန်မုရွမ်၏ ခြေထောက်များကို ကန်ထည့်လိုက်သည်။

အလွန်ပြင်းထန်သည့် နာကျင်မှုကြောင့် ချန်မုရွမ် ရုတ်တရက် မေ့မြော သွားတော့သည်။

ဘေးမှ ရပ်ကြည့်နေသည့် ချန်ကျန်းသည်တော့ မျက်လုံးများ ပြူးကျယ်နေကာ တုန်လှုပ်နေမိသည်။ သူ့ ဘောင်းဘီထဲ စိုစွတ်သည်ထိ ကြောက်လန့်နေခြင်း ဖြစ်၏။

“ဖုန်း … တော်လောက်ပြီ”

တိုင်မူတျန်ခီမှာ ရုတ်ခြည်း သတိဝင်လာခဲ့ပြီး ချန်ဖုန်းအား ချက်ချင်း တားဆီး လိုက်တော့သည်။

ထိုအခိုက်အတန့်၌ ချန်ဖုန်းသည်လည်း တော်သင့်ပြီဟု ခံစားလိုက်ရကာ အော်ဟစ် လိုက်တော့သည်။

“မင်းတို့ နောင်အနာဂါတ်မှာ ငါ့ယောက်ဖကို တစ်ခုခု ပြောခဲ့မယ်ဆိုရင် ဒီနေ့ သင်ခန်းစာကို အမှတ်ရထားလိုက်။ နောက်တစ်ကြိမ် ဒါမျိုး ဖြစ်လို့ကတော့ ငါဘာကောင်လဲ ဆိုတာကို မင်းတို့ကို ပြမယ်”

ချန်ဖုန်း၏ စကားများအား ကြားလိုက်သည်တွင် ချန်းကျန်းမှာ သူတို့ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ မြေပြင်ထက် သတိလစ် မေ့မြောနေသည့် ချန်မုရွမ်အား ထမ်းကာ ခြေထောက်နှင့် တင်ပါး တစ်သားတည်းကြအောင် ထွက်ပြေးလေတော့သည်။

“ယောက်ဖ ဒီနေ့ တကယ် ပျော်ဖို့ကောင်းတယ် ဒီခရီးက တကယ် အလကား မဖြစ်ခဲ့ဘူးပဲ”

ချန်ဖုန်း အော်ရယ်လိုက်ကာ သူလာခဲ့သည့် လမ်းအတိုင်း လှည့်ထွက် သွားသည်။ တိုင်မူတျန်ခီသည်တော့ မူလနေရာ၌ တောင့်တောင့်ကြီး ရပ်နေခဲ့ကာ သူ့အမူအရာများလည်း ဆိုးဝါးလောက်သည်အထိ ပျက်ကွက် နေလေသည်။

….
ချန်မိသားစု အရှေ့အရပ် အိမ်တော်တစ်ခုရှိ အိပ်ရာထက်တွင် ချန်ဖုန်း လဲလျောင်းရင်း စဉ်းစားနေခဲ့သည်။

“ဒီနေ့အတွက်ကတော့ အောင်မြင်သွားပြီလို့ ပြောလို့ရတယ်”

အိပ်ရာထက်တွင် ချန်ဖုန်းမှာ လေးနက်သေချာစွာ တွေးတော နေသည်။

“ချန်ကျန်းနဲ့ ချန်မုရွမ်တို့က ချန်မိသားစု မဟာ အကြီးအကဲနဲ့ ပထမ အကြီးအကဲတို့ရဲ့ အသည်းကျော်တွေပဲ သူ့မြေးတွေကိုသာ ဒီလိုပုံစံနဲ့ တွေ့လိုက်ရမယ်ဆိုရင် သေချာပေါက် ဒေါသအကြီးအကျယ် ထွက်သွားမှာပဲ”

“သူတို့ မြေးတွေ ဒီလောက်ထိ ခံလိုက်ရတာကို သိလိုက်ရင် တိုင်မူတျန်ခီကို လက်စားချေဖို့ မကြိုးစားရင်တောင်မှ ဒီအခွင့်အရေးကို အရယူပြီး ချန်မိသားစုကနေ မောင်းထုတ်ကြလိမ့်မယ်။ ဒီလိုဆိုရင် ငါလည်းပဲ လွှတ်ထားလိုက်ပြီး တိုင်မူတျန်ခီလည်း ငါ့အစ်မနားကနေ ယာယီ ထွက်သွားရမှာပဲ”

“နောက်တစ်ကြိမ် တိုင်မူတျန်ခီသာ ပြန်လာလို့ကတော့ သူ့ကို နေရာမှာတင် မြှုပ်နှံပေးပြီး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လို့ရပြီပေါ့”

ချန်ဖုန်းမှာ အတွေးထဲ ဆုံးဖြတ်ချက်တို့ ချနေခဲ့သည်။ ချန်မိသားစု အနောက်ခြံဝန်းတွင် ချန်ကျန်းမှာ ချန်မုရွမ်အား ထမ်းလာရင်း ချန်ဝမ်ထျန်းနှင့် ချန်ချင်းတျန်အား သွားရှာသည်။

ချန်ဝမ်ထျန်းနှင့် ချန်ချင်းတျန်တို့မှာ ချန်မိသားစု၏ အဓိက အကြီးအကဲများ ဖြစ်ပြီး ချန်မိသားစု၏ အဓိက ခေါင်းဆောင်ဖြစ်သော ချန်ဝူထျန်းနှင့် အဆင့် သိပ်မကွာချေ။ သူတို့၏ ချစ်လှစွာသော မြေးလေးများက ထိုအခြေအနေထိ ဖြစ်နေသည်အား မြင်လိုက်သည်တွင် ယမ်းပုံမီးကျ ဒေါသ ပေါက်ကွဲတော့လေသည်။

ချန်ကျန်းနှင့် ချန်မုရွမ်တို့မှာ အတွင်းဒဏ်ရာ များများစားစားတော့ မရရှိခဲ့ချေ။ သူတို့နှစ်ဦးမှာ ဒဏ်ရာများစွာ ရရှိထားပုံ ရှိသော်လည်းပဲ ချန်ဖုန်းက သူ့အကန့်အသတ်ကို သိသည့် အတွက်ကြောင့်မို့ လက်လွှတ်စပယ် မပြုမူခဲ့ပေ။

သူတို့၏ ဒဏ်ရာများက အပြင်ဒဏ်ရာများသာ ဖြစ်ပေသည်။ သို့သော် မည်သို့ဖြစ်စေ ဒဏ်ရာအကြီးအကျယ် ရလိုက်သည်က ရလိုက်ခဲ့ခြင်း ဖြစ်ပေ၏။

ရလဒ်အနေဖြင့် သူတို့က ချန်ဖုန်း၏ အဘိုးဖြစ်သူအား သွားရှာပြီး တိုင်မူတျန်ခီနှင့် ချန်ဖုန်းကို အပြစ်ပေးရန် တောင်းဆိုခဲ့လေသည်။

ထိုသတင်းကို ကြားလိုက်ရသည်တွင် ချန်ဖုန်းမှာ စိတ်ပူခြင်း မရှိရုံသာမက သူမျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အစီအစဉ်ကတော့ အလုပ်ဖြစ်သွားပြီ တိုင်မူတျန်ခီလည်း သေချာပေါက် ဆက်နေရဲတော့မှာ မဟုတ်ဘူး”

ချန်ဖုန်း သက်ပြင်းတစ်ချက် ရှူသွင်းလိုက်ကာ

“နောက်ခြေလှမ်းကတော့ တိုင်မူတျန်ခီရဲ့ ညစ်ပတ်တဲ့ သက်သေတွေ ရှာဖွေပြီး အနာဂတ်မှာ သူ့ရဲ့ ယုတ်မာမှုကို ချပြဖို့ ပြင်ဆင်ရုံပဲ”

“ကောင်လေး ချန်ဖုန်း …မင်း ဒီလို မလုပ်ခင် မင်းကို ကာကွယ်နိုင်မဲ့ စွမ်းအားရှိသူ တစ်ယောက် လောက်တော့ ရှာထားဖို့ လိုအပ်တယ်”

နလန်ချန်းရှန်း၏ စကားသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော်ကို ကာကွယ်ဖို့ စွမ်းအားရှိသူ တစ်ယောက်လောက် ရှာရမယ် ဟုတ်လား … စီနီယာ ခင်ဗျား ဆိုလိုတာက နောက်ခံ တစ်ခုခု ရှာဖို့လား”

“အမှန်ပဲ ငါတို့ နောက်ခံ တစ်ခုခုတော့ ရှာထားရမယ်”

နလန်ချန်းရှန်း ဆက်ပြောလာခဲ့သည်။

“တိုင်မူမိသားစုက လျှို့ဝှက်နဂါး တိုင်းပြည်မှာ နေရာကြီးကြီးတစ်ခု ရထားတယ်ဆိုတာ မင်း သိထားသင့်တယ်။ သူတို့ မိသားစုထဲမှာ ပညာရှင်တွေ အများကြီး ရှိနေတာ … မြေကမ္ဘာအဆင့် သိုင်းကောင်းကင်အဆင့် ပြီးတော့ တာအိုပိုင်းခြားခြင်း အဆင့် ကျင့်ကြံသူတွေတောင်မှ ရှိနေသေးတယ်”

“မင်းက တိုင်မူတျန်ခီရဲ့ မျက်နှာ အစစ်ကို ချပြလိုက်မယ်ဆိုရင် သူတို့က အရှက် ဒေါသထွက်လာပြီး ကိုယ်သိက္ခာကိုတောင် မထိန်းဘဲ ချန်မိသားစုကို ဖျက်ဆီးမယ်ဆိုရင် မင်းတို့ ချန်မိသားစုမှာ တောင့်ခံဖို့ ခွန်အားရှိလား … အရာအားလုံး ပျက်စီးသွားမှာကိုတော့ ငါစိုးရိမ်တယ်”

“ဒါကြောင့်မို့ အရာအားလုံး မချပြခင်မှာ မင်းအနေနဲ့ နောက်ခံ ရှာထားသင့်တယ်”

နလန်ချန်းရှန်းမှာ အသက်အရွယ် ကြီးရင့်လှသူပီပီ ပြဿနာ၏ အဓိက အရင်းအမြစ်ကို ဆွဲထုတ် နိုင်လိုက်သည်။

တကယ်တမ်းတွင် ချန်မိသားစု၌ အားကောင်းဆုံး ကျင့်ကြံသူမှာ သိုင်းကောင်းကင် အထွတ်ထိပ်အဆင့်သာ ရှိပေသည်။ ထိုကဲ့သို့သော ခွန်အားက တိုင်မူမိသားစု အနေဖြင့် မျက်စိထဲ ထည့်လိမ့်မည် မဟုတ်ချေ။

“ကြည့်ရတာ ငါတကယ်ပဲ နောက်ခံ ရှာဖို့ လိုနေပြီပဲ”

ချန်ဖုန်း မျက်မှောင် ကြုတ်လိုက်ကာ ရေရွတ်လိုက်သည်။

“ဒါပင်မဲ့ တိုင်မူ မိသားစုက တကယ်ကို အင်အား ကြီးမားလွန်းတယ်။ ကျုပ်ရဲ့ ချန်မိသားစုကို ကာကွယ်နိုင်ဖို့ ဘယ်လို့ နောက်ခံအင်အားမျိုး ရှာရမှာလဲ”

တိုင်မူမိသားစုက လျှို့ဝှက်နဂါး တိုင်းပြည်၏ အဓိက ထောက်တိုင် တစ်ခုဖြစ်သည် ဆိုသည်အား သိထားရပေမည်။ ထိုကဲ့သို့သော ဖိအားမျိုး အောက်၌ ချန်မိသားစုကို ကာကွယ်နိုင်မည့် အင်အားရှိသူမှာ လက်တစ်ဆုပ်ပင် မပြည့်ပေ။

ဒါ့အပြင် ချန်ဖန်းအနေဖြင့် သူလိုချင်သည့် အတိုင်း နောက်ခံကို မည်သို့ ရှာဖွေရမည်နည်း။ ဒါ့အပြင် နောက်ခံ ရှာဖွေရခြင်းထက် ယုံကြည့်ရသည့် လူမျိုးကို ရှာဖွေရသည်မှာ ပိုမို ခက်ခဲသည်။

ထို အခိုက်အတန့်၌ ချန်ဖုန်းမှာ မည်သည့်အရာ ဆက်လုပ်ရသည်အား မသိတော့ချေ။

ထိုအချိန်တွင် နလန်ချန်းရှန်မှာ ဝင်ပြော လာခဲ့သည်။

“အတိတ်တုန်းက ငါ့ရဲ့လမ်းညွှန် သင်ပြမှုကို ခံယူဖူးတဲ့ လူတစ်ယောက်တော့ ရှိတယ်။ သူက မင်းကို ကာကွယ်ပေးမယ်ဆိုရင် ပြဿနာ မရှိတော့ဘူး”

“ဟုတ်လား အဲ့ဒါ ဘယ်သူလဲ သူက ဘယ်မှာလဲ”

ချန်ဖုန်း အံ့အားသင့်စွာ မေးလာခဲ့သည်။

“သူ့နာမည်က ရှီကျွမ်းကျိ သူအခု လျှို့ဝှက်နဂါး တောင်ကြားမှာ ရှိတယ်”

နလန်ချန်းရှန် စကားဆုံးသည်တွင် ချန်ဖုန်း၏ အရှေ့၌ လက်တစ်ဝါးခန့်ရှိသော အနက်ရောင် ငွေအကြေးခွံ တစ်ခုမှာ ထွက်ပေါ်လာသည်။

“ကောင်လေး ရှန်ဖုန်း… ဒီမြွေအကြေးခွံကို ယူသွားပြီး လျှို့ဝှက်နဂါး တောင်ကြားကို သွား။ မင်း အဲ့ဒီကို ရောက်သွားရင် ရှီကျွမ်းကျိက အာရုံခံမိပြီး မင်းကို လာရှာလိမ့်မယ်”

“မြွေအကြေးခွံ ဟုတ်လား။ မြွေအကြွေးခွံ ….ရှီကျွမ်းကျိ ဟုတ်လား။ စီနီယာ ကျုပ်ကို ရှာခိုင်းတဲ့ သူက လူသားတစ်ယောက် မဟုတ်ဘဲ မိစ္ဆာသားရဲ တစ်ကောင်လား”

“ဟုတ်တယ် သူက အနက်ရောင် မြွေနဂါး ကျင့်ကြံခြင်းကို အောင်မြင်ခဲ့ပြီး အခုဆိုရင် တာအိုပိုင်းခြားခြင်း အထွတ်ထိပ် အဆင့်ကို အနည်းဆုံး ရောက်နေလောက်ပြီ။ ဒီလို ကျင့်ကြံသူမျိုး တစ်ယောက်ကသာ စစ်သည် ထောင်ပေါင်းများစွာထက် သာလွန်တာ”

နလန်ချန်းရှန်မှာ ဆက်ပြောလာသည်။

“သူသာ ဒီနေရာမှာ ရှိမယ်ဆိုရင် မင်း တိုင်မူတျန်ခီကို သတ်လိုက်ရင်တောင် တိုင်မူမိသားစု အနေနဲ့ မင်းတို့ ချန်မိသားစုကို ထိရဲမှာတောင် မဟုတ်ဘူး”

“တာအိုပိုင်းခြားခြင်း အထွတ်အထိပ်အဆင့် ဟုတ်လား”

ချန်ဖုန်း သိလိုသွားသည်။

သိုင်းပညာ တာအိုအား အဆင့်ကြီး ၇ ဆင့် ခွဲခြမ်းထားသည်အား သိထားရမည်။ ယင်းတို့မှာ သေမျိုးအဆင့်၊ မြေကမ္ဘာအဆင့်၊ သိုင်းကောင်းကင်အဆင့်၊ တာအိုပိုင်းခြားခြင်း အဆင့်၊ ကောင်းကင်တက်လှမ်းခြင်း အဆင့်နှင့် အာဏာရှင် အဆင့်တို့သာ ဖြစ်ပေသည်။

ရှီကျွမ်းကျိသာ ကွဲပြားခြင်း အထွတ်အထိပ် အဆင့်သို့ တကယ်တမ်း ရောက်ရှိနေပြီ ဆိုပါက ကောင်းကင် တက်လှမ်းခြင်း အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။

ယင်းက သေချာပေါက် စွမ်းအားကြီးသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။

နလန်ချန်းရှန် အနေဖြင့် ထိုလိုလူမျိုးအား နောက်ခံ အဖြစ် ရှာထားရန် ပြောလာသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
***

Comment

Leave a Reply

Options

not work with dark mode
Reset