အခန်း၈
(ရင်ထဲကမီးတောက်)
“ဘာတွေ ဖြစ်နေတာလဲ”
ချန်ဖုန်း မျက်မှောင်ကြုတ်ကာ အရှေ့သို့ လျှောက်လှမ်း သွားလိုက်သည်။
မကြာခင်တွင် သူနှင့်ရွယ်တူ ၁၄၊ ၁၅ အရွယ် ကောင်လေးက ကျာပွတ် တစ်ချောင်းကိုင်ကာ သစ်သားရုပ်ထု အရှေ့၌ ရပ်နေပြီး အော်ဆဲနေသည်ကို မြင်လိုက်ရသည်။
ချန်ဖုန်း ထိုသစ်သား ရုပ်ထုအား ကြည့်လိုက်သည်တွင် သူနှင့် တစ်ပုံစံတည်း တူနေသည်ကို တွေ့လိုက်ရ၏။
ဒီတစ်ကြိမ်တွင် အလွန် သိသာလှသည်။ ထိုလူငယ်လေးက ငွေရောင် ဦးထုပ်နှင့် သားမွေးအင်္ကျီကို ဝတ်ဆင်ထားကာ သူ့ဒေါသများအား ချန်ဖုန်း၏ သစ်သား ရုပ်ထုထံသို့ ပုံချနေခဲ့သည်။
ဒါ့အပြင် ထိုကဲ့သို့သော ဒေါသ ဖြေဖျောက်နည်းက တကယ် စိတ်တိုစရာ ကောင်းလှ၏။
“ချန်ကျန်း မင်းဘာတွေ လုပ်နေတာလဲ”
ချန်ဖုန်း လေသံမာမာဖြင့် မေးလိုက်သည်။
“ဘယ်သူလဲ”
ချန်ဖုန်း၏ စကားအား ကြားလိုက်သည်တွင် ချန်ကျန်း တစ်ယောက် တုန်လှုပ်သွားသည်။ သို့သော်လည်းပဲ ချန်ဖုန်းအား မြင်လိုက်သည်တွင် သူ၏ အမူအရာများမှာ တည်ငြိမ်သွားပြီး အေးစက်သည့် လေသံဖြင့်….
“ချန်ဖုန်း ငါဘာတွေ လုပ်နေတယ်လို့ မင်းထင်လဲ။ မင်း ရှင်းရှင်းလင်းလင်း သိသင့်တယ် မဟုတ်လား”
“ချန်ကျန်း… မင်းက ကိုယ့်ထက် အကြီးကို နောက်ကွယ်မှာ ဆဲရဲနေတယ်ပေါ့။ မင်းက အရင်တစ်ခေါက်က ငါ့ကို ထိပါးခဲ့ရုံ မကဘူး။ အခုလည်းပဲ ထပ်တလဲလဲ ပုတ်ခတ် စော်ကားနေပြန်ပြီ ၊ မင်းက အရိုက်ခံရဖို့ တောင်းဆိုနေတာပဲ”
ချန်ဖုန်း အေးစက်စက် ပြောလိုက်သည်။
“ငါ့ကို ရိုက်မယ် ဟုတ်လား…. မင်းကလား”
ချန်ကျန်း လှောင်ပြောင်သည့် လေသံဖြင့်….
“မင်းက ဘာကို ဂုဏ်ယူနေတာလဲ ချန်ဖုန်း၊ မင်းအစ်မက တိုင်မူ မိသားစုနဲ့ လက်ထပ် စေ့စပ်ပွဲ စီစဉ်လိုက်တာနဲ့ပဲ လုံးဝကို မောက်မာနိုင်ပြီလို့ ထင်နေတာလား၊ အဓိပ္ပာယ် မရှိလိုက်တာ။ ငါမင်းကို ပြောလိုက်မယ် ချန်ဖုန်း။ မင်းအစ်မက ဘယ်လိုပဲ ဖြစ်ဖြစ် မင်းဆိုတဲ့ ကောင်က ငါချန်ကျန်းရဲ့ အရှေ့မှာ ဘာကောင်မှ မဟုတ်ဘူး။ မင်းကို ခြေတစ်လှမ်းနဲ့တင် နင်းချေပစ်လိုက်လို့ ရတယ်”
“ဟား ဟား… ဒီနေ့တော့ မင်းလို အမှိုက်ကောင်ကို ငါချန်ကျန်းက ဘယ်လို နင်းချေပစ်မလဲ ဆိုတာကို ကြည့်ကြသေးတာပေါ့”
ချန်ကျန်းမှာ ထိုစကားများ ပြောပြီးနောက်တွင် သူ့မျက်လုံးများ အေးစက် သွားတော့သည်။
အခြားတစ်ဖက်တွင်လည်း ချန်ဖုန်း၏ ခန္ဓာကိုယ်မှ အေးစက်သည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။
ချန်ကျန်းနဲ့ ပတ်သက်ပြီး သူ ယခင်ကတည်းက သဘောကျခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုတစ်ယောက်က သူ၏ အရာရာတိုင်းကို ဖျက်ဆီးခဲ့သည့် အထဲတွင် ပါဝင်သည်။
ပြောရမည် ဆိုရင် ချန်ကျန်းမှာ ချန်မိသားစု၏ အကြီးအကဲ ချန်ချင်းထျန်၏ အဖိုးတန် မြေးလေးတစ်ယောက်ဖြစ်ကာ ချန်ဖုန်းကို အမြဲတစေ အနိုင်ကျင့်ခဲ့သည်။
အထူးသဖြင့် ချန်ဖုန်း၏ ကျင့်ကြံခြင်း အခြေခံကိုပင် ထိခိုက် သွားသည်အထိ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ယင်းက ချန်ဖုန်း၏ အခြေခံ အုတ်မြစ်ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ကာ သိုင်းပညာ လမ်းစဉ်၌ ရှေ့ဆက်၍ မရတော့ပေ။
သူတို့ နောက်တစ်ကြိမ် တွေ့ပြီ ဆိုမှတော့ ချန်ဖုန်း အနေဖြင့် ထိုကောင်ကို သင်ခန်းစာ ကောင်းကောင်း ပေးရပေမည်။
ဒါ့အပြင် ထိုကောင်ကို သင်ခန်းစာ ပေးရာတွင်လည်း ချန်ဖုန်း၏ စိတ်ထဲ၌ အခြားသော အစီအစဉ်တစ်ခု ရှိနေပေသည်။
“ဝုန်း”
ချန်ဖုန်း အရှေ့သို့ ခြေတစ်လှမ်း တက်လှမ်း လိုက်သည်တွင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးကြော ၉၃ ခုမှာ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး အေးစက်သည့် အရှိန်အဝါ တို့သည် ပတ်ဝန်းကျင်တစ်ခွင် ဖုံးလွှမ်း သွားလေသည်။
အသက်တစ်ရှိုက် ရှူသွင်းလိုက်ရုံနှင့်ပင် ချန်ဖုန်း၏ လက်အတွင်း၌ အရိုးခိုက်အောင် အေးစက်သည့် အရှိန်အဝါများမှာ စုဝေးလာတော့၏။
“ရေနဂါး ပင်လယ်ထဲဆင်း”
ချန်ဖုန်းက အရှေ့သို့ တက်လှမ်းကာ ချန်ကျန်းထံသို့ လက်သီးတစ်လုံး ပစ်သွင်း လိုက်သည်။ ယင်းလက်သီးထံ၌ အလွန် အေးစက်သည့် အရှိန်အဝါများမှာ ပေါင်းစပ် ပါဝင်နေလေသည်။
“အရင်တစ်ခေါက် အရိုက်ခံခဲ့ရတာ မင်းအတွက် မလုံလောက်သေးဘူးပဲ ဒီလိုဆိုမှတော့ မင်းကို ထပ်ရိုက်ရသေးတာပေါ့”
ချန်ကျန်းမှာ သေမျိုး အဆင့်မြင့် သိုင်းပညာရှိပြီး ချန်ဖုန်းထက် ယခင်ကတည်းက တစ်ဆင့်မြင့်သည်။ ထို့အတွက်ကြောင့်မို့ သူ့အနေဖြင့် ချန်ဖုန်းအား ကြောက်နေခြင်း မရှိချေ။
ထိုနည်းတူ တိုက်ကွက်ကို အသုံးပြုကာ ချန်ဖုန်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။
“ဝုန်း”
သို့သော်လည်း သူတို့နှစ်ဦး၏ လက်သီးချက်များမှာ အချင်းချင်း ထိခိုက် မိသွားသည်တွင် မထင်မှတ်ထားသည့် မြင်ကွင်းက ထွက်ပေါ်လာခဲ့သည်။
ပုံမှန်အားဖြင့် ဆိုလျှင် ချန်ဖုန်း၏ ကျင့်ကြံခြင်း အဆင့်မှာ ချန်ကျန်းထက် အားနည်းသည်။၊ ထို့ကြောင့် သူတို့နှစ်ဦးလုံး တူညီသည့် တိုက်ကွက်ကို အသုံးပြုလိုက်သည်တွင် စင်စစ်အားဖြင့် ချန်ဖုန်းမှာ အရေးနိမ့် သွားသင့်ပေသည်။
သို့သော်လည်းပဲ မထင်မှတ်ထားသည့် အရာက ကျင့်ကြံခြင်းအဆင့် မြင့်မားသည့် ချန်ကျန်းသာ အရေးနိမ့်သွားပြီး အနောက်သို့ လွင့်ထွက် သွားခြင်း ဖြစ်၏။
ထိပ်တိုက် တွေ့မိသည်တွင် ချန်ဖုန်း၏ လက်သီးထဲ ပါဝင်နေသည့် အရိုးခိုက်အောင် အေးစက်သည့် အရှိန်အဝါများက ချန်ကျန်း၏ အရိုးနှင့် အရေကို ထိုးဖောက် ဝင်သွားကာ ထိခိုက်ဒဏ်ရာ ရသွားစေခြင်း ဖြစ်ပေသည်။
ချန်ကျန်း မြေပြင်ထက်သို့ ပြုတ်ကျ သွားသည်တွင် အရိုးခိုက်အောင် အေးစက်သည့် အအေးဓာတ်က သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်း သွားလေသည်။ ထိုကဲ့သို့ အခြေအနေမျိုး၌ ချန်ကျန်း အနေဖြင့် ချန်ဖုန်း၏ နောက်ထပ် လက်သီးချက်များကို မည်သို့ တောင့်ခံနိုင်တော့မည်နည်း။
သူ ရုတ်ခြည်း ချန်ဖုန်း၏ ထိုးနှက်ချက်ကြောင့် လွင့်ထွက် သွားပြန်သည်။
ဖောင်းဆိုသည့် အသံနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်းပဲ ဘောလုံး တစ်လုံးအလား တုန်ခါသွားတော့သည်။
“ဒီလို အရည်အချင်းမျိုးနဲ့ ငါ့ရှေ့မှာ လာပြီး မောက်မာရဲသေးတယ်လား”
ချန်ဖုန်းသည်လည်းပဲ သူ၏ လက်သီး တစ်ချက်တည်းဖြင့် ချန်ကျန်းကို ဖျက်ဆီး နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော် ယင်းက အံ့ဩစရာတော့ မရှိ။
မည်သို့ပင် ဖြစ်စေ ချန်ဖုန်းသည် သိုင်းဝိညာဉ် နိုးထနိုင်ခဲ့ပြီး သူ၏ သိုင်းဝိညာဉ်သည်လည်းပဲ အဆင့်မြင့် အဆင့်တွင် ပါရှိသည့် အဆင့် ၇ သိုင်းဝိညာဉ်လည်း ဖြစ်ပေသည်။ တကယ်တမ်းတွင် အဆင့်လွန် သိုင်းဝိညာဉ် ဖြစ်နေသည်အား ထည့်ပြောစရာပင် မလိုချေ။
ချန်ဖုန်း အနေဖြင့် သူ၏ သိုင်းဝိညာဉ်စွမ်းအား အနည်းငယ်ကို အသုံးပြုလိုက်ရုံနဲ့ပင် ယင်းက ချန်ကျန်း ခုခံနိုင်သည့် အရာ မဟုတ်တော့ချေ။ ချန်ကျန်းက သူနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်မည် ဆိုပါက အရိုက်ခံရရန် ရွေးချယ်လိုက်ခြင်းပင် ဖြစ်ပေသည်။
“ဖောင်း ဖောင်း ဖောင်း…”
ချန်ဖုန်းက ချန်ကျန်း၏ အရှေ့သို့ သွားကာ မြေပြင်ထက် လဲကျသွားသည့် ချန်ကျန်းကို တရစပ် ထိုးနှက်လိုက်သည်။
“ငါ့ကို နာမည် တပ်ခေါ်ရဲတယ်၊ ဆဲရဲတယ်၊ စော်ကားရဲတယ်၊ ဟုတ်လား။ လုပ်စမ်း…. မင်း ဆက်ပြောစမ်း…”
ချန်ဖုန်း ပြောနေရင်းဖြင့် ချန်ကျန်း၏ မျက်နှာကို ဘယ်ပြန်ညာပြန် ထိုးနှက်နေခဲ့ပြီး ဝက်ခေါင်းရုပ် ပေါက်စေသည်အထိ ရပ်တန့်ခြင်း မရှိချေ။
“ချန်ဖုန်း တော်လောက်ပြီ ချန်ကျန်းလည်း မင်းကို ဘာမှ မလုပ်နိုင်လောက်တော့ဘူး”
ချန်ဖုန်းက ချန်ကျန်းအား သင်ခန်းစာ ပေးနေသည့် အချိန်တွင် လူငယ်လေး တစ်ယောက်မှာ လျှောက်လှမ်း လာခဲ့သည်။ ထိုလူငယ်လေးက အသက် ၁၇၊ ၁၈ အရွယ်ရှိပြီး ထူးခြား ခန့်ညားသည့် အသွင်ရှိသည်။
“ချန်မုရွမ်ဒါက ငါနဲ့ ချန်ကျန်းကြားက ကိစ္စပဲ မင်းနဲ့ ဘာမှ မဆိုင်ဘူး”
ချန်မုရွမ်က ချန်မိသားစု အကြီးဆုံး အကြီးအကဲ ဖြစ်သော ချန်ဝမ်ထျန်း၏ မြေးအကြီး ဖြစ်ပေသည်။ သူ၏ ပါရမီက ဆိုးဝါးခြင်း မရှိ။ သိုင်းဝိညာဉ်ကို မနိုးထနိုင်သေးသော်လည်း သာမန်တော့ မဟုတ်ပေ။
သူက သေမျိုးအဆင့် အထွတ်အထိပ် ရောက်နေခဲ့ပြီဖြစ်ကာ မကြာမီ အချိန်အတွင်း မြေကမ္ဘာ အဆင့်သို့ ချိုးဖြတ် ဝင်ရောက် နိုင်တော့ပေမည်။
“ချန်ဖုန်း ဒီ ကိစ္စက မင်းနဲ့ ချန်ကျန်းကြားက ကိစ္စဆိုတာက ဘာဓိပ္ပာယ်လဲ။ ချန်ကျန်းက မှားခဲ့တယ် ချန်ကျန်းက မင်းအပေါ် စကားအနည်းငယ် မှားယွင်းခဲ့တာပဲ၊ မင်းလည်း သူ့ကို သင်ခန်းစာ ပေးပြီးသွားပြီ ဒါ မလုံလောက်သေးဘူးလား။ မင်းသူ့ကို သေတဲ့အထိ ရိုက်ချင်တယ်လို့တော့ ငါကို လာမပြောစမ်းနဲ့”
ချန်မုရွမ် ပြောပြီးနောက်တွင် သူ့အကြည့်များက ရန်ပွဲကို တစ်ချိန်လုံး ရပ်ကြည့်နေသည့် တိုင်မူတျန်ခီထံသို့ ရောက်ရှိလာခဲ့လေသည်။
“ယောက်ဖ ခင်ဗျားလည်း ဖြစ်ပျက်ခဲ့တာတွေကို မြင်တာပဲ ခင်ဗျား အနေနဲ့ ချန်ဖုန်းကို သင်ကြား ထောက်ပြ ပေးသင့်တယ်။ ဘာရလဒ်မှ ထွက်မလာရင်တောင်မှ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေစမ်းပါနဲ့”
ချန်မုရွမ်၏ စကားများက ကောက်ကျစ်ပြီး ထိရောက်သည်ဟု ပြောနိုင်ပေသည်။ ယင်းက အဓိပ္ပာယ်များစွာ ရှိနေခဲ့ပြီး ဖြစ်ကာ တိုင်မူတျန်ခီကိုပင် ပုတ်ခတ်လိုက်ခြင်း ဖြစ်ပေသည်။ ဒါ့အပြင် ချန်ဖုန်းအား အကြောင်းပြချက် မရှိဘဲ အပြစ်တင် လိုက်ခြင်းလည်းဖြစ်၏။
ချန်မုရွမ် ပြောလိုက်သည့် စကားကို ချန်ဖုန်းတစ်ယောက် ကြားလိုက်သည်နှင့် မျက်လုံးများ အရောင်လက် သွားခဲ့သည်။ ယင်းက သူ့အတွက် အကျိုးရလိုက်သည် မဟုတ်လော။ ချန်ဖုန်းမှာ မှားယွင်းသွားသည့်အလား ဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။
“ယောက်ဖ …နှစ်ဖက်လုံးရဲ့ မျက်နှာကို ကြည့်ပါဦး အခု ချန်မိသားစုက ကျုပ်ရဲ့ အဘိုးကြောင့် တိုးတက် လာတော့မှာပဲ။ အထူးသဖြင့် ခင်ဗျားနဲ့ ကျုပ်အစ်မ မင်္ဂလာဆောင်လိုက်မယ် ဆိုရင် ချန်မိသားစုကလည်း အထွတ်အထိပ် ရောက်သွားမှာ၊ အဲ့ဒီအချိန်ကျရင် ချန်ကျန်းနဲ့ ချန်မုရွမ်တို့က ကျုပ်တို့ရဲ့ ဘေးက အထောက်အပံ့တွေပဲ ဖြစ်လာမှာ ဒါပင်မဲ့ အခု သူတို့က အဲ့ဒီနေရာကို မျက်စိကျနေပြီး အိမ်ကို ရောက်လာတဲ့ ဧည့်သည်ကိုတောင် ပုတ်ခတ်နေပြီ”
“ယောက်ဖ ဒီတစ်ကြိမ် ခင်ဗျား ကျုပ်အတွက် လက်စားချေပေးပြီး ချန်မုရွမ်ကို သင်ခန်းစာ ပေးမှရမယ်။ မဟုတ်ရင် ကျုပ်တို့ ချန်မိသားစုနဲ့ ခင်ဗျားတို့ တိုင်မူ မိသားစုက အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ အပြောခံရမှာ အသေအချာပဲ”
ချန်ဖုန်း၏ စကားလုံးများက အဓိက အချက်အလက်များကို အခြေခံထားခြင်းဖြစ်ကာ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောလိုက်ခြင်း ဖြစ်သည်။
ယင်းက တိုင်မူတျန်ခီကို ကျဉ်းထဲ ကျပ်ထဲ ရောက်သွားစေ၏။
သိထားရမည်မှာ ချန်ဝူထျန်း၏ မျိုးဆက်က ချန်ဝမ်ထျန်းနှင့် ချန်ချင်းတျန်တို့ထက် ပိုမို အားကောင်းသည်။ ယခု သူတို့သည် တိုင်မူမိသားစု၏ အထောက်အပံ့ကို ရလိုက်မည် ဆိုပါက မိသားစုအတွင်း ကျန်သည့် လူများကို ဖိနှိပ်ရန်မှာ မခက်ခဲလောက်တော့ချေ။
သို့သော်လည်းပဲ တိုင်မူတျန်ခီ အနေဖြင့် ဝင်မပါပါက ချန်ရှင်းရွဲ့နှင့် သူတို့ကြားရှိ စေ့စပ်ပွဲကို ပျက်စီး သွားစေနိုင်ပေသည်။
ဟုတ်ပေသည် ယင်းက ချန်ဖုန်း၏ အတွေးထဲ စီစဉ်ထားသည့် အစီအစဉ်တစ်ခု ဖြစ်ပေ၏။
တိုင်မူတျန်ခီသာ ချန်ဖုန်းဘက် မပါပါက သူအနေနှင့် တစ်ချိန်လုံး စီစဉ်ထားခဲ့သည့် စေ့စပ်ပွဲမှာ ပျက်စီး သွားနိုင်ပေသည်။
အခြားတစ်ဖက်တွင်လည်းပဲ ချန်ဖုန်းသည် တိုင်မူတျန်ခီတို့၏ စေ့စပ်ပွဲကို တားဆီး ရပ်တန့်ရန်အတွက် မည်သည့် အရာမဆို လုပ်ဆောင်ရန် ချန်ဖုန်း အနေဖြင့် ကြောက်ရွံ့ နေလိမ့်မည် မဟုတ်ပေ။ ယခု ချန်ဖုန်း လုပ်ဆောင်မည့် အစီအစဉ်က ထိုထက်ပင် ညစ်ကျယ်ကျယ် နိုင်ပေ၏။
***