Switch Mode

Chapter – 7

အဆင့်လွန် သိုင်းဝိညာဉ် ( ၂ )

အခန်း ၇
အဆင့်လွန် သိုင်းဝိညာဉ် ( ၂ )

“ချန်ဖုန်း ကောင်လေး…ဒီ အဆင့်လွန် သိုင်းဝိညာဉ်က အခြားသူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အတွက် ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားတာ အကောင်းဆုံးပဲ… စိုးရိမ်ရတဲ့အတွက် ငါ မင်းကို ကူညီပေးမယ်…”

နလန်ချန်းရှန် ပြောပြီးသည်နှင့် သူ့ ညာဘက် မျက်လုံးမှာ ရှေးကျသည့် ချီစွမ်းအင် တစ်မျိုး ထွက်ပေါ် လာခဲ့သည်။

ရုတ်ခြည်း ချန်ဖုန်း၏ သိုင်းဝိညာဉ် နဖူးထက်တွင် ရှိသော ရှေးဟောင်းသရဖူ၊ ပခုံးတွင် လွယ်ထားသော လေးတစ်လက်နှင့် လက်ကောက်ဝတ်တွင် ရှိသော ဓားကြီးတို့မှာ တဖြည်းဖြည်း မှုန်ဝါးလာပြီး ပျောက်ကွယ် သွားတော့သည်။

တကယ်တမ်းတွင် ယင်းတို့အား နလန်ချန်းရှန် လျှို့ဝှက် ထားပေးလိုက်ခြင်း ဖြစ်သည်။

ခရမ်းရေခဲလိုဏ်ဂူထဲ၌ …

ချန်ဝူထျန်းနှင့် ချန်ရှင်းရွဲ့တို့မှာ ချန်ဖုန်း၏ သိုင်းဝိညာဉ်အား မြင်လိုက်ပြီးနောက် ကြောက်ရွံနေမှုမှ တဖြည်းဖြည်း သက်သာလာကြကာ တည်ငြိမ် လာလေသည်။

“ဖုန်းအာ…မင်း အခု ဘယ်လိုခံစားရလဲ… နေလို့မကောင်း ဖြစ်တာမျိုး ရှိလား..” ချန်ဝူထျန်း ဂရုတစိုက် မေးလာသည်။

“အဘိုး .. .ကျနော် လုံးဝ အဆင်ပြေပါတယ်… ကျနော့်ကိုယ် ကျနော် အရာအားလုံး အေးခဲသွားစေနိုင်တဲ့ ရေခဲလူသား တစ်ယောက်လို့တောင် ခံစားနေရတယ်..”

ချန်ဖုန်း ထရပ်လာရင်း ပြောလိုက်သည်။

ထို့နောက်တွင် သူ့ ခြေဖဝါးအောက်ရှိ ကြယ်ကိုးစင်း ခရမ်းရေခဲမှာ အပိုင်းပိုင်းအစစ ကွဲအက် သွားတော့သည်။

ကြယ်ကိုးစင်း ခရမ်းရေခဲ အတွင်းရှိ လကြယ်၏ စွမ်းအား အကုန်ကို ချန်ဖုန်း စုပ်ယူလိုက်သည်က ရှင်းလင်းလှပေသည်။

“ကြယ်ကိုးစင်း ခရမ်းရေခဲက အရမ်းရှားပါးတယ်… ဒါပေမဲ့ ဖုန်းအာရဲ့ သိုင်းဝိညာဉ်ကို အောင်အောင်မြင်မြင် နိုးထနိုင်အောင် ကူညီပေးနိုင်တာနဲ့တင် တန်တယ်လို့ သတ်မှတ်နိုင်တယ်…”

“အဘိုး… ဖုန်းအာရဲ့ သိုင်းဝိညာဉ်က ဘယ်အဆင့်လဲ…”

ထိုအချိန်တွင် ချန်ရှင်းရွဲ့က လျှောက်လှမ်းလိုက်သည်။

“ဒီလောကမှာ သိုင်းဝိညာဉ်ကို အဆင့်အလိုက် ခွဲခြားထားတယ်… သူတို့က အနီ ၊ လိမ္မော် ၊ အဝါ ၊ အစိမ်း ၊ အစိမ်းနု ၊ အပြာ ၊ ခရမ်း ၊ ငွေ နဲ့ ရွှေတို့ပဲ…”

ချန်ဝူထျန်း ရှင်းပြလာခဲ့သည်။

“ဖုန်းအာရဲ့ သိုင်းဝိညာဉ်က တစ်ခုလုံး ခရမ်းရောင် ဆိုတော့ အဆင့်မြင့် အဆင့်ထဲမှာ ပါတဲ့ အဆင့်ခုနှစ် ထိပ်တန်း သိုင်းဝိညာဉ်ပဲ…”

“အဆင့် ၇ ထိပ်တန်း သိုင်းဝိညာဉ် ဟုတ်လား… အရမ်းကောင်းတယ်…”

ချန်ရှင်းရွဲ့ အံအားသင့် ကျေနပ်ဟန်ဖြင့် ပြောလာသည်။

“လျှို့ဝှက်နဂါးတိုင်းပြည် တစ်ခုလုံးမှာတောင်မှ ဒီလို သိုင်းဝိညာဉ်မျိုး အနည်းငယ်ပဲ ရှိကြတာ မဟုတ်လား…”
“အမှန်ပဲ… ငါတို့ ချန်မိသားစု တည်ထောင်လာတာ နှစ်ရာကျော် နေခဲ့ပြီ ဒါပေမဲ့ အဆင့်ခုနှစ် သိုင်းဝိညာဉ်မျိုး ထွက်ပေါ်လာတာ ဒါ ပထမဆုံးပဲ… ကြည့်ရတာ မိုးနတ်မင်းက ငါတို့ ချန်မိသားစု တိုးတတ်လာတာကို မြင်ချင်ပုံပဲ…”

ချန်ဝူထျန်း၏ ခန္ဓာကိုယ် တစ်ခုလုံး စိတ်လှုပ်ရှားမှုဖြင့် တုန်ယင် နေလေသည်။ အချိန်တစ်ခု ကြာပြီးနောက်တွင်မှ တည်ငြိမ်မှုအား ပြန်လည် ရရှိလာခဲ့၏။

“ကောင်းပြီ… ဒီလို သတင်းကောင်းကို ငါတို့ မိသားစုဝင်တွေနဲ့ ဝေမျှရမယ်..”

သိပ်မကြာခင်၌ ချန်ဖုန်းတို့သည် ချန်မိသားစု ခရမ်းရေခဲလိုဏ်ဂူမှ ထွက်လာခဲ့ကြသည်။

တစ်ဆက်တည်း ချန်ဖုန်းသည် သိုင်းဝိညာဉ်ကို အောင်မြင်စွာ နိုးထနိုင်ခဲ့ပြီး သိုင်းဝိညာဉ်သည်လည်း အဆင့် ၇ ဖြစ်ကြောင်း သူတို့ အားလုံး သိလိုက်ကြသည်။

ဤဖြစ်စဉ်က ချန်မိသားစု တစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့သည်။

ကြောက်မက်ဖွယ်ပင် ကောင်းသည့် ဂုဏ်ပြု ကြွေးကြော်သံများက ဒီရေအလား ထိုးတက်လာလေပြီး ပေါက်ကွဲ ထွက်လာသည်။

သို့သော် ထိုသို့ ကြွေးကြော် ဂုဏ်ပြုသံများ အကြား၌ ကို့ရိုးကားယား ဖြစ်နေသူ တစ်ယောက်တော့ ရှိသည်။ ထိုသူသည်ကား တိုင်မူတျန်ခီပင် ဖြစ်၏။

စင်စစ်အားဖြင့် တိုင်မူတျန်ချီသည် လက်ထပ်စေ့စပ်ပွဲကို အချိန်အကြာကြီး ယူ၍ အစီအစဉ် ရေးဆွဲခဲ့ရသည်။ သို့သော် အောင်မြင်ခါနီးဆဲဆဲ အချိန်မှ ကပ်၍ အချန်ဖုန်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

ထို့ကြောင့် သူ့စိတ်ထဲ၌ ချန်ဖုန်းအား ရိုးတွင်းခြင်ဆီထိတိုင် မုန်းတီးမိသွားသည်။
အမှန်အားဖြင့် သူသည် ချန်ဖုန်း၏ သိုင်းဝိညာဉ် နိုးထခြင်းကို ကျရှုံးစေလိုပြီး အကယ်၍ နိုးထခဲ့လျှင်လည်း ရစရာ မရှိအောင် ဆိုးဝါးစေရန် မျှော်လင့်ခဲ့သည်။

သို့သော် ချန်ဖုန်းသည် သိုင်းဝိညာဉ် နိုးထခြင်းကို အောင်မြင်ခဲ့ရုံ သာမက ယင်း၏ ခွန်အားသည်လည်း မထင်မှတ်စွာ အဆင့် ၇ ရှိနေလေသည်။ ထို သိုင်းဝိညာဉ်က တိုင်မူမိသားစု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် သူ့ သိုင်းဝိညာဉ်ထက်ပင် တစ်ဆင့် မြင့်နေခဲ့သည် မဟုတ်လော။

ယင်းက အမြဲတစ်စေ ဂုဏ်ယူ နေတတ်သော တိုင်မူတျန်ခီအတွက် ဒေါသထွက်စရာ ဖြစ်ကာ အားလုံး၏ လေးစားမှုများ ဆုံးရှုံးသွားပြီလောဟု တွေးကာ စိုးရိမ်လာခဲ့သည်။

သို့သော် ထို ခံစားချက်များအား ထုတ်ဖော်၍ မရသေးပေ။ ထို့ကြောင့် သတင်း ကြားလိုက်ရသည်နှင့် အလွန် ဝမ်းသာသွားဟန် ဆောင်လိုက်ပြီး ချန်ဖုန်းထံသို့ပင် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း ပြောလိုက်သည်။

ထိုအဖြစ်က တိုင်မူတျန်ခီအား အသား တဆတ်ဆတ် တုန်ယင်နေစေပြီး သွေးအန် ထုတ်လုမတတ် ခံစားရစေသည်။

ချန်ဖုန်း သိုင်းဝိညာဉ် နိုးထနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပွဲ လုပ်ပေးရမည်မှာ မလွဲမသွေပင်။

ချန်ဝူထျန်း၏ ညွန်ကြားချက်ကြောင့် ကောင်းကင်ကြယ်တာရာ တစ်မြို့လုံးရှိ ဂိုဏ်းများ ၊ မိသားစုများ ထံသို့ ဖိတ်စာများ ရောက်ရှိသွားတော့သည်။ နေ့တစ်ဝက်အတွင်း ချန်မိသားစု၌ အလွန် အဆင့်မြင့်သည့် သိုင်းဝိညာဉ်နှင့် ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခြင်းအား တစ်မြို့လုံးရှိ လူတိုင်း သိသွားခဲ့သည်။

ကောင်းကင်ကြယ်တာရာ တစ်မြို့လုံး အတွက်လည်း ရှားပါး ထူးခြားသည့် ဖြစ်ရပ်လည်း ဖြစ်ပေသည်။

အားလုံး ဂုဏ်ပြုပွဲလုပ်နေသည့် အချိန်၌ ပွဲတော်၏ အဓိက ဇာတ်ကောင်ဖြစ်သည့် ချန်ဖုန်းသည်တော့ အိပ်ရာထဲ လှဲကာ အနာဂတ်အတွက် အစီအစဉ် ချနေသည်။

“ငါ့မှာ အချိန် မကျန်တော့ဘူး… ငါ့ အစ်မကိုတော့ ခွေးကောင် တိုင်မူတျန်ခီက လက်လျော့မှာ မဟုတ်တာ သေချာတယ်… သူ တစ်နည်းနည်းနဲ့ ပြန်လာခဲ့မှာပဲ…”

အိပ်ရာထဲတွင် ချန်ဖုန်း အတွေးနက်နေသည်။

“ဒါကြောင့် တိုင်မူတျန်ခီနဲ့ သူ့လူတွေ ပြန်မလာခင်မှာ ငါ့အနေနဲ့ မဟာမိတ် ဖွဲ့ထားဖို့ လိုလိမ့်မယ်…”

တစ်ချိန်တည်း ချန်ဖုန်း အနေဖြင့် တိုင်မူတျန်ခီ၏ ယုတ်ညံ့သည့် မျိုးစေ့များကို ရှာဖွေထားရန်လည်း လိုပေသည်။ ထို လက်ထပ် စေ့စပ်ပွဲ၌ ချန်ဖုန်းသည် တိုင်မူတျန်ခီ၏ အစစ်အမှန် သရုပ်ဟန်ကို ချပြရန် လိုအပ်ပြီး လုံးဝ ခေါင်းမဖော်ဝံ့အောင် လုပ်ရမည်။

“ငါ့ဘက်က သက်သေ မရှိပဲနဲ့တော့ မဟာမိတ်ရဖို့ မလွယ်ဘူး… ငါ့ဘက် လုံးလုံး ရောက်လာဖို့ အတွက်က သက်ရောက်မှု မရှိပဲ ဖြစ်နိုင်မှာ မဟုတ်ဘူး…”

ထိုအကြောင်းတွေးနေရင်း ချန်ဖုန်း စိတ်ထဲ အကြံဉာဏ်တစ်ခု ဝင်လာကာ အပြင်သို့ လှမ်းအော်လိုက်သည်။

“ချန်အန်…”

“သခင်လေး… ကျနော့်ကို ခေါ်တာလား…” ချန်အန် တံခါးကို တွန်းဖွင့်လိုက်ရင်း အထဲသို့ ဝင်လာသည်။

“တိုင်မူတျန်ခီကို ခေါ်လာပေး..”

“သခင်လေး တိုင်မူက သခင်မလေး ရှင်းရွဲ့ရဲ့ အိပ်ဆောင် မှာပါ… ကျနော် အခုချက်ချင်း သွားပြောလိုက်ပါမယ်…” ချန်အန် တံခါးပြန်ပိတ်ကာ ထွက်ခွာသွားသည်။

ပျောက်ကွယ်သွားသည့် ချန်အန်၏ ပုံရိပ်ကို ကြည့်နေရင်း ချန်ဖုန်း တစ်ယောက် အတွေးထဲ နစ်မြောနေခဲ့သည်။

“တိုင်မူတျန်ခီရဲ့ စိတ်ထဲ ညစ်ပတ်တဲ့ အတွေးတွေ ရှိနေတော့ သူ ဘာမဆို လုပ်ဖို့ ကြိုးစားမှာပဲ… သူ့ကို ငါ့အစ်မ အနား ထားထားလို့ မဖြစ်ဘူး…”

“ဒီလိုဆိုမှတော့ သူ မျက်နှာပျက်ပြီး ငါတို့ ချန်မိသားစုထဲ နေလို့ မရတော့အောင် လုပ်ရမယ်…”

ချန်ဖုန်း တွေးနေရင်း တိုင်မူတျန်ခီ၏ လည်ပင်းကို ဖမ်းဆုပ်လိုသည့်အလား ညာလက်ကို ဖြည်းညင်းစွာ ဆန့်ထုတ် လိုက်လေသည်။

အချိန်တိုအတွင်း ချန်အန်မှာ ပြန်ရောက် လာခဲ့လေသည်။

သူ့အနောက်တွင် ခံ့ညားသည့် လူငယ်လေး တစ်ယောက် ကပ်ပါလာသည်။ ထို သူမှာ တိုင်မူတျန်ခီ ဖြစ်ပေသည်။

“ဖုန်း…ငါ့ကို ရှာတာလား…” တိုင်မူတျန်ခီက အခန်းထဲသို့ ဝင်လာသည်။

“ဟုတ်တယ်… ယောက်ဖ ရ…”

ချန်ဖုန်းသည် တိုင်မူတျန်ခီအား မြင်လိုက်သည်နှင့် အတောက်ပဆုံး ပြုံးလိုက်ပြီး..

“ကျုပ်က အခုမှ သိုင်းဝိညာဉ် နိုးထတာလေ… ဒီနယ်ပယ်မှာဆို အတွေ့အကြုံ လုံးလုံး မရှိဘူး… ယောက်ဖက သိုင်းဝိညာဉ် နိုးထပြီးတာ ကြာပြီဆိုမှတော့ အခြေအနေ အကြောင်းအရာတွေကို ပြောပေးနိုင်မယ်လို့ မျှော်လင့်မိတယ်…”

“တကယ်တော့ ငါလည်း သိုင်းဝိညာဉ်နဲ့ ပတ်သက်ပြီး များများစားစား မသိထားပါဘူးကွာ…”

တိုင်မူတျန်ခီ တစ်ယောက် လေးနက်စွာ ရှင်းပြလာသည်။

“သိုင်းဝိညာဉ်ရဲ့ အမြူတေက ကြယ်စွမ်းအားတွေ ဆီက လာတယ်ဆိုတာ မင်းလည်း သိမှာပါ… ပြီးတော့ သိုင်းဝိညာဉ် နိုးထပြီးရင် မင်းရဲ့ ကျင့်ကြံခြင်း အဆင့်မြင့် လာတာနဲ့ အမျှ သိုင်းဝိညာဉ် စွမ်းအားကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်မယ်…”

“ယောက်ဖ … ကျုပ် ကြားဖူးတာက ခင်ဗျားရဲ့ သိုင်းဝိညာဉ်လည်း အဆင့်မြင့် အဆင့် ရှိတယ်ဆို…” ချန်ဖုန်း စကားဖြတ် ပြောလိုက်သည်။

“အမ်း…. ဒီလိုလည်း မဟုတ်ပါဘူး… ငါ့ သိုင်းဝိညာဉ် အလယ်အဆင့်က အဆင့်ခြောက်ပါ…” တိုင်မူတျန်ခီ၏ မျက်နှာ အမူအရာမှာ ပျက်ကွက်သွားပြီး လေးနက်တည်ကြည် သွားသည်။

“အလယ် အဆင့်ခြောက်လား… ကျုပ်ထက် တစ်ဆင့် နိမ့်တယ် ဆိုပေမဲ့ မဆိုးတော့ မဆိုးပါဘူး.”

ဒီတစ်ကြိမ် တိုင်မူတျန်ခီ အနေဖြင့် ပြောစရာ စကား မရှိတော့ချေ။

ယခင်က ချန်ဖုန်း၏ သိုင်းဝိညာဉ်က သူ့ထက် တစ်ဆင့် မြင့်နေသည်ကြောင့် သူ့ အံကို တင်းတင်းကြိတ်ကာ နှလုံးသွေး ယိုစီးမတတ် ဖြစ်ခဲ့ရကြောင်းကို သိထားရမည်။ ယခု ချန်ဖုန်း၏ စကားက သူ့နှလုံးသားကို ဓားဖြင့် ထိုးစိုက်လိုက်သည့်အလား ဖြစ်သွားသည်။

တိုင်မူတျန်ခီ ရူးမတတ် ပေါက်ကွဲ သွားသော်လည်း စိတ်ကို မနည်း တင်းထားလိုက်မိသည်။

သူသာ ချန်ရှင်းရွဲ့ကို လက်ထပ် နိုင်မည်ဆိုပါက သူမ၏ ကိုးပါး နတ်ခန္ဓာက သူ့အား ကူညီပေးနိုင်လိမ့်မည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင် အထွတ်အထိပ်အဆင့် ရောက်သွားမည် ဆိုပါက အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး သိုင်းဝိညာဉ် ရရှိအောင် ကျင့်ကြံနိုင်မည် ဖြစ်ပြီး ပါရမီရှင်ဆိုသည့် လူတိုင်းအား ကျော်တတ်နိုင်ပေမည်။

“ရာသီဥတုက မဆိုးဘူးပဲ… ယောက်ဖ… ကျနော်တို့ ခြံဝန်းထဲ လမ်းဆင်းလျှောက် ကြည့်ရအောင်….”

ချန်ဖုန်း ထိုသို့ ပြောပြီးနောက် အခန်းအပြင်သို့ ဦးဆောင် ထွက်သွားလိုက်သည်။

တိုင်မူတျန်ခီ အနေဖြင့် ဘာများ ပြောနိုင်ပါမည်နည်း။ အသည်းထဲ တစစ်စစ် ကိုက်နေသည့်ကြားက ချန်ဖုန်း အနောက်သာ လိုက်သွားလိုက်ရသည်။

ချန်မိသားစု ခြံဝန်းအား အရှေ့ ၊ အနောက် နှင့် မြောက် ဟူ၍ ခွဲခြားထားသည်။

အရှေ့အရပ်တွင် ချန်မိသားစု၏ ကလန်ခေါင်းဆောင် ချန်ဝူထျန်း ရှိပြီး အနောက်ပိုင်းတွင်တော့ ချန် မိသားစုခေါင်းဆောင် ချန်ဝမ်ထျန်း ရှိသည်။ မြောက်ဘက်တွင်တော့ မဟာအကြီးအကဲ ချန်ချင်းတျန် နေထိုင်သည်။

ချန်ဖုန်းနှင့် အခြားနှစ်ယောက်မှာ လမ်းလျှောက်နေရင်း မသိလိုက် မသိဘာသာဖြင့် ချန်မိသားစု မြောက်ပိုင်းသို့ ရောက်ရှိလာကြသည်။

ထိုစဉ် ချန်ဖုန်း၏ နားထဲ ဆဲရေးနေသည့် အသံများနှင့် ကျာပွတ်နှင့် တရွှမ်းရွှမ်း ရိုက်နှက် နေသံများအား ကြားလိုက်ရလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset