အခန်း ၆
(အဆင့်လွန် သိုင်းဝိညာဉ် )
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ချန်ဝူထျန်း တစ်ယောက် အစားအသောက် ခြင်းတောင်းကြီး တစ်လုံး နှင့် အတူ ပြန်ရောက်လာခဲ့သည်။
အစားအသောက်များကို ကြည့်ကာ ချန်ဖုန်း၏ ဗိုက်ထဲ တဂွီဂွီ မြည်သွားသော်လည်း သူ မလောချေ။ ဒီအစား မေးလာခဲ့သည်။
“အဘိုး … တိုင်မူမိသားစုနဲ့ ဆွေးနွေးတာ ဘယ်လိုလဲ…”
“မင်းရဲ့ ယောက်ဖလောင်းက စေ့စပ်လက်ထပ်ပွဲ အနောက်ရွေ့တာကို သဘောတူလိုက်တယ်… တိုင်မိသားစုရဲ့ နဝမ အကြီးအကဲကတော့ ပြန်သွားနှင့်ပြီ … မင်းရဲ့ ယောက်ဖလောင်းကသာ မင်းကို စိတ်ပူလို့ အပြင်မှာ စောင့်နေလေရဲ့…”
ချန်ဝူထျန်း၏ မျက်နှာထက် အပြုံးတို့နှင့် ပြည့်နှက်နေခဲ့သည်။
တိုင်မူတျန်ခီ၏ အပြုအမူနှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေပုံပင် ရသည်။
ထိုစကားလုံးများကို ချန်ဖုန်း ကြားလိုက်သည်တွင် စိတ်ထဲ ဆဲရေးလိုက်ရုံမှ အပ အခြားတတ်နိုင်တာ မရှိပေ။ သို့သော်လည်း သူ့မျက်နှာထက် တောက်ပသည့် အပြုံးဖြင့် …
“ကျနော် ယောက်ဖကို စိတ်ပူစေမိပြီ…”
ထို့နောက် ချန်ဖုန်း စကားလမ်းကြောင်း လွဲလိုက်လေသည်။
“အစ်မ … လာစားလေ… နင် အစာမစားတာ သုံးရက်သုံးည ရှိပြီ… ဗိုက်ဆာပြီး သေသွားဦးမယ်…”
နာရီဝက်ခန့် ကြာပြီးနောက်တွင် ချန်ဖုန်းတို့မှာ စားသောက်ပြီးစီး သွားကြပြီး သိုင်းဝိညာဉ် နိုးထနိုင်ရန် နောက်တစ်ကြိမ် ကြိုးစားကြတော့သည်။
ဒီတစ်ကြိမ်တွင် စေ့စပ်ပွဲကို အချိန်ဆွဲရမည့် ပန်းတိုင် မရှိတော့သည့် အတွက် သိုင်းဝိညာဉ် နိုးထသည့် အမြန်နှုန်းကို ဖိနှိပ်နေစရာ မလိုတော့ပေ။
အမွှေးတိုင် တစ်ဝက်ခန့် ကြာပြီးနောက်တွင်တော့ ချန်ဖုန်း၏ အနောက်ရှိ မှုန်ဝါးသော ပုံရိပ်များမှာ မည်သည့် အချိန်မဆို အကောင်အထည် ပေါ်လာတော့မည့် အလား ရှင်းလင်းလာလေသည်။
“ချန်ဖုန်း… ကောင်လေး… ရေခဲကောင်းကင် ပညာရပ်ကို အမြန်လှည့်ပတ်ပြီး လကြယ်တာရာ ကျောက်တုံးအပိုင်းအစက စွမ်းအင်တွေကို မြန်မြန် စုပ်ယူလိုက်…” ချန်ဖုန်း၏ စိတ်ထဲ၌ နလန်ချန်းရှန်၏ စကားသံမှာ ထွက်ပေါ်လာတော့သည်။
“လကြယ်တာရာ ကျောက်တုံး အပိုင်းအစ ဟုတ်လား…. အဲ့ဒါ ဘာလဲ…”
“လကြယ်တာရာ ကျောက်တုံး အပိုင်းအစ ဆိုတာက မင်း ခုနက ပြောတဲ့ ကြယ်ကိုးစင်း ခရမ်းရေခဲပဲ..”
နလန်ချန်းရှန် ရှင်းပြလာသည်။
“အားလုံး သိထားတဲ့အတိုင်း သိုင်းဝိညာဉ်တွေရဲ့ စွမ်းအားက ကောင်းကင်ရဲ့ ခန္ဓာက လာကြတယ်… မီးသဘာဝ သိုင်းဝိညာဉ်တွေက နေနဲ့ ကြယ်တာရာတွေဆီက စွမ်းအားကို စုပ်ယူနိုင်ကြတယ်… သစ်သားသဘာဝ သိုင်းဝိညာဉ်တွေကတော့ နတ်ဘုရား သစ်သားနဲ့ ကြယ်တာရာတွေဆီက စွမ်းအားကို စုပ်ယူနိုင်တယ်.. ပြီးတော့ ရေခဲစွမ်းအား သိုင်းဝိညာဉ်ကတော့ လကြယ်ရဲ့ စွမ်းအားကို သဘာဝအတိုင်း စုပ်ယူနိုင်စွမ်း ရှိတယ်…”
“ဒါပေမဲ့ ကောင်းကင်က ကြယ်တာရာတွေက ငါတို့နဲ့ ဝေးလွန်းတယ်… ငါတို့ စုပ်ယူနိုင်တဲ့ စွမ်းအားတွေက ဒီမိုးမြေကုန်းမြေကြီးပေါ် ကောင်းကင်က ဖြာထွက်လာတဲ့ ပြန့်ကျဲနေတဲ့ ကြယ်စွမ်းအားတွေပဲ… စွမ်းအားတွေကတော့ အားနည်းလွန်းတာပေါ့…”
“ငါတို့ ကိုယ်ပိုင် သိုင်းဝိညာဉ်နဲ့ လိုက်ဖက်တဲ့ စွမ်းအားကို စုပ်ယူနိုင်မယ်ဆိုရင် သိုင်းဝိညာဉ် နိုးထတဲ့ အမြန်နှုန်းက မြင့်တက်လာမှာ ဖြစ်သလို သိုင်းဝိညာဉ်ရဲ့ အဆင့်ကလည်း တိုးတက် လာနိုင်တယ်…”
“ဒါကြောင့် ရလဒ်အနေနဲ့ ကြယ်တာရာ အပိုင်းအစ တစ်ခု ဖြစ်တဲ့ မိုးမြေကုန်းမြေ ပေါ် ကျလာတဲ့ ကြယ်ကိုးစင်း ခရမ်းရေခဲလို ကျောက်တုံးတွေက အဖိုးမဖြတ်နိုင်တဲ့ ကျင့်ကြံခြင်း ရတနာတွေ ဖြစ်လာတာပေါ့…”
“ကျနော် သဘောပေါက်ပြီ…”
ချန်ဖုန်း ရုတ်တရက် ဉာဏ်အလင်း ရသွားသည့် အလား…
“ဒါဆို ကျနော်တို့ ချန်မိသားစု ရထားတဲ့ ကြယ်ကိုးစင်း ခရမ်းရေခဲက လကြယ်ပေါ်က ကျလာတဲ့ ဥက္ကာခဲ ကျောက်တုံး တစ်ခုပေါ့…”
“အတိအကျတော့ မဟုတ်သေးဘူး…”
နလန်ချန်းရှန် ပြောလာသည်။
“မင်းတို့ ချန်မိသားစု ခေါ်နေကြတဲ့ ကြယ်ကိုးစင်း ခရမ်းရေခဲ ဆိုတာက လကြယ်ကျောက်တုံးရဲ့ အပိုင်းအစ တစ်ခုပဲ ရှိသေးတယ်…”
“ဒါပေမဲ့ ဒါတောင်မှ လက်ရှိ မင်းအနေအထား နဲ့ဆိုရင် ရှားပါးတဲ့ ရတနာ တစ်ခုလို့တောင် သတ်မှတ်လို့ ရပါတယ်…”
“မင်းသာ ဒါကို ပြီးပြည့်စုံအောင် စုပ်ယူနိုင်မယ် ဆိုရင် မင်းရဲ့ သိုင်းဝိညာဉ်က သိပ်သည်းပြီး ပုံပေါ်လာမယ့် အပြင် အဆင့်လည်း မြင့်လာမှာ အသေအချာပဲ…”
နလန်ချန်းရှန်၏ ရှင်းပြချက်ကို နားထောင်ပြီး နောက်တွင် ချန်ဖုန်းသည် ရေခဲကောင်းကင် ပညာရပ်အား ရုတ်ခြည်း အသက်သွင်း လိုက်လေသည်။
တခဏအတွင်း တစ်စတုရန်း မီတာခန့် ရှိသော ကြယ်ကိုးစင်း ခရမ်းရေခဲမှာ သာမန်မျက်စိနှင့် မြင်နိုင်သည်အထိ အရည်ပျော်ကျ လာတော့သည်။
တဆက်တည်း ချန်ဖုန်း၏ နောက်ကွယ်ရှိ သိုင်းဝိညာဉ် သည်လည်း တစ်စထက် တစ်စ ပုံပေါ်လာတော့သည်။
မိနစ်အနည်းငယ်အတွင်း သိုင်းဝိညာဉ် ပုံသဏ္ဌာန်မှာ ထွက်ပေါ်လာလေသည်။ ယင်းမှာ လေး ငါး မီတာခန့် ကြီးမားသော ကြမ်းကြုတ်သည့် ဝက်ဝံကြီး တစ်ကောင် ဖြစ်သည်။
“ငါတို့ အောင်မြင်ပြီ… ဖုန်းအာရဲ့ သိုင်းဝိညာဉ်က နောက်ဆုံးတော့ နိုးထလာပြီ…”
ချန်ဖုန်း၏ နောက်ကွယ်ရှိ ကြမ်းကြုတ်လှသည့် ဝက်ဝံကြီးအား မြင်သော် ချန်ဝူထျန်း ရုတ်ခြည်း စိတ်လှုပ်ရှား လာတော့သည်။
သူ့ဘေးရှိ ချန်ရှင်းရွဲ့၏ မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားမှုတို့ စွန်းထင်း လာလေကာ ဝမ်းသာမှုကြောင့် ငိုမိမတတ် ဖြစ်ရသည်။
သို့သော် သူမ၏ စိတ်ခံစားမှုတို့ ထိန်းချုပ်မှု လွတ်ကင်း နေသော်လည်း ကိုးပါးနတ်ခန္ဓာ စွမ်းအားကို ရေခဲသလင်းကျောက်ထဲသို့ ထည့်ပေးနေဆဲပင်။
ကိုးပါးနတ်ခန္ဓာ၏ စွမ်းအားကြောင့် ချန်ဖုန်း၏ သိုင်းဝိညာဉ် ကိုယ်ထည်မှာ တစ်စထက် တစ်စ ရှင်းလင်း လာတော့သည်။
ထို ကြီးမားသည့် ဝက်ဝံကြီးက ခရမ်းရောင်အတိ အဆင်းရှိနေပြီး ၄င်း၏ ခေါင်းထက်တွင် ရှေးဟောင်း သရဖူ တစ်လုံးလည်း ရှိနေသည်။ ပခုံးထက်တွင်လည်း ကြီးမားသည့် လေးတစ်လက် လွယ်ထားပြီး လက်ကောက်ဝတ်တွင် ဓားရှည်တစ်လက် ရှိသည်။ ယင်းထံမှ အလွန် ပြင်းထန် ကြမ်းကြုတ်သည့် အရှိန်အဝါတို့ ခံစားရနိုင်၏။
“ဟင်… ဖုန်းအာ… မင်းရဲ့ သိုင်းဝိညာဉ်က ဘာကြောင့်…”
ချန်ဝူထျန်း အလွန် ဝမ်းသာ နေသော်လည်း ဝက်ဝံသိုင်းဝိညာဉ်၏ ပုံသဏ္ဏာန်အစစ်ကို မြင်လိုက်မိသော် သူ့စိတ်ထဲ မသေချာ မရေရာမှုများ ပြည့်နှက် လာတော့သည်။
အဘယ်ကြောင့်ဆိုသော် သိုင်းဝိညာဉ်တိုင်းမှာ အသွင်အပြင် တစ်ခုတည်း ရှိတတ်ပြီး ရိုးရိုးရှင်းရှင်း ရှိတတ်ကြသည်။
ဥပမာ အားဖြင့် မီးသိုင်းဝိညာဉ်သည် မီးလုံး တစ်လုံး အသွင်ရှိပြီး သစ်သား သိုင်းဝိညာဉ်မှာ နတ်ဘုရားသစ်သား အသွင် ရှိသည်။ သားရဲသိုင်းဝိညာဉ်မှာ သားကောင် တစ်ကောင်ပုံ ရှိကြပြီး လက်နက် သိုင်းဝိညာဉ်သည်လည်း လက်နက် တစ်ခုခု၏ ပုံပန်း ရှိတတ်ကြသည်။ ဒါ့အပြင် ရေခဲ သိုင်းဝိညာဉ်မှာလည်း ရေခဲရုပ်တု အသွင်မျိုး ဖြစ်သင့်သည်။
သို့သော် ချန်ဖုန်း၏ သိုင်းဝိညာဉ်မှာ သားရဲ သိုင်းဝိညာဉ်၏ လက္ခဏာမျိုး ရှိနေသည့်အပြင် လက်နက် သိုင်းဝိညာဉ်၏ အသွင်လည်း ပါရှိနေသည်။
ထိုအခိုက်အတန့်၌ ချန်ဝူထျန်းနှင့် ချန်ရှင်းရွဲ့တို့အပြင် ချန်ဖုန်းသည်လည်း သိုင်းဝိညာဉ်၏ အသွင်ကြောင့် ထိတ်လန့် သွားမိသည်။
“စီနီယာ… ကျနော်ရဲ့ သိုင်းဝိညာဉ်က ဘာဖြစ်နေတာလဲ တစ်ခုခု မှားနေတာလား…..”
“ချန်ဖုန်း… ကောင်လေး… မင်းရဲ့ သိုင်းဝိညာဉ်က ပုံမှန်ပါပဲ…အရမ်း စိတ်ရှုပ်မနေစမ်းနဲ့…”
“ဒါပေမဲ့ သိုင်းဝိညာဉ်တွေက ရိုးရှင်းပြီး သာမန်ဆန်ကြတယ် မဟုတ်ဘူးလား… သူတို့မှာ စွမ်းအားနဲ့ အမျိုးအစား တစ်ခုသာ ရှိကြတယ်လေ…” ချန်ဖုန်း မျက်မှောင်ကြုတ် မိလိုက်သည်။
“သိုင်းဝိညာဉ်ရဲ့ စွမ်းအား သဘာဝက တစ်ခုပဲ ရှိကြတယ်လို့ မင်းကို ဘယ်သူပြောတာလဲ…”
နလန်ချန်းရှန် ဆက်ပြောလာခဲ့သည်။
“လောကကြီးထဲမှာ ရှိခဲ့ဖူးတဲ့ အဆင့်လွန် သိုင်းဝိညာဉ်တွေက အစွမ်းထက်တဲ့ သိုင်းဝိညာဉ် အမျိုးမျိုးရဲ့ သဘာဝကို ပိုင်ဆိုင်ကြဖူးတယ်…”
“ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီလို အဆင့်လွန် သိုင်းဝိညာဉ်မျိုးက စွမ်းအား သဘာဝ အမျိုးမျိုး ရှိတတ်တဲ့အတွက် အရမ်းစွမ်းအားကြီးကြတယ်.. အဆင့်တူတွေထဲဆို မင်းသာ အဆင့်လွန် သိုင်းဝိညာဉ် ပိုင်ဆိုင်ထားရင် ပြိုင်ဘက်ကင်းပြီပဲ…”
“ဒါပေမဲ့ ဒီလို သိုင်းဝိညာဉ်မျိုးက အရမ်း စွမ်းအားကြီးကြတဲ့ အတွက် ကောင်းကင်အလိုကို ဆန့်ကျင်နေတယ်… ဒါကြောင့်မို့ လောကကြီးထဲ မပေါ်ထွက်လာတတ်ကြဘူး…”
“မင်းအတွက်ကတော့ ဘိုးဘေးစဉ်ဆက် ဖြစ်စဉ်တစ်ခု ဖြစ်လာသလိုပါပဲ.. ဒီလို သိုင်းဝိညာဉ်မျိုး လူသားလောကမှာ ပျောက်ကွယ် သွားခဲ့တာ နှစ်မရေမတွက် နိုင်လောက်အောင် ကြာမြင့်ခဲ့ပြီ…”
“ဘိုးဘေးစဉ်ဆက် နိုးထခြင်း… အဆင့်လွန် သိုင်းဝိညာဉ်…”
နလန်ချန်းရှန်၏ စကားလုံးများကို ကြားသော် ချန်ဖုန်းမှာ အချိန် အတန်ကြာသည်အထိ ဆက်လက် တည်ငြိမ်နိုင်စွမ်း မရှိတော့ပေ။
အဘယ်ကြောင့် ဆိုသော် ဤအဆင့်လွန် သိုင်းဝိညာဉ်နှင့် ဆိုသော် သူ၏ ခွန်အားမှာ အလွန် တိုးတတ်လာနိုင်ပြီး အဆင့်တူ သိုင်းဝိညာဉ် ကျင့်ကြံသူများထက် သာလွန်မည်မှာ အသေအချာပင်။
ဒါ့အပြင် တိုင်မူတျန်ခီအား ဖိနှိပ်ပြီး သတ်ပစ်နိုင်မည်ဟု သူထံ ယုံကြည်မှုများ ရှိလာတော့သည်။
***