အခန်း ၅
(သေမျိုး အဆင့်မြင့် အဆင့် )
“ကောင်လေး… မင်းရဲ့ သိုင်းဝိညာဉ် နိုးထနေတဲ့ အမြန်နှုန်းကို ငါ ထိန်းချုပ် ပေးနိုင်တယ်…”
ချန်ဖုန်း၏ စိတ်ထဲ အော်ဟစ်သံကြောင့် နလန်ချန်းရှန်မှာ ထွက်ပေါ်လာသည်။
“ကြယ်ကိုးစင်း ခရမ်းရေခဲချီနဲ့ ကိုးပါးနတ်ခန္ဓာရဲ့ ချီစွမ်းအင်တွေကို ဖြုန်းတီးလို့ မဖြစ်ဘူး… အဲ့ဒါတွေ နဲ့ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြင့်တင်လိုက်လို့ ရတယ်…”
“ကျင့်ကြံခြင်းကို မြင့်တင်မယ် ဟုတ်လား…”
ချန်ဖုန်း မှင်တက်သွားခဲ့သည်။
“မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က အရမ်း အားနည်းလွန်းတယ်… သေမျိုးအလယ် အဆင့်လောက်လေးနဲ့ ဆိုရင် တိုင်မူတျန်ခီရဲ့ လက်ညှိုးတစ်ချောင်းကတင် မင်းကို သတ်ပစ်နိုင်တယ်…”
နလန်ချန်းရှန်၏ စကားလုံးများက ချန်ဖုန်းအား တိတ်ဆိတ်သွားစေသည်။
ချန်ဖုန်း၏ မွေးရာပါ ပါရမီက မနိမ့်ပါးသော်လည်း လေ့ကျင့်ရာတွင် အာရုံ မစိုက်ခဲ့သည်ကြောင့် ကျင့်ကြံခြင်း အဆင့်က အားနည်းနေခြင်း ဖြစ်ပေသည်။
တိုင်မူတျန်ခီအား လက်စားချေပြီး သတ်လိုပါက လုံလောက်သည့် ခွန်အား ရှိနေရပေမည်။
ကျင့်ကြံခြင်းအား လုံလဝီရိယ ရှိရှိ ကြိုးစားအားထုတ်ရမည်မှာ အမှန်ပင်။
“ကျနော် စီနီယာရဲ့ စကားကို နားထောင်ပါမယ်… အခုကစပြီး လေ့ကျင့်လိုက်တော့မယ်…”
ချန်ဖုန်း တစ်ခဏ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလာသည်။
“ချန်ဖုန်း… ကောင်လေး… မင်းတို့ ချန်မိသားစုရဲ့ သိုင်းပညာ အဆင့်တွေက နိမ့်ပါးလွန်းတယ်… မင်းရဲ့ ကျင့်ကြံခြင်းမှာ အောင်မြင်မှု ရဖို့က ဒါတွေနဲ့ဆို ခက်ခဲမှာပဲ…”
နလန်ချန်းရှန်က လေးနက်စွာဖြင့်…
“ရေခဲကောင်းကင်လို့ ခေါ်တဲ့ သိုင်းပညာရပ် တစ်ခုကို လက်ဆင့်ကမ်း ပေးမယ်… အဲ့ဒီ ပညာရပ်က ကောင်းကင်ကိုးစင်း လကြယ်ရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ပြီး မင်းရဲ့ သိုင်းဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်… ဒါ့အပြင် မင်းရဲ့ သိုင်းအဆင့်ကိုလည်း တိုးတက်စေနိုင်တယ်…”
“ရေခဲကောင်းကင် ဟုတ်လား… အဲ့ဒီ သိုင်းပညာက ဘယ်အဆင့်မှာ ရှိတာလဲ…” ချန်ဖုန်း သိလိုစွာဖြင့် မေးတော့သည်။
“ဒါက အစောပိုင်း နတ်ဘုရားအဆင့် သိုင်းပညာရပ် တစ်ခုပဲ… မင်းတို့ ချန်မိသားစုရဲ့ သိုင်းပညာတွေထက် သာလွန်တယ်…”
မိုးမြေတိုက်ကြီးတွင် သိုင်းပညာရပ်ပေါင်း ထောင်သောင်းချီ ရှိပေသည်။ ထို့ကြောင့် ယင်းတို့အား နက်နဲခြင်း အဆင့်၊ နတ်ဘုရားအဆင့်၊ အင်ပါယာ အဆင့်နှင့် ကောင်းကင် အဆင့် ဟူ၍ ခွဲခြားထားပေသည်။
ထို အဆင့်တိုင်းကိုလည်း အစောပိုင်း၊ အလယ်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် ဟူ၍ လေးဆင့် ထပ်မံခွဲခြား ထားသေးသည်။
နလန်ချန်းရှန်က ချန်ဖုန်းအား လက်ဆင့်ကမ်း လိုက်သည့် ရေခဲကောင်းကင် ပညာရပ်သည် အစောပိုင်း နတ်ဘုရားအဆင့်သာ ဖြစ်သော်လည်း အလွန် တန်ဖိုးကြီး ထူးခြားပေသည်။
အဘယ်ကြောင့်ဆိုသော် မိုးမြေတိုက်ကြီး ကုန်းမြေအတွင်း၌ ကောင်းကင်အဆင့် ပညာရပ်များမှာ ဒဏ္ဏာရီ တစ်ခု အလား ရှိနေပြီး ဘယ်သောအခါမှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
သူတို့၌ အင်ပါယာအဆင့် ပညာရပ် အနည်းငယ်သာ ရှိကြပေသည်။
ဒါ့အပြင် ၎င်းတို့အား အလွန် စွမ်းအားကြီးသည့် ဂိုဏ်းများက သိမ်းဆည်း ထားသောကြောင့် သာမန်လူများမှာ ကြားပင် ကြားခွင့် မရှိပေ။
ထိုကြောင့် အစောပိုင်း နတ်ဘုရားအဆင့် သိုင်းပညာမှာ တန်ဖိုးမဖြတ်နိုင်ခြင်း ဖြစ်သည်။
“ကောင်လေး ချန်ဖုန်း… ငါ ရေခဲကောင်းကင် ကျင့်စဉ်ကို တစ်ခါပဲ ရှင်းပြမယ်… မင်း ဘယ်လောက်ပဲ နားလည် နားလည် ဒါက မင်း အပေါ် မူတည်သွားပြီ…”
နလန်ချန်းရှန် ပြောလိုက်သည်။
ရုတ်ခြည်းပင် ချန်ဖုန်း တစ်ယောက် လေးနက်တည်ကြည် သွားခဲ့သည်။
ဆယ်မိနစ်ကျော် ဆိုသည့် အချိန်အတွင်း၌ စကားလုံး ထောင်ချီသည့် ရေခဲကောင်းကင် ပညာရပ်သည် ချန်ဖုန်း၏ ခေါင်းထဲ စွဲထင်သွားခဲ့လေသည်။
ထို့နောက် ချန်ဖုန်းမှာ နှောင့်နှေးကြန့်ကြာခြင်း မရှိပဲ ရေခဲကောင်းကင် ပညာရပ်အား ကျင့်ကြံ အသက်သွင်း လိုက်တော့သည်။
ကြယ်ကိုးစင်း ခရမ်းရေခဲချီနှင့် ကိုးပါးနတ်ခန္ဓာ စွမ်းအားတို့မှာ သန့်စင်ခြင်း ခံရပြီး ချန်ဖုန်း၏ ကိုယ်ထဲသို့ အငမ်းမရ တိုးဝင်လာတော့သည်။
လူသား တစ်ယောက်၏ ခန္ဓာကိုယ်တွင် သွေးကြောမကြီး သုံးခု ၊ သွေးကြောမ ကိုးခုနှင့် အခြေခံ သွေးကြော ၈၁ ခု တို့ ရှိသည်။
ထို သွေးကြော ၉၃ ခု မှာ သာမန်အားဖြင့် ပိတ်ဆို့နေကြသည်။ သေမျိုးအဆင့်၌ ထို သွေးကြောများကို ဖွင့်လှစ်ပြီး မူလစွမ်းအားကို လှည့်ပတ်ရန် လိုအပ်ပေသည်။
အစောပိုင်း သေမျိုး အဆင့်၌ သွေးကြောမကြီး သုံးခုအား ဖွင့်လှစ်ရန် လိုအပ်သည်။
သေမျိုး အလယ်အလတ် အဆင့်တွင်တော့ သွေးကြောမ ၉ ခု အား ဖွင့်ရန် လိုအပ်ပြီး သေမျိုး အဆင့်မြင့် အဆင့်၌ အခြေခံသွေးကြော ၈၁ ခု ကို ဖွင့်ရန် လိုအပ်ပေသည်။
သေမျိုး အထွတ်အထိပ် အဆင့်တွင်တော့ ယန်ချီများကို ထို သွေးကြောများအကြား စီးဆင်းစေပြီး စွမ်းအား ဒြပ်စင် တစ်ခုအဖြစ် သိပ်သည်း ပြောင်းလဲစေရန် လိုပေသည်။
အချိန်မှာ တစ်စထက် တစ်စ စီးဆင်းနေခဲ့ပြီး သုံးနာရီမှာ ကုန်လွန်သွားခဲ့သည်။
ထို အခိုက်အတန့်၌…
ချန်ဖုန်း၏ ခန္ဓာကိုယ်ထဲ ထူးခြားသည့် အရှိန်အဝါတို့ ထွက်ပေါ်လာပြီး တစ်စုံတစ်ခု ကျိုးပျက်သွားသည့် အသံမျိုး ထွက်ပေါ်လာခဲ့သည်။
တကယ်တမ်းတွင် ချန်ဖုန်းက ခရမ်းရေခဲ၏ စွမ်းအားကို ငှားယူပြီး အခြေခံသွေးကြော တစ်ခုအား ဖွင့်လိုက်ခြင်း ဖြစ်သည်။
ထိုသို့နှင့် တစ်နာရီနှင့် နှစ်နာရီ ကြား ကုန်လွန်သွားတိုင်း အခြေခံသွေးကြော တစ်ခု ပွင့်နေခဲ့ပြီး သုံးရက်သုံးည တိုင်တိုင် ကြာမြင့်ခဲ့လေသည်။
ခရက်…ခရက်…ခရက်…
ထူးခြားသည့် အသံတို့ နှင့်အတူ ချန်ဖုန်း ကိုယ်ထဲရှိ အခြေခံသွေးကြော ၈၁ ခု လုံးမှာ ပွင့်သွားခဲ့၏။
သွေးကြောများ အားလုံး ပွင့်သွားသည်နှင့် ချန်ဖုန်း၏ ခွန်အားမှာ ယခင်ကထက် များစွာ တိုးတက်လာလေပြီး သူ့ကျင့်ကြံခြင်း အဆင့်သည်လည်း သေမျိုး အဆင့်မြင့် အဆင့်သို့ ချောချောမွေ့မွေ့ ရောက်ရှိ သွားတော့သည်။
ခရမ်းရေခဲ လိုဏ်ဂူထဲတွင် ချန်ဝူထျန်း၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာလေသည်။
“ဖုန်းအာ … မင်း ရဲ့ ကျင့်ကြံခြင်း အဆင့်က …”
ထိုအချိန်တွင် ချန်ဖုန်း၏ မျက်လုံးများလည်း ပွင့်လာပြီး ပြုံးလိုက်သည်။
“အဘိုး…. ကျနော် အဆင့်တက်သွားပြီ သေမျိုး အဆင့်မြင့် အဆင့်ကို ရောက်သွားပြီ..”
“ကောင်းလိုက်တာ… ကောင်းတယ်… ကောင်းတယ်…”
ချန်ဝူထျန်း အလွန် ဝမ်းသာအားရ ပြောလာသည်။
“သိုင်းဝိညာဉ် ကကော ဘယ်လိုလဲ… မင်းရဲ့ သိုင်းဝိညာဉ် နိုးထ လာပြီလား…”
လက်ရှိတွင် ချန်ဝူထျန်းမှာ သိုင်းအဆင့် တက်သွားခြင်းထက် သိုင်းဝိညာဉ်ကို ပိုမို စိုးရိမ်နေမိသည်။
“အင်း… မကြာတော့ပါဘူး… ဒါပေမဲ့ ကျနော်လည်း သိပ်မသေချာဘူး…”
ချန်ဖုန်း အကြောင်းပြချက် ပေးလိုက်သည်။ ထိုစဉ် ချန်ရှင်းရွဲ့၏ မျက်နှာမှာ ဖြူဖျော့ပြီး အားကုန်နေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်၏။
ယင်းက စွမ်းအား ကုန်ခန်းနေခြင်း၏ လက္ခဏာများ ဖြစ်ပေသည်။
ထိုကြောင့် ချန်ဖုန်း လျင်မြန်စွာ ပြောလာတော့သည်။
“အဘိုး… အစ်မကို နားခိုင်းလိုက်ဦး… မကြာခင် သိုင်းဝိညာဉ် နိုးထလာဖို့ အတွက် လုပ်ရဦးမှ… ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်ဖို့ လိုသေးတယ်…”
“မှန်တယ်… သိုင်းဝိညာဉ် နိုးထလာအောင် လုပ်နေချိန် ငါတို့ တစ်ခုခု ဖြစ်လို့ မရဘူး…”
ချန်ဝူထျန်း ခေါင်းညိတ် လိုက်ပြီးနောက် ဆက်ပြောလာသည်။
“မစားမသောက် ဖြစ်တာ သုံးရက်သုံးည ရှိသွားပြီ… ဖုန်းအာ မင်း လည်း ဗိုက်ဆာနေလောက်ပြီ … ငါ အပြင်သွားပြီး အစားအစာ တစ်ခုခု သွားယူလိုက်ဦးမယ်…”
“ဒါနဲ့… အဘိုး ထွက်သွားရင် အပြင်က တိုင်မိသားစုနဲ့ နည်းနည်း ဆွေးနွေးလိုက်ပါဦး… ကျနော့် သိုင်းဝိညာဉ်က ဘယ်အချိန်မှ နိုးလာမလဲဆိုတော့ မသိတော့ သူတို့ကို အရင်ပြန်ခိုင်းလိုက်ရင် ကောင်းမယ်… ပြီးမှ ပြန်ဖိတ်ခေါ်လိုက်ပေါ့…”
ချန်ဖုန်းမှာ သိတတ်သည့် မြေးလေး တစ်ယောက်အလား ပြောလာခြင်း ဖြစ်သည်။
“ပြီးတော့ မဂ်လာအချိန်ကလည်း နှောင့်နှေးသွားပြီလေ…. ဒါကြောင့် လက်ထပ်ပွဲ အခမ်းအနား မစတင်ခင် အခြား မဂ်လာအချိန် တစ်ခုခုကို ရွေးချယ်ဖို့ပါ ပြောထားလိုက်ပါလား…”
“ပြီးတော့ ကျနော်တို့ ချန်မိသားစုဆိုတာ မိသားစုငယ်လေး တစ်ခုပဲလေ… ကျနော့် အမကို အထင်သေး သွားလို့ မဖြစ်ဘူး”
ချန်ဖုန်း၏ စကားလုံးများမှာ မှန်ကန်ပြီး အကျိုးအကြောင်း သင့်ပေသည်။
ချန်ဝူထျန်းသည် ထို စကားလုံးတို့အား နားထောင်ပြီးနောက် အနည်းငယ် တွေးနေလိုက်သည်။
“ဖုန်းအာ … မင်း ပြောတာ မှန်တယ်… မင်းရဲ့ ယောက်ဖကို မဂ်လာအချိန်အခါ ရွေ့ဆိုင်းဖို့ ငါ ပြောထားလိုက်မယ်…”
ချန်ဝူထျန်း သူ့စကားဆုံးသည်နှင့် အပြင်သို့ လှည့်ကာ ထွက်သွားတော့သည်။
ထိုစဉ် ချန်ဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အပြုံးတစ်ခု ထွက်ပေါ် လာခဲ့လေသည်။
***