အခန်း ၄
(သိုင်းဝိညာဉ်နိုးထခြင်း)
“မစိုးရိမ်ပါနဲ့ ကျုပ်တို့ အားလုံး ဂရုစိုက်လိုက်ပါမယ်..”
ချန်ရှင်းဟီနှင့် အခြားနှစ်ယောက်မှာ ပြိုင်တူ ပြောလာကြသည်။
ချန်ဝူထျန်း ခေါင်းညိတ်လိုက်ကာ ချန်ဖုန်းအား တွဲခေါ်ပြီး ရေခဲလိုဏ်ဂူထဲ ဝင်တော့မည့် အချိန်၌ တိုင်မူတျန်ခီအား အချိန်အတန်ကြာ ပစ်ထားခဲ့မိသည်ကို သတိရသွားသည်။
ချန်ဝူထျန်းသည် တိုင်မူတျန်ခီအား ကြည့်ကာ တစ်ခုခု ပြောရန် ပြင်ဆင်လိုက်သည်။
သို့သော် ချန်ဝူထျန်း ပြောတော့မည့် အချိန်၌ တိုင်မူတျန်ခီမှာ ဦးစွာ ပြောလာခဲ့လေသည်။
“အဘိုးချန်… ကျေးဇူးပြုပြီး ဖုန်းအာကိုပဲ ဂရုစိုက်ပေးပါ… အခုအချိန်မှာ သူကသာ အရေးအကြီးဆုံးပါ…”
ထိုစကားကြားသည်တွင် ချန်ဝူထျန်း၏ မျက်နှာထက် ကျေနပ်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တိုင်မူတျန်ခီအား စရိုက်မဆိုးဘူးဟု မှတ်ချက် ချမိလိုက်သည်။
သို့သော်လည်း တိုင်မူတျန်ခီ၏ မျက်ဝန်းထဲ လျှက်တစ်ပြက် ဖြတ်ပြေးသွားသော ဒေါသတရားကို သူ မမြင်လိုက်ချေ။
အဘယ်ကြောင့် ဆိုသော် တိုင်မူတျန်ခီမှာ လက်ထပ်ပွဲကို အချိန်အတော်ကြာ ပြင်ဆင် အကွက်ချ ထားခဲ့သော်လည်း အောင်မြင်ခါနီး၌ ချန်ဖုန်းမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဝင်ရှုပ်သွားခဲ့သည်။
လက်ရှိ ချန်ဖုန်းအား တိုင်မူတျန်ခီ မည်မျှ မုန်းတီးနေကြောင်း မိုးနတ်မင်းသာ သိလိမ့်မည်။
သို့သော် ထိုအကြောင်းတရားကို အနည်းငယ်မျှ ဖော်ပြခြင်း မရှိကာ မျိုသိပ်ထားခဲ့သည်။ သူ့စိတ်ထဲတွင်တော့ လုံးလုံး ကျေနပ်ခြင်း မရှိပေ။
ထိုအဖြစ်အား မြင်လိုက်သည်တွင် ချန်ဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
အရာအားလုံး သူ့ အစီအစဉ် အတိုင်း ဖြစ်လာခဲ့သည် မဟုတ်လော။
အမှန်တွင် သူ ပြန်လည် မွေးဖွားလာသည့် အချိန်မှစ၍ ချန်ဖုန်းမှာ စေ့စပ်ပွဲအား အချိန်ဆွဲရန် အကြံများစွာ ထုတ်ခဲ့ပြီး ဖြစ်သည်။
အခြင်းအရာများ တစ်ခုချင်း စီစဉ်ပြီးနောက် အစီအစဉ် သုံးခုအား ရွေးချယ်ခဲ့လေသည်။
သို့သော် ထိုအစီအစဉ် သုံးခုလုံးမှာ ကြီးမားလွန်းသည်ကြောင့် ဟာကွက်များ ရှိနေသည်။ သူသာ တိုင်မူတျန်ခီ တို့၏ ဖမ်းဆီးခြင်း ခံရပါက အရာအားလုံး အချည်းနှီး ဖြစ်သွားပေမည်။
ထိုအချိန်တွင် နလန်ချန်းရှန်က သူ့အား သိုင်းဝိညာဉ် နိုးထစေပြီး ချန်မိသားစုဝင် အားလုံး၏ အာရုံကို ဆွဲဆောင်ကာ လက်ထပ်ပွဲကို အချိန်ဆွဲထားရန် အကြံပေးလာလေသည်။
ဤ အစီအစဉ်က ပြည့်စုံသော်လည်း အဓိက အချက်က သိုင်းဝိညာဉ် ဆိုသည့် အရာဖြစ်နေသည်။
သိထားရမည်မှာ လူတိုင်း သိုင်းဝိညာဉ်ကို မနိုးဆွနိုင်ချေ။ ပြုလုပ်နိုင်သည့် လူအားလုံး သည်လည်း ပါရမီရှင်နှင့် အမွေခံများသာ ဖြစ်သည်။
ချန်ဖုန်း၏ အရည်အချင်းက မညံ့သော်လည်း သိုင်းဝိညာဉ် နိုးထနိုင်ရန်မှာ အတော်လေး လိုသေးသည်။
သို့သော်ငြားလည်း နလန်ချန်းရှန်သည် ချန်ဖုန်း၏ ကံကြမ္မာကိုပင် ပြောင်းလဲနိုင်သည့် အရည်အချင်း ရှိနေလေရာ ချန်ဖုန်း၏ သိုင်းဝိညာဉ် နိုးထခြင်းမှာ လွယ်ကူနေလိမ့်မည်။
ထိုကြောင့် အရာအားလုံးမှာ သူ့နေရာနှင့် သူ ပြီးဆုံးသွားချေသည်။
ခရမ်းရေခဲ လိုဏ်ဂူ၏ အပူချိန်မှာ အလွန်နိမ့်ကျနေပြီး နေရာအနှံ လေအေးများလည်း တိုက်ခတ် နေလေသည်။
ချန်ဝူထျန်းနှင့် ချန်ရှင်းရွဲ့တို့သည် ချန်ဖုန်းအား တွဲခေါ်ကာ လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည် လိုက်ကြသည်။
“ဖုန်းအာ…မင်း အေးနေလား…” လမ်းလျှောက်နေရင်း ချန်ဝူထျန်းက ရုတ်တရက် မေးလာလေသည်။
“မအေးပါဘူး…ပြောရမယ်ဆိုရင် အရမ်း သက်သောင့်သက်သာ ရှိတယ်… ရေချိုးနေသလိုပဲ…”
ထိုစကားကြားသည်တွင် ချန်ဝူထျန်း၏ မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး
“ဖုန်းအာ မင်းကို ကြည့်ရတာ သိုင်းဝိညာဉ်ကို နိုးထစေလိုတဲ့ ပုံပဲ… မင်းရဲ့ သိုင်းဝိညာဉ် နိုးထလာခဲ့ရင် အလယ်အလတ် အဆင့် ဖြစ်ပါစေလို့ မျှော်လင့်မိနေတယ်…”
သိုင်းဝိညာဉ်များကို အဆင့်နိမ့်၊ အလယ်အဆင့်၊ အဆင့်မြင့် ဟူ၍ ခွဲခြားထားပြီး အဆင့်တိုင်းတွင်လည်း ပထမ ၊ ဒုတိယ ၊ တတိယ စသဖြင့် အဆင့်သုံးဆင့် ခွဲခြားထားပြန်သည်။
(ဆိုလိုသည်မှာ အဆင့် တစ် မှ သုံး အထိ သိုင်းဝိညာဉ်ကို အဆင့်နိမ့် ဟု ဆိုနိုင်ပြီး ၄ မှ ၆ အထိ သိုင်းဝိညာဉ်များကို အလယ်အဆင့်ဟု ပြောနိုင်သည်။ ၇ မှ ၉ အထိ သိုင်းဝိညာဉ်များကိုတော့ အဆင့်မြင့်ဟု ညွန်းဆိုကြပေသည်။ )
သိုင်းကျင့်ကြံသူ အများစု၏ သိုင်းဝိညာဉ်များမှာ တတိယ အဆင့်နိမ့် ဝန်းကျင်သာ ရှိကြသည်။ စစ်မှန်သည့် ပါရမီရှင်များသာ အလယ်အလတ် အဆင့် သိုင်းဝိညာဉ်များကို နိုးထစေနိုင်ကြသည်။
အဆင့် ၇ နှင့် အဆင့် ၉ သိုင်းဝိညာဉ် ရှိကြသူများကိုတော့ တစ်သန်း လျှင် တစ်ယောက် ပြိုင်ဘက်ကင်း ပါရမီရှင်ဟု သတ်မှတ် နိုင်ပေသည်။
ဒါ့အပြင် ကောလာဟလများအရ အဆင့် ၉ ထက် ကျော်လွန်သော အုပ်ချုပ်သူ သိုင်းဝိညာဉ်များ ရှိသည်ဟု ပြောစမှတ် ပြုကြသော်လည်း မည်သူမှ အသေအချာ မမြင်ဖူးကြပေ။
“အဘိုး … ဒီတစ်ကြိမ် ကျနော် သေချာပေါက် အလယ်အဆင့် သိုင်းဝိညာဉ် နိုးထစေနိုင်မှာပါ…”
“အိုး… တကယ်ပဲလား…” ချန်ဖုန်း၏ တုံ့ပြန်မှု ကြားသည်တွင် ချန်ဝူထျန်း ရယ်မော လိုက်လေသည်။
“အဘိုး…. အစ်မက ကိုးပါး နတ်ခန္ဓာ ပိုင်ဆိုင်တယ်ဆိုတော့ သိုင်းဝိညာဉ်ရဲ့ အဆင့်ကို မြင့််တင်ပေးနိုင်တယ်… ကျနော် အဆင့်နိမ့် သိုင်းဝိညာဉ်ပဲ နိုးထစေနိုင်တယ် ဆိုဦးတော့ အစ်မရဲ့ ကိုးပါးဉာဏ် အလင်းသွေးကြောရဲ့ အသွင်ပြောင်းမှုကြောင့် အလယ်အဆင့် ရောက်အောင် လုပ်နိုင်သေးပါတယ်…”
ထိုစကားများ ကြားသည်နှင့် ချန်ဝူထျန်း၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ကျေနပ်အားရစွာ ရယ်မော လိုက်လေသည်။
ခရမ်းရေခဲလိုဏ်ဂူ အတွင်းသို့ မိနစ်အနည်းငယ်ခန့် လျှောက်လှမ်းပြီး နောက်တွင် ချန်ဖုန်းနှင့် အခြားနှစ်ယောက်မှာ ပင်မအမြူတေ နေရာသို့ ရောက်လာခဲ့ကြသည်။
ထိုနေရာတွင် စင်္ကြံလမ်းလေး တစ်ခု ရှိပြီး တစ်စတုရန်းမီတာ အကျယ်ရှိသော ခရမ်းရေခဲ သလင်းကျောက် တစ်ခု ရှိနေပေသည်။
“ဖုန်းအာ… ဒါက ရေခဲသိုင်းဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ ကြယ်ကိုးစင်း ခရမ်းရေခဲ ပဲ…”
ချန်ဝူထျန်းက ခရမ်းရောင် ရေခဲသလင်းကျောက်အား ညွန်ပြလိုက်ပြီး ချန်ဖုန်းအား ပြောလာသည်။
“အဲ့ဒီ ခရမ်းရေခဲ သလင်းကျောက် အပေါ်မှာ ထိုင်လိုက်… သူ့အရှိန်အဝါတွေကို စုပ်ယူပြီး မင်းရဲ့ သိုင်းဝိညာဉ်ကို အားဖြည့်လိုက်..”
“ချင်းရွဲ့ ကတော့ ရေခဲသလင်းကျောက် အောက်မှာ ထိုင်ပြီး မင်းရဲ့ ကိုးပါးဉာဏ် အလင်းသွေးကြော စွမ်းအင်တွေကို ရေခဲသလင်းကျောက်ထဲ လွှဲပြောင်းပြီး ဖုန်းအာရဲ့ သိုင်းဝိညာဉ် အဆင့်ကို မြင့်နိုင်အောင် ကူညီပေးလိုက်ပါ…”
ချန်ဖုန်းနှင့် ချန်ရှင်းရွဲ့တို့ ခေါင်းညိတ်လိုက်ပြီး ချန်ဝူထျန်း၏ ညွန်ကြားချက်များအား လိုက်နာလိုက်ကြသည်။
ခဏအကြာတွင် ချန်ဖုန်းသည် ရေခဲသလင်းကျောက်ပေါ် ထိုင်လိုက်သည်တွင် အရိုးထိတိုင် အေးစက်သည့် အရှိန်အဝါများက သူ့ထံ တိုးဝင်လာခဲ့ပြီး ချွေးပေါက်များမှ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာလေသည်။
အထူးသဖြင့် ချန်ရှင်းရွဲ့၏ ဉာဏ်အလင်းကိုးပါး သွေးကြော၏ အဆီအနှစ် စွမ်းအားများက စီးဆင်းလာခြင်း ဖြစ်ပြီး သူ့ကိုယ်ထဲရှိ ရေခဲအရှိန်အဝါသည်လည်း ပေါက်ကွဲ ထွက်လာသည်။
သူ့ပတ်လည်တွင် မှုန်ဝါးသည် ပုံရိပ်များပင် ဖြစ်ပေါ်လာတော့သည်။
ထိုပုံရိပ်များ အကြားတွင် သိုင်းဝိညာဉ် အရှိန်အဝါများပင် ရှိနေလေသည်။
“အိုး မဟုတ်သေးဘူး… အစ်မရဲ့ ကိုးပါးဉာဏ် အလင်းသွေးကြော အဆီအနှစ် စွမ်းအင်တွေနဲ့ ခရမ်းရေခဲ သလင်းကျောက် ပေါင်းစပ်လိုက်တော့ ငါ့ သိုင်းဝိညာဉ် နိုးထတဲ့ အရှိန်အဟုန်က အရင်ထက် အဆပေါင်းများစွာ မြန်သွားပြီ…”
“ငါ့ သိုင်းဝိညာဉ် နိုးထနေတဲ့ အရှိန်ကို ဆက်ပြီး မထိန်းထားနိုင်တော့ဘူး…”
သိုင်းဝိညာဉ် နိုးထသည် ဆိုသည်မှာ သာမန်အားဖြင့် ကောင်းသော အရာဖြစ်သည်။
သို့သော် လက်ရှိ ချန်ဖုန်း အတွက်တော့ ကောင်းသလိုလိုနှင့် ဆိုးနေခြင်း ဖြစ်သည်။
အဓိက အရေးကြီးသော အကြောင်းပြချက် သည်တော့ ချန်ဖုန်းသာ ယခုအချိန် သိုင်းဝိညာဉ် နိုးထသွားသည်နှင့် အချိန်ဆွဲရန် မဖြစ်နိုင်တော့ပေ။
သူ၏ သိုင်းဝိညာဉ် ရုတ်တရက်ကြီး နိုးထသွားခြင်းက စေ့စပ်ပွဲကို ဖျက်ဆီးမည့် အစီအစဉ်အား အချည်းနှီးဖြစ်သွားစေနိုင်သည်။
ဤအကြောင်းအရာများအား တွေးလိုက်မိသော် ချန်ဖုန်း တစ်ယောက် စိတ်ထဲ အော်ဟစ်မိလိုက်သည်။
“စီနီယာ… စီနီယာ… ကျနော့် သိုင်းဝိညာဉ်က အရမ်းမြန်မြန်ကြီး နိုးထနေတယ်… ကျေးဇူးပြုပြီး နှေးသွားအောင် ကူပေးပါဦးဗျာ…”
***