Switch Mode

Chapter – 3

အချိန်ဆွဲခြင်း

အခန်း ၃
(အချိန်ဆွဲခြင်း)

ချန်ရှင်းရွဲ့သည် တိုင်မူတျန်ခီ အပေါ် စိတ်ရင်း နှင့် ရိုးသားသူ တစ်ယောက် ဖြစ်သည်။

သို့သော်လည်း တိုင်မူတျန်ခီ သည်တော့ ရက်စက်ကြမ်းကြုတ်ပြီး မရိုးသားသူ တစ်ယောက် ဖြစ်ကာ ချင်ရှင်းရွဲ့၏ ကိုးပါး နတ်ခန္ဓာကို အသုံးချရန် အတွက်သာ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

‘အစ်မ … နင့် ကို အဲ့ဒီ လူယုတ်မာ တိုင်မူတျန်ခီ ဘယ်တော့မှ ထိခိုက်အောင် မလုပ်နိုင်တဲ့အထိ ငါ ကြိုးစားမယ်…’

ချန်ဖုန်း ရင်ထဲ ကျိန်ဆိုလိုက်ကာ တည်ငြိမ်စေပြီးနောက် တိုင်မူတျန်ခီ ရောက်ရှိလာမည့် အချိန်အထိ စောင့်နေလိုက်တော့သည်။

အချိန်မှာ တစ်စထက် တစ်စ ကုန်လွန်လာပြီး နေမင်းသူရိယ သည်လည်း မိုးကောင်းကင်ထက် မြင့်တက်လာသည့် အချိန်တွင် လင်းယုန် အော်သံအား အားလုံးကြားလိုက်ရလေသည်။

လင်းယုန် အော်သံအား ကြားလိုက်သည်နှင့် ချန်မိသားစုဝင်အားလုံး မတ်တတ် ထရပ်ကာ ခန်းမ အပြင်သို့ လျှောက်လှမ်း လာကြသည်။

ချန်ဖုန်းသည်လည်း သူ့အဘိုး အနောက် မှ ကပ်လိုက်လာသည်။

အရှေ့ဘက် မိုးကုပ်စက်ဝိုင်းထက်တွင် အလွန်ကြီးမားသည့် လင်းယုန်ကြီးမှာ ကျော်ထက် လူများ တင်ဆောင်လာရင်း ပျံသန်းလာသည်။

ချန်ဖုန်း ခေါင်းမော့ ကြည့်လိုက်သည်တွင် လင်းယုန်ကျောထက် ရပ်နေသော လူငယ်လေး တစ်ယောက်အား မြင်လိုက်ရသည်။

ထို လူငယ်လေးသည် အရပ်ရှည်ပြီး ခန္ဓာကိုယ် သွယ်လျကာ ချောမောသည့် မျက်နှာ အသွင်အပြင် ရှိပြီး ကျောထက် နက်မှောင်သည့် ဓားရှည် တစ်ချောင်း လွယ်ထားသည်။ ချောမောခန့်ညားသည့် မျက်နှာထား ရှိကာ တိုင်မူမိသားစု၏ နံပါတ်တစ် ပါရမီရှင် တစ်ယောက် ဖြစ်သည်ကြောင့် သူ့အသွင်မှာ လွန်စွာ ခမ်းနားနေပေသည်။

တိုင်မူတျန်ခီ၏ အနောက်တွင် ငွေရောင် ဝတ်ရုံနှင့် အေးစက်သည့် အသွင် ဆောင်ထားသော အကြီးအကဲ တစ်ဦး ကပ်ပါလာသည်။

ထို အဘိုးကြီးမှာ တိုင်မူမိသားစု၏ နဝမ အကြီးအကဲ တိုင်မူကျန်းရွှဲ့ ဖြစ်ပေသည်။

ချန်ဖုန်း၏ အကြည့်များက အေးစက်သွားခဲ့ကာ သူ့မိသားစုထံ ကပ်ဆိုးကြီး သယ်ဆောင်လာသည့် တရားခံ တိုင်မူကျန်းရွှဲ့အား တစ်ချက်ကြည့်လိုက်သည်။

သို့သော် သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်စေလိုက်၏။ သူ ခံနိုင်ရည် ရှိမှ ရပေမည်။

ယခုက ပေါက်ကွဲရမည့် အချိန်မဟုတ်ပေ။ သူ မည်မျှ မုန်းတီးနေပါစေ ယင်းအား ခံနိုင်ရည် ရှိရပေမည်။

ပြီးပြည့်စုံသည့် အခွင့်အရေး တွေ့မှသာလျှင် ကစားပွဲအား ပြောင်းပြန် လှန်နိုင်ပေမည်။

“မြေးသမက် တိုင်မူတျန်ခီက အဘိုးချန်နဲ့ ယောက္ခထီး တို့ကို နှုတ်ဆက်ပါတယ်…”

လင်းယုန်ကြီးသည် ရင်ပြင်သို့ ရောက်ရှိသည်နှင့် တိုင်မူတျန်ခီမှာ လေထဲမှ ညင်သာစွာ ဆင်းသက်လာပြီး ချန်ဝူထျန်းနှင့် အခြားသူများကို နှုတ်ဆက်လိုက်သည့်ပုံက အလွန် တင့်တယ်နေလေသည်။

“အစ်ကိုဝူထျန်း …. ကျုပ်တို့ မတွေ့ဖြစ်ခဲ့တာ အချိန်အတော်ကြာခဲ့ပေမဲ့ ခင်ဗျား ကတော့ မပြောင်းလဲသေးဘူးပဲ…”

နဝမ အကြီးအကဲ တိုင်မူကျန်းရွှဲ့သည် အပြုံးတစ်ခုကို ထုတ်ဖော်လျက် လက်သီးဆုပ် ဂါရဝ ပြုလိုက်သည်။

“ကျုပ်ကို မြောက်နေပြန်ပြီ…ညီလေး ကျန်းရွှဲ့ …. ခင်ဗျားကသာ မပြောင်းလဲသေးတာပါ…”

လောကွက် အပြန်အလှန် လောကွပ်ပြုကြပြီး နောက်တွင်တော့ ချန်ဝူထျန်းက တိုင်မူတျန်ခီနှင့် တိုင်မူကျန်းရှောင်တို့အား ခန်းမဆောင်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

သို့သော်လည်း ထိုအချိန်၌….

အား…

ကျယ်လောင်သည့် အော်သံတစ်ခုမှာ ချန်ဖုန်း၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာခဲ့သည်။

ရုတ်ခြည်း ချန်ဖုန်း၏ မျက်လုံး အရောင်သည်လည်း ရေခဲပြာရောင် အဖြစ် ပြောင်းလဲ သွားတော့သည်။

တစ်ဆက်တည်း အလွန် အေးစက်သည့် ရေခဲချီများက ချန်ဖုန်း၏ ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး နေရာအနှံအပြားသို့ ပျံနှံသွား၏။

“ဘာတွေ ဖြစ်နေတာလဲ…”

“အဲ့ဒါ ချန်ဖုန်းပဲ… သူ ပုံစံက ကြောက်စရာ ကောင်းလိုက်တာ… လေအေးတွေက သူ့တစ်ကိုယ်လုံး ဝန်းရံနေပြီး ရေခဲအိမ်ထဲ ရောက်နေတဲ့အတိုင်းပဲ…”

အားလုံး တိတ်ဆိတ်သွားခဲ့ပြီး အလုံးစုံသော အာရုံများက ချန်ဖုန်းထံ ရောက်ရှိလာခဲ့သည်။

အထူးသဖြင့် ချန်ဝူထျန်းပင်။ သူ၏ မြေးရတနာလေးက ထိုသို့ ဖြစ်နေသည့် အတွက်ကြောင့် တိုင်မူကျန်းရွဲ့ကိုပင် တွန်းဖယ်ကာ ချန်ဖုန်း၏ အရှေ့သို့ အပြေးအလွှား ရောက်ရှိလာတော့သည်။

“အာ… ကြည့်ရတာ ဒါ သိုင်းဝိညာဉ် နိုးထတဲ့ လက္ခဏာပဲ… ဖြစ်နိုင်တာက ဖုန်းအာများ သူ့သိုင်းဝိညာဉ်ကို နိုးထစေချင်လို့များလား…”

ချန်ဝူထျန်းမှာ ဗဟုသုတ ကြွယ်သည်ကြောင့် တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သိလိုက်သည်။

ဟုတ်ပေသည်။ လက်ရှိတွင် ချန်ဖုန်းမှာ သိုင်းဝိညာဉ် နိုးထရန် ကြိုးစားနေကြောင်း ဖြစ်သည်။

ဤအခြင်းအရာကြောင့် စေ့စပ်လက်ထပ်ပွဲမှာ ရုတ်ခြည်း ရပ်တန့်သွားတော့သည်။ ယင်းက ချန်ဖုန်း၏ ပထမဆုံး ရွေ့ကွက် တစ်ခုလည်း ဖြစ်သည်။

အများအမြင်တွင် ချန်ရှင်းရွဲ့နှင့် တိုင်မူတျန်ခီတို့၏ ထိမ်းမြှားမှုမှာ ကောင်းကင်က လိုက်ဖက်ပေးသည့် အလား တင့်တယ်လှပေသည်။

သို့သော် တိုင်မူတျန်ခီမှာ ရည်မှန်းချက် ကြီးသော ကောက်ကျစ်သည့် ဝံပုလွေ တစ်ကောင် ဖြစ်ကြောင်း ချန်မိသားစု သိမထားခဲ့။

သူသာ ထိုပွဲကို ဖျက်လိုပါက အလျင်စလို အလောတကြီး မလုပ်သင့်ပေ။

ချန်ဖုန်း၏ ပထမခြေလှမ်းက စတင်တော့မည့် စေ့စပ်လက်ထပ် စာချုပ်ကို ရပ်တန့် သွားစေရန်သာ ဖြစ်သည်။

ဤနည်းအားဖြင့် ချန်ဖုန်းသည် တိုင်မူတျန်ခီ၏ ယုတ်မာမှုတို့ကို ဖော်ထုတ်ရန် အချိန် အလုံအလောက် ရှိမည် ဖြစ်သည်။

ကြီးကြီးမားမား တစ်စုံတစ်ရာ မဖြစ်လျှင် မိသားစု နှစ်စုက လက်ထပ်ပွဲကို နှောင့်နှေးခံလိမ့်မည် မဟုတ်ပေ။ သို့သော် ချန်ဖုန်း၏ သိုင်းဝိညာဉ် နိုးထခြင်းက ကြီးမားသည့် ကိစ္စ တစ်ခု ဖြစ်နေပေသည်။

အနည်းဆုံးတော့ ချန်ဝူထျန်း၊ ချန်ရှင်းဟီနှင့် ချန်ရှင်းရွဲ့ အတွက် ဤအရာက အထိခိုက် မခံနိုင်သည့် ကိစ္စ ဖြစ်ပေသည်။

အဘယ်ကြောင့် ဆိုသော် ကျင့်ကြံသူ တစ်ယောက်အတွက် သိုင်းဝိညာဉ်မှာ အလွန် အရေးကြီးခြင်းကြောင့် ဖြစ်ပေသည်။ သူတို့ တစ်သက်တာတွင် သိုင်းဝိညာဉ် ရရှိရန် အခွင့်အရေးသည်လည်း နှစ်ကြိမ်သာ ရှိ၏။

ပုံမှန်အားဖြင့် သိုင်းကျင့်ကြံသူတိုင်း၌ သိုင်းဝိညာဉ် ရှိပေသည်။

ကောင်းကင်လက်ဆောင် ရရှိထားသည့် ပါရမီရှင် တစ်ယောက် သို့မဟုတ် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှု ရှိမှသာ နက်ရှိုင်းသည့် သွေးဆက်ထဲရှိ မြုံနေသည့် သိုင်းဝိညာဉ်မှာ နိုးထလာမည် ဖြစ်သည်။

သို့သော် သာမန်လူတို့မှာ သိုင်းဝိညာဉ် မနိုးထနိုင်ပေ။

ဒုတိယ တစ်ကြိမ်သည် ကျင့်ကြံခြင်း အဆင့်က ကောင်းကင်သိုင်းပညာ အထွတ်အထိပ်အဆင့် ရောက်မှသာ သိုင်းပညာကို နိုးထပျိုးထောင်နိုင်ပေမည်။

ထိုကြောင့် ချန်ဝူထျန်းသည် တွန့်ဆုတ်မနေပဲ ချန်ဖုန်းအား ချန်မိသားစု၏ တားမြစ်နယ်မြေ ဖြစ်သော “ခရမ်းရေခဲ လိုဏ်ဂူ “သို့ ပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

ချန်ဖုန်း၏ သိုင်းဝိညာဉ် အဆင့် မြင့်မားစေရန်အတွက် ကိုးပါး နတ်ခန္ဓာ ပိုင်ဆိုင်သည့် ချန်ရှင်းရွဲ့ လိုက်ပါသွားရမည်မှာ ပုံမှန်ပင်။

ယင်းက တိုင်မူတျန်ခီတို့၏ မျက်နှာထက်ရှိ အပြုံးများကို အေးခဲသွားစေတော့သည်။

သို့သော် သူတို့ထံ ပြောနိုင်သည့် စကားလုံးတို့ မရှိသောကြောင့်သာ ခံစားချက်တို့အား မျိုသိပ်ထားလိုက်ရသည်။

ခရမ်းရေခဲလိုဏ်ဂူသည် ခရမ်းရေခဲ ကြယ်တာရာ ကိုးလုံး သိုလှောင်ထားသော ရေခဲလိုဏ်ဂူတစ်ခု ဖြစ်သည်။

ခရမ်းရေခဲ ကြယ်တာရာသည် အလွန်ရှားပါးပြီး ရေခဲဂုဏ်သတ္တိ ပိုင်ဆိုင်သည့် သိုင်းဝိညာဉ်များ အတွက် လွန်စွာ အာဟာရ ဖြစ်စေပေသည်။

ချန်မိသားစုက ယင်း ရေခဲ တစ်ကုဗမီတာ ခန့် ရရှိခဲ့ပြီး ခရမ်းရေခဲ လိုဏ်ဂူထဲတွင် တစ်ချိန်လုံး သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင်တော့ ယင်းက အဆင်ပြေသွားခဲ့ပြီ ။

မိနစ် အနည်းငယ်ခန့် ကြာပြီးနောက်တွင် ချန်ဖုန်းနှင့် အခြားသူများမှာ ရေခဲလိုဏ်ဂူထံ ရောက်ရှိလာသည်။

“အစ်ကိုကြီး ၊ တတိယ ညီလေး ၊ ရှင်းဟီ … ရေခဲလိုဏ်ဂူကို စောင့်ကြပ်ထားပေး… ဘယ်သူမှ အနားကပ်မခံနဲ့…”

ချန်ဝူထျန်းက ချန်ရှင်းဟီနှင့် အခြား နှစ်ယောက်ကို ကြည့်ကာ ညွန့်ကြားလိုက်သည်။

“ရှင်းရွဲ့နဲ့ ငါက ဖုန်းအာကို ရေခဲလိုဏ်ဂူထဲ လိုက်ပို့ပြီး သူ့သိုင်းဝိညာဉ် အောင်အောင်မြင်မြင်နဲ့ နိုးထနိုင်အောင် ကူညီပေးလိုက်မယ်…”
***

Comment

Leave a Reply

Options

not work with dark mode
Reset