အခန်း ၂
(လွန်ခဲ့သော တစ်နှစ်က)
“ချန်…မင်း အခုတော့ ဒီအဘိုးကြီး စကားကို ယုံပြီလား…”
နလန်ချန်းရှန်၏ စကားသံကြောင့် ချန်ဖုန်းမှာ အတွေးထဲ နှစ်မြောနေသည်မှ နိုးထလာသည်။
“နာလန်.. အာ မဟုတ်ဘူး… စီနီယာ…ဒီကိစ္စက အရမ်း ဆန်းကြယ်လွန်းပါတယ်… ကျနော် တုံပြန်နိုင်ဖို့တောင် အချိန်အတော် ယူလိုက်ရတယ်…”
ချန်ဖုန်း အသက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်ပြီး လေးနက်စွာဖြင့် ပြောလာတော့သည်။
“ခုန စကားလုံးတွေက ရှိုင်းပြမိသွားရင် ဗွေမယူဖို့ တောင်းဆိုအပ်ပါတယ် စီနီယာ…”
“ဘာမှ မဖြစ်ပါဘူး…”
နလန်ချန်းရှန် ဂရုမစိုက်ဟန်ဖြင့် .”ဒါပေမဲ့ မင်း သိထားရမယ့် ကိစ္စ တစ်ခုတော့ ရှိတယ်…”
“မင်းကို လွန်ခဲ့တဲ့ အချိန် တစ်နှစ်ကို ပြန်ပို့ နိုင်ဖို့အတွက် ငါ့ စွမ်းအင်တွေ တော်တော် ကုန်သွားရတယ်…”
“အကယ်၍ မင်းသာ မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး အနာဂတ်အခါမှာ ကောင်းကင်ကို ဒူးနဲ့တိုက်နိုင်တဲ့ အဆင့် ရောက်လာခဲ့ရင် ဒီအကြွေးကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပြန်ပေးရမယ်…”
“စိတ်ချပါ…”
ချန်ဖုန်း သူ့ စိတ်လှုပ်ရှားမှုများကို ခက်ခက်ခဲခဲ ဖိနိုပ်လိုက်ပြီး..
“ကျုပ် မျိုးနွယ်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး လူယုတ်မာ တိုင်မူတျန်ခီကို ခေါင်းဖြတ်နိုင်သရွေ့ အနာဂတ်မှာ စီနီယာ တစ်ခုခု လိုအပ်လာရန် ကျုပ် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး…”
“အင်း… ဒီကိစ္စ က အရေးမကြီးသေးပါဘူး… နောက်မှ ပြောကြတာပေါ့…”
နလန်ချန်းရှန် ခေါင်းညိတ်လိုက်ပြီးနောက်…
“အခု လောလောဆယ်တော့ မင်း ကိစ္စ မင်း ရှင်းရဦးမယ်…”
“မင်း ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးဆိုရင် အခု စကားတွေက အပိုတွေက လွဲပြီး ဘာမှ ဆက်ဖြစ်လာမှာ မဟုတ်ဘူး…”
ထိုသို့ပြောပြီးနောက်တွင် နလန်ချန်းရှန်၏ စကားသံမှာ လုံးဝ ပျောက်ကွယ် သွားတော့သည်။
ချန်ဖုန်း မည်မျှ ရှာနေပါစေ မည်သည့် နေရာမှ မတွေ့တော့ချေ။
“သခင်လေး… အဆင်ပြေရဲ့လား… ဘာလို့ ပေါက်ကရတွေ လျှောက်ပြောနေတာလဲ…”
ထို အချိန်၌ ချန်အန်၏ စိုးရိမ်တကြီး ခေါ်သံအား ကြားလိုက်ရသည်။
‘ ဖြစ်နိုင်တာက အဲ့ဒီကောင် ချန်ကျန်း ကများ ငါတို့ သခင်လေးကို အရူးဖြစ်သွားအောင် ရိုက်နှက်လိုက်တာလား…”
“မင်းဘာတွေ ပြောနေတာလဲ…”
ချန်ဖုန်း လက်ရှိ အခြေအနေဆီသို့ သတိကပ်သွားကာ သူ၏ ပုံမှန်မဟုတ်သည့် ပြောဆိုသံများက ချန်အန်ကို စိုးရိမ်သွားစေကြောင်း သတိထားမိလိုက်သည်။
သို့သော်လည်း ယခုတွင် သူ့ထံ အချိန်က အရေးကြီးသည်ကြောင့် အစီအစဉ်များကို အပြင်သို့ မပြန့်သွားစေလိုပေ။
“အခုမှ နေမကောင်းတာကနေ နိုးလာလို့ မှတ်ဉာဏ်တွေ ဝေဝါးနေလို့ပါ…”
“ဒါနဲ့ အခု အိမ်တော်အတွင်း အခြေအနေတွေ ဘယ်လို ရှိလဲ…”
ချန်ဖုန်း၏ အခြေအနေမှာ ဆိုးဝါးခြင်း မရှိသည်ကြောင့် ချန်အန် စိတ်တည်ငြိမ်သွားခဲ့ကာ ပြောလာသည်။
“ဟုတ်ကဲ့ သခင်လေး…”
ယခု လတ်တလော ဖြစ်ပျက်နေသည့် အိမ်တော်အတွင်း အကြောင်းအရာများကို ချန်အန် ပြောပြလိုက်သည်။
ထို အကြောင်းအရာများကို ကြားပြီးနောက်တွင် လွန်ခဲ့သည့် တစ်နှစ်က အချိန် တကယ်ပင် ဖြစ်ကြောင်း ချန်ဖုန်း သေချာသွားတော့သည်။
ယခုအချိန်တွင် သူသည် ချန်မိသားစု ချန်ချင်းထျန်၏ မြေး ချန်ကျန်းနှင့် ရန်ဖြစ်ခဲ့သည့် အချိန်ဖြစ်သည်။ သူ၏ နိမ့်ကျသည့် ကျင့်ကြံခြင်းကြောင့် အရိုက်နှက်ခံခဲ့ရပေသည်။
ထိုအချိန်က သူသည် အိပ်ရာပေါ်၌သာ အမြဲတစ်စေ နေခဲ့ရပြီး လမ်းပြန်လျှောက်ရန်ပင် တစ်လခွဲခန့် အချိန်ယူခဲ့ရသည်။
“ချန်ကျန်း… မင်း လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်…”
ချန်ဖုန်း၏ မျက်လုံးများ အေးစက်သွားခဲ့ကာ…
“စီနီယာ နာလန်သာ မကူညီရင် ဒီရိုက်နှက်ခံရမှုက ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်သွားစေလိမ့်မယ်…”
“အနာဂတ်မှာ ငါ ဘယ်လိုပဲ ကျင့်ကြံခဲ့ပါစေ ရလဒ်တစ်ခုခု ထွက်လာဖို့ ခက်ခဲခဲ့တာ… ငါ အမှိုက်ကောင် ဖြစ်သွားခဲ့တယ်…”
“ဒါပေမဲ့ ငါ ဒီကိစ္စကို ခဏ ထားလိုက်ဦးမယ်.. နောက်မှ တစ်ခုချင်း ရှင်းမယ်…”
“အခုတော့ ဟိုခွေးကောင် တိုင်မူတျန်ခီရဲ့ လက်ထပ်ကမ်းလှမ်းမှု ကို တားဆီးမှ ဖြစ်မယ်…”
သူ အိပ်ရာထဲတွင် လဲလျောင်းနေရပြီး ဒဏ်ရာများ ကုစားခဲ့ရသည့် အချိန်ကို ချန်ဖုန်း တစ်ယောက် ကောင်းကောင်းကြီး မှတ်မိနေခဲ့သည်။
ထိုအချိန်တွင် တိုင်မူတျန်ခီက သူတို့ ချန်မိသားစုသို့ ရောက်လာပြီး သူ့အစ်မ ချန်ရှင်းရွဲ့အား လက်ထပ်ကြောင်းလမ်း ခဲ့လေသည်။
ချန်မိသားစုနှင့် ချန်ရှင်းရွဲ့တို့မှာ တိုင်မူတျန်ခီ၏ အစစ်အမှန် မျက်နှာကို မသိသည့် အတွက်ကြောင့် မှားယွင်းစွာ ရွေးချယ်ခဲ့ကြပြီး ကောင်းကင်က တွဲဖက်သည့် လိုက်ဖက်သည့် စုံတွဲဟုပင် မှတ်ယူခဲ့လေသည်။
ထိုကြောင့် ချန်မိသားစုမှာ တိုင်မူတျန်ခီ၏ သဘောတူညီချက်ကို လက်ခံခဲ့မိပြီး ကြေကွဲဖွယ် ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ထို့အကြောင်းကြောင့် ချန်ဖုန်းသည် ထို လက်ထပ်ကြောင်းလမ်းမှုကို ဖျက်ဆီးပစ်ရမည်။
မစတင်ခင်ကတည်းက တစ်ကြိမ်တည်း အမြစ်ဖြတ်ပစ်ရမည်။
သူ့စိတ်ထဲ အစီအစဉ်တစ်ခု ဆွဲလိုက်ပြီးနောက် ချန်ဖုန်း ပြောလာသည်။
“ချန်အန် … အဖေနဲ့ အခြားသူတွေက အဲ့ဒီမှာလား… သူတို့ကို တွေ့ဖို့ ငါ့ကို ခေါ်သွားပေး…”
“သခင်နဲ့ သခင်ကြီးတို့က ဆွေးနွေးခန်းမှာ သခင်လေး တိုင်မူကို စောင့်နေကြပါတယ်…”
ထိုသို့နှင့် ချန်အန်မှာ လမ်းပြလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ချန်ဖုန်း တစ်ယောက် ချန်မိသားစု ဆွေးနွေးခန်းမသို့ ရောက်ရှိလာခဲ့သည်။
ဆွေးနွေးခန်းမ ထဲတွင်တော့ ချန်မိသားစု ဝင်များနှင့် ပြည့်နှက်လျက် ရှိသည်။
သူတို့အကြား ချန်မိသားစု၏ ခေါင်းဆောင်ဖြစ်သော ချန်ဝူထျန်းမှာ မိသားစုခေါင်းဆောင် နေရာ ၌ ထိုင်နေသည်။
သူ၏ ညာဘက်တွင်တော့ ချန်မိသားစု၏ မဟာအကြီးအကဲများဖြစ်သော ချန်ဝမ်ထျန်း၊ ချန်ရီနှင့် ချန်ချင်းတျန်တို့ ရှိကြသည်။
ဘယ်ဘက် အခြမ်းတွင် ချန်ဖုန်း၏ အဖေနှင့် သူ့အစ်မကြီး ချန်ရှင်းရွဲ့တို့ ထိုင်နေကြသည်။
ဆွေးနွေးခန်းမ အပြင် မှတစ်ဆင့် ချန်ဖုန်းသည် အထဲသို့ လျှောက်ဝင်လာခဲ့သည်။ တစ်ဆက်တည်း တစ်ခေါင်းလုံး ဆံပင်ဖြူ မရှိသေးသော သူ့အဘိုး ချန်ဝူထျန်း၊ ကြင်နာတတ်သည့် သူ့အဖေ ချန်ရှင်းဟီ ၊ မြင့်မြတ်သန့်စင်သည့် သူ့အစ်မ ချန်းရှင်းရွဲ့တို့အား တွေ့လိုက်ရလေသည်။
သူ အချစ်ရဆုံး သူများကို ပြန်တွေ့လိုက်ရသည့် အတွက် မျက်ဝန်းထဲ မျက်ရည်စတို့ပင် ဝေ့သီ၍ လာတော့သည်။
သူ့ အရင်ဘဝ၏ အရာအားလုံး မဖြစ်ပျက်သေးမီ အချိန်တစ်နှစ်အား သူ့ခေါင်းထဲ ရိုက်နှိပ်ထားသည့် အလား စွဲထင်နေသည်။ ယခု မြင်ကွင်းက ချန်ဖုန်း၏ ရင်ထဲ ခံစားချက်တို့ ဖြစ်ပေါ်စေ၏။
“တိုင်မူတျန်ခီ … ငါ မင်းကို ရအောင် သတ်ပစ်မယ်… အရင်လို ကပ်ဆိုးမျိုး နောက်တစ်ကြိမ် ဖြစ်ခွင့် မပြုတော့ဘူး…”
“လုံးဝ ခွင့်မပြုဘူး…”
ချန်ဖုန်း စိတ်ထဲ အတွေးတို့ နက်ရှိုင်းနေသည့် အချိန်၌ ချန်ဝူထျန်း၏ စကားသံမှာ ထွက်ပေါ်လာခဲ့သည်။
“ဖုန်းအာ … မင်း တကယ်ပဲ စောစော နိုးလာတာလား…”
“ဒါ ကောင်းတဲ့ အရာပဲလေ… ဘာကြောင့် မပျော်တဲ့ပုံ ပေါက်နေရတာလဲ…”
“အဘိုး.. ဒီနေ့က အစ်မရဲ့ မဂ်လာရက်မြတ်လေ…ကျနော် စိတ်ထဲ နည်းနည်း လွတ်သွားလို့ပါ…”
ချန်ဖုန်း သတိဝင်လာသည်ကြောင့် အကြောင်းပြချက် တစ်ခုအား ခပ်မြန်မြန် ရှာလိုက်သည်။
“၁၆ နှစ်တောင် ရှိနေပြီ… ဒီကလေး စိတ်လှုပ်ရှားတိုင်း မျက်ရည်ဝဲတုန်းပဲ…”
ချန်ဝူထျန်း ထိုသို့ ပြောလိုက်ပေမဲ့ သူ့မျက်လုံးထဲ ကြင်နာမှုတို့ စိုးမိုးထားဆဲပင်။
“မြန်မြန်လာ…မကြာခင် မင်းရဲ့ ယောက်ဖလောင်း လာတော့မှာ … ဟာသ မဖြစ်စေနဲ့ဦး…”
ချန်ဖုန်း ခေါင်းညိတ်လိုက်ကာ သူ့ အစ်မ ချန်ရှင်းရွဲ့ထံ ချဉ်းကပ်သွားလိုက်ပြီး တိုးညင်းစွာ မေးလိုက်သည်။
“အစ်မ … တိုင်မူတျန်ခီ ဘယ်အချိန် ရောက်မှာလဲ…”
“ငါ ကြားတာတော့ သူနဲ့ အခြားသူတွေ မွန်းလွဲပိုင်းလောက် ရောက်မယ်ထင်တယ်… ဒါပေမဲ့ သူတို့ စောလိမ့်မယ်လို့တော့ ငါ ထင်တယ်…” ချန်ရှင်းရွဲ့ မျက်နှာထက် ချိုမြိန်သည့် အပြုံးနှင့် တစ်ခု ပြန်ဖြေလာလေသည်။
ချန်ရှင်းရွဲ့၏ အမူအရာကို မြင်သည်တွင် ချန်ဖုန်း တစ်ယောက် သူ့ရင်ထဲ ဖြစ်ပေါ်လာသည့် နာကျင်မှု စာနာမှုတို့အား မခံစားနိုင်တော့ပေ။
***