Switch Mode

Chapter – 1

ကောင်းကင်လွန်ဆန်ပြီး ကံကြမ္မာ ပြောင်းလဲခြင်း

အခန်း ၁
(ကောင်းကင်လွန်ဆန်ပြီး ကံကြမ္မာ ပြောင်းလဲခြင်း )

“ငါ တကယ် အသက်ရှင်နေသေးတယ်လား…”

အခန်းငယ်လေး တစ်ခု အတွင်း ၌…

ချန်ဖုန်းမှာ သရဲမြင်လိုက်ရသည့်အလား ချွေးသံတရဲရဲဖြင့် နိုးထလာခဲ့သည်။

သူ မိုးမုန်တိုင်း လက်နက်ကို ဖေါက်ခွဲခဲ့ပြီး တိုင်မူတျန်ခီ နှင့်အတူ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

အလွန်ပြင်းထန်သည့် ပေါက်ကွဲအားကြောင့် အပိုင်းပိုင်း အစစ ဖြစ်သွားကာ ဆံပင်တစ်ချောင်းပင် မကျန်ခဲ့။ သို့သော် ယခုတွင် သူသည်တော့ အိပ်ရာထက် ခွန်အားအပြည့်နှင့် ရောက်ရှိနေခဲ့သည်။

“ဒါ ပုံရိပ်ယောင်များလား….”

“ဒီလိုပဲ ဖြစ်ရမယ်… ငါ တိုင်မူတျန်ခီကို သတ်နိုင်ခဲ့တာ ဖြစ်မယ်…”

ချန်ဖုန်း သူ့လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ နာကျင်မှုကို မခံစားရနိုင်ဟု တွေးလိုက်ပြီး လက်ကို လက်သည်းဖြင့် ထိုးစိုက်ပစ်လိုက်သည်။

သို့သော်ငြားလည်း ထင်မှတ်မထားစွာဖြင့် စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

ဒီတစ်ကြိမ် သူ သေသွားသည် မဟုတ်ကြောင်း ကောင်းကောင်းသိလိုက်၏။

“ဘာကြောင့် ငါ မသေသွားရတာလဲ…”

ချန်ဖုန်း လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ကာ-

“ငါ မသေသွားခဲ့ဘူးဆိုရင် အဲ့ဒီ လူယုတ်မာ တိုင်မူလည်း အပြင်လောကကြီးမှာ ရှိလောက်ဦးမယ်…”

“မိုးနတ်မင်း… ခင်ဗျား ကျုပ်ကို လှည့်စားနေတာလား…”

ချန်ဖုန်းသည် မိုးမြေ တိုက်ကြီး၊ နတ်ဘုရားတက်လှမ်းခြင်း မင်းဆက်၏ ကောင်းကင်ကြယ်တာရာ မြို့တော်ရှိ ချန်မိသားစု၏ သခင်လေး တစ်ယောက် ဖြစ်ပေသည်။

သူ၏ ကျင့်ကြံခြင်း ပါရမီက မဆိုးလှသော်လည်း ကြိုးစားကျင့်ကြံရန် ပျင်းရိတတ်သူ ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် သူ့ထံ အလိုလိုက်သော အဘိုး၊ ကြင်နာတတ်သည့် ဖခင်နှင့် ပြိုင်ဘက်ကင်းပါရမီရှင် အစ်မ တစ်ယောက် ရှိနေခြင်း ဖြစ်သည်။

ချန်ဖုန်း၏ ကနဦး အတွေးသည်တော့ သူ့မိသားစု၏ အကာအကွယ်အောက်၌ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းရန်သာ ဖြစ်သည်။

သို့သော်လည်း တိုင်မူတျန်ခီ ဆိုသည့် လူယုတ်မာ တစ်ယောက်ကြောင့် အရာအားလုံး ပျက်စီးခဲ့ရပေသည်။

တိုင်မူတျန်ခီသည် နတ်ဘုရားတက်လှမ်းခြင်း မင်းဆက်၏ နံပါတ်တစ် ပါရမီရှင် တစ်ဦး ဖြစ်သည်။

ထိုလူသည် အသက်ရှစ်နှစ် ကတည်းက သိုင်းပညာကို စတင် ကျင့်ကြံခဲ့ပြီး အသက် ဆယ့်နှစ်နှစ်၌ သေမျိုး အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ အသက်ဆယ့်ငါး၌ မြေကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အသက်ဆယ့်ရှစ်၌ မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့လေသည်။

အသက်နှစ်ဆယ်တွင် ကောင်းကင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပြီး အဆင့်ရှစ် သိုင်းဝိညာဉ်ကိုလည်း နိုးထစေခဲ့သည်။ ထို့နောက်တွင်တော့ သိုင်းပညာ မြင့်မြတ်ကုန်းမြေ ဆိုသည့် ကလန်၏ လက်ခံခြင်း ခံခဲ့ရပြီး အလွန်ထူးချွန်သည့် ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်လာသည်။ သူ့အား နတ်ဆိုးဟုပင် ဆိုနိုင်ပေသည်။

သို့သော် တိုင်မူတျန်ခီ ထိုကဲ့သို့ အောင်မြင်မှုများ မည်သို့ ရခဲ့သနည်း။ အရာအားလုံးမှာ ချန်ဖုန်း၏ အစ်မဖြစ်သူ ချန်ရှင်းရွဲ့ကြောင့်သာ ဖြစ်လေသည်။

ချန်ရှင်းရွဲ့သည် နတ်ခန္ဓာနှင့် မွေးဖွားလာသူ တစ်ယောက် ဖြစ်၏။ ကျင့်ကြံသူ တစ်ယောက်မှာ သူမနှင့် မီတာတစ်ရာ အကွာတွင် ကျင့်ကြံမည်ဆိုပါက ကြိုးစားမှု တစ်ဝက်နှင့် ရလဒ် နှစ်ဆ ရနိုင်သည်။ ဆယ်မီတာ အတွင်း ကျင့်ကြံမည်ဆိုပါက တစ်ရက်တည်းနှင့် မိုင်တစ်ထောင် ခရီးသွားနိုင်သည်ဟုပင် ဆိုရပေမည်။

အကယ်၍ သူမကိုသာ ဇနီးတစ်ယောက် အဖြစ် ပိုင်ဆိုင်ပြီး ကျင့်ကြံမည်ဆိုပါက သိုင်းဝိညာဉ် နိုးထလာသည်နှင့် နတ်ဘုရားတစ်ယောက် ချီးမြောက်လိုက်သည့်အလား ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။

ထိုအကြောင်းအရာကို တိုင်မူတျန်ခီ သိရှိသွားခဲ့ပြီး ချန်ရှင်းရွဲ့နှင့် နီးစပ်ရန်နှင့် သူမ နှလုံးသားအား လှည့်စားရန် ကြိုးစားတော့သည်။

သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ တားဆီးမရတော့ပဲ နတ်ဘုရား တက်လှမ်းခြင်း မင်းဆက် တစ်ခုလုံးကိုပင် ဟိုးလေးတကျော်ကျော် ဖြစ်သွားစေလေသည်။

အဆုံးသတ်၌ ထိုပုဂ္ဂိုလ်က ဆိုးယုတ်သည့် ရည်ရွယ်ချက်များနှင့် ပြည့်နေခဲ့လေသည်။

သူ အောင်မြင်မှုကို ရရှိခဲ့ပြီးသည်နှင့် မကောင်းသည့် အတွေးများ တွေးတော့သည်။

သူက ချန်ရှင်းရွဲ့အား ဖိနပ်ဟောင်းတစ်ရံကဲ့သို့ စွန့်ပစ်ခဲ့ရုံသာမက ချန်မိသားစုကို ရက်စက်စွာ သုတ်သင်ရန် တိုင်မူ မိသားစုမှ အကြီးအကဲများကို တိတ်တဆိတ် အမိန့်ပေးခဲ့လေသည်။

ချန်ဖုန်းသည် ထိုကပ်ဆိုးမှ လွတ်မြောက်ရန် ကံကောင်းခဲ့သော်လည်း သူ့မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သွေးအိုင်ထဲ လဲကျသွားခဲ့သည်အား ဆို့နစ် ရှောင်လွဲမရစွာ ကြည့်နေခဲ့ရသည်။

ကြီးမားလှသည့် အပြောင်းအလဲကြီးကြောင့် ချန်ဖုန်းမှာ တိုင်မူတျန်ခီ၏ မျက်နှာဖုံးကို ခွာချပြီး လက်စားချေနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားတော့သည်။

သို့သော်လည်း တိုင်မူတျန်ခီ၏ ခွန်အားကြောင့် ကြီးစွာ အရှက်ခွဲခံရရုံ သာမက တွန်းလှန်မရ ဖြစ်ခဲ့ရသည်။

ကံအကြောင်း တိုက်ဆိုင်စွာဖြင့် ချန်ဖုန်းသည် လျှို့ဝှက်နဂါးကျောင်း၏ သတ်ဖြတ်ခြင်း ရတနာ ဖြစ်သော “မိုးမုန်တိုင်း ဒေါသ “လက်နက်ကို ရရှိခဲ့ပြီး တိုင်မူတျန်ခီ နှင့်အတူ သေဆုံးခဲ့လေသည်။

သို့သော်လည်း မိုးမုန်တိုင်း ဒေါသ ပေါက်ကွဲပြီးသည့်နောက် ယခု သူသည် အိပ်ရာထဲ လဲလျောင်းလျက် ရောက်ရှိနေလေသည်။

“ချန်ဖုန်း …. မင်း တကယ် သေချင်တာလား…”

ချန်ဖုန်း စိတ်ထဲ ယူကျုံးမရနေသည့် အချိန်တွင် သူ့နားထဲ စကားသံ တစ်ခုအား ကြားလိုက်ရလေသည်။

“ဘယ်သူလဲ…” ချန်ဖုန်း တုန်လှုပ်သွားတော့သည်။

“ကျုပ် နာမည်က နလန်ချန်းရှန်…. ဟိုးရှေးခတ်က အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အထီးကျန် ဝိညာဉ် တစ်ယောက်ပဲ…”

“နလန်ချန်းရှန် ဟုတ်လား… အထီးကျန်ဝိညာဉ်…”

ချန်ဖုန်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း မည်သူ မှ မမြင်ရချေ။

“ကောင်လေး… လိုက်ကြည့်မနေနဲ့… ငါ က မင်း စိတ်ထဲမှာ…”

နလန်ချန်းရှန် ပြောလာသည်။

“မင်းရဲ့ ကျင့်ကြံခြင်း အဆင့်သာ လုံလုံလောက်လောက် အားကောင်းလာပြီး နတ်ဘုရား ဝိညာဉ်လည်း သန်မာလာမယ်ဆိုရင် ငါ့ရဲ့ တည်ရှိမှုကို မြင်နိုင်လိမ့်မယ်…”

“ဘာရယ်… ခင်ဗျားက ကျုပ် စိတ်ထဲမှာလား…”

ချန်ဖုန်း ကြက်သီးမွေးညင်းများ ထသွားကာ အော်လိုက်တော့သည်။

“ခင်ဗျား ဘာကြောင့် ကျုပ် ခေါင်းထဲ ရောက်နေတာလဲ…ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…”

“ဟမ့်… အစတုန်းက ကျုပ်က ယန်မြို့တော်က ပန်းတစ်ထောင် စားသောက်ဆိုင်မှာ အိပ်ပျော်နေတာ…”

နလန်ချန်းရှန် ဆက်ပြောသည်။

“နောက်ဆုံးမှာတော့ ကောင်လေး… မင်းက မိုးမုန်တိုင်းကို ဖေါက်ခွဲလိုက်တော့ ကျုပ် နက်နက်ရှိုင်းရှိင်း အိပ်ပျော်နေတာကို နိုးလိုက်သလို ဖြစ်သွားတယ်…”

“မင်းရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကျုပ် မြင်တော့ ကျုပ်ရဲ့ စွမ်းအား နည်းနည်းကို အသုံးပြုပြီး လွန်ခဲ့တဲ့ တစ်နှစ်က အချိန်ကို နောက်ပြန်ဆုတ်ပေးလိုက်တာ…”

“မင်းကို ပြန်စပြီး နောင်တတွေကို ပြင်ဆင်ဖို့ အခွင့်အရေး တစ်ခု ပေးမယ်…”

“ဒါနဲ့ နေစမ်းပါဦး… ကျေးဇူးမဆပ်ရင် နေကွာ … ဘာကိစ္စ မင်းက အော်ဟစ်နေရတာလဲ..”

“ဘာ…ခင်ဗျားက အချိန်ကို လွန်ခဲ့တဲ့ တစ်နှစ်အထိ နောက်ပြန်ဆုတ်လိုက်တယ်လား…”

ထိုစကားကြားသည်တွင် ချန်ဖုန်း၏ စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်သွားပြီး အိပ်မက်မက်နေသည့် အလား ခံစားလိုက်ရသည်။

“မဖြစ်နိုင်ဘူး… ဒါ လုံးဝ မဖြစ်နိုင်ဘူး…”

“အချိန်ဆိုတာ အရှေ့ပဲ ဆက်သွားတာ ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး…ခင်ဗျား ကျုပ်ကို လိမ်နေတာ…”

“မောက်မာလိုက်တာ…”

နလန်ချန်းရှန် နှာမှုတ်လိုက်ပြီး…

“လုံလောက်တဲ့ ကျင့်ကြံခြင်း စွမ်းအားသာ ရှိနေမယ်ဆိုရင် အချိန်ဆိုတာ မိုးနဲ့ မြေရဲ့ ဥပဒေသ အစိတ်အပိုင်း တစ်ခုသာသာပဲ….”

“အချိန်ကို စီးဆင်းစေမလား…၊ တောင်နဲ့မြစ်ကို ပြောင်းပြန်လှန်မလား…. လမင်းစန္ဒာကို ဖမ်းဆုပ်မလား…. ကောင်းကင် တစ်ခုလုံးကို လက်ညှိုးတစ်ချောင်းနဲ့ မှောက်ပစ်မလား… အကုန် အလွယ်လေးပဲ…”

နလန်ချန်းရှန်၏ စကားလုံးများက ချန်ဖုန်းအား အချိန်အတန်ကြာ တုန်လှုပ်သွားစေသည်။

သို့သော်လည်း သူ့ နှလုံးသားထဲတွင်တော့ လက်ခံရန် အလွန်ခဲယဉ်းနေမိသည်။

ထို အချိန် ၌…

“ကျွီ”

အခန်းတံခါးမှာ တွန်းဖွင့် ခံလိုက်ရလေသည်။

အစိမ်းရောင် ဝတ်စုံနှင့် လူငယ်လေး တစ်ယောက် အခန်းထဲ လျှောက်လှမ်းလာခဲ့ပြီး.. ချန်ဖုန်း အိပ်ရာထက် ထိုင်နေသည်အား မြင်သော် ပြုံးလိုက်လေသည်။

“သခင်လေး…. နိုးနေပြီလား…”

“ကောင်းလိုက်တာ… မိသားစုခေါင်းဆောင် ပြောတာတော့ သခင်လေး အနားယူပြီး နိုးလာဖို့ လေးငါးရက်လောက် ကြာဦးမှာတဲ့…”

အစိမ်းရောင် ဝတ်စုံနှင့် လူငယ်လေးအား မြင်သော် ချန်ဖုန်း၏ နှလုံးသား အခုန်မြန်သွားသည်။

“အန်လေး…မင်း အသက်ရှင်သေးတယ်လား…”

အစိမ်းရောင်နှင့် လူငယ်လေး၏ နာမည်မှာ ချန်အန် ဖြစ်ပြီး ချန်ဖုန်း၏ အစေခံတစ်ယောက် ဖြစ်ပေသည်။

သို့သော် ချန်အန်မှာ တိုင်မူတျန်ခီ၏ လက်ဝါးချက် အောက်၌ အသေဆိုးခဲ့၏။ ချန်ဖုန်း ယင်းအဖြစ်အပျက်အား ရှင်းရှင်းလင်းလင်း မှတ်မိနေမိသည်။

သို့သော်လည်း ယခု အခိုက်အတန့်၌ ချန်အန်မှာ သူ့အရှေ့ ရပ်လျက် ရှိနေသည်။

ယင်းမှာ ဆန်းကြယ်သည့် နလန်ချန်းရှန် လိမ်ညာနေခြင်း မဟုတ်ကြောင်း သက်သေ ပြလိုက်ခြင်းပင်။

နလန်ချန်းရှန်သည် လွန်ခဲ့သည့် တစ်နှစ်က အချိန်ကို သူ့အား ပြန်လည် ခေါ်ဆောင်ရန် ကောင်းကင်လွန်ဆန်သည့် ပညာရပ် တစ်ခု အသုံးပြုခဲ့သည်အား တွေးလိုက်မိသော် ချန်ဖုန်း သူ့ ရင်ထဲ တုန်လှုပ်သွားမိ၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset