ရတနာတန်ခိုးရှင်၏ကံကြမ္မာ
မူရင်းရေးသူ – Tang Jia Sang Shao
အခန်း ( ၂၀ ) အင်မော်တယ် နတ်ဝိဇ္ဇာ ပညာရပ်… ကောင်းကင် ရတနာ နှိုးထခြင်း – ၄
ကျိုးဝေ့ချင်းသည် သေရမည်ကိုကြောက်သော်လည်း သူ၏စိတ်ဓာတ်မှာ အခြားသူများထက်ပိုမိုကြံ့ခိုင်သည်။ သူက ထိုအတွက် သူ့အဖေကိုကျေးဇူးတင်သည်။ သူ့အဖေသာ သူ့ကိုငယ်ငယ်ကတည်းက ကြမ်းတမ်းခက်ခဲသည့်လေ့ကျင့်ခန်းများ မလုပ်ပေးခဲ့လျင် ဤလမ်းကို လုံးဝရွေးချယ်ရဲမည်မဟုတ်ပေ။
အချိန်များကုန်လွန်သွားသောကြောင့် ကျိုးဝေ့ချင်းမှာ သူ့ခန္ဓာကိုယ်တွင် ပူလိုက်အေးလိုက်အလှည့်ကျဖြစ်နေသည်ကို ခံစားနေရသည်။ တစ်ခါတစ်ရံမှာ နာကျင်မှုနှင့်ထုံထိုင်းမှုကို ခံစားရပြီး တစ်ခါတစ်ရံတွင် မခံစားနိုင်သောယားယံမှုကြောင့် တဲထဲတွင် ထိန်းချုပ်၍မရအောင် လိမ့်ပြန်နေရသည်။ မီးခိုးနက်ရောင်အလွှာမှာ လုံးဝပျောက်ကွယ်သွားသည်အထိ သူ့အရေပြားအတွင်းမှစိမ့်ထွက်နေပြီး တဲတစ်ခုလုံးတွင်ပျံ့နှံ့နေသည်။
သူ့မျက်လုံးများက သွေးကဲ့သို့ နီရဲသထက်နီရဲလာကာ အသိစိတ်များက နာကျင်မှုကြောင့်ဝေဝါးလာသည်။ သူ့စိတ်ထဲတွင် ဆန်းကျယ်သည့်ပုံရိပ်တစ်ခုကို မြင်နေရပုံပေါ်သလို ထူးဆန်းသည့်သတ္တဝါတစ်ကောင်အကြောင်းကို ပြောပြချင်နေဟန်ရသည်။
၎င်းမှာ အခြားမည်သည့်အရောင်မှမရှိဘဲ ပိန်းပိတ်အောင်နက်မှောင်နေသော အလွန်ကြီးမားသည့်မဟူရာကျားကြီးတစ်ကောင်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးခိုးရင့်ရောင်အရှိန်အဝါတစ်ခု လွှမ်းခြုံနေပြီး သွေးရောင်ကဲ့သို့နီရဲနေသောမျက်လုံးများထဲတွင် မရဏအငွေ့အသက်များဖြင့်ပြည့်နှက်နေသည်။ စိမ်းပြာရောင်လေစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်ကိုလှည့်ပတ်နေသည်။ သို့သော် အထူးခြားဆုံးအရာကား သာမန်ကျားတစ်ကောင်၏အမြီးနှင့်မတူညီသည့် ၄င်း၏အမြီးကြီးဖြစ်သည်။ ယင်းမှာ ကြီးမားသည့်ကင်းမြီးကောက် အမြီးကြီးဖြစ်လေသည်။
ဘာသတ္တဝါလဲ။ ကျိုးဝေ့ချင်းမှာ အံ့သြမှု… မသေချာမှုများဖြင့်ပြည့်နှက်နေသည်။ သူကအရူးမဟုတ်ပေ။ သူကား ဥာဏ်အလွန်ကောင်းသည့် လူတစ်ယောက်ဖြစ်သည်။ ဤအချိန်တွင် သူမျိုချခဲ့သည့်ပုလဲနက်ကြောင့် ဖြစ်ပွားနေသည့် ခန္ဓာကိုယ်ကပြောင်းလဲမှုများကို နားမလည်နိုင်ပေ။သို့သော်အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင်ဖြစ်မနေပေ။ သူကလဲလျောင်း၍သာ ၎င်းကိုလက်ခံနေရသည်။
သူ မသိခဲ့သည်မှာ သူ့ကို ၁၃ နှစ်ကြာအောင် အနှောင့်အယှက်ပေးနေသည့် ပိတ်ဆို့နေသောသွေးကြောများက ခန္ဓာကိုယ်ပတ်လည်တွင်ရစ်ဝဲနေသည့် လွှမ်းမိုးမှုအားကြီးမားသော မီးခိုးရောင်စွမ်းအင်ကြောင့် ယခုအခါတွင် ပွင့်သွားကာ အလွန်ပြင်းထန်သည့် နာကျင်မှုကိုခံနိုင်ခဲ့သောကြောင့် သူ့ခန္ဓာကိုယ်၏ မသန့်စင်သောအညစ်အကြေးများက ခန္ဓာကိုယ်ထဲမှ လျင်မြန်စွာ ထွက်ခွါသွားခြင်းကိုဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အသစ်ပြန်လည်ဖွဲ့စည်းသွားပြီး ယင်းက ကောင်းကင်စွမ်းအင်ပထမအဆင့်သုံးဆင့်ကို တန်ခိုးကျင့်ထားပြီးသောအစွမ်းသတ္တိမျိုးဖြစ်သည်။
ကောင်းကင်လေးမြို့တော်၏အပြင်ဘက်တပ်ဝင်းတွင် စစ်သားနှစ်ရာရှိသော တပ်ခွဲနှစ်ခွဲသာ တပ်ချထားသည်။ တစ်တပ်မှာ လေးတပ်ဖြစ်ပြီး နောက်တစ်တပ်မှာ ခြေလျင်တပ်ဖြစ်သည်။ တပ်သားသစ်စုဆောင်းရန်သာဖြစ်သဖြင့် စစ်သားနှစ်ရာမှာ လုံလောက်သည်။
ရှမ်ကွမ်းပင်းအာမှာ တပ်ရင်းမှူးဖြစ်သောကြောင့် ဤတပ်ဝင်းထဲတွင် အမြင့်ဆုံးအရာရှိဖြစ်ပြီး သူမ၏တဲမှာလည်း တပ်ဝင်း၏အလယ်တည့်တည့်တွင်ရှိသည်။ ဤအချိန်တွင် သူမသည် အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကောင်းကင်စွမ်းအင်ကျင့်ကြံနေသည်။
သဘာဝဒြပ်ရတနာသခင်သို့မဟုတ် ခန္ဓာဒြပ်ရတနာသခင်ဖြစ်စေ ကောင်းကင်ရတနာသခင်ဖြစ်စေ ကောင်းကင်စွမ်းအင်သည် အရေးကြီးသည့်အခြေခံလိုအပ်ချက်ဖြစ်သည်။ သင်က သင့်ရတနာကို အဆင့်မြှင့်တင်လိုလျင် ကောင်းကင်စွမ်းအင်ကိုဦးစွာကျင့်ကြံဖို့လိုအပ်သည်။
ရုတ်တရက် ရှမ်ကွမ်းပင်းအာ၏မျက်ခုံးများမှာ တွန့်ခေါက်သွားသည်။ အစိမ်းနုရောင်စွမ်းအင်စီးကြောင်းတစ်ခုကို ပါးစပ်မှထုတ်လွှတ်လိုက်ပြီး နှခေါင်းထဲသို့ ဖြည်းညှင်းစွာ စုပ်ယူသွင်းလိုက်သည်။ သူမ၏လက်များက ဒူးခေါင်းပေါ်ကိုပြန်ကျသွားပြီး မျက်လုံးများပွင့်လာသည်။
” ဒါကဘာအငွေ့အသက်လဲ။ သဘာဝဒြပ်ရတနာသခင်လား။ ခန္ဓာဒြပ်ရတနာသခင်လား။ ဒါမှမဟုတ် ကောင်းကင်ရတနာသခင်လား။ ဒီတပ်ဝင်းထဲမှာ ကောင်းကင်ရတနာသခင်တစ်ဦးနိုးထသွားတာလား။ ”
လေကိုခွင်းလိုက်သည့်အသံတစ်ခုနှင့်အတူ ရှမ်းကွမ်းပင်းအာသည် အိပ်ရာပေါ်မှလျင်မြန်စွာထလိုက်သည်။ သူမ၏မျက်လုံးများက မသေချာမရေရာဖြစ်နေသည်။ ကောင်းကင်ရတနာသခင်တစ်ဦးအနေနှင့် သူမ၏မျက်လုံးများက သာမန်လူတစ်ယောက်ထက် ၁၀ ဆမျှပိုမိုစူးရှသည်။ အထူးသဖြင့်ကောင်းကင်ရတနာသခင်အချင်းချင်းဆိုရင်ဖြစ်သည်။
ကောင်းကင်ရတနာများနိုးထလာသည့်အခါ ခန္ဓာဒြပ်ရတနာနှင့် သဘာဝဒြပ်ရတနာနှစ်မျိုးပေါင်းစည်းသွားသောကြောင့် ကျယ်လောင်သည့်စွမ်းအင်ပေါက်ကွဲမှုဖြစ်ပွါးလေ့ရှိသည်။ ယင်းဖြစ်စဉ်အရ ကောင်းကင်ရတနာသခင်များ၏ ဝန်းကျင်ဧရိယာတွင် ပြင်းထန်သောဓာတ်ပြုပေါက်ကွဲမှုဖြစ်ပေါ်သည်။ အမှန်တကယ်တော့ ယင်း၏အကွာအဝေးမှာ အကန့်အသတ်ရှိသဖြင့် ဗိုလ်ချုပ်စံအိမ်တွင် ရှိနေသည့် ဗိုလ်ချုပ်ကျိုး အာရုံခံမိနိုင်မည်မဟုတ်ပေ။
တစ်ခဏမျှအကြာတွင် စိတ်ပြန်လည်တည်ငြိမ်သွားပြီး ရှမ်ကွမ်းပင်းအာသည် အငွေ့အသက်၏အရင်းအမြစ်နေရာကို အာရုံစိုက်ရှာဖွေလိုက်သည်။ လျင်မြန်စွာပင် သူမ၏အကြည့်များက ဦးတည်ရာလမ်းကြောင်းတစ်ခုပေါ်သို့ကျရောက်သွားသည်။ အတိအကျပင်ကောင်းကင်ရတနာသခင်တစ်ဦးနိုးထခြင်းဖြစ်ကြောင်း သူမပြတ်သားစွာဆုံးဖြတ်လိုက်ပြီး စိတ်ထဲတွင်လည်း ပျော်ရွှင်သွားသည်။
ကောင်းကင်လေးအင်ပါယာတစ်ခုလုံးတွင် ဗိုလ်ချုပ်ကျိုးနှင့် သူမကိုယ်တိုင်မှ ကောင်းကင်ရတနာသခင်နှစ်ဦးသာရှိသည်။ အထူးသဖြင့် ကောင်းကင်လေးအင်ပါယာကဲ့သို့သော အလွန်သေးငယ်သည့်နိုင်ငံငယ်တစ်ခုတွင် ကောင်းကင်ရတနာသခင်များသည် အလွန်ကြီးမားသော အကာအကွယ်ကြီးများဖြစ်သည်။ အကြောင်းမှာ ကာလိဆီအင်ပါယာက သူတို့တွင်ကောင်းကင်ရတနာသခင် ၃ ဦးရှိသောကြောင့် ကောင်းကင်လေးအင်ပါယာကို အမြဲဖိအားရစေသည်။ ဗိုလ်ချုပ်ကျိုးသာ သူတို့ထက်တန်ခိုးအဆင့်မမြင့်ခဲ့လျှင် ကောင်းကင်လေးအင်ပါယာမှာ ကာလိဆီအင်ပါယာ၏ ချေမှုန်းခြင်းကို ခံရပြီးဖြစ်လိမ့်မည်။ ကာလိဆီအင်ပါယာက သူတို့၏နယ်ပယ်အတွက် အချိန်အတော်အကြာတည်းက အထူးသဖြင့်က်တြာရာသစ်တောကို လိုချင်နေသည်။
ရှမ်ကွမ်းပင်အာသည် တစ်စုံတစ်ခုကိုတွေးမိလိုက်သောကြောင့် မရပ်တန့်ဘဲ ဆက်သွားလိုက်သည်။ ကောင်းကင်ရတနာသခင်များနိုးထသည့်အခါ သူတို့အတွက်အလွန်အန္တရာယ်ကြီးမားသည်ကို သူမသိသည်။ သူတို့သာ ဂရုမစိုက်ပါလျင် ဒွိအမွှာရတနာနှစ်ခုနိုးထမှုကြောင့် ဖြစ်ပေါ်လာသည့် အလွန်ပြင်းထန်ကြီးမားသည့်စွမ်းအင်က သူတို့ခန္ဓာကိုယ်ကိုဖျက်ဆီးပစ်လိုက်နိုင်သည်။ ကောင်းကင်ရတနာသခင်များ မည်သည့်အတွက်ကြောင့်အလွန်နည်းပါးနေရသလဲဆိုသည့်အကြောင်းမှာ ယင်းကြောင့်လည်းဖြစ်သည်။ ကောင်းကင်ရတနာသခင် ၁၀ဦးတွင် ၃ ဦးမှာ ဤအချက်တစ်ခုတည်းနှင့်ပင် ပျက်ဆီးသေဆုံးကုန်ကြသည်။ ထို့ကြောင့် သူမသည် ရတနာနိုးထလာသူကို ချက်ချင်းရှာတွေ့ရန်လိုအပ်ပြီး အောင်မြင်အောင် ကူညီဖို့အကောင်းဆုံးဆောင်ရွက်ပေးရမည်။
သူမ၏စိတ်အာရုံသိစိတ်အတိုင်း ရှမ်ကွမ်းပင်းအာသည် ရင်းမြစ်နေရာကို လျင်မြန်စွာရှာဖွေတွေ့ရှိသွားသည်။
ဝင်းထဲတွင်ရှိသောတဲများကိုဖြတ်ကျော်ပြီး အစွန်အဖျားတွင်ရှိသော တဲငယ်တစ်ခုသို့ရောက်ရှိသွားသည်။ သူမ အံ့သြမှုကြောင့် ငေးမောထုံအသွားသည်။
သူလား။ သူကဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီတဲထဲကဖက်တီးလေးကျိုးက နေ့လည်ခင်းက အမောလွန်ပြီးသတိလစ်သွားတာမဟုတ်ဘူးလား။
အမှန်တော့ သူမက ကျိုးဝေ့ချင်းကို အလွန်အမင်းမုန်းတီးသည့်စိတ် မရှိပေ။ တိုက်ဆိုင်မှုကြောင့် ကျိုးဝေ့ချင်းကသူမကို အကြိမ်ပေါင်းများစွာ ဒေါသထွက်စေသည်။ ထို့ကြောင့် ဤလူညစ်ကောင်ကို အပြစ်ပေးရန်ဆုံးဖြတ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် ကျိုးဝေ့ချင်းသည် သူမ၏တပ်ရင်းကစစ်သားလေးတစ်ယောက်သာဖြစ်သည်။ သူကအပြင်ဘက်တွင် ရိုးသားပုံရှိသော်လည်း အတွင်းထဲတွင် အလွန်ကောက်ကျစ်ဥာဏ်များသည်။ သူ့မှာ မည်သည့်ထူးခြားမှုမှမရှိပေ။ ဒီနေ့ သူမောပန်းပြီးသတိလစ်သွားသည်ကို ကြည့်ပြီး မနက်ဖန်မှာ ကျောက်တုံးများ၏အလေးချိန်ကိုလျှော့ချပေးဖို့ သူမဆုံးဖြတ်ပြီးဖြစ်သည်။ အမှန်တော့ သူမဤကဲ့သို့ပြုလုပ်ရခြင်းမှာ ကျိုးဝေ့ချင်းကိုအပြစ်ပေးရုံသာမဟုတ်ဘဲ လေးသည်များ၏စွမ်းရည်ကိုလဲ အထင်ကြီးစေလိုခြင်းကြောင့်ဖြစ်သည်။ ကျိုးဝေ့ချင်း ဤအကြောင်းကိုသိလျင် သူဘာတွေးရမလဲဆိုတာကိုသိမည်။
ရှမ်ကွမ်းပင်းအာသည် အလွန်ကြင်နာတတ်သူဖြစ်သည်။ သူမက တဲအပြင်ဘက်မှာ ထိန့်လန့်မှုကြောင့်ကြောင်အနေသော်လည်း ခဏကြာတွင်ပြန်လည်သတိရသွားသည်။ ကျိုးဝေ့ချင်းက သူမ၏လက်အောက်ငယ်သားဖြစ်သည်။ သူမ၏တပ်ရင်းကို ကောင်းကင်ရတနာသခင်တစ်ဦးရောက်လာသည့်အတွက် ရရှိမည့်အကျိုးကိုမကြည့်ဘဲ ကောင်းကင်ရတနာသခင်တစ်ဦးအဖြစ် နှစ်ဦးစလုံးကကောင်းကင်လေးအင်ပါယာ၏ နိုင်ငံသားများဖြစ်သောကြောင့် သူမကျိုးဝေ့ချင်းကို အမှန်ပင်ကူညီပေးရမည်။
ထို့ကြောင့် ထပ်မံတုန့်ဆိုင်းမနေတော့ဘဲ ကျိုးဝေ့ချင်း၏တဲသို့အလျင်အမြန်သွားလိုက်သည်။ တဲထဲသို့မဝင်သေးတာတောင်မှ ရေခဲအအေးကြောင်း၏ ပြင်းထန်သည့်ပေါက်ကွဲမှုကိုခံစားလိုက်ရသည်။ သူမကကောင်းကင်စွမ်းအင်အဆင့်ရှစ်ကိုရောက်နေခဲ့ပြီးဖြစ်သည်ပင် သွေးကြောတစ်ခုလုံး ခဲသွားသလို အအေးဓာတ်ကြောင့်တုန်ယင်နေသည်။ အအေးဓာတ်ကိုခုခံရန် ကောင်းကင်စွမ်းအင်ကို သွေးကြောများထဲတွင် အလျင်အမြန်လှည့်ပတ်လိုက်သည်။
ပြင်းလိုက်တဲ့စွမ်းအင်ပေါက်ကွဲမှု။ ဒီနေ့ ဒီကောင့်မှာ ကောင်းကင်စွမ်းအင်ရဲ့ ဘယ်လက္ခဏာကိုမှ သတိမထားမိပါဘူး။ ညမှ သူ့ရတနာစွမ်းအားက ဘယ်လိုနိုးထသွားတာလဲ။ သူက ကောင်းကင်စွမ်းအင်အဆင့်လေးဆင့်ကို ဒီအချိန်တိုလေးမှာ ရသွားတာလား။
ကောင်းကင်ရတနာသခင်များသည် ခန္ဓာဒြပ်ရတနာသခင် သို့မဟုတ် သဘာဝဒြပ်ရတနာသခင်များနှင့်မတူကြပေ။ သူတို့က သူတို့ရတနာမနိုးထခင် စွမ်းအင်အဆင့်လေးအထိကို အရင် မြှင့်တင်ရသည်။ ယင်းက ခန္ဓာဒြပ်ရတနာသခင်များသို့မဟုတ် သဘာဝဒြပ်ရတနာသခင်များ၏ စွမ်းအင်သုံးဆင့်နှင့် ယှဉ်နိုင်သည်။ ရှမ်ကွမ်းပင်းအာက အားလုံးကိုစဉ်းစားကြည့်ပြီး စိတ်ရှုပ်သွားသည်။ သူမကို ပိုပြီးအံ့သြစေသည်က အရိုးထိအောင်ခိုက်သည့်
အလွန်ပြင်းထန်သော အအေးဓာတ်ဖြစ်သည်။ ရေဓာတ်စွမ်းရည်ကောင်းကင်ရတနာသခင်တစ်ဦးတောင်မှ ထိုကဲ့သို့သောစွမ်းအင်မျိုးကို မထုတ်လွှတ်နိုင်ပေ။ သူတို့၏ရေခဲစွမ်းအင်သာလျှင် ရေခဲကဲ့သို့အေးပေလိမ့်မည်။ သို့သော် အမှောင်ဓာတ်၏အအေးမျိုးလိုတော့မဟုတ်ပေ။
ကောင်းကင်ရတနာသခင်များကို နှိုင်းယှဉ်သည့်အခါ သူတို့၏သဘာဝဒြပ်ရတနာ သဘာဝဒြပ်စွမ်းရည်များက ခွန်အားကိုဆုံးဖြတ်ရာတွင် အရေးကြီးသည့်အချက်ဖြစ်သည်။ စွမ်းရည်အားလုံးတွင် အပြင်းထန်ဆုံးစွမ်းရည်များမှာ အမှောင်၊ အလင်း၊ တည်နေရာနှင့် အသက်ဓာတ်စွမ်းရည်များဖြစ်သည်။ ဤသဘာဝဒြပ်ရတနာလေးမျိုးကို ကြီးကျယ်သောမဟာစွမ်းရည်လေးမျိုးဟု သတ်မှတ်သည်။ သူတို့က အလွန်ရှားပါးရုံသာမက အခြားသောသာမန်စွမ်းရည်များထက်လည်း ပိုမိုပြင်းထန်သေးသည်။ အားလုံးထဲတွင် အမှောင်ဓာတ်စွမ်းရည်ကို အဆန်းကြယ်ဆုံးဟုသတ်မှတ်သည်။ ဤဖက်တီးလေးကျိုးသည် အမှောင်ဓာတ်စွမ်းရည်တကယ်ရှိနေလျင် သူ့အနာဂတ်မှာ အလွန်ပင်အလားအလာကောင်းမွန်နေလိမ့်မည်။ သူမကိုတောင်မှ ကျော်လွန်သွားနိုင်သည်။
ဤအကြောင်းများကိုတွေးရင်း ရှမ်ကွမ်းပင်းအာသည် ထပ်မံအချိန်မဆွဲရဲတော့ဘဲ တဲထဲကိုချက်ချင်းဝင်လိုက်သည်။ သူမဝင် ဝင်ချင်းမှာပဲ ပထမဆုံးမြင်လိုက်သည့်အရာမှာ သွေးကဲ့သို့အလွန်နီရဲနေသော မျက်လုံးနှစ်စုံဖြစ်သည်။