Switch Mode

Chapter – 18

အင်မော်တယ် နတ်ဝိဇ္ဇာ ပညာရပ်… ကောင်းကင် ရတနာ နှိုးထခြင်း - ၂

ရတနာတန်ခိုးရှင်၏ကံကြမ္မာ

မူရင်းရေးသူ – Tang Jia Sang Shao

အခန်း ( ၁၈ ) အင်မော်တယ် နတ်ဝိဇ္ဇာ ပညာရပ်… ကောင်းကင် ရတနာ နှိုးထခြင်း – ၂

မူလက ကျိုးဝေ့ချင်း ဤအင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို ရခဲ့သည့်အချိန်တွင် အခြေခံနည်းလမ်းများကိုကြည့်ကာ ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့် မည်သည့်အခါကမှ စတင်လေ့လာခြင်းမပြုခဲ့ပေ။ သူသည် အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်တွင် ပါဝင်​သောအခန်းများကိုသာ တစ်ချက်မျှကြည့်ခဲ့သည်။

ကောင်းကင်စွမ်းအင်ကိုတန်ခိုးကျင့်ရန် တစ်စုံတစ်ယောက်တွင် လေ့ကျင့်သည့်ပညာရပ်တစ်ခုရှိရမည်။
လေကျင့်သည့်ပညာကိုသုံးပြီး ကောင်းကင်စွမ်းအင်ကိုကျင့်ကာ သူ၏ခန္ဓာကိုယ်သန်မာလာရန် ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်စွမ်းအင်များကိုစုပ်ယူပြီး ကိုယ်တွင်းရှိကောင်းကင်စွမ်းအင်များကို တိုးပွါးလာအောင်ပြုလုပ်ရသည်။ ကောင်းကင်စွမ်းအင်ကို ကောင်းကင်ကျင်းစွမ်းအင်၊ ကောင်းကင်ရူစွမ်းအင်၊ ကောင်းကင်နတ်ဘုရားစွမ်းအင်နှင့် ကောင်းကင်တာအိုစွမ်းအင်ဟူ၍ အဆင့်လေးဆင့်ပိုင်းခြားသတ်မှတ်ထားသည်။ အဆင့်ကြီးတစ်ခုစီကို အဆင့်ငယ် ၁၂ ဆင့်ထပ်မံခွဲခြားထားသည်။ ဤအင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်သည် ထိုကဲ့သို့လေ့ကျင့်သည့်ပညာရပ်တစ်ခုဖြစ်သည်။ သို့သော် ၄င်းမှာ အလွန်ထူးခြားနက်နဲပြီး သာမန်ပညာများနှင့် များစွာကွာခြားသည်။

သာမန်ပညာရပ်များမှာ မည်သည့်ပညာရပ်ပင်ဖြစ်စေ သမာဓိထိုင်ခြင်း သို့မဟုတ် လေ့ကျင့်ရမည့်ခန္ဓာကိုယ်ပုံစံအမျိုးမျိုးအပြားပြားရှိသည်။ အမျိုးမျိုးသောနည်းလမ်းများမှာ အခြေခံအုတ်မြစ်အဖြစ် ပတ်ဝန်းကျင်ရှိစွမ်းအင်များကို စုပ်ယူရန် ကိုယ်တွင်းစွမ်းရည်များကိုလှုံ့ဆော်ပေးရသည်။ သို့သော် အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်မှာ ယင်းတို့အစား တန်ခိုးကျင့်ခြင်းနည်းလမ်းသစ်တစ်ခုအဖြစ် လုံးဝသွေဖယ်သွားသည်။ ပညာရပ်၏အဆီအနှစ်မှာ ခန္ဓာကိုယ်၏အရေးကြီးသောအပ်စိုက်မှတ်နေရာများကို ချိုးဖြတ်အောင်မြင်ရန်ဖြစ်သောကြောင့် အလွန်ရိုးရှင်းသည်ဟု ပြောနိုင်သည်။ သမာဓိထိုင်ခြင်း သို့မဟုတ် ခန္ဓာကိုယ်လေ့ကျင့်ခြင်းများဖြင့် ပတ်ဝန်းကျင်မှကောင်းကင်စွမ်းအင်များကို တကယ်ပင် စုပ်ယူစရာမလိုအပ်ပေ။ မရဏအပ်စိုက်အမှတ်တစ်နေရာကို အောင်မြင်ချိုးဖြတ်သွားနိုင်လိုက်တိုင်း သူ၏ကိုယ်တွင်းကောင်းကင်စွမ်းအင်လည်းတစ်ဆင့်တက်သွားလိမ့်မည်ဖြစ်သည်။ ကောင်းကင်စွမ်းအင်စုစည်းခြင်းသည် မရဏအပ်စိုက်အမှတ်နေရာများကို ချိုးဖြတ်နိုင်မည့်ရည်ရွယ်ချက်အတွက်ဖြစ်လေသည်။ ထို့ကြောင့် ၄င်းသည် ကျင့်ကြံရန်အလွန်ခက်ခဲသော်လည်း အလွန်ရိုးရှင်းသည့်ပညာရပ်ဖြစ်လေသည်။

ခန္ဓာကိုယ်၏ မရဏအပ်စိုက်မှတ် ၃၆ နေရာစလုံးကို ချိုးဖြတ်နိုင်ပါက ကောင်းကင်စွမ်းအင် အဆင့် ၃၆ သို့ရောက်ရှိအောင်မြင်သွားမည်ဖြစ်သည်။ ယင်းမှာ ကောင်းကင်နတ်ဘုရားစွမ်းအင်အဆင့်ဖြစ်သည်။ ထို့ကြောင့် တန်ခိုးကျင့်ခြင်း၏နောက်ဆုံးအဆင့်ကြီးကို ရောက်ရှိသွားပေလိမ့်မည်။

အင်ပါယာ၏အတော်ဆုံးပညာရှင်ဖြစ်သော သူ့အဖေဗိုလ်ချုပ်ကျိုးမှာ ကောင်းကင်စွမ်းအင်တန်ခိုးအဆင့် ၃၂ သာဖြစ်ပြီး ကောင်းကင်နတ်ဘုရားစွမ်းအင်၏အဆင့် ၈ သို့သာရောက်ရှိသေးသည်။ သူသည် လွန်ခဲ့သည့် ငါးနှစ်ကတည်းက အဆင့်မတက်နိုင်တော့ပေ။

ကျိုးဝေ့ချင်းငယ်စဉ်က ဗိုလ်ချုပ်ကျိုးသည် သူ့ကိုကြိုးစားပြီးတန်ခိုးကျင့်နိုင်စေရန် အမျိုးမျိုးသော လေ့ကျင့်ရေးပညာရပ်များကိုရှာဖွေအသုံးပြုခဲ့သည်။ နောင်ဆုံး သူတတ်နိုင်သမျှပညာရပ်အားလုံးနှံ့စပ်ကုန်စင်သွားသော်လည်း သူတို့ထဲက တစ်ခုကမှ ခန္ဓာယ်ကိုယ်ရှိ အရေးကြီးသော မရဏအပ်စိုက်အမှတ်နေရာများကို ကျော်ဖြတ်အောင်မြင်နိုင်စေခြင်းမရှိခဲ့ပေ။

ယင်းမှာ ကျိုးဝေ့ချင်း ဘာကြောင့် ဤလေ့ကျင့်ရေးပညာကို ကျင့်ဖို့မစတင်ရဲသည့် အကြောင်းအရင်းဖြစ်သည်။ ထိုနှစ်တွေနောက်ပိုင်းမှာ ဗိုလ်ချုပ်ကျိုးသည် သူ့ခန္ဓာကိုယ်ကိုနှစ်စဉ်နီးပါး စစ်ဆေးပေးခဲ့သော်လည်း သူ့အသက်ကကြီးလာသည်နှင့်အမျှ ပိတ်နေသောသွေးကြောများကမူ တိုးတက်သည့်လက္ခဏာမပြသပေ။ ထိုအတိုင်းသာဆိုလျှင် သူသည်အမှိုက်ကောင်အဖြစ်ထာဝရဆက်ရှိနေလိမ့်မည်။ ကျိုးဝေ့ချင်းသည် အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို ကျင့်သင့် မကျင့်သင့် ဟူသည့်ဆုံးဖြတ်ချက်နှင့် အချိန်အကြာကြီးနပမ်းလုံးနေခဲ့ရသည်။
ဒီနေ့ရောက်မှသာ သူဆုံးဖြတ်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်မှာခိုင်မာသွားတော့သည်။

ဗိုလ်ချုပ်ကျိုးသည် ကောင်းကင်ရတနာသခင်တစ်ဦးဖြစ်ပြီး ၄င်းကမျိုးရိုးအလိုက်အမွေဆက်ခံရနိုင်သည်။ ကောင်းကင်ရတနာသခင်များ၏အမွေဆက်ခံသူများသည် သူတို့ရတနာကိုနိုးထစေပြီးသည်နှင့် ရတနာများမှာတူညီနေတတ်သည်။

သို့သော် ကျိုးဝေ့ချင်း၏ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်သည့်အခါ သူ၏များစွာသောပိတ်ဆို့နေသည့်သွေးကြောများ၏လမ်းကြောင်းများသည် အနည်းငယ်သော မရဏအပ်စိုက်အမှတ်နေရာများအား ကျော်ဖြတ်လျက်ရှိနေသည်ကိုတွေ့လိုက်ရသည်။ ယင်းမှာ ဗိုလ်ချုပ်ကျိုး ဘာကြောင့်သူ၏ကောင်းကင်စွမ်းအင်ကိုသုံးပြီး ကျိုးဝေ့ချင်း၏သွေးကြောများကို မဖွင့်ပေးရဲသလဲဆိုသော အကြောင်းအရင်းဖြစ်သည်။ ဒါက သူ့ရည်မှန်းချက်ဖြစ်သော်လည်း သူ့သားကသူ့ကိုဆက်ခံရမည်ဖြစ်သည်။

ထိုအချိန်တွင် ကျိုးဝေ့ချင်းတွေးနေသည်။ သူက ဤအင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို ကျွမ်းကျင်သွားပြီး ထိုမရဏအပ်စိုက်အမှတ်နေရာများကိုဖြတ်ကျော်နိုင်လျင် သူ၏ပိတ်နေသောသွေးကြောင်းများကိုလည်းဖြေရှင်းနိုင်ပြီး ကောင်းကင်စွမ်းအင်ကိုလဲတန်ခိုးကျင့်ကြံနိုင်မည်။

ဒီနေ့ ကောင်းကင်ရတနာသခင်များ၏ လျှို့ဝှက်ချက်များကို ရှမ်ကွမ်းပင်းအာထံမှကြားပြီးနောက် ကောင်းကင်ရတနာသခင်တစ်ဦးဖြစ်လိုသောဆန္ဒမှာ ယခုသူ့ခန္ဓာကိုယ်တွင်ခံစားနေရသောနာကျင်များကို ကျော်လွန်သွားလေသည်။ သူက အနည်းဆုံးတော့ ဤအင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို ကြိုးစားလေ့ကျင့်ရန်သူ့စိတ်ကိုပြင်ဆင်လိုက်သည်။ သူကတောင်မကြိုးစားဘူးဆိုပါက သူ့ကံကြမ္မာကိုမည်သို့ပြောင်းလဲပစ်နိုင်မည်နည်း။ သူ့မှာ အချိန်အများကြီးမကျန်တော့ကြောင်း နားလည်သည်။ လူသားများသည် သူတို့၏ကောင်းကင်ရတနာစွမ်းအားကို အသက် ၁၆ နှစ်တွင် မနိုးထစေနိုင်ခဲ့ပါက နောက်တစ်ကြိမ်ထိုသို့ပြုလုပ်ရန်အခွင့်အရေးကို ထာဝရဆုံးရှုံးသွားပေလိမ့်မည်။ ယင်းသို့ဖြစ်သွားပါက သူက အမှိုက်ကောင်အဖြစ်ထာဝရနေသွားရလိမ့်မည်။ ထို့ပြင် အခွင့်အရေးရှိရဲ့သားနှင့် အမှိုက်ကောင်ဖြစ်နေခြင်းကို မည်သူကကျေနပ်နှစ်သက်နေနိုင်မည်နည်း။ ကျိုးဝေ့ချင်းသည် သေရမည်ကိုကြောက်သည်ပင် အမှိုက်ကောင်ထာဝရဖြစ်နေရမည်ကို ပိုကြောက်လေသည်။

အသက်ကိုပြင်းပြင်းရှူရှိုက်သွင်းလိုက်ပြီး ကျိုးဝေ့ချင်း၏မျက်နှာပေါ်တွင် မြင်တွေ့နေကျရိုးသားသည့်ပုံစံများပျောက်ကွယ်သွားကာ ပြင်းထန်သောဆုံးဖြတ်ချက်များအစားထိုးဝင်ရောက်လာသည်။ သူ၏ဖြစ်ကတက်ဆန်းမီးအိမ်မှ မှုန်ပျပျအလင်းရောင်ကိုသုံးကာ လက်စွဲစာအုပ်အဟောင်းလေးမှ နောက်တစ်မျက်နှာကိုလှန်လိုက်သည်။ ဒုတိယစာမျက်နှာတွင် အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်အတွက် ပထမဆုံးမရဏအပ်စိုက်မှတ်ကိုချိုးဖြတ်ရမည့်နည်းလမ်းအား သရုပ်ဖော်ပြထားသည်။

သိုးသားရေဟောင်းပေါ်တွင် ၄င်းကိုရေးထိုးထားသည်။ ::လူတစ်ယောက်၏ခန္ဓာကိုယ်တွင် တစ်ခုတည်းရှိနေသောအပ်စိုက်အမှတ် ၅၂ နေရာ၊ အစုံလိုက်ရှိနေသောအပ်စိုက်အမှတ် ၃၀၀ နေရာ၊ အပြင်သွေးကြောအထူးအပ်စိုက်မှတ် ၅၀ နေရာ နှင့် ၇၂၀သောအပ်စိုက်အမှတ်များ၏ ဘုံအမှတ်တစ်နေရာရှိပါရှိသည်။ ထိုဟာများတွင် ၁၀၈ ခုမှာ ပျော့ကွက်နေရာများဖြစ်ကာ ၇၂နေရာမှာ အသက်အန္တရယ်မရှိသောနေရာများဖြစ်ပြီး ၃၆ နေရာမှာ သေစေနိုင်သော အရင်ကဖော်ပြခဲ့ပြီးသည့် သေခြင်းနေရာများဖြစ်လေသည်။

အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ပထမပိုင်း…အပေါ် အောက်ခြေလက်အင်္ဂါ လေ့ကျင့်ခြင်းပညာ။ ပထမဆုံးမရဏအပ်စိုက်မှတ် : ညှပ်ရိုးနေရာ။

ညှပ်ရိုးအပ်စိုက်နေရာသည် ပခုံး၏အပေါ်ဘက်တွင်ရှိလေသည်။

စာမျက်နှာတွင် ညှပ်ရိုးအပ်စိုက်နေရာအား မည်သို့ဖြတ်ကျော်ရမည်ကို ပုံများနှင့် ပုံကိုညွှန်းသောစာကြောင်းများဖြင့် ရှင်းလင်းစွာဖော်ပြထားသည်။

ညှပ်ရိုးအပ်စိုက်နေရာသည် စုံလိုက်ရှိသောအပ်စိုက်နေရာဖြစ်ပြီး ဘယ်နှင့် ညာတစ်ခုစီရှိသည်။ ကျိုးဝေ့ချင်းက ဘယ်ဘက်အပ်စိုက်နေရာကို ညင်သာစွာဖိပွတ်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံး ထုံသွားသည်ကိုခံစားလိုက်ရသဖြင့် လန့်ဖျန့်သွားသည်။ ဒါကတကယ်ကို ဖြုံလောက်တယ်။ မရဏအပ်စိုက်မှတ် ၃၆ နေရာကို အင်အားပြင်းထန်သည့်နေရာနှင့် အင်အားနည်းပါးသောနေရာဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို ခပ်မြန်မြန်လှန်ကြည့်ပြီးသည့်အခါ နောက်ပိုင်းနေရာများက ပိုမိုပြင်းထန်လာသည်ကိုတွေ့လိုက်သည်။ ပညာရပ်ကို လေးပိုင်းခွဲထားသည်။ ပထမအပိုင်းမှာ အမှတ်ငါးခုပါဝင်သည့် ခြေလက်အင်္ဂါများရှိနေရာများဖြစ်သည်။ ဒုတိယအပိုင်းမှာ အမှတ် ၈ ခုရှိသော ကျောကုန်းနေရာဖြစ်သည်။ တတိယအပိုင်းမှာ အမှတ် ၁၄ နေရာပါဝင်သည့် ရင်ဘက်ရှေ့ပိုင်းဖြစ်ကာ နောက်ဆုံးအပိုင်းမှာ အမှတ် ၉ နေရာရှိသော ဦးခေါင်းပိုင်းဖြစ်သည်။

၄င်းကိုအကြမ်းပတမ်းလေ့ကျင့်ရန်အတော်အတန်လွယ်ကူသည်ဟု ပြောနိုင်သည်။ အလွယ်ကူဆုံးညှပ်ရိုးအပ်စိုက်အမှတ်တောင်မှ ထိုကဲ့သို့ခံစားစေနိုင်သည်။ ကျိုးဝေ့ချင်းကိုကြောက်လန့်တုန်လှုပ်စေသည်။ ဒီမရဏအပ်စိုက်အမှတ်တွေကို တကယ် ကျော်ဖြတ်နိုင်ပါ့မလား။

တစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးမှာ သူ၏ဆုံးဖြတ်ချက်က နောက်တစ်ကြိမ်ပြန်လည်ခိုင်မာသွားသည်။ စကားပုံတစ်ခုတောင်ရှိသည်။
‘ ဒါကိုမင်းအလုပ်လို့ပြောရင် မင်းအလုပ်ကဒါပဲ ‘
သူသာယင်းကို အောင်မြင်သွားနိုင်လျှင် ကောင်းကင်ရတနာသခင်ဖြစ်မည့်အခွင့်အရေးကိုရမည်ဖြစ်သည်။ သူ မကြိုးစားလျှင် အမှိုက်ကောင်အဖြစ်ထာဝရဆက်နေရလိမ့်မည်။

အချိန်အကြာကြီး အမှိုက်ကောင်ဖြစ်မနေချင်ဘူး။
ဤဟာကား နောက်ဆုံးတွင် ကျိုးဝေ့ချင်းကို တန်ခိုးကျင့်ခြင်းလမ်းကြောင်းပေါ်သို့ ပထမခြေလှမ်းဖြစ်စေသည့် သူ့နှလုံးသားထဲကယုံကြည်မှုဖြစ်သည်။ စိတ်အာရုံကိုတိတ်ဆိတ်စွာစုစည်းလိုက်ပြီး အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်အတိုင်း စတင်ကျင့်ကြံလိုက်သည်။ သူ၏စိတ်အသိအာရုံကို ညှပ်ရိုးအပ်စိုက်အမှတ်နေရာသို့ စုစည်းလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို စတင်ပြီးတိတ်ဆိတ်စွာအာရုံခံလိုက်သည်။ မည်သည့်တိုက်ခိုက်မှု၏ အကြမ်းတမ်းဆုံးအပိုင်းကိုမဆို ပထမခြေလှမ်းစမှတ်ကပင်စတင်ရသည်။ ဤနေရာတွင် အခက်ခဲဆုံးသောပထမအပိုင်းမှာ သူ့ကိုယ်တွင်းက အားနည်းလွန်းသောကောင်းကင်စွမ်းအင်ကို အာရုံခံပြီး အပ်စိုက်အမှတ်ကိုချိုးဖြတ်ရန် စွမ်းအင်များကိုစတင်စုစည်းခြင်းဖြစ်သည်။ စာအုပ်အရ ညှပ်ရိုးအမှတ်သည် အမှတ်နေရာ ၃၆ ခုတွင်ချိုးဖြတ်အောင်မြင်နိုင်ရန်အလွယ်ဆုံးဖြစ်ပြီး အဓိကသော့ချက်အမှန်မှာ သူအသက်ရှင်ခြင်း မရှင်နိုင်ခြင်းဖြစ်သည်။ သူအသက်ရှင်ရက်နှင့် ကျော်ဖြတ်နိုင်သည်နှင့် အန္တရယ်ကြီးသည့်ပထမအဆင့်ကိုအောင်မြင်နိုင်မည်ဖြစ်သည်။

တစ်နာရီကြာပြီးနောက် မောပန်းမှုနှင့် အလွန်အမင်းနာကျင်မှုများကြောင့် ကျိုးဝေ့ချင်းသည် တည်ငြိမ်ထားရန် မစွမ်းဆောင်နိုင်တော့ချေ။ မည်သည့်ကိုယ်တွင်းကောင်းကင်စွမ်းအင်ကိုမှ အရိပ်အမြွတ်မျှပင်အာရုံမခံနိုင်တော့ပေ။ သူက သေရမည်ကိုကြောက်သော်လည်း ကြံ့ခိုင်သည့်ဇွဲသတ္တိတော့ရှိသည်။ သူတစ်စုံတစ်ခုကို ပြုလုပ်ရန်ဆုံးဖြတ်လိုက်သည်နှင့် အဆုံးထိပြီးအောင်ဆောင်ရွက်ရပေမည်။

နှစ်နာရီကုန်လွန်သွားသည်။ ညနက်လာခဲ့ပြီ။ ရံဖန်ရံခါ ပုရစ်အော်သံများကသာ လုံးဝတိတ်ဆိတ်လျက်ရှိသောညတွင် အဆက်မပြတ်ပေါ်ထွက်လာသည်။

တန်ခိုးမကျင့်နိုင်အောင် ငါကိုအမှန်တကယ်ပဲကံကြမ္မာကစီမံထားတာလား။ ဒီအင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်တောင်မှ ငါ့ကိုတတ်နိုင်ပုံမပေါ်ဘူး။
ကျိုးဝေ့ချင်းမှာ စွန့်လွှတ်လိုက်လုနီးနီးဖြစ်သွားသည်။ နှစ်နာရီပြည့်သွားပြီ။ သူ့ကျောနှင့်ခါးမှာ ဆိုးဝါးစွာနာကျင်ကိုက်ခဲနေသည်။ အချိန်ကြာကြာထိုင်ထားသဖြင့် သူ့ခြေထောက်များထုံထိုင်းနေသည်။ မည်သည့်ကောင်းကင်စွမ်းအင်ကိုမှ အာရုံမခံနိုင်သေးပေ။

Comment

Leave a Reply

Options

not work with dark mode
Reset